“ငယ်ငယ်တုန်းက ခေါင်းလောင်းသံ( အပိုုင်းတစ်)”

“ငယ်ငယ်တုန်း ခေါင်းလောင်းသံ”(အပိုင်းတစ်)

 

(ဦးတင်ဦး နှင့်စိန်ပီတာ)

 

(10-12-2011)  မနက်ပိုင်းမှာရွှေကျီးမြင်ဘုရားကိုရောက်တော့

အရှေ့ဘက်စောင်းတန်းနံရံမှာချိတ်ထားတဲ့  ဗုဒ္ဓဝင်ပန်းချီကားတွေကို လျှောက်ကြည့်ရင်းကနေပြီး စောင်းတန်းအထွက်ပေါက်ထိရောက်သွားပါတယ်။

စောင်းတန်းအထွက်ပေါက်ရောက်လို့ အရှေ့ဘက်လှမ်းအကြည့်မှာ ငယ်ငယ်က

ကျောင်းအပျော်တက်ခဲ့တဲ့” ဦးတင်ဦးကျောင်း”ကိုမြင်လိုက်တော့

ကျောင်းသားဘဝလေးကို ပြန်အမှတ်ရ လိုက်ပါတယ်။

နေ့လည်ဘက် 22စီလမ်းဘက်ကိုအသွား 86လမ်းပေါ်ကနေလာမိတော့ငယ်ငယ်က နေခဲ့တဲ့

စိန်ပီတာ(ခ) အမှတ်ကိုးအ.ထ.က ရှေ့ကနေဖြတ်အလာမှာ ကျောင်းဝင်းကြီးက တံခါးဖွင့်ထားတာတွေ့လိုက်ရပါတယ်။

မနက်က သတိရတဲ့ အရှိန်မသေတော့ ကျောင်းဝင်းထဲကို အလိုလိုဝင်မိသွားပါတယ်။

ကျနော်တို့ငယ်ငယ် က အရှေ့ဘက်အပေါက်က သစ်သားတံခါး။

အခုတော့သံပန်းတံခါး။

 

ဝင်ဝင်ခြင်းမုန့်ဆို်င်တန်းတွေရှိတယ်

ဆိုင်တွေပေါ်မှာ အမိုးလေးလုပ်ပေးထားတယ်။

ခေါင်မိုးလဲမရှိတော့ ဘူး။

မုန့်ဆိုင်တွေလဲ မရှိတော့ ဘူး။

ရှေ့တည့်တည့်မှာ ကျနော်တို့ ဆော့ခဲ့တဲ့ဘော့လုံးကွင်း။

ကျနော်တို့ အမောဖြေရင်းနားခဲ့တဲ့ ကုက္ကိုပင်ကြီး အသက်ကြီးသွားပေမယ့်မတ်မတ်ရပ်နိုင်နေဆဲ.။

မြောက်ဘက်ကို ကြည့်လိုက်မှ မျက်စေ့လည်သွားပါတယ်။

ကျနော် ခြောက်တန်း ရှစ်တန်း ကိုးတန်း ဆယ်တန်း နေခဲ့တဲ့စာသင်ဆောင်ကြီးကို              မတွေရတော့လို့ပါ။

အရင်ကကျနော်တို့ဆော့ခဲ့တဲ့ဂို်းတိုင်နောက်မှာ ဝင်းထရံတွေကာ အပင်တွေစိုက်ထား သူနောက်မှာမှ ကျနော်တို့နေခဲ့တဲ့အဆောင်။

နောက် ဆရာမများနားနေခန်းနဲ့သုံးထပ်ဆောင်ကြီးလဲပျောက်။

သူ့ရှေ့နေရာမှာ ကျောင်းဆောင်အသစ်တစ်ခု။

 

