သံတံခါး
ဦးသိဒ္ဓိကျော်တဲ့။ သူကား ဗေဒင်ဆရာ တစ်ဦးဖြစ်တယ်။ အသက်အားဖြင့် ၅ဝကျော်လောက် ရှိမည်ထင်၏။ အိမ်ထောင်မရှိဘူး။ တပည့်တစ်ဦးနှင့် အတူ တိုက်အိမ်ကြီး တစ်အိမ်မှာ နေတယ်။ သူပိုင်တော့ မဟုတ်ဘူး။ အိမ်ကြီးက ငှားနေပုံရတယ်။ စီးပွားရေး ပြေလည်တယ်။ သူ၏ တိုက်အိမ်ကြီး၏ တံခါးဝတွင် “ဧကန္တ အယူတော် မင်္ဂလာ ဆရာသိဒ္ဓိကျော်”ဟု ဆိုင်းဘုတ် အောက်ခံအနီတွင် ဆေးအဖြူဖြင့် ရေးစွဲထားသော ဆိုင်းဘုတ်တစ်ခု ချိတ်ဆွဲထားလေ၏။
ဆရာဦးသိဒ္ဓိကျော်သည် နာမည်ကြီး ဗေဒင်ဆရာတစ်ဦး ဖြစ်၏။ သူ၏ထံသို့ အဆင့်အတန်းမြင့်သော လူချမ်းသာ များ စီးပွားရေး လုပ်ငန်းရှင်များ အရာရှိများ လာမေးကြ၏။ အိမ်ထောင်ရေးနှင့် ပါတ်သက်၍ ယတြာ အလွန်ကောင်းသည်ဟု နာမည်ကြီးနေလေ၏။
တစ်နေ့တွင် ဗေဒင်ဆရာ ဦးသိဒ္ဓိကျော်ထံသို့ အသက်အရွယ်အားဖြင့် ၃၅ နှစ်ခန့်ရှိသော မာလာဆွေဟု အမည်ရသော အမျိုသမီးတစ်ဦး ရောက်ရှိလာလေ၏။ မာလာဆွေသည် အရပ်အမောင်း ကောင်းကောင်း ချောမောလှပသော အမျိုးသမီးတစ်ဦးဖြစ်၏။ အသားအရည် ဖြူဝင်းနေ၏။ စကားပြောလျှင် လေးလေးမှန်မှန် တစ်လုံးချင်း ပြောလေ့ရှိ၏။ သူမသည် ဗေဒင်မေးရန်အလို့ငှာ ရောက်ရှီလာခြင်းဖြစ်၏။ မာလာဆွေနှင့် ဆရာဦးသိဒ္ဓိကျော်တို့ မျက်နှာချင်းဆိုင် ထိုင်မိကြလျှင် မာလာဆွေက အောက်ပါအတို်င်း စတင်ပြောဆို မိတ်ဆက်လေတော့၏။
ကျွန်မ နာမည်က မာလာဆွေပါ ဆရာ။ ဆရာကြီးရဲ့သတင်းကို ကြားနေရတာတော့ ကြာပါပြီ။ လာမယ်လာမယ်လို့ လုပ်တာ တစ်နှစ်လောက်တောင် ရှိပြီ။ မလာဖြစ်တာ။ လူချင်းကတော့ အခုမှပဲ တွေ့ဖူးကြတာပါ ဆရာရယ်ဟု စတင်ပြောလေ၏။ ထိုအခါ ဆရာဦးသိဒ္ဓိကျော်က မာလာဆွေအား အောက်ပါအတိုင်း ပြန်လည်ပြောဆို လေတော့၏။
ကျွန်တော် တတ်ထားတဲ့ အတတ်ပညာနဲ့ တိုင်ပင်ဆွေးနွေးဖို့ ဆိုတာ တခြားတစ်ယောက်ဆီမှာတော့ မရှိနို်င်ဘူး။ အမှန်တကယ် အခက်အခဲကြုံလာလို့ ရောက်လာတယ် ဆိုတာကတော့ သဘာဝကြပါတယ်။ အမှန်ကတော့ အစောကြီး ကတည်းက တွေ့သင့်တာဟု ပြောလိုက်လေ၏။ ထိုအခါ မာလာဆွေက ဟုတ်ပါတယ် ဆရာကြီးရယ် ဆရာကြီးနဲ့ တွေ့ဖို့ စောင့်နေတာ လွန်ခဲ့တဲ့ တစ်နှစ်လောက်ကတည်းကပါ။ လာမယ်လာမယ်လို့ လုပ်နေတာ။ လာမယ်လို့ စဉ်းစားလိုက်တိုင်း ကျွန်မ ရင်ထဲမှာ ရှက်သလိုလို ကြောက်သလိုလို ဖြစ်ဖြစ်လာတယ် ဆရာ။ အဲဒါကြောင့်ပါဟု မာလာဆွေက ပြောလေ၏။
ဦးသိဒ္ဓိကျော်က မာလာဆွေအား လက်ကို အသာကာပြလိုက်ရင် အဲဒါပဲ လူနာတွေဆိုတာက ဆရာဝန်တွေဆီကို ရောဂါ ရင့်မှ ရောက်ရောက်လာကြတာ။ မာလာဆွေလို ထက်မျက်တဲ့ မိန်းကလေးတစ်ဦးက အရာရာကို ဦးဆောင်ရမယ့် အနေအထားရှိတယ်။ အဲဒီလို မိန်းကလေးတစ်ဦးက ကိုယ့်ရင်ထဲက ခံစားချက်ကို တခြား လူတစ်ယောက်ကို ဖွင့်ပြီးပြောဖို့ အတော် ခဲရင်းနေလိမ့်မယ်။ ဟုတ်တယ် မဟုတ်လားဟု ဦးသိဒ္ဓိကျော်က မာလာဆွေအား စူးစိုက်ကြည့်ရင်း ပြောလိုက်၏။ မာလာဆွေက မှန်ပါတယ် ဆရာကြီးဟု ပြန်ပြောလေရာ ဆရာက ကိုယ့်မိသားစု ဆရာရင်းတစ်ယောက်လို ရင်းရင်းနှီးနှီး ဆက်ဆံတိုင်ပင်နိုင်ပါတယ်ဟု ပြန်ပြောလေ၏။ ဤသို့ပင် အစပြု၍ ဗေဒင်ဆရာ ဦးသိဒ္ဓိကျော်နှင့် ချောမောလှပသော မာလာဆွေဆိုသော အမျိုးသမီးတစ်ဦးတို့ စတင် ဆုံစည်းခဲ့ခြင်းပင် ဖြစ်လေတော့၏။
