ငါရူးတော့မယ် သူငယ်ချင်း

weiweiDecember 8, 20111min41624

သူငယ်ချင်းရေ …

ငါအခုတလော ရူးချင်ချင်ဖြစ်နေပြီ။ မကြာခင် တကယ်ပဲရူးတော့မလားတောင်မသိဘူး။ ငါတစ်ယောက်ထဲတော့မဟုတ်ဘူး ငါတို့ဌာနက ဝန်ထမ်းအားလုံးနီးပါး ရူးကြောင်ကြောင်ဖြစ်နေကြတာ။ ငါမရှိခင်အချိန်တွေတုန်းက သူတို့တွေဘယ်လိုနေကြသလဲမသိဘူး။ ငါပြန်ရောက်လာပြီးကထဲက တစ်မျိုးပြီးတစ်မျိုး မကျေနပ်တာတွေ ပေါ်လာကြတယ်။ ငါ့ကို ဖိုက်တာလို့ ထင်ပြီးတော့များ အားကိုးတကြီး လာပြောကြတာလား မသိပါဘူး။

ဝန်ထမ်းဖွဲ့စည်းပုံအရ ငါရဲ့အထက်မှာ အရာရှိကြီးတွေအများကြီးရှိနေပြီး ငါ့ရဲ့အောက်မှာလဲ အရာရှိငယ်တွေ အများကြီးရှိတယ်လေ။ လူတွေအများကြီးဆိုတော့ အလုပ်မှာအဆင်ပြေတဲ့သူတွေရှိသလို အဆင်မပြေတဲ့သူတွေလဲ ရှိတာပဲ။ ကြိုးစားတဲ့သူရှိသလို ပျင်းတဲ့သူလဲရှိတယ်။ ပညာတော်တဲ့သူရှိသလို ညံ့တဲ့သူလဲပါတာပဲ။ ငါက ဝန်ထမ်းတွေကို အုပ်ချုပ်တဲ့အပိုင်းကို စိတ်မဝင်စားဘူး။ စာရွက်စာတမ်းကိစ္စတွေလဲ ဝင်မပါဘူး။ တစ်ယောက်ထဲအခန်းတစ်ခန်းထဲမှာ ကွန်ပျူတာတစ်လုံးနဲ့ နေနေတာပဲ။ အလုပ်လုပ်စရာရှိရင်လုပ်ပြီး မရှိရင် စာထိုင်ဖတ်လိုက်၊ စာရေးလိုက်နဲ့ အပြင်လောကနဲ့ အဆက်အသွယ်ပြတ်နေလေ့ရှိတယ်။

အေးအေးဆေးဆေးနေချင်လို့ ဝင်မပါချင်ကာမှ မပါလို့မရတဲ့အနေအထားတွေ ခဏခဏဖြစ်လာတယ်။ အရာရှိငယ်တွေ အချင်းချင်းမပြေလည်မှုတွေက ငါ့ဆီကို ရောက်လာတယ်။ လာတိုင်ကြတယ်။ ဖြေရှင်းပေးစေချင်ကြတယ်။ ငါ့အနေနဲ့ ဖြေရှင်းပေးလို့မရဘူး။ အမုန်းလဲမခံချင်ဘူး။ မသိချင်ယောင်ဆောင်လို့လဲ မရပြန်တော့ လူကြီးတွေဆီဝင်ပြောပြီး သဘောထားခံယူရတယ်။ လူကြီးဆိုတဲ့သူတွေကလဲ စိတ်ထဲကတစ်မျိုး အပြင်ကတစ်မျိုး သိပ်လုပ်တတ်ကြတာ။ ငါ့ကိုပြောလိုက်တုန်းကတစ်မျိုး၊ သူတို့မျက်နှာချင်းဆိုင်တွေ့လိုက်ရင်တစ်မျိုးဖြစ်ကုန်တာပဲ။ ငါ့မှာကြားထဲက အရူးကြီးဖြစ်လို့ …

သူများကိစ္စတွေနဲ့ ခေါင်းရှုပ်မခံချင်လို့ ဖြစ်ပြီးပြီးချင်း မေ့ပစ်လိုက်လို့ရပေမယ့် ငါ့ကိစ္စလဲဖြစ်လာရော ငါဆွေ့ဆွေ့ခုန်ပါလေရော။ အနာပေါ်ဒုတ်ကျတာထက်တောင် နာသေးတာ။ ငါဒေါသထွက်တာကို လူကြီးတွေက ကွယ်ရာမှာပြောပြီး ရီကြတယ်တဲ့။ ငါက အရမ်းအေးတာမို့ တစ်ခါမှ အခုလို ဆွေ့ဆွေ့ခုန်ဒေါသထွက်တာမျိုး မဖြစ်ဖူးဘူးလေ။