ဟိုးတောင်ဘက်ဘောလုံးကွင်းအဆုံးမှာတော့ သူငယ်တန်းဆောင်က ရှိပါသေးတယ်။

အရင်က ဘောလုံးကွင်း မြောက်ဘက်ဂိုးတိုင်နောက်မှာစာသင်ဆောင်။

ဘောလုံးကွင်း အရှေ့ဘက်မှာ ခေါင်းလောင်းစင်နဲ့ဆရာမများနားနေဆောင်။

ဆရာမတစ်ယောက်ထွက်လာတာတွေ့လို့မေးလိုက်တော့မှ ကျနော်နေခဲ့တဲ့ကျောင်းမြောက်ဘက်ပိုင်း

က ပညာရေး ဌာနကို ပိုင်းပြီးပေးလိုက်ရတယ်ဆိုတာသိရပါတယ်။

ဒါနဲ့ဘဲ ဂိုးတိုင်ဘေး ဝင်းထရံကာထားတဲ့နားမှာ မလွယ်ပေါက်တွေ့လို့ဝင်လိုက်မှ

သစ်ပင်တွေကြားမှာ ကျနော်နေခဲ့တဲ့စာသင်ဆောင်ကို တွေ့ရပါတယ်။

ဓါတ်ပုံရိုက်မယ်လုပ်တော့ လူတစ်ယောက်ထွက်လာပြီး တာဝန်မှူးဆီခွင့်တောင်းပါတဲ့။

တာဝန်မှူးနဲ့တွေ့တော့ နောက်ထပ်လူတစ်ယောက်ဆီဖုန်းခေါ်ပြီးပေးပါတယ်။

ခွင့်တောင်းတာ မရပါဘူး။

သူ့အထက်ကလူနဲ့ပြောပါတဲ့။

ဒါပေမယ့်အခုတော့ ရုံးပိတ်ရက်မို့ မရှိပါတဲ့။

ဒါနဲ့ မရိုက်ဘဲပြန်လာ။

ဝင်းထရံအပြင်ဖက်ရောက်တော့ စိတ်ထဲကမနေနိုင်တော့ ဝိနည်းလွတ်ဝင်းထရံအပြင်ဘက်ကဘဲရိုက်လိုက်ပါတယ်.။

နောက်တော့ ငယ်ငယ်ကအမောဖြေခဲ့တဲ့ သစ်ပင်ကြီးအောက်ဝင်ထိုင်လိုက်တော့

ဟိုးငယ်ငယ်က အပူအပင်ကင်းတဲ့ ပျော်စရာကောင်းတဲ့ကျောင်းသားဘဝလေးက

ရင်ထဲကို အလိုလိုရောက်လာ။

သူငယ်ချင်းတွေနဲ့အော်ဟစ်ကစားခဲ့ကြတဲ့အသံတွေကို

ကျောင်းဆင်းကျောင်းတက် ခေါင်းလောင်းထိုးတဲ့အသံတွေကို နားထဲမှာပြန်ကြားလာရသလိုပါဘဲ။

&&&&&&&&    &&&&& &&&&&&&&    &&&&& &&&&&&&&    &&&&&

 

 

 

6 ကျနော်သူငယ်တန်းတုန်းကနေခဲ့တဲ့အဆောင်
7 ငယ်ငယ်က ကျနော်တို့ကစားခဲ့တဲ့ နာမယ်ကျော်စိန်ပိတာ ဘောလုံးကွင်း
8 ဒါကတော့ သူငယ်တန်းအဆောင်ဘက်ကမြင်ရတဲ့ဘောလုံးကွင်း
9 ငယ်ငယ်က နားခဲ့တဲ့ဘောလုံးကွင်းနား က ကုက္ကိုပင်ကြီး
10 ခြုံနွယ်တွေကြားက ကျနော်နေခဲ့တဲ့စာသင်ဆောင်
11 ကျနော်နေခဲ့တဲ့ အခန်းနဲ့တည့်တည့် ပုံ သစ်ပင်တွေဖုံးနေပါတယ်။
12 သစ်ပင်တွေကြားကလှမ်းမြင်ရတဲ့ အရှေ့ဘက်ကကျောင်းဆောင် မသဲမကွဲ