မာလာဆွေဆိုသော အမျိုးသမီးက ဆက်လက်၍ သူမအကြောင်းကို ပြောပြလေတော့၏။ ဆရာဦးသိဒ္ဓိကျော်က လည်း မာလာဆွေ၏ စကားကို မျက်တောင်မခတ်တမ်း စိတ်ဝင်တစား နားထောင်နေ၏။ မာလာဆွေက ဒီလိုပါဆရာ။ ကျွန်မ အမျိုးသားနာမည်က ကိုမြတ်သူလို့ ခေါ်ပါတယ်။ ကျွန်မတို့ နှစ်ယောက်က ဆင်းဆင်းရဲရဲ ကြီး မဟုတ်ပေမယ့် ပြည့်ပြည့်စုံစုံကြီးထဲကတော့ မဟုတ်ပါဘူး။ ကျွန်မတို့ နှစ်ယောက် အိမ်ထောင် သာယာရေးအတွက် ဦးစားပေးခဲ့သလို ဘဝတစ်ခုကို ခိုင်ခိုင်မာမာ ရပ်တည်နို်င်ဖို့ အတွက်လည်း ကျွန်မတို့ အစွမ်းကုန် ကြိုးစားခဲ့ပါတယ်။ မောင်တစ်ထမ်း မယ်တစ်ရွက်ဆိုသလို ကျွန်မသူနဲ့ တန်းတူစီးပွားရှာ အလုပ်လုပ်ခဲ့တာပါ။
အရင်တုန်းက ကိုမြတ်သူက ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်ပါတယ်။ နောက်တော့ ကိုမြတ်သူက ကျွန်မကို ကိုယ်ပိုင် ကုမ္မဏီတစ်ခု ဖွင့်ဖို့ တိုင်ပင်တယ်။ ကျွန်မကလည်း သဘောတူခဲ့တယ်။ နောက်တော့ ကျွန်မတို့ ကံနဲ့ ဝိရိယရဲ့ အကျိုးကြောင့်တော့ ထင်ပါတယ်။ ကျွန်မတို့ အောင်မြင်လာတယ် ဆိုပါတော့။ အခုလို အခြေအနေမျိုး ရောက်ကာမှ ဟု မာလာဆွေက ပြောနေရင်း စကားစကို ဖြတ်လိုက်၍ ခေါင်းကို အသာလေးငုံ့ကာ သက်ပျင်းတစ်ခုကို ရှိုက်လိုက်လေ၏။ မျက်ဝန်းစ၌ တွဲခိုလာသော မျက်ရည်စအနည်းငယ်ကို အသာလေး လက်ကိုင်ပဝါနှင့် တို့လိုက်ရင်း ဆက်လက် ပြောလေတော့၏။
ကျွန်မတို့လိုသာ ပြောရတာပါဆရာရယ်။ အမှန်တော့ ကျွန်မတို့နှစ်ယောက်လို့က တစ်အိမ်ထဲမှာ နှစ်ယောက် အတူတူ နေနေတာမှ ဟုတ်ရဲ့လားလို့ တွေးမိတယ်။ သူက တစ်မျိုးဆို ကျွန်မက တစ်မျိုး။ သူက တစ်နေရာဆိုရင် ကျွန်မက တစ်နေရာ။ သူက တစ်နိုင်ငံဆိုရင် ကျွန်မက တစ်နိုင်ငံ ။ သူက တစ်မျိုးဆိုရင် ကျွန်မက နောက်တစ်မျိုး အဲဒီလိုနဲ့ သူနဲ့ ကျွန်မ တဖြေးဖြေးနဲ့ ကွာခြားလာတယ်။ အဲဒါနဲ့ ကျွန်မက အရင်လို မိသားစုဘဝလေးမျိုးကို ပြန်နေဖို့ ကိုမြတ်သူကို တောင်းတောင်းပန်ပန်နဲ့ ပြောပါတယ်။ ကိုမြတ်သူက ကျွန်မကို အင်မတန် သနားစရာကောင်းတဲ့ စိတ်ကူးယာဉ်တတ်တဲ့ မိန်းကလေးတစ်ယောက်ကို ကြည့်သလို ကြည့်ပြီး ပြုံးတယ်ဆရာ။ ကျွန်မ သူ့အပြုံးကို သိတ်သိတာပေါ့။ သူ အဲဒီလို ပြုံတာ ရီတာကို ကျွန်မ မကြိုက်ဘူး။
အဲဒီလိုနဲ့ သူနဲ့ကျွန်မနဲ့ ပိုင်ဆိုင်မှု့တွေပြိုင် အလုပ်တွေပြိုင်ရင်း နောက်ဆုံးမှာ မာနတွေပါ ပြိုင်ခဲ့ကြတယ်။ အဲဒီတော့ ကျွန်မက ကိုမြတ်သူကို ပြောပါတယ်။ ရှင်နဲ့ ကျွန်မနဲ့ ပြတ်ပြတ်သားသား လမ်းခွဲကြရအောင်လို့ ပြောပါတယ်။ ဒါပေမယ့် ဆရာရယ်။ ကျွန်မ ပြောတဲ့စကားက အရာမဝင်ပါဘူး။ ကျွန်မကို ဧည့်ခန်းထဲမှာ လူရိုသေရှင်ရိုသေသေ ထားတဲ့ အရုပ်တစ်ရုပ်လို သဘောထားတာ။ ကျွန်မလေ သူ့ကို သိတ် မုန်းတာပဲ။ သိပ်ပြီး စိတ်နာတာပဲ။
သူကို ကျွန်မက ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးဖို့ တောင်းဆိုတယ်။ သူက ကျွန်မကို ပြန်ပြောတယ်။ ကွာရှင်းစာ ချုပ်ရတော့ရော မင်းက ဘာထူးမှာလဲတဲ့။ အဲဒီတော့ ကျွန်မက ပြောလိုက်တယ်။ လွတ်လတ်မှု့လေလို့။ အဲဒီမှာတင် ကိုမြတ်သူက ညစ်တော့တာပဲဆရာရယ်ဟု မာလာဆွေက ဆရာသိဒ္ဓိကျော်ကို သူမ၏ လက်ရှိ အိမ်ထောင်ရေး အခြေအနေကို ပြောပြလေတော့၏။ ထိုအခါ ဆရာဦးသိဒ္ဓိကျော်က တစ်ခွန်းတည်း ပြန်ပြောလိုက်၏။ ကျွန်တော် ဘာလုပ်ပေးရမလဲဟု။
ထိုအခါ မာလာဆွေက အခု လောလောဆယ်တော့ ကျွန်မ ဘာဆက်လုပ်ရမယ်မှန်း မသိတော့ပါဘူး။ ဒါကြောင့် ကျွန်မအ ဘာဆက်လုပ်ရမယ်ဆိုတာကို ဆရာကြီးက အကြံညာဏ်ပေးစေချင်ပါတယ်။ အခုလောလောဆယ် မပြောနိုင်သေးရင်လဲ ရပါတယ်။ ဆရာကြီး ပြန်ခေါ်တဲ့နေ့ရောက်ရင် ကျွန်မ လာခဲ့ပါ့မယ်ဟု မာလာဆွေက ပြောလေ၏။ ဆရာသိဒ္ဓိကျော်က ကိုမြတ်သူ၏ အဝတ်အစားကို တစ်ည အတူထားအိပ်ပြီး မိုးလင်းပိုင်းတွင် လုံးဝ ဖျက်စီးပစ်ရမည်ဟု ယတြာပေးလိုက်၏။ ဤကဲ့သို့ပင် အိမ်ထောင်ကွဲချင်နေသော မာလာဆွေဆိုသော ဆိုသော အမျိုးသမီးနှင့် ဗေဒင်ဆရာ ဆရာသိဒ္ဓိကျော်တို့သည် ပထမဦးဆုံး တွေ့ဆုံမှု့ကို အဆုံးသတ်၍ မာလာဆွေလည်း ပြန်သွားလေတော့၏။
