သက်မဲ့ဝေဒနာ…
ပြီးဆုံးခဲ့တဲ့ ဒါမှမဟုတ် ကုန်လွန်သွားပြီးတဲ့ အဖြစ်အပျက်တွေကို သမိုင်းလို့ခေါ်တယ်
ဆိုရင် ကျနော့်ရဲ့ အတိတ်သမိုင်းကို နည်းနည်းတူးဆွပြချင်မိတယ်…။
သက်သေအထောက်အထားခိုင်လုံမှဆိုရင်လည်း ကျနော့်ကိုမွေးဖွားပေးခဲ့တဲ့
တောင်တန်းပြာကြီးကို တိုင်တည်ပြီးပြောချင်ပါတယ်။
ဒါပေမယ့်လည်း သူကိုယ်တိုင်က ဒဏ်ရာအနာတရတွေနဲ့မို့ သက်သေထူရမှာ
နည်းနည်းတော့ အားနာမိတယ်။ ကျနော့်ကို ပစ်စလက်ခတ်လုပ်ရက်တဲ့လူတွေ
မရှိခင်ကတည်းက ကျနော့်ဒီနေရာလေးကိုရောက်လာခဲ့တာပါ။
နွေအခါမှာ ဥဩသံနဲ့အတူ ကျနော် နွေဦးတေးကိုသီဆိုပြီး တငြိမ့်ငြိမ့် စီးဆင်းခဲ့တယ်။
မိုးရာသီမှာတော့ ခေတ်ပေါ်ဂီတသံတွေနဲ့ ကျနော်ခုန်ပေါက်မြူးတူးခဲ့တာပါ။
ဆောင်းရာသီမှာတော့ ရာသီဘွဲ့ညာဉ်းချင်းတွေနဲ့ တမေ့တမော အငွေ့ပျံရင်း
တာဝန်ကျေခဲ့တယ်လေ…။
အဲ့ဒီအချိန်တုန်းက ကျနော်အဖြူရောင်သက်သက်လေးပါ။ နောက်တော့ ကျနော့်ရဲ့ကမ်းတွေပေါ်ကို
လူသားတွေရောက်လာကြတယ်…။
ကျနော့်ကိုအမှီသဟဲပြုပြီး သူတို့တွေ အသက်ဆက်ခဲ့ကြတယ်။ ပြောရရင် ယုံကြည်ကြပါ့မလား။
ကျနော့်ရဲ့ အသွေးအသားတွေကို သူတို့ စုပ်ယူစားသောက်ကြတယ်။
ကျနော်ကျေကျေနပ်နပ်ကြီး ဖြည့်ဆည်းပေးခဲ့ပါတယ်။ပရ ဆိုတဲ့ အများအကျိုးအတွက်
ကျနော့်အသွေးအသားတွေကို ပေးဆပ်ခဲ့တာပါ။ ပါရမီမြောက်တဲ့ပေးဆပ်မှု မဟုတ်ခဲ့ဘူး
ဆိုရင်တောင်မှ ကျနော့်စွန့်လွှတ်မှုတွေကြောင့် သူတို့တွေ ပျော်ရွှင်ခဲ့ကြရတယ်။
သူတို့ဝမ်းစာတွေ အဆင်ပြေခဲ့ကြရတယ်လေ။ ကျနော့်ရင်ဘတ်ကြီးထဲက
အသွေးအသားတွေဟာ သူတို့အတွက် အရာရာဖြစ်စေခဲ့တယ်လေ…။
အဲ့ဒီအချိန်တုန်းက ကျနော့်ရဲ့ အသုံးဝင်မှုတွေကို သူတို့ကောင်းကောင်းသုံးစွဲ
ခဲ့ကြတာပေါ့။ ကျနော့်ကိုမွေးဖွားပေးခဲ့တဲ့ တောင်တန်းပြာကြီးရဲ့ ရေဝေကြော
တွေကလည်း ကျနော့်ကိုအားကျစွာ ငေးမောကြည့်ရင်း ကြိုးစားထားဖေ့သားကြီးရေ
ဆိုပြီး ဝမ်းသာအားရ အားပေးရှာသဗျ။ အဲ့ဒီအချိန်တုန်းကအဖေတောင်တန်းပြာကြီးရဲ့
အမိုးစိမ်းစိမ်းတွေဟာ ယိုပေါက်မရှိအောင် သိပ်သည်းနေခဲ့တယ်လေ…။
ကျန်းမာတဲ့ အဖေနဲ့ သန်စွမ်းတဲ့ သားငယ်လေးလိုပေါ့… နှစ်ဦးသား ကြည်နူးပျော်ရွှင်လိုက်
ရတာဗျာ..။ ဒီလိုနဲ့ နှစ်ကာလတွေကြာလာတော့ ကျနော်လည်းအသက်အရွယ်လေးရလာတာ