 

ကျနော်အဖိုးတွေ အဖွားတွေ ဦးလေးတွေက ကျောင်းဆရာတွေပါ။

ကျနော့်အဖိုးက အရင်ပြည်သူပိုင်မသိမ်းခင်က စိန်ပီတာမှာစာသင်ပါတယ်။

အဖွားလေးလဲစိန်ပီတာမှာဘဲ။

ပြည်သူပိုင်တွေသိမ်းတော့ နှစ်ယောက်လုံးအလုပ်ထွက်လို်က်ကြပါတယ်။

အဖိုးကတော့ သူမိတ်ဆွေတွေနဲ့ပူးပေါင်းပြီး 41လမ်း ကဘုန်းကြီးကျောင်းထဲမှာ

“ ဇဝနသိပ္ပံ အလွတ်ပညာသင်ကျောင်း“ထောင်ကြပါတယ်။

ဒါပေမယ့် အဖိုးက ကျန်းမာရေးမကောင်တော့ နောက်ပိုင်းပြီး အိမ်မှာတင်စာပြပါတယ်။

အဲတော့ အတန်းထဲမှာစာညံ့တဲ့ကလေးတွေ ကျောင်းမှာစာမလို်က်နိုင်တ

ဲ့ ကျောင်းသားတွေကို အဖိုးဆီလာကျူရှင်ထားကြပါတယ်။

နောက်ဆယ်တန်းအလွတ်ဖြေမယ့်ကျောင်းသားတွေလဲအိမ်မှာစာလာသင်တယ်။

အဲ့တော့ ကျနော့်ကလေးဘဝက စာသင်သံတွေနဲ့ဘဲကြီးပြင်းခဲ့ရတယ်လို့ဆိုနို်င်ပါတယ်။

ကျနော်သုံးနှစ်သားလောက်ကတည်းက ကကြီးခခွေးအေဘီစီဒီအော်တတ်ပြလို့ဆိုပါတယ်။

ဒါကလဲလူကြီးတွေပြန်လို့သိတာဆိုတော့ မှန်မမှန်ဟုတ်မဟုတ်တော့ ကျနော်လဲမသိပါဘူး။

ကျနော်လေးနှစ်သားလောက်အရောက်မှာ

(23-24)လမ်းကြား၊ရွှေကျီးမြင်ဘုရားအရှေ့ဘက်

(81-82)လမ်းကြား ၊အမှတ်လေး အ.ထ.ကရဲ့မြောက်ဘက်မှာရှိတဲ့ ဆရာကြီးဦးတင်ဦးရဲ့ကျောင်းမှာ ကျောင်းအပျော်လိုက်ရပါတယ်။