ထိုညတွင် မာလာဆွေနှင့် သူမ၏ယောက်ျား ကိုမြတ်သူတို့ ထပ်မံ၍ စကားများကြပြန်၏။ ကိုမြတ်သူက မာလာဆွေအား ဒီမှာ မာလာဆွေ ငါက သဝန်တိုတဲ့ စိတ်တော့ မရှိဘူး။ ဒါပေမယ့် မနာလိုစိတ်တော့ များတယ်။ အဲဒီတော့ မင်းကို ဘယ်တော့မှ တစ်ခုလပ် မဖြစ်စေရဘူး သိပြီလားဟု အနိုင်ပိုင်း ပြောဆို၍ အိမ်ကနေ ထွက်သွားလေ၏။ ထိုညတွင် မာလာဆွေသည်လည်း အိပ်ယာပေါ်တွင် ဝမ်းနည်းကျေကွဲ ဒေါသဖြင့် တညလုံး ငိုကျွေးနေခဲ့နေခဲ့ရ၏။
နံက်မိုးလင်းပိုင်းတွင် မာလာဆွေသည် ဆရာသိဒ္ဓိကျော်ထံသို့ ထပ်မံရောက်ရှိလာပြီးလျှင် ဟန်ပင်မဆောင်နိုင်ပဲ ဒေါသတကြီး ငိုကြွေးလေတော့၏။ မျက်ရည်များ တတွေတွေ ကျနေ၏။ ဆရာသိဒ္ဓိကျော်က လက်ကိုင်ပဝါ တစ်ထည်ကို ကမ်းပေးလိုက်၏။ ရော့ ဒါနဲ့ မျက်ရည်တွေ သုပ်ပစ်လိုက်ပါဦးဟု ပြော၏။ မာလာဆွေက ဆရာပေးသော လက်ကိုင်ပဝါကို ယူ၍ မျက်ရည်များကို သုတ်ပြီးနောက် ညတုန်းက သူမ၏ လင်တော်မောင် ဖြစ်သူ ကိုမြတ်သူနှင့် ဖြစ်ခဲ့သော အဖြစ်အပျက်များကို ဆရာသိဒ္ဓိကျော်အား ပြန်လည်ပြောပြ၏။ ထို့နောက် မာလာဆွေက ဆရာရယ် ဆရာကတော့ မိုးလင်းလင်းခြင်း ယတြာချေတဲ့ အင်္ကျီကို ဖျက်စီးပစ်ဖို့တော့ မှာလိုက်တာပဲ။ ကျွန်မက နောက်တစ်ရက် ကူးသွးလို့ အဲဒီလို ဖြစ်ရတာ တောင်းပန်ပါတယ်ဟု ပြန်လည် ပြောပြလေ၏။
ဆရာသိဒ္ဓိကျော်က ဒါဆိုရင် နောက်ထပ်ယတြာတစ်ခု ထပ်ပေးလိုက်မယ်။ ဒီတစ်ခါ လုံးဝ အမှားအယွင်းမရှိစေနဲ့။ သေသေချာချာ လုပ်ပါဟု ဆိုကာ အောက်ဖော်ပြပါ ယတြာကို မာလာဆွေအား ပြောပြ၏။ မာလာဆွေက နေဦးဆရာ ကျွန်မ စာနဲ့ရေးသွားမှ ဖြစ်မယ်ဟုဆိုကာ ဆရာပြောပြသော ယတြာကို သေသေချာချာ ကူးရေးလေ၏။ အသတ်ခံရလို့ သေကာနီးဆဲဆဲ ကြက်တစ်ကောင်ကို မရရအောင် ရှာဝယ်ရမယ်။ ပြီးရင် တစ်ညလုံး လှောင်ထားရမယ်။ ကြက်အထီး ဖြစ်ရမယ်။ တစ်ညလုံး မိမိအခန်းထဲတွင် လှောင်ထားပြီး မိုးလင်းတွင် လွှတ်ပစ်ရမည်ဟု ယတြာပေးလိုက်၏။ မာလာဆွေကလည်း လုပ်ပါမည်ဟု ဂတိပေးကာ ပြန်သွားလေတော့၏။
ထိုညတွင် မာလာဆွေသည် သူမ၏အခန်းထဲတွင် ကြက်တကောင်နှင့် တစ်ညလုံး ကောင်းကောင်း မအိပ်ရပဲ ရှိလေတော့၏။ အခန်းထဲတွင် ကြက်က ဟိုပြေးလိုက် ဒီပြေးလိုက် လုပ်နေ၏။ မာလာဆွေလည်း တညလုံး လုံးဝ မအိပ်ရဘဲ ဒုက္ခ ဖြစ်တော့လေ၏။ မိုးလင်းတွင် မာလာဆွေသည် ထိုကြက်ကို တစ်နေရာတွင် သွား၍ လွတ်လိုက်၏။ မိုးလင်းသောအခါတွင် ကိုမြတ်သူလည်း အပြင်မှ ပြန်လာ၏။ အပြင်မှ ပြန်ရောက်ရောက်ခြင်း မာလာဆွေက ကျွန်မမေးထားတဲ့ ကိစ္စ ဘယ်တော့ အဖြေပေးမှာလဲဟု မေးလေရာ ကိုမြတ်သူလည်း ဒေါသထွက်သွား၏။ ထို့နောက် စိတ်တိုတိုနှင့် ကဲ …. ဒီလောက်တောင် ကွဲချင်နေတယ်ဆိုရင် ငါ နိုင်ငံခြားက ပြန်လာရင် အဖြေပေးမယ်ဟု စိတ်တိုတိုနှင့် ပြန်ပြော၍ အပြင်သို့ ပြန်လည်ထွက်သွားလေတော့၏။
ခနအကြာတွင် မာလာဆွေလည်း အဝတ်အစားလဲကာ ဆရာသိဒ္ဓိကျော်၏ အိမ်သို့ သွားရောက်ကာ ဝမ်းသာအားရဖြင့် ဆရာရေ …. ညတုန်းက ချေတဲ့ ယတြာကတော့ တော်တော်လေး စွမ်းတယ်ဆရာ။ အခု မနက် ကိုမြတ်သူနှင့်တွေ့တော့ သူက ဘာပြောတယ် မှတ်လဲ။ သူနိုင်ငံခြားက ပြန်လာရင် အဖြေပေးမယ်လို့ ပြောတယ် ဆရာရေဟု ဝမ်းသာအားရ ပြောပြလေ၏။ ထို့နောက် သူမက ဆက်လက်၍ ကျွန်မလိုချင်တဲ့ အဖြေဖြစ်ဖို့တော့ လိုတယ်ဆရာရယ်ဟု ပြောလေ၏။ ထိုအခါ ဆရာသိဒ္ဓိကျော်က အရေးကြီးတဲ့ အပိုင်းကို ရောက်ရှိလာပြီ ဖြစ်တယ်ဟု လွန်စွာ လေးနက်သော လေသံဖြင့်ပြော၏။