ပေါ့။ ဟိုနားက နာလိုက် ဒီနားကတစစ်စစ်ကိုက်လိုက်နဲ့ နေရထိုင်ရတာသိပ်မဟန်ချင်ဘူး။
ကျနော့်လိုပဲ အဖေတောင်တန်းပြာကြီးလည်း သူရဲ့အမိုးတွေ တစ်ချပ်ချင်းကြွေကျ
အဲ..မဟုတ်ဘူးဗျ ချွေချခံရတာ။ ကျနော့်ကိုသူရဲ့ ဖျက်ဆီးခံရမှုကို ပြောပြတယ်လေ။
ဒါလောကဓံတရားတဲ့..။ ကျနော်သိပ်အလေးမထားခဲ့မိဘူး။ ဘာလို့လဲဆိုတော့
ကျနော်မျှော်လင့်ချက်ထားပြီး ပေးဆပ်ခဲ့တာမှမဟုတ်ပဲ။ ကျနော့်ရဲ့ ရှင်သန်ခြင်းက
ပေးဆပ်မှုတွေနဲ့သာ ခရီးဆက်ခဲ့တာလေ..။ ပြီးတော့လူသားတွေက ကျနော့်အပေါ်
ဒီလောက်ရက်စက်ကြလိမ့်မယ်လို့မှ တွေးမထားခဲ့မိတာ။ဒါပေမယ့်
ဒါဟာ အစွန်းရောက်ယုံကြည်မှုဆိုတာ ဒီအချိန်မှာ ထင်ရှားလာပါပြီ..။
အရင်ကကြည်လင်သန့်ရှင်းခဲ့တဲ့ ကျနော့်ရဲ့ ဖြစ်စဉ်တွေဟာ ခုအခါမှာတော့
ပေပေရေရေနဲ့ အရောင်တွေမှိုင်းကုန်ပြီ…။ စင်ကြယ်မှုတွေဟာလည်းနောက်ကျိ
အနံ့အသက်တွေလည်း မကောင်းကုန်တော့ပါဘူးဗျာ။
သူတို့တွေ ကျနော့်ကို အလိုရှိသလို အသုံးချကုန်ကြပြီ။ ခုဆ ိုကျနော့်ဘဝဟာ
ဘေးရောက်သွားခဲ့ပါပြီ။ သူတို့အတွက်ကျနော်ဟာ အမှိုက်တို့ စွန့်ပစ်ရာနေရာ
အညစ်အကြေးတွေမျှောချရာနေရာ ကျနော့်ရင်ခွင်ကြီးတစ်ခုလုံး အညစ်အကြေး
တွေနဲ့ပေရေကုန်ကြပြီ။
ကျနော်ပျောက်ဆုံးအောင်သူတို့ မရည်ရွယ်ပဲ လုပ်နေကြတယ်..။
သူတို့ရဲ့ အတွေးအခေါ်တွေက သိပ်အားနည်းလွန်းတယ်…။
တန်းဘိုးမထားတတ်သူတွေကြားမှာ ကျနော်ဘယ်လောက်ကြာကြာရှင်သန်နေနိုင်မှာလဲဗျာ။
ကျနော့်ရဲ့ အသက်ငင်သံကို သူတို့မကြားမိကြသေးဘူး။ နောက်ကျိကျိအသွေးအသားတွေကြားက
အနံ့အသက်ဆိုးတွေကြားမှာ ကျနော်မွန်းကြပ်လွန်းနေပြီ။
အို..ဗျာ..ဘာပဲဖြစ်ဖြစ် ကျနော့်စီးဆင်းမှုတွေ ရပ်တန့်သေဆုံးသွားခဲ့ချိန်မှာ သူတို့တွေ
နောင်တမရစေဖို့ ဆုတောင်းနေပါမယ်..။
ပြီးတော့ ဆရာဘုတလင်ချစ်လေးရဲ့ချောင်းကလေးကဗျာထဲကလို
ကျနော့်ဘက်ကတာဝန်ကျေခဲ့ပါတယ်…။
သူတို့တွေကတော့ တာဝန်မကျေသလို တာဝန်လည်းမသိ တာဝန်လည်းမဲ့နေကြတုန်းပါ။
ကျနော့်ဝေဒနာလေးကိုခံစားနိုင်အောင် ဆရာ့ရဲ့ချောင်းကလေးကဗျာလေးကို
ကျနော်ရွတ်ပြပါ့မယ်…။
တောင်ရိုးပေါ်က အခြေစ၍
နိုးထဆင်းလာ ရေစီးသာနှင့်
ရပ်ကျိုးရွာကျိုး ဆောင်သည်ပိုးသည့်
အဖိုးတန်သောချောင်းကလေး…။
သည်ချောင်ကငါး ငါတို့စား၏။