ကျနော်တို့ခေတ်က မူကြိုမရှိသေးတာရယ်၊

အိ်မ်ကအဖိုးကကျောင်းဆရာတစ်ဦးဖြစ်တာ

ရယ်ကြောင့်ကျနော်ကျောင်းအပျော်လိုက်တာကို လက်ခံပေးတယ်ထင်ပါတယ်။

အဲဒီကျောင်းအပျော်လိုက်တုံးကဘဝလေးမှာဘယ်လိုစာသင်ခဲ့ရတယ်ဆိုတာ

သိပ်မမှတ်မိတာတော့အမှန်ပါဘဲ။

ကျနော်တို့အဲဒီတုန်းကတက်ရတဲ့အဆောင်ကအခုတော့ မရှိတော့ပါဘူး၊

ကွက်လပ်ကြီးဖြစ်နေပါပြီ။

ကျောင်းဝင်းကြီးရဲ့အနောက်မြောက်ဒေါင့်မှာရှိတဲ့ကပ်တဲ့ကြီးပါ။

မှတ်မိနေတာလေးကတော့ တစ်ပါတ်တစ်ခါ နို့မူန့်တိုက်တာရယ်

ငါးကြီးဆီအလုံးလေးတွေကို တိုက်တာရယ်ဘဲမှတ်မိပါတယ်။

ငယ်တုံးကတော့ငါးကြီးဆီအလုံးလေးတွေကို ခုန်ပေါ်ပေါက်လိုက်ရင်

ဘော့လုံးလေးလို ခုန်တက်လာတာကို သဘောကျလို့ မသောက်ဘဲဆော့ကြပါတယ်။

တစ်ခါတစ်လေတော့ ပြူတင်းပေါက်က ချက်ချဘို့ဖောက်ထားတဲ့

တွင်းလေးထဲကိုထဲ့ပြီး ခဲတံနဲ့ထိုးဖောက်ပြီးဆော့ပါတယ်။

ငါးကြီးဆီကို မသောက်ချင်ပါဘူးနံလို့ပါ။

အဲဒီကျောင်းမှာကြက်ချေးတန်းကျောင်းသားဘဝနဲ့

တစ်နှစ်အပျော်လို်က်ပြီး ကျနော်တကယ်ကျောင်းတက်တော့

ဦးလေးတွေရှိတဲ့ “စိန်ပီတာ ခရစ်ယာန်သာသနာပြုကျောင်း”ကိုပြောင်းရပါတယ်။

 

စိန်ပီတာကျောင်းမှာ အဖိုးအဖွားတွေဦးလေးတွေကဆရာမ၊

နောက်ဦးလေးအငယ်ကလဲ ကျောင်းတက်နေတုံးဆိုတော့ ကျောင်းဝင်ရတာ

အခက်အခဲမရှိပါ။

ဘရာသားကြီးရှေ့မှာ ဘယ်ဘက်လက်ကို ခေါင်းပေါ်ကျော် နားရွက်ထိပြရတာပါဘဲ။

အစကတော့ ဘာလို့အဲလိုလုပ်တယ်ဆိုတာ သဘောမပေါက်ခဲ့ပါဘူး။

နောက်မှသိရတာက အဲလိုထိတယ်ဆိုမှသာ အီးအီးပါရင်ကိုယ့်ဖာသာကိုယ်

သန့်ရှင်းရေးလုပ်ဘို့ လက်က အလှမ်းမှီတယ်လို့ သိရပါတယ်။

 

စိန်ပီတာကိုရောက်သွားတော့ လူကတစ်သွေးတစ်မွေးဖြစ်သွားသလိုပါဘဲ။

ကျောင်းစတက်မယ်ဆိုတော့ ဗမာနာမယ်ကနေ ဘိုနာမယ်ပြောင်းရတာက ပထမဦးဆုံးအလုပ်ပါ။

(ဒါကြောင့်သူငယ်ချင်းတော်တော်များများကို ဘိုနာမယ်တွေမှတ်မိနေတာပါ)