ကောင်းပြီ မာလာဆွေ၊ အခုက အရေးကြီးတဲ့ အပိုင်းကို ရောက်နေပြီဆိုတော့ နောက်ဆုံး ယတြာတစ်ခု ပေးမယ်။ ဒါပေမယ့် ဒီယတြာက သောကြာသားတစ်ဦးက လုပ်ပေးရမယ်ဟု ပြောလေ၏။ ထိုအခါ မာလာဆွေက ဒုက္ခပါပဲ ဆရာရယ်။ ကျွန်မ အသိတွေထဲမှာတော့ သောကြာသား မရှိပါဘူး။ သောကြာသားရှိတယ်ပဲ ထားလိုက်ပါဦး ၊ ကျွန်မက ဒီအကြောင်းတွေကို ယာက်ျားလေး တစ်ယောက်ကို ဘယ်လို ပြောရဲပါ့မလဲဟု ပြန်ပြောလေ၏။ ထိုအခါ ဆရာသိဒ္ဓိကျော်က သူ၏တပည့်ဖြစ်သူအား လှမ်း၍ ခေါ်လိုက်ရင်း မင်းက သောကြာသားလားဟု မေးလိုက်ရာ တပည့်ဖြစ်သူက ဟာ မဟုတ်ဘူးလေ ဆရာ။ ကျွန်တော်က ဗုဒ္ဓဟူးသားလေ ဆရာရဲ့ဟု ပြန်ပြောလိုက်၏။ ထိုအခါ ဆရာ သိဒ္ဓိကျော်က အေး ငါ သောကြာသား တစ်ယောက် အမြန်လိုချင်တယ်။ ယတြာချေပေးဖို့ လိုနေတယ်ကွာဟု ပြောလိုက်ရာ တပည့်ဖြစ်သူက ဟာ ဆရာကလည်း ဆရာက သောကြာသားလေဟု ပြန်ပြောလိုက်၏။ ထိုအခါ မာလာဆွေက ဟယ် ဟုတ်လားဆရာ ။ ဆရာ့ယတြာကို ဆရာကိုယ်တိုင် လုပ်ပေးတော့ ပိုကောင်းတာပေါ့။ အခန့်သင့်လိုက်လေ ဆရာရယ်ဟု ပြန်ပြောလိုက်လေတော့၏။ ကောင်းပြီ မနက်ဖြန် ယတြာလုပ်မယ်ဟု ဆရာ သိဒ္ဓိကျော်က ပြန်ပြောလိုက်လေတော့၏။ ဤသို့နှင့်ပင် ဆရာသိဒ္ဓိကျော်နှင့် မာလာဆွေဆိုသော အမျိုးသမီးတို့သည် ယတြာကိစ္စကို အကြောင်းပြု၍ မကြာခန ဆုံတွေ့မိကြလေတော့၏။
နောက်တစ်နေ့တွင် ဆရာသိဒ္ဓိကျော်နှင့် မာလာဆွေတို့သည် နေ့သင့်နံသင့် အပင်များရှိသော ပန်းခြံကြီး တစ်ခုတွင် ရောက်ရှိနေကြ၏။ ယတြာ၏ အစီအစဉ်အတိုင်း သစ်ပင်ကြီးတစ်ပင်ကို လက်ယာရစ် နှစ်ယောက်အတူ ပတ်ရ၏။ ထို့နောက် သစ်ပင်တစ်ပင် ခြေရင်းတွင် မျက်နှာချင်းဆိုင်ရပ်ကာ တစ်ယောက်မျက်နှာ တစ်ယောက် စူးစိုက်ကြည့်၍ မာလာဆွေက ကိုမြတ်သူအမှတ်ဖြင့် ပြောရမည် ဖြစ်၏။ ထို့နောက် ဆရာသိဒ္ဓိကျော်ကလည်း စကားပြန်ပြောရမည် ဖြစ်၏။ ယတြာကား ထိုအတိုင်းပင် ဖြစ်လေသောကြောင့် မာလာဆွေက စတင်ကာ ဆရာသိဒ္ဓိကျော်ကို သေသေချာချာ စူးစိုက်ကြည်ကာ ကိုမြတ်သူ အမှတ်ဖြင့် အောက်ပါအတိုင်း စတင်ပြောလေတော့၏။
မာလာဆွေက ဆရာသိဒ္ဓိကျော်၏ မျက်နှာကို ကိုမြတ်သူအမှတ်ဖြင့် စူစိုက်ကြည့်ကာ ဒီမှာ ကျွန်မပြောတဲ့ စကားကို သေသေချာချာ နားထောင်ပါ။ ရှင်နဲ့ ကျွန်မနဲ့ အရင်တုန်းက ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ ဘယ်လိုပဲပါတ်သက်ခဲ့ ပါတ်သက်ခဲ့ အခု ရှင်ကို ကျွန်မ လုံးဝ စိတ်မဝင်စားတော့ဘူး။ ကျွန်မ အာရုံထဲမှာလဲ ရှင်လုံးဝ မရှိတော့ဘူး။ ကျွန်မ ရင်ထဲမှာ ရှင်လုံးဝ မရှိတော့ဘူးဆိုတာကို ရှင့်လက်ခံပေးပါဟု ဆရာသိဒ္ဓိကျော်၏ မျက်လုံးများကို စိုက်ကြည့်၍ ပြောလေ၏။
ထိုအခိုက်အတန့်လေးမှာပင် ဆရာသိဒ္ဓိကျော်၏ နှလုံးအိမ်တွင် အမျိုးအမည် မသိသော ဝေဒနာတစ်ခု ရင်ထဲ တိုးဝင်လာလေတော့၏။ အိမ်ထောင်ရေး အဆင်မပြေရှာသော မာလာဆွေဟူသော အမျိုးသမီးကို သနားဂရုဏာ စိတ်များသည် ဝင်ရောက်လာလေတော့၏။ (ဒီနေရာတွင် ဆရာသိဒ္ဓိကျော်က မာလာဆွေအား စတင်၍ မေတ္တာသက်ဝင် သွားသော နေရာ ဖြစ်၏။ သို့သော် ကျွန်ုပ်သည် ချစ်ခြင်းမေတ္တာတရားနှင့် ပါတ်သက်၍ ရုပ်လုံးပေါ်အောင် မရေးသားတတ်တော့ပေ။ ထို့ကြောင့် စာဖတ်သူများအနေနှင့် ဗေဒင်ဆရာ ဆရာသိဒ္ဓိကျော်က မာလာဆွေအား စတင် ချစ်မိသွားပြီးဟူ၍ မှတ်ထင်ကြပါကုန်)