သည်ချောင်းရေပေါက် ငါတို့သောက်၏။
သည်ချောင်းရေလျှံ နုန်းတင်ကျန်တွင်
သီးနှံမျိုး တို့စိုက်ကုန်၏။
သည်ချောင်းငယ်ကား တို့ရွာများ၏
အားထားဖွယ်ရာ ကျေးဇူးရှင်
ဒိုက်နှင့်သရော ရေစုန်မျောက
မကောရန်ဆယ် ကမ်းဆွယ်ကမ်းပါး
ပြိုမသွားအောင် လုပ်အားကိုသုံး
တို့စုရုံးမည်။
ချောင်းဆုံချောင်းစ
မခွဲကြဘဲ ဖို့ကြဆည်ကြ
တားဆီးကြမည်။
သည်ချောင်းအရေး
အသက်ပေး၍ တုံ့နှေးမဆ
ဖြေရှင်းကြမည် ညနေ့ချိန်ခါမဟူတည်း..။
တကယ်သာ ကဗျာလေးထဲကအတိုင်း လူသားတွေ တာဝန်သိတတ်မြတ်နိုးတတ်မယ်ဆိုရင်
ကျနော့်ဝေဒနာတွေ သက်သာလာမှာပါ…ကြည်ကြည်လင်လင်အေးအေးချမ်းချမ်းလေးနဲ့
တိတ်တိတ်ဆိတ်ဆိတ်စီးဆင်းနေမိမှာပါ…။
@@@@@@@@@ ####### $$$$$$$$$$$$@@@@@@@@@
5 comments
thit min
December 8, 2011 at 3:22 pm
ဒဏ်ရာဆိုပေမဲ့ သူရဲကောင်းတံဆိပ်။
ဒဏ်ရာဆိုပေမဲ့ ကြည်နူးလွမ်းဆွတ်ဘွယ်ရာ။
ဒဏ်ရာဆိုပေမဲ့ နုပျိုမှုရဲ့ ခြေရာလေးများ။
ဒဏ်ရာဆိုပေမဲ့ လူသားလို့နေရာရခဲ့တဲ့ဇာတ်ကြောင်း။
အစုံဖြစ်နိုင်လို့ ဒဏ်ရာဆိုပေမဲ့ မြတ်နိုးလိုက်စမ်းပါ မိတ်ဆွေကြီးခင်ဗျာ။
mandalarthu
December 8, 2011 at 8:42 pm
ကောင်းလိုက်တဲ ့ တင် စားချက်လေး။
တနေ ့တော ့ချောင်းကလေး ရဲ ့ဝေဒနာတွေ သက် သာလာမှာပါ။
လူသားတွေ တာဝန်သိတတ်မြတ်နိုးတတ်မယ်ဆိုရင်ပေါ ့။
windtalker
December 8, 2011 at 9:51 pm
ဒီကဗျာတွေ ဖတ်ပြီး
ကျုပ်တို ့မန်းတလေး က ကဗျာဆရာကြီး ပြောခဲ့တဲ့
ကဗျာဆရာမလေး တစ်ယောက် ကို သတိရမိတယ်
သူ ့ခဗျာ အခိုးခံရရှာတယ်
သူ ့ကဗျာ ကို ခိုးတာလဲ မိန်းမ တစ်ယောက်ဘဲ
ကိုထွန်းဝင်းလတ် ကို သတိပေးချင်ပါတယ်
ကိုယ့်ကဗျာ ကို သေချာ ထိန်းသိမ်းပါနော်
TTNU
December 9, 2011 at 1:19 am
ကမ ္ဘာကြီးပြားနေတဲ့ ဇနပုဒ်သားလေး ကိုထွန်း ဝင်းလတ်ရေ.. (အမည် အသစ်)
ဆရာဘုတလင်ချစ်လေးရဲ့ချောင်းကလေးကဗျာရယ်
The Brook ကဗျာရယ်
မြကန်သာ တောင်ကျချောင်းတေး ရေဝင်ပြေးတည့် ကဗျာရယ်
ရှင့် ပို့စ်လေးရယ် ဖတ်ရင်းနဲ့ ရေစီးသံတွေ ကြားနေရာကနေ နှေးသွားသလိုတောင်ခံစားမိ။
kotun winlatt
December 9, 2011 at 2:28 pm
လာရောက်ဖတ်ရှု့သူအပေါင်း ကျေးဇူးအထူးတင်ရှိပါတယ်…
နောက်လည်း လာရောက်အားပေးကြပါဦးလို့ ပြောပါရစေဗျာ…။
ရွှင်လန်းချမ်းမြေ့ကြပါစေ….