ငါပညာကုန်သုံးပြီး ဒီဇိုင်းလုပ်ထားတာတစ်ခုရှိတယ်။ customer က အပ်ထားလို့ လုပ်ထားတဲ့အလုပ်ပေါ့။ ငါ့ဌာနမှူးက ငါ့ကိုလုပ်လိုက်လို့ တာဝန်ပေးလို့ ငါကလုပ်ထားတာ။ အချိန်ကုန်ခံ ခေါင်းစားခံပြီးလုပ်ထားတာကို တစ်ပတ်ကို တစ်ခါလောက် data လာပြောင်းနေတာနဲ့ ၃ ကြိမ်လောက်လဲ ပြင်ပြီး လက်စသတ်လို့လဲပြီးနေပြီ။ အဲဒီအခြေအနေမှာမှ customer က ဘာစိတ်ကူးနဲ့လဲမသိဘူး။ တခြားအင်ဂျင်နီယာအငယ်တစ်ယောက်ကိုအပ်လိုက်ပြီး အဲဒီဒီဇိုင်းကိုပဲ လုပ်တော့မယ်ဆိုပြီး လာပြောတယ်။ သူတို့ဒီဇိုင်းကိုလဲ ယူလာတယ်။ လိုအပ်တာဆက်ပြင်ပေးပြီး ဒီအတိုင်းပဲ လုပ်လိုက်တော့လို့ပြောတဲ့အချိန်မှာ ငါအရမ်းဒေါသထွက်သွားတယ်။ ငါ့မာနနဲ့ ဂုဏ်သိက္ခာကို အကြီးအကျယ် ထိခိုက်သွားတာပေါ့။ငါ့ပညာအရည်အချင်းနဲ့ ငါ့အတွေ့အကြုံက အဲဒီအင်ဂျင်နီယာထက် အများကြီး များတယ်လေ။ နောက်ပြီး အဲဒါ ငါလုပ်နေကျ ငါ့အလုပ်လေ။ သူတို့ဒီဇိုင်းမှာ အားနည်းချက်တွေအများကြီးတွေ့လို့ ငါကထောက်ပြပေမယ့် ကိစ္စမရှိဘူးဆိုတဲ့သဘောမျိုး လူကြီးတွေကပြောကြတယ်။ customer is always right ဆိုတဲ့အတိုင်း သူတို့စိတ်တိုင်းကျကိုမှ ကိုယ့်စိတ်ကူးနဲနဲထည့်ပြီး ပြန်လုပ်ပေးလိုက်ပါလို့ ပြောတယ်ဟာ။ ငါလဲ လူကြီးတွေရှေ့မှာ ဟုတ်ကဲ့လို့ ပြောခဲ့လိုက်ရတယ် (မတတ်နိုင်ဘူးလေ)။ ငါ့အခန်းထဲရောက်တော့မှ ငါ့တပည့်တွေပဲရှိတဲ့အချိန်မှာ ပေါက်ကွဲတာ။ သူတို့လဲ စိတ်ဆိုးကြတာပေါ့။

ပညာနဲ့အလုပ်လုပ်ရပြီး အစော်ကားခံရတာ သိပ်ဆိုးတယ်။ ရှင်းပြလို့လဲ ဘယ်သူမှ နားမလည်ဘူး။ တစ်ခါတုန်းက MD ကတောင် ရီစရာပြောသေးတယ်။ ငါတို့ကပြောတယ် ဒီအတိုင်းလုပ်ရင် နောက် ၅ နှစ်လောက်မရှိခင် ပြိုကျသွားလိမ့်မယ်ဆိုတော့ MD က ရီတယ်။ ၅ နှစ်ခံရင် တော်ပါပြီဟာတဲ့။ အဲဒီအချိန်ကျရင် ငါက ပင်စင်ယူပြီးနေပြီ။ နင်တို့ဟာတွေပြိုကျရင် ငါက လာကြည့်ပြီး ရီမှာတဲ့။

ငါတို့အလုပ်တွေမှာ ရေရှည်ကို လုံးဝမကြည့်ကြဘူး။ လတ်တလောကိုပဲ ရအောင်ဖြေရှင်းကြတယ်။ စာအုပ်ထဲကပုံသေနည်းကို လက်မခံကြဘူး။ အနည်းဆုံး ၆ ပေ အမြင့်ရှိရမယ်လို့ စာအုပ်ထဲမှာဖော်ပြထားပေမယ့် သံချောင်းက ၅ ပေခွဲဖြစ်နေလို့ ၅ ပေခွဲပဲ လုပ်ပေးပါလို့ တောင်းဆိုလာရင် မငြင်းနိုင်ကြဘူး။ ငါတို့မလုပ်ပေးရင် တခြားကုမ္ပဏီက လုပ်ပေးမှာဆိုတော့ လုပ်ပေးလိုက်ရတာပဲ။ ငါက တစ်ခါတစ်လေကျရင် ရှက်တယ် … ငါ့နံမည်မပါစေနဲ့လို့ အမြဲပြောဖြစ်တယ်။ လုပ်ငန်းထဲမှာ ပညာရှင်ဆိုတာ မလိုအပ်ဘူးလို့ထင်ထားကြတယ်။ လုပ်နေကျ လုပ်းငန်းကျွန်းကျင်သူတွေနဲ့တင် လုပ်လို့ဖြစ်နေကြတယ်လေ။ ကံကောင်းနေကြသေးတာလားတော့မသိဘူး အခုထိ ပြိုသွားတယ်လို့ မကြားမိသေးဘူး။

ဥပမာတစ်ခုအနေနဲ့ပြောရရင် … အိမ်ဆောက်ဖို့ ဗိသုကာကိုမအပ်ပဲ ဆောက်နေကျ ပန်းရံဆရာနဲ့ပဲ အဆင်ပြေသလို ကြည့်ဆောက်လိုက်တဲ့သဘောမျိုးပေါ့။ ပန်းရံဆရာပြောတဲ့စကားကို ဗိသုကာပြောတဲ့စကားထက် ပိုပြီး အယုံအကြည်ရှိကြတယ်။ သူတို့ထင်တာက ရုံးပေါ်က ဗိသုကာပညာရှင်က လက်တွေ့နဲ့မနီးစပ်လို့ သူတို့လိုအပ်ချက်နဲ့ အခက်အခဲကို နားမလည်နိုင်ပဲနဲ့ ပန်းရံဆရာကသာ ပိုနားလည်တယ်လို့ ထင်ကြတဲ့ခေတ်ကြီးလေ …

ငါကတော့ အသဲယားတဲ့ရောဂါနဲ့ စိတ်ကစဉ့်ကလျားဖြစ်ပြီး ရူးမှာ။ ငါ့မိသားစုတွေကို ပြောပြတော့ သူတို့က နားမလည်ကြဘူး။ မလုပ်ရလဲ ဘာဖြစ်လဲတဲ့။ သက်သာတာပေါ့တဲ့။ ငါ့ခံစားချက်ကို မသိကြဘူးဟ။ တခြားသူငယ်ချင်းတွေကလဲ ငါဒေါသဖြစ်လေ ရီကြလေဖြစ်နေတယ်။ စိတ်လျော့ စိတ်လျော့နဲ့ ပြောကြလွန်းလို့ လျော့ထားလိုက်တာ ကုန်းကောက်စရာတောင်မရှိတော့ဘူး။ နောက်တစ်ခါထပ်ဖြစ်ရင် သီးမခံတော့ဘူး … ရွာပြန်ပြီးပဲ ကောက်စိုက်တော့မယ် …

ကဲ .. ဒီလိုပုံစံနဲ့ ခေတ်မှီတိုးတက်တဲ့နိုင်ငံတော်ကြီး ဘယ်လိုတည်ဆောက်မလဲ?