ဤနေ့ရက်မှ စတင်၍ ဆရာသိဒ္ဓိကျော်သည် မာလာဆွေအား အစွဲကြီး စွဲလန်းလာလေတော့၏။ တစ်ချိန်လုံး မာလာဆွေဟူသော ပုံရိပ်သည် သူ၏ အပေါ်သို့ လွမ်းမိုးထားလေတော့၏။ မာလာဆွေ၏ အသံလေးကို ကြားချင်နေမိ၏။ ဘာလုပ်လုပ် စိတ်မဝင်စားသကဲ့သို့ ဖြစ်လေတော့၏။ တဘက်မှလည်း မိမိ တတ်ကြွမ်းသော ယတြာ များကို ချေနေ၏။ မာလာဆွေ၏ မေတ္တာကို ပြန်လည် ရရှိချင်သောကြောင့် နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားလေတော့၏။ ဆရာသိဒ္ဓိကျော်ထံသို့ ဗေဒင်မေးရန်၊ ယတြာတောင်းရန် ရောက်ရှိလာကြသော သူများကိုလည်း လုံးဝ စိတ်မပါတော့သောကြောင့် တပည့်ဖြစ်သူအား ပြန်လွှတ်ခိုင်းတော့၏။
အချိန်တိုင်းတွင်လည်း မာလာဆွေ၏ အသံလေးကို ကြားရလည်း မဆိုးဘူးဟူသော အတွေးဖြင့် ဖုန်းဆက်ရန် ကြိုးစား၏။ ယတြာကိစ္စကို အကြောင်းပြု၍ အိမ်သို့ သွားလည်၏။ အိမ်သို့ ရောက်သော အခိုက်အတန့်တွင်လည်း ဖင်ပူအောင် မထိုင် ချက်ချင်း ထပြန်လာမိ၏။ ထိုကဲ့သို့ စွဲလန်းသော စိတ်များ ပျင်းထန်သထက် ပျင်းထန်လာလေရာ တစ်ညတွင် မာလာဆွေနှင့် ပေါင်းဖက်ရသည်ဟု အိပ်မက် မြင်မက်လေတော့၏။ အိပ်မက်ထဲတွင် ဆရာသိဒ္ဓိကျော်က မာလာဆွေ၏ အိမ်သု့ိ သွား၏။ မာလာဆွေက ဆရာသိဒ္ဓိကျော်ကို ပြေးဖက်၍ ကြို၏။ ထိုအချိန်တွင် ဆရာသိဒ္ဓိကျော်၏ တပည့်ဖြစ်သူ ရောက်လာသောကြောင့် အိပ်မက်က လန့်နိုးလေတော့၏။ တပည့်ဖြစ်သူက ဆရာ၏အဖြစ်ကို စိတ်မသက်မသာနှင့်ကြည့်မိလေတော့၏။ ထိုကဲ့သို့ မာလာဆွေအား အရူးအမူး စွဲလန်းနေသည့် အဖြစ်အပျက်ကို မာလာဆွေက လုံးဝ မသိရှာပေ။
တစ်နေ့တွင် ဦးသိဒ္ဓိကျော်၏ တပည့်ဖြစ်သူက သူ၏ ဆရာအား ခပ်တင်းတင်း ကြည့်လေ၏။ ထိုအခါ ဦးသိဒ္ဓိကျော်က ဟေ့ကောင် မင်းက ငါ့ကို ဘာကြောင့် ခပ်တင်းတင်း ကြည့်နေရတာလဲ။ ဘာပြောစရာရှိလို့လည်း ပြောစရာရှိရင် ပြောလေကွာဟု မေးလိုက်လေရာ သူ၏ တပည့်ဖြစ်သူက ဒီမှာ ဆရာ ။ ဆရာ့ကို ကျွန်တော်က ကိုယ့်ရဲ့ အရမ်းလေးစားစရာကောင်းတဲ့ ဆရာကြီးတစ်ယောက်လို သဘောထားပြီး ပြုစု စောင့်ရှောက်လာခဲ့တာပါ။ အခုတော့ ဆရာကြီးက လမ်းတော်တော် လွဲနေပြီလေ။ ကိုယ့်ကိုကိုယ်လည်း နည်းနည်းလောက် ထိမ်းပါဦး ဆရာရယ်။ မာလာဆွေဆိုတာ အခုလက်ရှိ သူ့မှာ လင်ကြီးငုတ်တုတ်နဲ့လေ။ ဆရာ ကံထိုက်လိမ့်မယ်။ လူတကာက လေးစားတဲ့ တန်ဖိုးထားတဲ့ ဆရာ့လို ဆရာကြီးတစ်ယောက်က ဘာကြောင့် အသိတရား မရှိရတာလဲဟု ပြောလေတော့၏။ ထိုအခါ ဦးသိဒ္ဓိကျော်က
မင်းကလည်းကွာ မာလာဆွေက သူ့ယောက်ျားနဲ့ မကြာခင် ကွဲကြတော့မှာလေကွာ။ မင်း ငါ့ယတြာတွေ ဘယ်လောက် စွမ်းတယ်ဆိုတာ မင်းသိပါတယ်ကွာ။ မင်း စောင့်ကြည့်နေ။ မကြာခင်မှာ သူ့ယောက်ျားနဲ့ အရမ်းကွဲချင်နေတဲ့ မာလာဆွေတစ်ယောက်ဟာ လွတ်လတ်တဲ့သူ ဖြစ်သွားတော့မှာပါ။ ငါက အဲဒါကို မျှော်လင့်နေတာကွဟု ပြန်ပြောလေ၏။ ထိုအခါ တပည့်ဖြစ်သူက ဆရာကြီးကလည်း ကွာရှင်းတယ်ဆိုတာ တရားဝန် စာချုပ်မှာ လက်မှတ်ရေးထိုးပြီးမှ တရားဝင်ကွဲတယ်လို့ ပြောလို့ရတယ်။ အခုတော့ ဆရာကြီးရယ်ဟု မချိတင်ကဲ ရေရွတ်ပြောဆိုလေတော့၏။
