သူပုန်ရန်ဘေး ကင်းစေရေး
လောကမှာ သူခိုးတို့၊ ဓါးပြတို့၊ သူပုန်တို့ဆိုရင် လူတိုင်းက ကြောက်ကြရပါတယ်နော်။ ဘာလို့လဲ ဆိုတော့ ကောင်းကျိုးမပေးပဲ ဆိုးကျိုး တွေသာ ပေးလို့ပဲပေါ့။ နှိပ်စက်တတ်၊ ဖျက်စီးတတ်၊ ပူလောင်မှုကိုသာ ပေး တတ်ကြလို့ပါပဲ။ သူတို့ကို အသံကြားတာနဲ့ကိုပဲ သတိအနေအထားနဲ့ နားစွင့်လို့သာ နေရပါတော့တယ်နော်။ ခုလည်း အားလုံးကို အော်ဂျောလန် သူပုန်ရန်သူတစ်ဦးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သူဘယ်သူများဖြစ်မလဲလို့ နည်းနည်းလောက် ခန့်မှန်းကြည့်ပေးပါလား။
ကျနော် အရင်ဆုံး မေးခွန်းလေးတစ်ခု မေးကြည့်မယ်နော်။
ခင်ဗျားမှာ အလိုမကျလို့ ဒေါသထွက်ဖူးသလား ?။
“အလိုကြီးက အရနည်းတတ်၏” ဆိုသလို လိုချင်တာတွေက အများကြီး၊ မျှော်လင့်ထားတာလည်း တပုံကြီး၊ ပြန်ရတော့ကျ နည်းနည်းလေးဖြစ်နေလို့ လောဘကြီးရာကနေ ဒေါသပါကြီးတာမျိုးရော ဖြစ်ဖူးသလား။?
ကျနော်က သူများကို မေးနေတာ။
ကိုယ့်ဘာကိုယ်ပြန်မေးကြည့်မယ်။
သိပ်ဖြစ်ဖူးတာပေါ့။
ဘယ်နှစ်ကြိမ်လောက်လဲလို့ မေးရင် အရေအတွက်က infinity ထက်တောင် များဦးမလား မသိဘူးနော်။
အဲလိုဖြစ်ရင် ဘယ်လိုခံစားရလဲ?လို့ဆက်မေးမယ်။
သိပ်ပူလောင်တာပဲ။ မျက်နှာကြောတွေက တင်းလို့၊ ကြာတော့ ရယ်ပြဖို့တောင် မျက်နှာကမ လိုက်နိုင်တော့ဘူး။ ပြန်ဖြည်လို့ မရအောင် တင်းတောင့် နေတာ လေ။ တစ်ခါတွေ့ဖူးပါတယ်။ တချို့ဆို ဒေါသကြီးလွန်းလို့ လက်တွေတောင် တောင့်ပြီး မနည်း ပြန်ဖြည်ရတာရှိတယ်လေ။ ဪ.. ပင်ပန်းလိုက်ပုံများနော်။
ဒါပေမယ့် အမြဲကြီးဖြစ်နေသလားဆိုတော့ အဲလိုတော့မဟုတ်ပါဘူး။ ပျော်တဲ့ အခါ၊ စိတ်ချမ်းသာရတဲ့အခါတွေလည်း ရှိတယ်။ အဲလို အချိန်မှာကျ ဒီပူလောင်မှု့တွေကို စွန့်ထားရလို့ ပျော်တာလေးဖြစ်တဲ့အချိန် ပူလောင်တာ တွေ မရှိတော့ပါဘူး။
ဒါဆို ဒီပူလောင်တတ်တဲ့တရားဟာ အမြဲရှိတဲ့တရားလား၊ မမြဲတဲ့ တရားလား ပြန်စစ်ပေါ့။ အဲဒီတော့ အဖြေရပြီ။ မမြဲတဲ့တရားမို့ ရှိချင်ရှိလိုက် မရှိတဲ့အခါ မရှိလိုက်ဖြစ်နေတာပေါ့။ ဒါဆို သူတို့သည် ဧည့်သည်လိုဖြစ် သွားပြီနော်။ အမြဲရှိမနေနိုင်လို့လေ။ တို့ ခန္ဓာမှာ မကြာမကြာ လာတတ်တဲ့ ဧည့်သည်ပဲပေါ့နော်။