PS .. အခုတလော ကိုသစ်မင်းပြောသလို (အင်နားရှား၊ အင်နားရှား) … ခံစားလို့ကို မဆုံးနိုင်အောင် ရင်ထဲမှာ ကလိကလိ ယားကျိကျိ ဖြစ်နေပါတော့တယ် ….

24 comments

  • weiwei

    December 8, 2011 at 1:49 pm

    ခပ်ပေါ့ပေါ့လေးဖြစ်အောင် သူငယ်ချင်းကို ပေးစာအနေနဲ့ ရေးထားပါတယ် …
    ထုံးစံအတိုင်း ရွာထဲမှာ ရင်ဖွင့်လိုက်တဲ့သဘောပါပဲ … 😛

  • inz@ghi

    December 8, 2011 at 2:04 pm

    သူငယ်ချင်းရေ ငါလည်း ရူးတော့မယ်…
    ငါဗေဒင်မဟောတတ်ပေမယ့် ရှေ့ဖြစ်ကို အတိုင်းအတာ တခုထိကြိုပြောလို့ရတဲ့
    လက်နက်တွေ ငါ့မှာရှိတယ်… ပြီးတော့ ငါ၁နေ့ ၁၆နာရီလောက် အမဲလိုက်နေတဲ့ တောကြီးထဲကငါ သားကောင်မျိုးစုံ ဖမ်းဆီး ရရှိထားတယ်….ဘယ်အကောင်ကို ဘယ်လိုဖမ်းရမယ် ဘယ်အကောင်က ဘယ်လို အန ္တရာယ်ရှိတယ်….
    ငါမဖမ်းဖူးတဲ့ အကောင်တွေ အကြောင်းတောင်ငါ့စီနီယာ မုဆိုးကျော်ကြီးတွေရဲ့ နည်းတွေ
    ငါ အတော်အတန် တီးခေါက်ထားပြီးသားပါ … မုဆိုးကျော်တွေရဲ့ ဖြစ်ရပ်မှန်
    တောတွင်း စွန့်စားခန်းတွေကို ငါ တခုတ်တရ မှတ်သား သိမ်းဆည်းထားတယ်…
    အကုန် အာဂုံဆောင်ရအောင်တော့ ငါ့ခေါင်းက အဲ့လောက်နေရာမကျယ်ဘူးလေ….
    သည်တော့ ငါ မြေပုံပဲ သိမ်းထားတယ် …ဘယ် ရတနာက ဘယ်မှာ သိမ်းထားတယ်
    ဆိုပြီးတော့ပေါ့ ….

    သူငယ်ချင်းရေ ငါလည်း ရူးတော့မယ်…
    ငါပြောတာတွေ ဖြစ်လာတယ်. ….ငါမပြောဘူးလား နည်းတောင်နည်းသေးတယ်
    ဆိုပြီးတော့ ငါ မရိချင်ပါဘူး ….ငါဆက်ပြောသေးတယ် …ရှေ့မှာ ဘာကောင်ရှိတယ်
    သူတို့ လက်မခံဘူး …..မိသင့်တဲ့ အကောင်တွေ လွတ်တယ် …. အနိုင်ယူနိုင်သင့်တဲ့
    အကောင်တွေ ငါတို့ကို အန္တရယ်ပြုတယ် ….. ဒဏ်ရာတွေရတာပေါ့ …. သေလောက်
    အောင် အန ္တရယ်ကြီးတဲ့ကောင်တွေ ရှိတယ် ….သူတို့ လုံလောက်တဲ့ အင်အား …..
    စိုက်ထုတ်မှု မရှိဘူး ….. ဘာလို့လဲဆို သူတို့ က မုဆိုးတွေမဟုတ်ကြဘူးလေ. ….
    ငါသာ ဒီလူရိုင်း တွေထဲ က တဦးတည်းသော မုဆိုး ……

    သူငယ်ချင်းရေ ငါလည်း ရူးတော့မယ်…
    ငါကတော့ အရူးမခံနိုင်သေးဘူး ….ငါရှင်သန်ရဦးမယ် ငါဖြတ်သန်းရဦးမယ်….
    သည်တော့ ငါ ရွေးစရာ ၁လမ်းဘဲရှိတယ် …ငါ့အတွက်ငါပဲ အမဲလိုက်တော့မယ်…
    ငါဖမ်းမိသမျှ အကောင်တွေ ငါပဲ စားပစ်လိုက်တော့မယ် ….ငါဘာတွေဖမ်းမိတယ်
    စားသောက်တယ် ဆိုတာကိုတော့ သူငယ်ချင်းရေ ငါ နင်တို့ကိုတော့ပြောပြမှာပေါ့…..