ထိုကဲ့သို့ ဆရာသိဒ္ဓိကျော်သည် အချစ်၏ ဝေဒနာများကို အလူးအလဲ ခံစားနေရချိန်တွင် တဘက်တွင် မာလာဆွေ၏ ခင်ပွန်းဖြစ်သူ ကိုမြတ်သူသည်လည်း နိုင်ငံခြားမှ ပြန်လည်ရောက်ရှိလာတော့၏။ ယခုတစ်ခါ ပြန်လည်ရောက်ရှိလာချိန်တွင် ကိုမြတ်သူသည် လုံးဝ အချိုးပြောင်းသွားပြီးနောက် မာလာဆွေအား မိမိ ဂရုမစိုက်မိသည့် အပြစ်ကို တောင်းပန်ပါကြောင်းနှင့် အရင်တုန်းကလိုပဲ မိသားစုလေး အေးအတူပူအမျှ နေထိုင်သွားပါရစေဟူ၍ ပြောဆိုလာလေတော့၏။ မာလာဆွေ၏ နှလုံးသားလေးသည်လည်း ကိုမြတ်သူ၏ တောင်းပန်စကားများ အောက်တွင် ပျော့ပြောင်း သွားလေတော့၏။
တစ်ဖက်တွင် ဗေဒင်ဆရာ ဆရာသိဒ္ဓိကျော်၏ ခံစားချက်များသည်လည်း လုံးဝ အထွတ်အထိပ်သို့ ရောက်ရှိ နေလေတော့၏။ မာလာဆွေ၏ အသံကို တစ်ရက် မကြားရလျှင် တစ်ရက် မနေနိုင် မထိုင်နိုင် ဖြစ်လာ၏။ အကြောင်းမရှိ အကြောင်းရှာ၍ ဖုံးဆက်၏။ ထိုဖုံးဆက်သော အချိန်တွင် မာလာဆွေက မကိုင်ပဲ ခင်ပွန်းဖြစ်သူ ကိုမြတ်သူက ဖုံးကိုင်လိုက်လေ၏။ ဆရာလည်း ချက်ချင်းဆိုသလို ဖုံးချပစ်လိုက်လေ၏။ ထိုကဲ့သို့ သုံးလေးခါ ဖြစ်လာသောအခါတွင် မာလာဆွေ အပေါ်၌ ကိုမြတ်သူက အထင်လွဲသွားလေတော့၏။ တစ်နေ့တွင် ဖုံးဆက်၍ လုံးဝ မရသောကြောင့် မာလာဆွေ၏ နေအိမ်သို့ လာကြည့်မိ၏။ ဆရာ သိဒ္ဓိကျော်ကို ကိုမြတ်သူက မြင်ဖူးသွားလေတော့၏။
နောက်တစ်နေ့တွင် မာလာဆွေ၏ ခင်ပွန်းဖြစ်သူ ကိုမြတ်သူက သူ၏ လူမိုက်တပည့်များအား ခေါ်ယူတွေ့ဆုံကာ ဦးသိဒ္ဓိကျော် အကြောင်းကို ပြောဆို၍ အသက်ကတော့ နည်းနည်းကြီးနေတယ်။ ငါ့မိန်းမ မာလာဆွေနဲ့ လုံးဝ မပါတ်သက်နဲ့လို့ ပြောလိုက်။ အရင်တုန်းက ဘာဖြစ်ခဲ့ဖြစ်ခဲ့ အခု လုံးဝ မပါတ်သက်နဲ့လို့ အေးအေးဆေးဆေး ရှင်းပြလိုက်ပါဟု ပြောဆိုကာ လွှတ်လိုက်လေ၏။
ထိုနေ့တွင်ပင် ကိုမြတ်သူ၏ တပည့်လူမိုက်များသည် ဆရာဦးသိဒ္ဓိကျော်အား သွား၍ ရှာကြလေ၏။ တွေ့သောအခါ တဏှာရူးကြီး၊ အသက်ကြီးပြီး အချိန်မစီးတဲ့ လူ၊ အသက်ကြီးမှ အချစ်ရူးကြီး စသည်ဖြင့် ပြောဆို ရန်စကြလေ၏။ ဦးသိဒ္ဓိကျော်ကလည်း ဒီမှာ ဟေ့ကောင်တွေ အချစ်ရူးတယ်ကွာ ။ ဘာဖြစ်လဲ။ ငါ့ကို အသေသတ်ရင် သတ်ပစ်လိုက်။ ဒါပေမယ့် ငါ့နှလုံးသားကတော့ မာလာဆွေကို ဘယ်တော့မှ ထုပ်မပစ်ဘူးကွ။ ငါ့ကို အသေသတ်သွားရင်လည်း ငါ့ ဝိညာဏ်က မာလာဆွေ ထံပါးမှာ လိပ်ပြာလေးလို တဝဲဝဲလည်လည် လုပ်နေဦးမှာ၏ သတ်ချင်ရင် အသေသာ သတ်ပစ်လိုက်။ ဓားနဲ့ ထိုးမယ်ဆိုရင်လည်း ဟောဒီ ငါ့ရင်ဘတ် နှလုံးသားတည့်တည့်ကိုသာ ထိုးပစ်လိုက်ဟု ပြောဆိုကာ သူ၏ ရင်ကို ကော့ပေးလေတော့၏။
ကိုမြတ်သူတပည့် လူမိုက်များသည် ဦးသိဒ္ဓိကျော်အား အစပထမတွင် လက်သီးဖြင့် ထိုးကြိတ်ကြ၏။ တစ်ချက်ထိုးတိုင်း ထိုးတိုင်း ဦးသိဒ္ဓိကျော်က ငါက အချစ် သူရဲကောင်းကြီးကွဟု အော်လေ၏။ နောက်ဆုံးတွင် လူမိုက်များ၏ ဒေါသကို ပိုမို၍ စွပေးသကဲ့သို့ ဖြစ်လေရာ လူမိုက်များအနက်မှ တစ်ဦးက စိတ်မထိမ်းနိုင်ဘဲ ဦးသိဒ္ဓိကျော်အား ခါးကြားမှ ဓားမြောင်ဖြ့် ထုပ်ကာ ထိုးလေတော့၏။ ဦးသိဒ္ဓိကျော်၏ ရင်ဘတ်မှ သွေးများ ဒလဟော စီးကျလာလေတော့၏။ အကျီတစ်ထည်လုံးတွင်လည်း သွေးများဖြင့် နီရဲနေ၏။ ဦးသိဒ္ဓိကျော်လည်း ဒဏ်ရာ ရထားသော ရင်ဘတ်ကို လက်ဝါးဖြင့် ပိတ်ကာ ဒယီးဒယိုင်ဖြင့် လမ်းလျှောက်ရင် အိမ်ပြန်လာခဲ့၏။
အိမ်ရောက်သောအခါတွင် မိမိ၏ ရင်ဘတ်မှ ဒဏ်ရာကို မိမိကိုယ်တိုင် ဆေးထည့်၍ ပတ်တီးစီးလေ၏။ ထို့နောက် အနာရှိန်ကြောင့် အဖျားတက်လာလေတော့၏။ ဖုန်းနားသို့ ကြိုးစားတိုးကပ်သွားရင်း မာလာဝေထံသို့ ဖုန်းဆက် စကားပြောရန် ကြိုးစားလေ၏။ သို့သော် ဖုန်းခေါ်၍ မရသောကြောင့် ရရှိထားသော ဒဏ်ရာကြီးနှင့်ပင် ဒယီးဒယိုင် လမ်းလျှောက်ကာ မာလာဆွေတို့ အိမ်သို့ လမ်းလျောက်သွားလေတော့၏။ ထိုအချိန်တွင် မာလာဆွေသည် အိမ်အပေါ်ထပ် ဘုရားခန်းတွင် ဘုရားဝတ်ပြုနေချိန် ဖြစ်၏။ အပြင်ဘက်တွင် မိုးသည် သဲသဲမဲမဲ ရွာသွန်းနေ၏။ ဦးသိဒ္ဓိကျော်လည်း မိုးရွာကြီးထဲတွင် မာလာဆွေ အိမ်သို့ ဒယီးဒယိုင် လှမ်းလာနေလေ၏။