ဒါဆို သူက အိမ်ရှင် မဟုတ်လို့ သူမလာအောင် မောင်းထုတ်လို့ ရမှာပေါ့နော်။ ဒါဆို မောင်းထုတ်တဲ့နည်းလေးတော့ သင်ထားဦးမှပဲ။ သူလာ တိုင်း ဒုက္ခရောက်ရပြီမို့လေ။ ဒီပူလောင်မှု့တွေ လာမယ့် အရိပ်အယောင် မြင်ရင်ကို ဦးအောင် တံခါးသော့ ခတ်ထားမှပါပဲ။ ဘာလို့လဲဆိုတော့ ဒီဧည့်သည်က ဝင်လာရင် ကိုယ်လည်းပူသလို၊ ကိုယ်နဲ့နီးစပ်သမျှကို အပူရှိန် တွေ ဟပ်စေလို့ပဲ။ ဒါကြောင့် စကားပြောရင်းနဲ့ဆန့်ကျင် ဘက်တွေ ဖြစ်လာရင် အတတ်နိုင်ဆုံး လမ်းကြောင်း ပြောင်းလိုက်ရတယ်။ တော်နေ ဒီဒေါသ ပူလောင်မှု့တွေ ဝင်လာမှာမို့လေ။ တစ်ခါတစ်လေကျလည်း သူများတွေ အော်ဟစ်ပူလောင်နေတာကို မြင်တာနဲ့ ဝေးဝေးကို ရှောင်ထွက် သွားရ တယ်။ သူက ကူးစက်တတ်တယ်လေ။ ဒီလိုနဲ့ပဲ ဒီဧည့်သည်ကြီး မဝင်နိုင်အောင် နည်းမျိုးစုံနဲ့ရှောင်နေရတာပေါ့။ ဒါက အပြင်က ကူးစက်မှာကို အထင်ကရသိပြီ ရှောင်နိုင်တာနော်။
အဲ ကိုယ့်အတွင်းစိတ်ထဲက ဖြစ်လာတဲ့ ဒေါသ အပူကျတော့ နောက်ဖေးပေါက်က လျှိုဝင်လာသလို မသိသာမမြင်သာလို့ သတိမထားရင် မထားသလို အလစ်ချောင်း ဝင်လာတာမျိုးတွေကျ ခံရပြီလေ။ တခါးပိတ်ချိန် မရလိုက်ဘူး။ စိတ်မှာ တစ်ခါတစ်လေ အတိတ်က ဘာမဟုတ်တဲ့ ကိစ္စလေး တွေ၊ ပြီးပြီးသားကိစ္စတွေကို ဖျပ်ကနဲသတိရမိပြီး ဒိုင်းဆို မျက်နှာက ပြောင်း သွားပြီ။ ဒေါသက ဝင်သွားမိပြီ။ တားချိန်မရလိုက်ဘူးလေ။
လူတစ်ယောက်ကို တွေ့ပြီး ရယ်ပြမလိုလုပ်ပြီးမှ ချက်ချင်း မျက်နှာကြီး တည်သွားတာနော်။ ဪ.. ဒါသည်ပင် ဒီဒေါသလေးဝင်မှန်းမသိ ဝင်ပူးခံရလို့ ရုပ်ကြီးက အမူအယာတွေပျက်သွားတယ်၊ ပြောင်းသွားတယ်။ ဒါတွေကျ ဘယ်လိုcontrol လုပ်ရပါ့မလဲ။
လုပ်ချိန်မရခင်ကို အရင်ဖြစ်နေပြီနော်။ စိတ်ထဲမှာတင်းလို့ မျက်နှာ ကလည်း တင်းလို့ အမူအယာတွေပျက်လို့ ဒါ ဒေါသအပူ ဧည့်သည်ကြီး ဒီစိတ်မှာဝင်နေရာယူ အုပ်စိုးခံနေရတာနော်။ အင်း သူ့ကို ကျတော့ ဘာနဲ့ တားရပါ့မလဲ? ၊ အပြင်က လာတဲ့ဧည့်သည်ကျတော့ ကြိုမြင်ရလို့ သတိနဲ့ ရှောင်လိုက်နိုင်ပေမယ့် အတွင်း အတွေးကဖြစ်လာတဲ့ ဧည့်သည်ကြီးကျတော့ အိမ်ဦးခန်း ဝင်ထိုင်နေတာတောင် နောက်မှ သိရ တယ်။ မောင်းမယ်လုပ်တော့ ထိုင်ပြီးနေပြီ။