    😀
    ထပ်တူခံစားရေးဖွဲ့လိုက်ပါသည်….
    မုဆိုးကျော် အလန်ကွာတာဂီ
    (အစ်မ ကို နင်နဲ့ငါနဲ့ သုံးထားတာလေး ခွင့်လွှတ်ပေးစေချင့်)

    • weiwei

      December 8, 2011 at 2:16 pm

      ထပ်တူခံစားပေးလို့ ကျေးဇူးတင်ပါတယ် ဂီဂီ …
      ရွာသူားတွေအားလုံး သူငယ်ချင်းတွေပဲမို့ အသုံးအနှုန်းက အရေးမကြီးဘူးလို့ ထင်ပါတယ် …

  • Moe Z

    December 8, 2011 at 2:12 pm

    လုပ်ငန်းခွင်မှာ ဖြစ်တတ်တဲ့သဘောလေးတွေပေါ့ မမဝေရယ်
    အများနဲ့လုပ်ရတဲ့အလုပ်တွေမှာ အထက်ကတစ်မျိုး အောက်ကတစ်မျိုး
    customer တွေကတစ်မျိုး မရိုးနိုင်အောင် ပြသနာကအမျိုးမျိုးပါပဲ
    ဖတ်ကြည့်ပြီးမမဝေနဲ့ ထပ်တူခံစားသွားပါတယ်နော်
    နောက်ဆို မိုးစက်လည်း ရွာထဲလာပေါက်ကွဲဦးမှ 😛

  • thit min

    December 8, 2011 at 2:17 pm

    မဝေဝေရေ
    ခုခေတ်မှာ ညီးရတာတောင် လယ်ဗယ် ရှိတယ်ဗျာ။
    ကိုယ်လုပ်နေတဲ့ နယ်ပယ် ကိုအကျွမ်းတဝင် မရှိသူကို ညီးပြလိုက်ရင် ဪ ဒါလားတဲ့။
    တိုင်ပင် ဖော်ရမလားလို့ ညီးမိပါတယ်။
    မင်းကွာ ဒါလေးများလို့အကြည့်ခံရတယ်ဗျ။
    ကျနော်ပြောတာ ပညာတတ်တာမတတ်တာနဲ့ မဆိုင်ဘူးနော်။
    စေတနာ စိတ် လယ်ဗယ် ကိုပြောတာ။ လေးနက်မှု လယ်ဗယ်ကိုပြောတာ။
    မဝေရဲ့ အမ်ဒီ လိုပေါ့ဗျာ၊ ၅ နှစ် ခံရင် တော်ပါပြီ ဆိုတာ၊ သူ့စေတနာ လယ်ဗယ်၊လေးနက်မှုအတိုင်း
    အတာကို “ပြ” နေတာဗျ။
    ကိုယ်လုပ်တဲ့အလုပ်ကို တန်ဖိုးမထားတဲ့ လူ မျိုး တွေ လောကမှာများလာရင် ကျဆုံးမှုတွေလဲ များလာမှာပေါ့။
    စိတ်တော့ မပျက်ပါနဲ့ ကိုယ့်မူနဲ့ ကိုယ်ဘဲ နေလိုက်ပါ။
    Self-awareness အတွက် မဝေဝေ Self-esteem ရဲ့ တန်ဖိုးရှိနေမှာပါ။

    • weiwei

      December 8, 2011 at 2:44 pm

      အခုအချိန်မှာ ကျွန်မတို့လဲ စီးပွားရေးမူဝါဒအသစ်တစ်ခုဆီကို ပြောင်းလဲကျင့်သုံးနေပါပြီ … လွတ်လပ်သင့်သလောက်လွတ်လပ်လာကြပြီ … အကျိုးအမြတ်ရှိကြောင်း ခိုင်ခိုင်လုံလုံ တင်ပြနိုင်ရင် လုပ်ခွင့်ရတဲ့ အခြေအနေအထိ ရောက်လာပါပြီ …
      ဒါပေမယ့် အဖွဲ့အစည်းအလိုက် စုပေါင်းလုပ်ကြရတဲ့ အနေအထားမှာ လူတစ်ဝက်လောက်က ပါမလာခဲ့ရင် ရှေ့ဆက်တိုးလို့မရတာတွေ ရှိပါတယ်။ သိရဲ့သားနဲ့ ဖြေရှင်းပေးလို့မရတာတွေ အများကြီးရှိတဲ့အကြောင်း ကျွန်မလဲ နဲနဲလူကြီးဖြစ်လာမှ သိလာရတာမို့ တော်ရုံတန်ရုံဆိုရင်တော့ စိတ်ပဲလျော့လိုက်ပါတော့တယ် …
      စကားမစပ် … ကျွန်မတို့ MD က အလွန်တော်တဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ပါတယ်။

      • thit min

        December 8, 2011 at 2:58 pm

        သဘောပေါက်ပါတယ်ခင်ဗျ။
        ပြောပြီးမှ “လွန်”သွားပြီလားလို့မတွေးလိုက်ပါနဲ့။ နားလည်ပေးတတ်ပါတယ်။
        လူတွေက ညီးငွေ့ကုန်တာလေဗျာ။ လုပ်ရင်းလုပ်ရင်း ကိုယ့်အကျိုးစီးပွါးကိုတိုက်ရိုက်ပြန်အကျိုးမသက်
        ရောက်ရင်ဖြစ်ဖြစ်၊ အကျရှုံးများလာရင်ဖြစ်ဖြစ် ဆက်မလုပ်ချင်တော့ဘူးပေါ့နော်။
        ~~~~~~။.။
        ဆရာချစ်ဦးညိုရဲ့ နှံကောင် ပုံပြင်လေးလိုပေါ့။
        နှံကောင် တကောင် ဟာ ၅ ပေခုန်နိုင်တယ်တဲ့။
        သူ့ကို ဖန်ခွက်ထဲ ထဲ့ပြီး ဂျပ်ထူပြားလေးအုပ်ထား(လေပေါက်လေးတော့ပါတယ်ပေါ့)။
        အဲဒီမှာ နှံကောင်က ဖန်ခွက်ဆိုတော့ အပြင်ကိုမြင်နေရလို့ အကျဉ်းကျနေမှန်းမသိဘူးတဲ့။
        ခုန်တယ်ပေါ့။
        ဘယ်ရမလဲ ဂျပ်ထူပြားနဲ့ ထိပြီး ပြန်ကျတာပေါ့။အကြိမ်ကြိမ်ခုန် လဲပြန်ကျတာပေါ့။
        နောက်ဆုံး သူ့ကိုလွှတ်ပေးလိုက်လဲ သူခုန်နိုင်တာမေ့သွားပြီး ကွတကွတဘဲ သွားတော့တယ်တဲ့။
        လုပ်တိုင်းမဖြစ်ကြတော့ ကွတကွတ ဘဲ သွားကြတော့တယ် ထင်ပါရဲ့ လို့ ဖြည့်တွေး တွေးပေးလိုက်ပါသည် မဝေဝေရေ။