မာလာဆွေတို့ အိမ်ရှေ့ သံတခါးအနီးသို့ ရောက်သောအခါတွင် ဦးသိဒ္ဓိကျော်သည် လုံးဝ မိမိကိုယ်ကို မိမိ မဟန်နိုင်တော့ဘဲ သံတံခါး လှုပ်ရမ်းရင်း မာလာဆွေဟု အော်ကာ လဲကျသွားရင်း အသက်ပျောက်သွားလေ တော့၏။ ဘုရားဝတ်တက်နေသော မာလာဆွေသည် ဦးသိဒ္ဓိကျော်၏ အော်သံသဲ့သဲ့ကို ကြားလိုက်မိသလို ဖြစ်သောကြောင့် အိမ်အောက်ထပ်ကို ဆင်းလာကာ တံခါးပေါက်မှ ထွက်ကြည့်မည်ဟု စိတ်ကူးဖြင့် အပြေးဆင်းလာခဲ့လေတော့၏။ ထိုအချိန်တွင် မာလာဆွေတို့ အိမ်တံခါးကြီးသည် လေပြင်းတစ်ချက် ရုတ်တရက် တိုက်ခိုက်လိုက်လေသောကြောင့် ဝုန်း ခနဲမည်ကာ ပိတ်သွားလေတော့သတည်း………..။
16 comments
ကိုရင်စည်သူ
December 10, 2011 at 9:04 pm
ကွန်မကောင်းလို့ ပို့စ်နှစ်ခါထပ်သွားပါတယ်…
သံတံခါးပို့စ်လေးကိုဖတ်ပြီး ဗေဒင်ဆရာတွေရဲ့
စိတ်ခံစားမှုရှိပုံကို နားလည်စေဖို့နဲ့….
ဟိတ်ကြီးဟန်ကြီးနဲ့ သက်ကြီး ဗေဒင်ဆရာကြီးများကို
ရေလည်အထင်ကြီးတတ်ကြသော လူတစ်ချို့တို့
အသိရစေချင်တာလေးရယ်ပါ…. (လူ့စိတ်သည် မှန်းဆရခက်ပေစွ) 😐
မှော်ဆရာ
December 10, 2011 at 9:16 pm
ကစည် မှားရေးတဲ့ တစ်ခုကို edit က status မှာ published အစား draft ပြောင်းပေးလိုက် .. ပျောက်သွားလိမ့်မယ် .. .
ဒီအတိုင်းထားရင် ၁ဝ ရက်အတွင်း ကွန်မန်းမရရင် ပွိုင့် လျှော့ခံရလိမ့်မယ် …
ကိုရင်စည်သူ
December 10, 2011 at 9:24 pm
အိုကေ.. ကမှော်ရေ… ကျေးဇူးပဲ.. လုပ်လိုက်မယ်ဗျို့…
lulinmg
December 10, 2011 at 9:04 pm
အားမျက်စိညောင်းလိုက်တာကွာ
နောက်တစ်ခါအဲ့ဒီ့လောက်အရှည်ကြီးမရေးပါနဲ့
windtalker
December 10, 2011 at 10:07 pm
ဗေဒင်ကဝိ ကိုရင်စည်သူ ့ဗေဒင်ဟောခန်း သို ့
ခပ်မိုက်မိုက် ခေတ်ဆန်ဆန် လှလှလန်းလန်း အသက်၂ဝခန် ့ကောင်မလေး တစ်ယောက် ရောက်လာလေသည် ။
“ ဆရာ…သမီးကို ကယ်ပါဦးရှင် ၊ ဆရာကူညီမှ ဖြစ်တော့မှာပါ ”
ကိုရင်စည်သူ လည်း ထိုခလေးမ လေးအား သူ ့နားတွင် ထိုင်ခိုင်းလိုက်ပြီး စိတ်အေးအေးထားရန်ပြောကာ ရေတစ်ခွက် ခပ်တိုက်လိုက်လေသည် ။
ခလေးမ လေး သည် ကိုရင်စည်သူ တိုက်သော ရေကို တစ်ခါတည်းမော့ချလိုက်ပြီးနောက်
“ အို..မူးလိုက်တာ ” ဟုဆိုကာ ကိုရင်စည်သူ ့ရင်ခွင်ထဲသို ့ အလိုက်သင့်လေး လဲကျ သွားလေသည် ။
ိကိုရင်စည်သူ လည်း မမျှော်လင့်ထားသော အခြေအနေကြောင့် ဘာလုပ်လို ့ကိုင်ရမှန်း မသိ ဖြစ်နေစဉ် ။
“ ကိုရင်င်င်င် စည်သူသူသူ…… ဒါက ဘာအချိုးလဲ ”
“ အင်းစိန်အချိုး ၊ အဲလေ..ဟုတ်ပေါင် ၊ အထင်မလွဲလိုက်ပါနဲ ့မိန်းမ ရယ် ၊ ဒီမိန်းခလေး က သူ ့ဘာသာ သူ ဘာဖြစ်မှန်းမသိ ၊ ကိုယ့်ပေါ်လဲကျသွားတာပါ ၊ လာကူပေးဦး မိန်းမ ”
သို ့သော် ၊ ကိုရင်စည်သူ ့နည်းတူ စိတ်ဆတ်လွန်းလှသော မဒမ်စည်သူ ၏ လက်သံကား ပြောင်လှချေသည် ။
ဒေါင်….အောင်မငှီး မိန်းမ ရဲ ့၊ မဟုတ်ရပါဘူး ဆိုတာကိုး ဇွတ်လက်မြန်လှချီလား ၊ အောင်မငှီး နာလိုက်တာ
ထိုစဉ် ၊ ကိုရင်စည်သူ ့ရင်ခွင်ထဲတွင် မူးလဲနေသော ခလေးမ လေး မှာ ပြန်သတိရလာပြီး
“ ဆရာ နဲ ့မမ တို ့ရယ် ၊ အထင်မလွဲ လိုက်ကြပါနဲ ့ ၊ သမီး က ဆရာ့ ဆီမှာ ရိုးရိုးသားသား ဗေဒင်လာမေးတာပါ ။ နေပူကြီးထဲက လာရလို ့၊ ရှော ့ဖြစ်ပြီး ခဏမူးသွားခဲ့တာပါ ၊ သမီး ဗေဒင်လဲ မမေးချင်တော့ပါဘူး ၊ ပြန်ခွင့်ပြုပါဦးနော် ”