ကဲ ဒါဆို ကျနော်တို့က ဒီအတွင်းရန်သူကြီးကို ပိုပြီးကြောက်သင့်တာ ပေါ့နော်။ သူ့ကို ဘယ်လို ကာကွယ်ရမလဲဆိုတော့ သတိအစောင့်လေးတွေ အထပ်ထပ်ချထားမှ သူဝင်လာရင် အချက်ပြနိုင်မှာပေါ့။ သူကတော့ ဒီစိတ်ကလေးနဲ့ တွေ့တွေ့သမျှ အာရုံမှာ ကြားခိုပြီး လိုက်လာမှာပဲ။ သူ ပါလာ မလာဆိုတာ ဒီစိတ်လေးဖြစ်တိုင်း သတိနဲ့ စစ်ဆေးနေဖို့ပဲပေါ့။ ဒါသည်ပင် စိတ္တာနုပဿနာပါပဲ။ ကိုယ့်စိတ်လေးထဲမှာ အာရုံတစ်ခု လာတိုက်တယ်။
အာရုံနဲ့ ဒွါရနဲ့တိုက်တာနဲ့ မြင်သိစိတ်၊ ကြားသိစိတ်၊ နံသိစိတ်၊…စတဲ့ သက်ဆိုင်ရာ စိတ်ကလေးတွေ တစ်လုံးပြီးတစ်လုံး ပေါက်ဖွားလာကြတယ်။ ဒီအာရုံပေါ်မှီပြီး ဒီစိတ်ကလေးမှာပဲ ဒေါသ၊ လောဘစတဲ့ အကုသိုလ် စေတသိတ်တွေ ဖြစ်ကြတယ်။ ဒါကို မသိလိုက်ဘူး။ လောင်ချင်တိုင်းလောင် လို့အားရမှသိပြီ။ တော်တော်လောင် သွားပြီးပြီလေ။
အင်း ဒါဆိုရင် အမြဲ ကိုယ့်စိတ်ကလေးကို သတိထားပြီး ဒေါသဖြစ်တယ်၊ မဖြစ်ဘူး သတိထားကြည့်နေနိုင်မှပဲ ဒီဧည့်သည်တွေ အလာ နည်းသွားမှာပေါ့။ မဟုတ်ရင် သူတို့က အလုံးအရင်းနဲ့ဝင်ပြီး စိတ်ကို သိမ်းပိုက် ထားတော့သူတို့ခိုင်းရာလုပ်ရတဲ့ဘဝရောက်သွားတာပေါ့။
သူတို့က ဘာခိုင်းလဲ၊ ဒေါသအုပ်ချုပ်ထားတော့ နှုတ်တွေကြမ်း၊ အာတွေကြမ်း လို့ ရုပ်ကလည်း ကြမ်းကြမ်း လာမယ်။ အမူအယာတွေကလည်း ကြမ်းကြမ်း လာမယ်။ အင်း.. ကျူးလွန်လိုက်မယ့် ကာယကံ၊ ဝစီကံ၊ မနောကံတွေ ကလည်း တသီတတန်းကြီးပါပဲလားနော်။ ရင်လေးလိုက်တာ။ ကြောက်စရာကောင်းလိုက်တာ။
ဒါကြောင့် ကျနော်ကတော့ သူ့ကို နာမည်ပေးထားပါတယ်။
“ဒေါသူပုန်” လို့လေ။ သူပုန်ဆိုမှတော့ ဝင်လာတာနဲ့ ဖျက်ဆီးပစ်မယ်။ မီးရှို့ ပစ်မယ်၊ တစ်ခုမှ ကောင်းတာ မရှိဘူး။ တောက်လျှောက် ဒုက္ခပေး မွှေနှောက် တော့မယ်။အဲဒီသူပုန်လက်ချက်နဲ့ပဲ စိတ်မှာ အနာတရတွေဖြစ်ပြီး ရုပ်ကြီးက လည်း နလန်မထူနိုင်လောက်အောင်ကို သောကပရချာနဲ့ ဒုက္ခတွေပဲ ရလိုက် တယ်နော်။