        • weiwei

          December 9, 2011 at 12:47 pm

          ဟုတ်တယ် ကိုသစ်မင်းရေ …
          ကွတ ကွတ သွားရတာ အသားကျနေကြတော့ ခုန်တက်တာတောင် မေ့နေကြပါတယ် …
          အခုပို့စ်မှာ ကျွန်မအပေါ့ဆုံးရေးထားတာမု့ိ လွန်သွားတယ်လို့ မခံစားမိပါဘူး … တကယ့်အခြေအနေတွေက အများကြီးဆိုးပါတယ် …

  • MaMa

    December 8, 2011 at 2:27 pm

    လူဆိုတာ မာန်မာနကို ထိပါးရင် အရမ်းခံစားရပါတယ်။
    အထူးသဖြင့် ကိုယ့်ပညာကို ထိပါးလာတဲ့အခါ ခံစားရတဲ့ ဝေဝေ့ခံစားချက်ကို နားလည်ပါတယ်။
    ဘတ်ထ (အင်ဇာဂီလေသံဖြင့်) အဘယ်ကဲ့သို့ ဖြေရှင်းရအံ့နည်း။ 🙁

  • zaymdy

    December 8, 2011 at 2:44 pm

    အခုဟာက လူတစ်ယောက်ရဲ. ပညာကို ထိပါးယုံ မကပါဘူး ပြည်သူ လူထုရဲ.အိုးအိမ်ကိုပါ ထိပါလားတယ်လို. ထင်ပါတယ် လွယ်လွယ်တွေးရင်တော. မှားသွားမယ်ဗျာ.. မဝေ အလိုမကျဖြစ်မိတာ ကိုယ်ချင်းစာပါတယ်.. တစ်ချို. လူကြီးတွေ စိတ်ထားတွေ.ပြင်သင်.နေပါပြီးဗျာ…ဘယ်သူသေသေ ငတေမာ ပြီးရော မလုပ်သင်ဘူး.

  • နီလေး

    December 8, 2011 at 2:57 pm

    မမဝေရေ ခံစားချက်ချင်းထပ်တူကြလိုက်တာနော် ခုထိတော့ကိုယ်တော့ခံနိုင်ရည်ရှိနေသေးတယ် ဘယ်နေ့ပေါက်ကွဲမိမလဲမသိဘူး တစ်ခါတစ်ခါ ဝမ်းနည်းရတာတွေရှိပါတယ်

  • ဆူး

    December 8, 2011 at 2:59 pm

    စေတနာ ထားပြီး လုပ်ပေးတဲ့ ကိစ္စတွေ စော်ကားခံရသလို ဖြစ်သွားရင် အရမ်း စိတ်ဆိုးတာပဲ..
    တခါတလေ စေတနာ စော်ကားခံရရင် လုံးဝ ဘာမှ ပြောချင်စိတ်မရှိဘူး။ စောင့်ကြည့်နေတယ် မှားလည်း မှားပေစေ့.. ငါနဲ့ မဆိုင်ဘူး ဖြစ်ချင်ရာ ဖြစ်ကွာ ဆိုပြီး လုံးဝ ကို ပြစ်ထားလိုက်တယ်။ အဲလိုမျိုးဆိုရင် နည်းနည် ပေါ့သွားတယ် မဟုတ်ရင်တော့ တစိမ့်စိမ့်နဲ့ တွေးမိတိုင်းကို ခံပြင်းတယ်။
    ကိုယ်တိုင်ကလည်း လူထဲက လူပဲမို့.. ခံစားတတ်တဲ့ နှလုံးသားရှိတယ်။
    ကိုယ့်စေတနာ ကို နားမလည်တဲ့ လူတွေကို အရမ်း စိတ်ဆိုးတာပဲ။
    ဒေါသထွက်ပေမဲ့ ပြုံးပြနိုင်တဲ့ လူမျိုး နောက်ပြီး အရှေ့တမျိုး အနောက် တမျိုး ပြောတဲ့ လူတွေကတော့ လောကကြီးထဲမှာ ကြောက်စရာ အကောင်းဆုံးပဲ။
    ကိုယ်တိုင်လည်း စိတ်ဆိုးရင် သိပ်ဟန်မဆောင်တတ်ဘူး။ လူကြီးတွေကတော့ ပြောတယ် ကလေးစိတ်မကုန်သေးဘူး ကလေးဆန်တယ် ပြောတယ်။ မတတ်နိုင်ဘူး သူများကိုလည်း မယုတ်မာဘူး ကိုယ်လည်း လာမယုတ်မာနဲ့ သိပ်ပြီး သည်းမခံတတ်ဘူး။
    အမရေ ဒီမှာ ထုတ်လိုက်တာ စိတ်တော့ ပေါ့သင့်သလောက်တော့ ပေါ့သွားမှာပေါ့။

  • kai

    December 8, 2011 at 3:13 pm

    အရှေ့ကျွန်းမှာနေစဉ်က အဲလိုဆင်ဆင်တွေ..ဖြစ်ဖူးခဲ့တယ်..။
    စိတ်ဓါတ်ပြင်းပြင်းနဲ့.. အသေခံပြီးလုပ်ကြတဲ့တိုင်းပြည်မို့.. ကောင်းပြီးတိုးတက်တဲ့ဖက်ရောက်သွားပါတယ်..။ ပြင်းထန်တဲ့..စိတ်ဓါတ်အခြေခံပေါ့လေ…။