ခလေးမ ပြန်သွားတော့မှ မဒမ်စည်သူ လဲ သူ ့ကြောင့် ဘုထွက်သွားသော ကိုရင်စည်သူ အား ကြင်ကြင်နာနာ ယုယုယယ ဖြင့် ကြပ်ပူ ထိုးပေးလေတော့သတည်း ။
ကြောင်ကြီး
December 11, 2011 at 2:11 pm
ထိုအချိန်တွင် အခွင့်ကောင်းစောင့်နေသော ကြောင်ကြီးမှ ကောင်မလေးအား ရေတခွက် ထပ်မံတိုက်ကာ ရင်ခွင်ထဲ ဆွဲသွင်းလိုက်ပေတော့သတည်း…။ 😎
TTNU
December 10, 2011 at 11:13 pm
ကိုရင်
ဇာတ်တယ် နာပါလား။
ဒါထက် တံခါးပိတ်သွားတဲ့နေရာ
ဇာတ် ကွက် အသိမ်း ဂွပ်ခနဲပဲ။
အော မြတ်သူအဖွဲ့တွေရော အဖမ်းမခံရဘူးလား။
ဆူး
December 11, 2011 at 2:32 pm
သံတခါး က သံတိုင်ကြားထဲမှာ ဆံပင်က အလယ်ခွဲ ကိုမှ ဂျပန်ကုတ်ဝဲ ဆံပင် နဲ့ အကျီက အဖြူနဲ့ မုတ်ဆိတ်ကလည်း ဆာဒူးကြီး မုတ်ဆိတ်မျိုးနဲ့ ဒုတ်တချောင်းကိုင်ထားတာ မျက်စိ မမြင်ဘူးလား မသိဘူး မတ်တပ်လေး ရပ်နေတယ်။
amatmin
December 11, 2011 at 2:58 pm
အိုင်ဆေး ကိုရင်စီ..
ကိုမြတ်သူကြီးက ဘာလို့ချက်ချင်းကြီး အချိုးတွေ ပြောင်းကုန်တာလဲ ဟင်..
ဒီလူကြီး မရိုးသားဘူးဗျ.. နိုင်ငံဂျားမှာ ဘာတွေ သင်လာတယ်မသိ.. 🙂
ဒါနဲ့ဗေဒင် ဆရာမလေးတွေ အကြောင်းလဲ ရေးပါဗျ.ဒါမှမျှတမှာပေါ့…
amatmin
December 12, 2011 at 12:38 pm
ကိုရင် စည်သူရေ..
ကျွန်တော် အန်တီ မမ ရဲ့ ဒီဇင်ဘာ ပို့စ်ထဲ မှာ ကိုရင့် မွေးနေ့ ကို ၁၂ ရက်နေ့လို့များတွေ့မိသလားလို့ဗျာ..
ဟုတ်ခဲ့ရင် မင်္ဂလာရှိသောမွေးနေ့ဖြစ်ပါစေဗျာ..စစ်သည်တော်ကိုရင်ကြီး တိုက်တဲ့ပွဲတိုင်းအောင်ပန်းဆင်နိုင်ပါစေလို့..
ခင်မင်စွာဖြင့်
အမတ်မင်း
ကိုရင်စည်သူ
December 14, 2011 at 12:35 pm
ကိုအမတ်မင်းရေ… ကျနော့်မွေးနေ့ကို ယခုလိုအမှတ်တရနဲ့
ချီးမြင့်ပေးတဲ့အတွက် ကျေးဇူးပါဗျာ…
ခင်တဲ့
ကိုရင်စည်သူ
blackchaw
December 14, 2011 at 12:29 pm
ကိုရင်ရေ။
ဖတ်တာနောက်ကျ၊ ကွန်းမန့်ရေးတာနောက်ကျ၊
အမြဲတမ်းနောက်ကျနေတတ်တာ ခွင့်လွှတ်ပါဗျို့။
ကိုရင်စည်သူ
December 14, 2011 at 12:45 pm
ကိုဘလက်ရေ…
ကျနော်လည်း တစ်ရက်နှစ်ရက် မဝင်ဖြစ်တာ
အဖတ်နောက်ကျနေတယ်… နှစ်လုံးနဲ့ မရတော့ဘူး..
ယခု လေးလုံးနဲ့ အမြန်လိုက်ဖတ်ပြီး လိုက်မန့်နေပါတယ်ဗျာ.. 🙂 🙂
Shwe Ei
December 14, 2011 at 2:22 pm
တံခါးပိတ်ပြီး ဘာဆက်ဖြစ်သွားလဲ လဲမပြောဘူး။ ထင်ချင်သလို ထင်ပစ်လိုက်ရမလား ကစည် ?
ကိုရင်စည်သူ
December 14, 2011 at 2:48 pm
ဒေါ်ရွှေအိရေ… ဇာတ်သိမ်းခန်းကား – – – – –
– ဗေဒင်ဆရာ သွေးထွက်လွန်ပြီး သေဆုံးသွားသည်။
– မာလာဆွေတို့ လင်မယားပြန်ပေါင်းဖက်သွားကြသည်။
– ဗေဒင်ဆရာကို သတ်သော လူမိုက်အုပ်စုအား မြတ်သူ၏ ငွေကြေး အကူအညီဖြင့်
လူသတ်မှုဆိုစေကား မြန်မာနိုင်ငံက ဥပဒေကို လက်တစ်လုံးခြားလုပ်၍
လွတ်မြောက်သွားပါသည်။
အဘက ကျွန်တော်တို့ကို ဒီလိုအတိအကျ ဆုံးမခဲ့ပါတယ်…
((သင်သည် ဗေဒင်ဟောပါ… ဗေဒင်ထဲမှာ သင်မပါပါစေနှင့်))
ဇာတ်ဆောင် ဗေဒင်ဆရာသည် ဗေဒင်ထဲမှာ ကိုယ်တိုင်ဝင်ပါလိုက်သောကြောင့်
သံတံခါးဝမှာတင် သေပွဲဝင်ရရှာလေသည်…။ 🙁 🙁
နီကီတာ
December 14, 2011 at 4:36 pm
ထိုအချိန်တွင် မာလာဆွေတို့ အိမ်တံခါးကြီးသည် လေပြင်းတစ်ချက် ရုတ်တရက် တိုက်ခိုက်လိုက်လေသောကြောင့် ဝုန်း ခနဲမည်ကာ ပိတ်သွားလေတော့သတည်း………..။
>>>
စိတ်ထဲမှာလည်း တစ်မျိုးကြီး ဖြစ်သွားတယ် အဟင့် :'(