ကျောင်းအမှတ်တံဆိပ်သော့ကလေးနှစ်ချောင်းကန့်လတ်ဖြတ်ထားတဲ့ပုံပါတဲ့

ကျောင်းယူနီဖောင်း အကျီကိုဝတ်ရတယ်။

အကျီလက်ဆိုဆိုဘောင်းဘီတို။

လက်ရှည်ဆိုဘောင်းဘီရည်။

ဆောင်းတွင်းဆိုရင်ကျောင်းတံဆိပ်ကပ်ထားတဲ့ ကုတ်အကျီအစိမ်း။

လည်ပင်းမှာမောစ်ပြောတဲ့  ကြောင်လျှာသီးချိတ်ထားရတယ်။

အတန်းထဲမှာ ဘိုလိုဘဲပြောရတယ်။

ဗမာလုိုယောင်ပြီးပြောမိရင် ဖိုင်းတပ်တယ်.။

မနက်မိုးလင်းလို့ ကျောင်းက ခေါင်းလောင်းမထိုးမချင်းဆော့တယ်။

ကျောင်းတက်ပြီဆိုရင် ဂါဝန်ဝတ်ထဲတဲ့တီချာကြီးကမုန့်ရောင်းတယ်။

အေဘီစီဒီတွေအော်ရတယ်။

မုန့်စားကျောင်းဆင်းရင် အတန်းကြီးမှာတက်နေတဲ့ကျနော်ဦးလေးအငယ်က မုန့်လာကြွေးတယ်။

ထမင်းစားချိန်ရောက်တာ့ ဦးလေးနဲ့ သစ်ပင်ရိပ်အောက်မှာထမင်းစားတယ်။

ကျောင်းဝင်းထဲမှာအမြဲစင်္ကြန်လျှောက်နေတဲ့ ဘရာသာတွေကိုကြောက်ရတယ်။

ကျနော်တို့ကတစ်ခါတစ်လေ တီချားကြီးဆီလက်ညှိုးထောင်ပြီး အိမ်သာနားသွားဆော့ရင်ဆော့ နေတတ်တာ။

ဘရာသာတွေတွေ့ရင် အတန်းထဲကိုဆွဲခေါ်ပြီးပို့ခဲ့တယ်။

ကျနော်တို့ သူငယ်တန်းနားလေးမှာ ရေကူးကန်ရှိပါတယ်။

ကျနော်တို့ကလေးတွေဝင်ဆော့လို့မရအောင်သစ်သားနဲ့အလုံကာထားပါတယ်။

မန်းလေးမှာ ရေကူးကန်ရှိတဲ့ကျောင်းကတော့ စိန်ပီတာဘဲရှိမယ်ထင်ပါတယ်။

ကျနော့်ငယ်ငယ်ကမူလတန်းကျောင်းသားဘဝ မှာဘယ်အချိန်မှာစာကျက်ခဲ့

တယ်ဆိုတာ ပြန်စဉ်းစားလို့ကိုမရပါဘူး။

မှတ်မိသလောက်ကျောင်းတက်ရင်တီချာကြီးသင်တာလိုက်အော်။

ကျောင်းဆင်းရင်ဆော့ နေ့လည်တစ်ရေးအိပ်။

အိမ်ရောက်ရင်တော့ ကျောင်းကပေးလိုက်တဲ့ လက်ရေးလှတို့အိမ်စာတို့လုပ်ရတယ်ဆိုတာတော့ ဝေတားဝါးတား မှတ်မိ။