    ယူအက်စ်ရောက်တော့…
    ယူအက်စ်ကို..ပရိုများနိုင်ငံခေါ်ကြတာပဲ..။
    သဘောက..ပရိုဖက်ရှင်နယ်တွေများတယ်ပေါ့…။
    အလုပ်မှာ.. သူတို့က..အကုန်ငွေနဲ့လိုက်တိုင်းတယ်..။ ငွေကိုစံအဖြစ်ထားပုံရပါတယ်..။ ငွေကို ငွေအဖြစ်တိတိကျကျကို မြင်ကြတာ…။
    ဆိုတော့…
    လစာ အတိုင်းအတာနဲ့ ဘက်ဂျက်ပေါ်ချိန်ပြီး..အကောင်းဆုံးလုပ်ပေးလိုက်ကြတာတွေ့ရပါတယ်..။
    သဘောက..
    နည်းနည်းပေး/သုံး မယ်ဆိုရင်.. တန်ရာပဲရမယ်ပေါ့..။
    ငွေကြေးအခြေခံပေါ့..။
    =
    မြန်မာပြည်ကတော့.. အုပ်ချုပ်သူအလွှာတန်းက.. အထူးတလည်ကို..ယိုယွင်းနေသမို့.. ပြောရခက်တာတော့အမှန်ပါပဲ..။
    တခါက.. လျှောင်းတော်မူဘုရားဆင်းတုကြီးလုပ်နေတာမှာ လှူဖူးတယ်..။
    ကြီးကြပ်သူက အင်ဂျင်နီယာမဟုတ်ပါဘူး.။ အိပ်မက်အရထလုပ်..ကြီးကြပ်နေတာပဲ..
    ဆိုတော့..ပြိုကျလိုက်..ပြန်ဆောက်လိုက်နဲ့..ငွေတွေတော်တော် အလဟဿဖြစ်ပါတယ်..။
    ဘယ်သူမှလည်း မပြောရဲ…။

    ဒီဓလေ့က.. ငွေရှင်တွေဆီမှာလည်း ကူးစက်နေတယ်..။
    တီဗီကြော်ငြာရိုက်မယ်ဆိုပါတော့..။
    ငွေရှင်သဘောနဲ့ ထလုပ်တာတွေ တွေ့ဖူးတယ်..။
    မာကက်တင်းသဘောလည်းမသိ..စိတ်လည်းမဝင်စား.. သူကြိုက်တဲ့သူနဲ့.. သူရိုက်ချင်သလိုကို ရိုက်ခိုင်းတာမျိုးပေါ့..။
    ရုပ်ရှင်..တီဗီ..ကြော်ငြာ..မားကက်တင်းနားလည်သလားဆိုတော့… တလုံးမှမသိ…
    ဒါပေမဲ့..ငွေရှင်..သူဌေးလေ…။

    ဘယ်လိုလုပ်ကြမလည်း…။
    ဒါမျိုးက.. မျိုးဆက်တွေ..အဆက်ဆက်..အဆင့်ဆင့်လိုက်ပြင်သွားမှရမှာလေ..။ 🙁

  • FattyCat

    December 8, 2011 at 3:22 pm

    မဝေ..
    အဲဒီအတွက် စိတ်မညစ်ပါနဲ့…ကျွန်တော်တို့လဲခံစားခဲ့ဖူးပါတယ်…
    ပေါချောင်းကောင်းဆိုတဲ့ အယူအဆပေါ့နော်….
    ပေါပေါနဲ့ ချောင်ချောင်ရတဲ့အရာ ဘယ်တော့မှ အကောင်းဆုံးအရာမဖြစ်သလို
    အကောင်းဆုံးအရာဆိုတာလဲ ဘယ်တော့မှ ပေါပေါနဲ့ချောင်ချောင်မရပါဘူး
    ငွေကို အဓိကထားနေရတဲ့အခြေအနေမျိုးမှာ ဒါမျိုးက ကြုံနေရဦးမှာပဲ…
    Logo ဆွဲတဲ့ Designer တစ်ယောက်ရှိပါတယ်…
    သူဆွဲတဲ့ logo လေးတွေတော်တော်များမျာ ဗမာပြည်မှာကျော်ကြားပါတယ်…
    တစ်ခုက အခုနာမည်ကြီး Brand တစ်ခုဖြစ်နေတဲ့ အကျင်္ီပိုင်ရှင်က Addidas Logo ပြပြီး ဒီပုံစံမျိုးဆွဲပေးပါလို့ ပြောတယ်..သူလဲ စိတ်နာနာနဲ့ အခုတော့ ဓာတ်ပုံပြင်စားနေတယ်
    Logo မဆွဲတော့ဘူးဗျာ…
    သူမူးလာတိုင်း ပြောနေတုန်းပဲ

  • hmee

    December 8, 2011 at 3:33 pm

    မဝေရေ တချို့က စေတနာနဲ့ မတန်ဘူး။ ဒါကြောင့် ဥပေက္ခာသာထားလိုက်ပါ စိတ်ပေါ့သွားပါလိမ့်မယ်။ ကိုယ်က စေတနာထားရက်နဲ့ စေတနာကို စော်ကားခံလိုက်ရရင် တနုံနုံနဲ့ တွေးမိတိုင်း ရင်ထဲမှာအောင့်သွားတတ်လို့ ကိုယ့်ရောဂါ ကိုယ့်ဘာသာရှာသလို ဖြစ်နေလို့ အခုဆို တန်ရာကို တန်သလောက်ပဲ လုပ်ပေးတော့တယ်။