အင်း….ဒါဆို အကာအကွယ်ကောင်းကောင်းလေးနဲ့ ခံတပ်မာမာ လေး လုပ်ထားမှ ဒီသူပုန်တွေ မဝင်ရဲမှာဆိုတော့ အင်း.. ဆောက်ဦးမှပါပဲလေ ဆိုတော့ ဘယ်လို စဆောက်ရမလဲ။ ဒီစိတ်ကလေးကိုပဲ ဒေါသဖြစ်၊ မဖြစ် တရစပ်သိအောင် သတိလေးနဲ့ကပ်ပြီး ကြည့်ပေးရုံပါပဲ။ ကိုယ့်စိတ်ကလေးမှာ ဒေါသဖြစ်တဲ့အခါ “ဒေါသဖြစ်တယ်။ ဒေါသဖြစ်တယ်”လို့ လိုက်သိပေးနေပါ။ မှတ်ပေးနေပါ။ အဲလို မှတ်ပေးနေခြင်း သည်ပင် လျှင် ဒေါသကို ပယ်နေခြင်းပါပဲ။
တစ်ခါဒေါသမဖြစ်တဲ့အခါလည်း “ဒေါသမဖြစ်ဘူး။ ဒေါသမဖြစ်ဘူး” လို့ ဖြစ်ရင် ဖြစ်တယ်လို့မှတ်။ မဖြစ်ရင် မဖြစ်ဘူးလို့ မှတ်နေပေးရမယ်။ အဲဒီလို မှတ်ပေးနေရင်းနဲ့ကိုပဲ အလစ်မှာ ဘယ်အချိန်က ဝင်သွားမှန်း မသိပဲ ဒေါသက ဖြစ်ပြနေပြီ။ ဒါဆို ဟာ ငါ “ဒေါသဖြစ်နေပြီ”ပဲလို့ သိလိုက်ရမယ်။ ဒါမှ သူခိုးဟာ အိမ်ရှင်နိုးမှန်းသိမှ ပြေးသလိုပဲ ဒီသူပုန်ကလည်း သူ့ဝင်လာတာနဲ့ သိပြီဟေ့၊
“ဒေါသဖြစ်နေပါလား”ဆိုရင် သူကပြေးပြီပေါ့။ ဒါဆို စိတ်မှာ ဒေါသလေး ကင်းနေရော။
အဲလိုကင်းနေချိန်မှာလည်း “ဒေါသမဖြစ်ဘူး၊ မဖြစ်ဘူး”လို့ မှတ်နေ သိနေပေးပါ။ အစောင့်ရှိတဲ့ခြံဟာ သူခိုး အလွယ်တကူဝင်လို့မရသလို၊ သတိရှိ နေတဲ့စိတ်ကလေးဟာ အကုသိုလ် အလွယ်တကူဖြစ်ခွင့်မရှိတာမို့ အထူးပဲ သတိလေးနဲ့ စိတ်ကလေးကို စောင့်ရှောက်နိုင်ပါစေလို့ ဆုတောင်းရင်း ဒီနေ့တာ့ သူပုန်ရန်သူကြီး အကြောင်းလေး ဖောက်သည်ချလိုက်ရပါတော့သည်။
8 comments
TTNU
December 11, 2011 at 9:19 pm
ကန်တော်မင်းကျောင်းဆရာတော်ရဲ ့ လောကသာရပျို ့ ပုဒ်ရင်း(၁၁)မှာ
(လောဘ ဒေါသမောဟသူပျက်၊နေ့တိုင်းဖျက်၍၊ အမျက်သည်းလွန်၊
တဖျင်သန်လျက်၊ ပြေးဝှန်ဖျင်ဖျင်၊ အာရုံမြင်က၊ ခင်ခင်မွတ်မွတ်၊လိုက်လံတတ်သား၊
ထူးပွတ်မဆိုင်း၊ စိတ်ဆင်ရိုင်းကို၊ ထုံးပိုင်းမချာ၊ယှဉ်စိမ့်ငှာလျှင်၊ ပညာထိန်း၍၊ မိန်းစေမင်း။)
ဆိုပြီး ဒေါသကို ဆင်ရိုင်းနှင့် နှိုင်းပြခဲ့တာနော်။
whowho
December 12, 2011 at 9:58 am
ဟုတ်ကဲ့။ ကျနော့စိတ်ထဲ သူမွှေတိုင်း ပင်ပန်းရလွန်းလို့ သူပုန်နဲ့တင်စားလိုက်ရပါတယ်။
ကြောင်ကြီး
December 12, 2011 at 12:26 pm