သေချာတာတစ်ခုကတော့ ခုခေတ်ကလေးတွေလို စာအုပ်အများကြီးမသယ်ရတာရယ် ကျူရှင်မတက်ရတာပါဘဲ။

ကျနော်တို့ငယ်ငယ်က သူငယ်တန်းကနေ ပထမတန်းတန်းမရောက်ပါဘူး။

သူငယ်တန်းကြီး သူငယ်တန်းလေးပြီးမှ ပထမတန်းကိုတက်ရတာပါ။

နောက်အဲဒီခေတ်မှာ ကောင်းတဲ့တစ်ချက်က တကယ်စာတော်တယ်

စာတတ်တယ်ဆိုရင် အတန်းကျော်တက်ပေးတာပါ။

ဥပမာ သူငယ်တန်းလေးမှာ စာထူးထူးခြားခြားတော်နေရင်

နှစ်ဝက်လောက်နဲ့ သူငယ်တန်းကြီးတက်ပေးတာမျုိုး။

သူငယ်တန်းလေးကနေ ပထမတန်းကိုတန်းတက်ပေးတာမျိုးပေါ့။

အခုခေတ်တော့ ဒီစံနစ်မရှိတော့ပါဘူး။

ကျနော်သူငယ်တန်းကတည်းကအတူတက်ခဲ့တဲ့သူငယ်ချင်းထဲမှာ

ကျနော်မှတ်မိနေသူတစ်ယောက်ကတော့ ကျနော်တို့ကျောင်းအနောက်ဘက်က

သံဝင်းရပ်ထဲမှာနေတဲ့ “မာဗင်အေးကျော်”ပါဘဲ။

သူကတော့ အခုခရစ်ယာန်သာသာနာပြု ရဟန်းတစ်ပါးဖြစ်နေတယ်လို့သိရပါတယ်။

ဖြစ်ချင်တော့ ကျနော်ပထမတန်းရောက်တဲ့နှစ်မှာ ကျနော်တို့

သာသာနာပြုကျောင်းတွေကို ပြည်သူပိုင်သိမ်းပါတယ်။

အဲတော့ ကျနော်တို့ စိန်ပီတာ ကျောင်းကနေ

အမှတ်ကိုး အ.ထ.က အဖြစ်ပြောင်းသွားပါတယ်။

အဲဒီပြည်သူပိုင်သိမ်းတဲ့အချိန်မှာ ကျနော်အဖိုးတို့ အဖွားတို့ကဆက်မလုပ်တော့ဘဲ

အပြင်မှာ အလွတ်ပညာသင်ကျောင်းတွေထောင်ကြပါတော့တယ်။

အဲဒီနှစ်မှာ ကျနော်အဖေတို့က မြစ်ငယ်ကို ပြောင်းပြီးနေပါတယ်။

ကျနော်ကိုလဲအဖေက နှစ်တစ်ဝက်နဲ့ကျောင်းနုတ်ပြီး သူတို့နဲ့အတူမြစ်ငယ်ကို

ခေါ်သွားပါတယ်။

မြစ်ငယ်ရောက်တော့ နှစ်တစ်ဝက်နဲ့ကျောင်းထွက်လာလို့ဆိုပြီး လက်မခံတော့

ကျနော်ကျောင်းမတက်ရပါဘူး။

အဲဒီအချိန်မှာဘဲ မြန်မာ့ပညာရေးလောကကို အခုအချိန်အထိ နလံမထူနိုင်

အောင်ဖြစ်စေခဲ့တဲ့ ဆုံးဖြတ်ချက်အမှားကြီးတစ်ခုထွက်လာပါတယ်။

မူလတန်းအဆင့် မှာ အင်္ဂလိပ်စာသင်စရာမလိုဘဲ ငါးတန်းရောက်မှ

အင်္ဂလိပ်စာ စသင်ရမယ်ဆိုတဲ့ အမိန့်ပါဘဲ။။

ကျနော်ကျောင်းမတက်ဘဲနေရချိန်မှာ အဖေက ကျနော်တို့နေတဲ့လိုင်းခန်းရဲ့

အနောက်ဖက်တောအုပ်လေးထဲမှာရှိတဲ့ တီချာကြီးဆီမှာ အင်္ဂလိပ်စာသင်ဘို့

အပ်ပေးထားပါတယ်။

မနက်7နာရီထိုးရင် အိမ်ကနေလမ်းလျောက်ပြီး တီချာကြီးအိမ်ကိုသွားရပါတယ်။

တီချာကြီးက အင်္ဂလိပ်လူမျိုးပါ။

သူ့အမျုးိသားက အင်္ဂလန်ကနေပြီး မြစ်ငယ်မီးရထားစက်ရုံကို လာအလုပ်လုပ်တာပါ။

သူ့အမျိုးသား ကွယ်လွန်သွားတော့ ဆရာမကြီးက မြန်မာပြည်ဘဲ နေမယ်ဆိုပြီး

ကျနော်တို့လိုကလေးတွေကို အင်္ဂလိပ်စာသင်ပေးလို့ ဘဝ ဝမ်းစာကိုရှာဖွေလို့

စားသောက်နေထိုင်ခဲ့ပါတယ်။

 