  • လင်းဝေ

    December 8, 2011 at 4:07 pm

    စိတ်ကို လျှော့မထားနဲ့ စိတ်ကိုတင်းလည်းမထားနဲ့။
    ခံစားရတာကို မှတ်ရင်း တွေးရင်း ဆင်ခြင်ရင်း ကိုယ်စိတ်ပါတဲ့ အခြားအရာတွေသာ လုပ်နေလိုက်ပါ။

  • koyinmaung

    December 8, 2011 at 5:12 pm

    မဝေခင်ဗျာ…..
    နေရာဒေသကွာခြားမှုပါ
    အာမခံအလေးထားမှုနည်းတဲ့နိုင်ငံမှာ
    တွေ့ကြုံရတဲ့ခံစာချက်လို့ထင်ပါတယ်
    ကျနော်မိတ်ဆွေ စင်ကာပူမှာအလုပ်လုပ်တုန်းက
    သူ့အတွေအကြုံကိုပြောပြဘူးပါတယ်ကံထရိုက်အဆောက်အဦး
    တခုဆောက်ဘို့ဘီလပ်မြေဖျော်ထားတဲ့မဆလာအရည်လာပို့တဲ့
    ကားကိုဂိတ်ဝမှာပုံစံခွက်ထဲကိုဘီလပ်မြေအရည်နည်းနည်း
    ထည့်ခိုင်းထားပါတယ်….
    သူသတ်မှတ်ထားတဲ့နာရီပြည့်တော့ ပုံစံခွက်ထဲကနမူနာဘီလပ်မြေအတုံးကို
    ဖိအားဘယ်လောက်ခံနိုင်ရည်ရှိတယ်ဆိုတာစမ်းသတ်ရပါတယ်
    စံနှုန်းမပြည့်မှီယင်ဒီဘီလပ်မြေနဲ့ဆောက်ထားတဲ့အပိုင်းကိုပြန်ဖျက်ရပါတယ်
    ကုန်ကျတဲ့ငွေကိုဘီလပ်မြေအရည်ပို့တဲ့ကုမ္မဏီကပြန်ပေးရပါတယ်တဲ့
    ကျနော်တို့ဆီမှာတော့ဒီလိုအရည်အသွေးစစ်တာရှိတောင်ရှိရဲ့လားဗျာ…….

  • naywoonni

    December 8, 2011 at 6:15 pm

    ရူးမနေနဲ့ မဝေရေ….။ မြန်ပြည်မှာ အဲဂလို အတတ်ပညာရှင်တွေနဲ့ အဆောက်အဦးဆောက်တာက ခုမှ ဘယ်လောက်ကြာသေးလို့လဲ…။ ဒီအတိုင်း ပန်းရံ ဆရာနဲ့ လက်သမားဆရာနဲ့ ဆောက်မဲ့ ပိုင်ရှင်နဲ့ ညှိပြီးဆောက်လိုက်ကြတာပဲ…။ နယ်မှာ ဆို ပိုဆိုးတာပေါ့….။ ဘယ်သွားခေါ်ရမလဲ ဒီဇိုင်းဆွဲတဲ့ သူ…။ အဲဒိတော့ အဆောက်အဦး နမူနာ ပြချင်ပြမယ်…။ ဓါတ်ပုံပြချင်ပြမယ်..။ ဒီလိုလေးဆောက်ချင်တယ် ဖြစ်မလားပေါ့…။ ပန်းရံဆရာကို အဓိကထားခေါ်ရင် သူနဲ့ တွဲလို့ရမဲ့ လက်သမားဆရာခေါ်လာမယ်…။ ကိုယ်က လက်သမားနဲ့ရင်းနှီးတာဆိုရင် သူကဘယ်ပန်းရံကတောဘယ်လိုဆိုပြီး ဆွဲလာလိမ့်မယ်…။ တစ်သက်လုံးဒီလိုပဲ နှစ်ပါးသွားနေကြတာဆိုတော့ (ကိုယ်နဲ့ ထိတွေ့မိသလောက်လေးပြောကြည့်တာပါ) နောက်ပိုင်းအဆောက်အဦးဆောက်လုပ်ဖို့ စည်ပင်ခွင့်ပြုမိန့် တောင်းရမယ်ဘာညာ သာရကာ လုပ်ကြတော့လည်း စည်ပင်က အင်ဂျင်နီယာက ဆွဲချင်တဲ့ပုံဆွဲပေး -ဆောက်မဲ့သူကလည်းဆောက်ချင်သလိုဆောက် …။ ဘယ်နှစ်ပင် ဘယ်နှင်ပင် ခန်းပွင့်ဘယ်လောက်လို့ပဲပြောရတယ်…။ တစ်ထပ်လားနှစ်ထပ်လား ….တဲ့ တစ်ထပ်ဆိုရင် ပုံဆွဲခက ခုနှစ်သိန်း နှစ်ထပ်ဆိုရင် ဆယ့်ငါးသိန်း ဆိုပြီး ဆွဲပြီးသား ဘလူပရင့်တွေထဲက ကိုက်လောက်မဲ့ပုံဆွဲထုတ်ပေးလိုက်တာပဲ…။ အဲဒိတော့ ပညာရှင်ဆိုတာ ပိုက်ဆံ တောင်းတဲ့သူလို့တောင်ထင်ကုန်ပြီလေ…။ စည်ပင်ကောင်းမှူနဲ့ …။ ဟိုတော့လည်းဟုတ်တာပဲ…။ သူတို့က ပိုက်ဆံပဲတောင်းသွားတာ…။ တစ်ကယ်ဆောက်သွားတာက လက်သမားနဲ့ ပန်းရံဆရာလေ……………။

  • blackchaw

    December 8, 2011 at 7:44 pm

    “နောက်တစ်ခါထပ်ဖြစ်ရင် သီးမခံတော့ဘူး … ရွာပြန်ပြီးပဲ ကောက်စိုက်တော့မယ် …”