ကမာ္ဘကြီးမျာ စွမ်းအင်အလို့ငှာ စစ်ပွဲတွေခင်းရတယ်၊ ပဋိပက္ခတွေဖြစ်ရတယ်၊ သဘာဝပတ်ဝန်းကျင် ပျက်ဆီးဆုံးရှုံးရတယ်။ စွမ်းအင်ဖြစ်မြောက်ဖို့ အပူဓာတ်လိုတယ်။ လူသားတွေရဲ့ လောဘ၊ ဒေါသ အပူမီးတွေကို စွမ်းအင်ထုတ်နိုင်ကြမယ်ဆိုရင် လိုအပ်နေတဲ့ စွမ်းအင်အလုံအလောက်ရပါမယ်။ ~~~~~~~~~~~~
သဂျီးအားကိုးတဲ့ လောကဓာတ်ပညာနဲ့ဆို ဖြစ်မလား မသိဘူး။ မသေဆေးတော့ တွေ့တော့မယ်ပြောတယ်။ ဒေါသသေတဲ့ဆေး ထွင်နိုင်ရင်လည်း ပြောပါအုံး သဂျီးရေ…. လောဘဆေးတော့ တွေ့လည်း ပြောမယ်မထင်ဘူး၊ မပြောဆို သူကလောဘ အလွန်ကြီးသကိုး….. 😆
whowho
December 12, 2011 at 5:31 pm
ကိုကြောင်ကြီးပြောမှတွေးမိပါတယ် စွမ်းအင်အကြောင်းလေး။ တကယ်လည်း အဲဒီကိလေသာအပူမီးတွေက စွမ်းအင်တွေဖြစ်နေတာပါပဲ။ အဲဒီစွမ်းအင်တွေကြောင့် အခိုးတွေတောင် ထွက်ပြနေလိုက်တာ။ အင်း…တကယ်တော့ နေ့စဉ်လောင်မြိုက်နေတဲ့ လောင်စာတုံးကြီးနဲ့ မခြားပါလားလို့ မြင်လာရပါပြီ။ လောင် ရာမှ ကျွမ်း၊ ကျွမ်းရာမှ ….ဟူး..နောက်မှဆက်တော့မယ်။
small cat
December 13, 2011 at 5:22 am
အဲဒီထွက်နေတဲ့ စွမ်းအင်တွေက လူကိုကောင်းကျိုးပြုအောင်ဘယ်လိုအသုံးချရပါ့။
whowho
December 13, 2011 at 9:49 am
ထွက်လာတဲ့စွမ်းအင်က ကိလေသာဓါတ်ခံကနေဆိုတော့ ဆိုးကျိုးပဲပေးမှာပဲ။ ကောင်းကျိုးပေးစေ ချင်ရင်တော့ ဉာဏ်စွမ်းအင်တွေထွက်ဖို့ ကြိုးစားရပါလိမ့်မယ်။ ဉာဏ်စွမ်းအင်ကထုတ်ပေးမယ့် ကြည်လင်မှုအရောင်တွေက ကိုယ်တင်မက ကိုယ်နဲ့ဆက်စပ်ရာတွေကိုပါ အေးစေမှာတော့ အသေချာပဲလို့ ယုံကြည်ထားတယ်။
aye.kk
December 13, 2011 at 8:32 am
မီး(၁၁)ပါးမှာပါတဲ့ဒေါမနဿမီးက..
စိတ်နှလုံးပူလောင်ရခြင်းဖြစ်ကြသရလို..ဒေါသမီး၊မောဟမီး၊ရာဂမီးတို့ကို
ရှောင်ရှားကြဘို ့လိုအပ်ပါတယ်လို ့ပြောပြလိုက်ပါရစေ..
သူပုန်ရန်ဘေး ကင်းစေရေးအတွက်..
မီးလွတ်အောင်စား ၊ မီးလွတ်အောင်ဝတ် ၊ နေရင်လဲမီးလွတ်အောင်နေကြရင်တော့..
အကောင်းဆုံးပါဘဲဗျာ..။
aye.kk
December 13, 2011 at 8:38 am
သနှင့်ရရှေ့နောက်ထားတာမှားသွားလို့ ပြင်ဖတ်ပေးပါဦး..။