ဆရာမကြီးအိမ်သွားတဲ့လမ်းမှာ အလေ့ကျပန်းပင်လေးတွေ၊

စမ်းချောင်းသေးသေးလေးတွေရှိတော့ သာယာပါတယ်။

အခုလိုဆောင်းဆိုရင် နှုင်းတွေကရှေ့ကို မမြင်ရအောင်ပိတ်နေပါတယ်။

ဆရာမကြီးအိမ်ရဲ့အနောက်ဘက်မှာတော့ ဒုဌဝတီမြစ်ရဲ့ မြစ်ကျိုးအင်းလေး

ရှိပါတယ်။

ဆရာမကြီးခြံထဲမှာနှင်းဆီပင်တွေစံပယ်ပင်တွေနဲ့ဆိုတော့ ရာသီအလိုက်ပွင့်တဲ့

ပန်းတွေကြောင့်မွှေးမြလို့နေပါတယ်။

မနက်ပိုင်းမှာကျနော်နဲ့ အတူတက်တဲ့သူငယ်ချင်းလေးကတော့

သိန်းထွန်းဝင်းဆိုတဲ့သူငယ်ချင်းလေးပါ။

ကျနော်တို့အိမ်က မီးရထားစက်ရုံ အုတ်တံတိုင်းနဲ့ကပ်ရက်။

သူကအနောက်ဘက်ရပ်ကွက်။

အဲတော့ ဆရာမကြီးဆီသွားရင်သူကို့ ဝင်ခေါ်ပြီး လမ်းတစ်လျောက်လုံး

အော်ဟစ်ဆော့ကစားပြီးမှ ဆရာမကြီးအိမ်အရောက်သွားကြပါတယ်။

ဆရာမကြီးက အင်္ဂလိပ်စာကို ကျနော်တို့လိုကလေးတွေသဘောပေါက်အောင်

အရုပ်ကလေးတွေနဲ့ သင်ပေးခဲ့ပါတယ်။

အခုအချိန်မှာ အင်္ဂလိပ်စာအတော့်အသင့်ဖတ်တတ်နေတာ ငယ်ဆရာမကြီးရဲ့ကျေးဇူးပါဘဲ။

နောက်နှစ်အတန်းကျောင်းတွေဖွင့်တော့ အဖေ့သူငယ်ချင်း

ဆရာကြီးဦးသန်းညွန့်ရှိတဲ့ မြစ်ငယ်မူလတန်းကျောင်းကို ကျောင်းအပ်ဘို့ပြင်ကြပါတယ်။

အဲဒီတုန်းက မြင်ငယ် မီးရထားစက်ရုံဂိတ်ပေါက်ကနေ တောင်ဘက်တည့်တည့်သွား။

ဈေးနားမရောက်ခင်မှာ အရှေ့ဘက်ချိုးလိုက်ရင်ကျနော်နေတဲ့ကျောင်းကိုရောက်ပါတယ်။

အထက်တန်းကျောင်းကမြောက်ဘက် တောင်ဘက်ကမူလတန်းကျောင်း။

ကျောင်းသွားအပ်တဲ့နေ့က ဆရာကြီးနဲ့တွေ့ရပါတယ်။

နှစ်ဝက်နဲ့ကျောင်းထွက်တာကြောင့် တစ်တန်းမှာပြန်တက်ရမယ်လို့

ဆရာကြီးကပြောပါတယ်။

 

အဲဒီအချိန်မှာ ကျနော်က စားပွဲခုံပေါ်မှာရှိတဲ့သတင်းစာတစ်စောင်ကိုယူပြီး

………………………….