    အဲဒါ ဒေါသဖြစ်တုန်း ဝုန်းကနဲ ပေါ်လာတဲ့အတွေးဖြစ်ရမယ်။

    “စကားမစပ် … ကျွန်မတို့ MD က အလွန်တော်တဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ပါတယ်။”

    ဟော အဲဒါ သွေးအေးသွားလို့ စိတ်ပြေသွားတဲ့ အတွေးဖြစ်သွားပြီဗျာ။

    အဲဒီတော့ တော်တဲ့ခေါင်းဆောင်နဲ့ တော်တဲ့ ခေါင်းဆောင်ငယ် နှစ်ယောက်ဟာ
    အမြင်မတူလည်း ခဏပေါ့ဗျာ။ တစ်ခါတစ်လေ အဆင်မပြေဖြစ်လို့ ဒေါသဖြစ်ရင်
    အခုလို ရွာထဲမှာ ရင်ဖွင့်လိုက်။
    အချိန်လေးနည်းနည်းပေးလိုက်ရင် စိတ်ပြေသွားတော့ ပုံမှန်ပြန်ဖြစ်သွားရော။
    နားလည်သလောက်လေး ဝင်မန့်တာပါ။

  • ကြောင်ကြီး

    December 9, 2011 at 10:56 am

    အံမာ ဒင်းက တတ်ထားတဲ့ မတတ်တခေါက် ပညာနဲ့ ငါတို့လို သမာ္ဘရင့် ကန်ထရိုက်တာတွေကို အပြစ်လာလုပ်နေတယ်။ ဒီမှာ ဂျီးဒေါ်ဝေ ဆယ်တန်းမအောင်ခင်က ကျုပ် ဝါးလုံးကို သံတိုင်လုပ်ပြီး ဘိလပ်မြေတဆ သဲဆယ်ဆနဲ့ ဆောက်ခဲ့တဲ့ ကန်တရိုက်တိုက် အခုချိန်ထိ ရန်ကုန်မြို့မှာ ရှိသေးဒယ်။ ဘယ်အင်ဂျင်နီယာမှ မပါဘူး။ ဘာပြောချင်သေးလဲ။ 😡

    • weiwei

      December 9, 2011 at 12:53 pm

      ကိုကြောင်ကြီးကလဲ … ကျွန်မက ဥပမာအနေနဲ့ပြောတာပါ .. လူတိုင်းနားလည်အောင် အိမ်ဆောက်တာနဲ့ ဥပမာပေးလိုက်တာ … ကျွန်မ အိမ်မဆောက်တတ်ပါဘူး … 😛

  • တစ်ချိန်တုံးက
    အလွန်တော်တဲ့စာဖိုးမှူးတစ်ယောက်ရှိခဲ့ပါတယ်။
    ဒါပေမယ့် ဆိုင်ရှင်မိန်းမက ဘယ်ပွဲဖြစ်ဖြစ်သူလက်ခံထားတဲ့ဈေးနဲ့ကိုက်အောင်ချက်ခိုင်းပါတယ်။
    ဒီတော့ အမြဲတမ်းပြဿနာတက်သပေါ့။
    နောက်တော့ သူလဲ ဒဏ်မခံနိုင်တော့အလုပ်ထွက်သွားပါသတဲ့။
    သူ့နေရာကို သူ့လက်ထက် ဟင်းရွက်လှီးရတဲ ့ သူက ရသွားပါသတဲ့။
    ဆိုင်ရှင်နဲ့နောက်လူ အဆင်တွေပြေ လို့ပါတဲ့။

    ဒီကိစ္စမျိုးတွေက အများကြီး။
    အတတ်ပညာတစ်ခုပေါ်က သီအိုရီတွေ ညွှန်းကိန်းတွေကို စံထားပြီးဆောင်ရွက်တာနဲ့။
    ငွေကြေး ပမာဏပေါ်မှာ စံထားပြီး ဆောင်ရွက်တာမှာအခြေခံ စဉ်းစားပုံကွာခြားသွားပါတယ်။
    အဲတော့………………………..

    • weiwei

      December 9, 2011 at 1:06 pm

      ကျွန်မတို့ ကျောင်းတက်တုန်းက management science သင်ရပါတယ် … အကောင်းဆုံး optimum ဖြစ်မယ့် အခြေအနေကို သေချာတွက်ချက်ပြီးမှ စဉ်းစားရတဲ့သဘောပေါ့ … နည်းလမ်းမျိုးစုံနဲ့ သုတေသနလုပ်ခဲ့ပြီးမှ အသုံးပြုခွင့်ရတဲ့ သီအိုရီတွေပါ … အဲဒါတွေက ရေရှည်အတွက်ပါ ထည့်စဉ်းစားတဲ့အချက်တွေပါပါတယ် …

      တကယ့်အပြင်မှာ အဲဒီလောက် မစဉ်းစားကြပါဘူး … လတ်တလောကိစ္စကိုပဲ အရင်ဖြေရှင်းဖို့ ကြိုးစားကြပါတယ်။ လူတွေရဲ့အသက်အန္တရာယ်နဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ထိခိုက်စေနိုင်လောက်တဲ့အထိ ဆိုးဝါးလာရင်တော့ အမုန်းခံပြီး အတင်းဇွတ် မရရအောင် ပြောပြဖြစ်မှာဖြစ်ပေမယ့် customer ရဲ့စီးပွားရေး နဲနဲပဲ ထိခိုက်မယ့်အခြေအနေမှာတော့ ကျွန်မစိတ်လျော့လိုက်ပါတော့တယ် …. တကယ်တော့ ကျွန်မက customer အတွက် ရေရှည်စဉ်းစားပေးတာဖြစ်ပြီး သူက နားမလည်တော့ (မယုံတော့) လဲ မတတ်နိုင်ဘူပေါ့ ….

  • nozomi

    December 9, 2011 at 1:39 pm

    မဝေ ရဲ့ စေတနာကို ရွာထဲက လူတွေကတော့ ယုံကြပါတယ်

Leave a Reply