 

 

(ဆက်လက်ဖော်ပြပါမည်)

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး။

(12-12-2011)

 

 

 

 

 

 

 

15 comments

  • ကိုချောရေ
    ရေးမယ်ရေးမယ်ဆို ချိန်ပြီးကြာနေတဲ့ပို့စလေးအခုစလိုက်ပါပြီ။
    မူလတန်းအထက်တန်းပြီးရင်တော့ ကိုချော ပြောတဲ့
    မန်းလေးတက္ကသိုလ်အကြောင်းရောက်လာပါမယ်နော်။

    • weiwei

      December 12, 2011 at 12:08 pm

      နောင်တစ်ချိန် အထုပ္ပတ္တိရေးဖြစ်တဲ့အခါ အထောက်အကူပြုမယ့် ပို့စ်လေးပါပဲ …

  • TTNU

    December 12, 2011 at 12:27 pm

    မိတ်ဆွေ… အသင့်ရဲ ့ ဘို နာမည်လေး အချွန်နုပ်အား ထဆိတ်လောက် ပြောခြားဘေးဘာ။

    ကိုပေါက်ရေ…
    မျောစီးပါသွားစေသော အရေးအဖွဲ့များကြောင့်
    စိန့်ပီတာ ကျောင်းကြီး ကို ပို၍တောင်မြင်ယောင်လာပါတယ်။
    ဒါထက် ပုံ(၆) ကဘာဖြစ်လို့စတာလဲ။

    • windtalker

      December 13, 2011 at 9:49 pm

      ဘိုနာမည် က Diamond Hole Hole တဲ့
      ဗမာလို ပြန်ကြည့်ရင် စိန်ပေါက်ပေါက် လို ့ခေါ်နိုင်မလားဘဲ
      ဟီဟိ
      ကိုပေါက်ရေ စတာနော်…
      ဒီနေ ့အမှတ်၉ ကျောင်းနား က ဖြတ်လာတော့ တောင်
      ဆရာကန်တော့ပွဲကြေငြာဗီနိုင်းချိတ်ထားတာ
      မြင်ခဲ့ရသေးတယ်

  • (အထုပ္ပတ္တိရေးဖြစ်တဲ့အခါ) အသာလုပ်ပါမဝေရယ်။
    ကမ္ဘာလောကကြီးထဲက မြန်မာပြည်ဆိုတဲ့ တိုင်းပြည်သေးသေးလေးက
    မန်းလေးမြို့စတဲ့ ပေါက်စနမြို့လေးထဲက အင်မတန်မှာသေးငယ်တဲ့အစက်အပြောက်ကလေးရဲ့
    ဘဝမှတ်တမ်း ပိစိကွေးလေးပါ။
    ငယ်သူငယ်ချင်းတွေကို သတိရလို့ပါ။

  • မာမီရေ
    အစက ကျောင်းပါတ်ဝန်းကျင်ရိုက်ထားတဲ့ပုံတွေအရင်တင်ထားတာပါ။
    နောက်တော့ အဲဒီပုံတွေကို အလယ်တန်းကျောင်းသားဘဝရောက်မှသုံးမယ်ဆို
    ပြန်ဖယ်လိုက်တာပါ။
    ကော်နက်ရှင်ကောင်းတုံးပုံအရင်တင်စာနောက်မှရေးမှာမို့လို့ပါမာမီ။

  • pooch

    December 12, 2011 at 6:40 pm

    လေးပေါက် ငယ်ချစ်ကလေးကလည်း အဲ့ဒီမှာ တွေ့တာလား 😛

  • ငယ်ချစ်ဦးနဲ့တွေ့ဆုံခြင်းက ဝတ္တုသတ်သတ်ရေးမှာ။
    ဗာစီတီမှာတွေ့တာလေ။
    လေးပေါက်တို့ငယ်ငယ်ကပုံကိုနောက်နေ့ပို့ပေးမယ် မန်းလေးတက္ကသိုလ်ကပုံတွေ

  • MaMa

    December 12, 2011 at 7:17 pm

    ကိုပေါက်ရေ-
    ကျမလည်း ကျောင်းတွေအများကြီး ပြောင်းနေခဲ့ဖူးပေမယ့် ကိုယ့်ဇာတိက အလယ်တန်းကျောင်းလေးကို ပိုစွဲလမ်းတယ်။ ကိုယ့်ဇာတိကို ပိုခင်မင်တယ်။ အသက် ၁ဝနှစ်လောက်က ကျောင်းပြောင်းခါနီးမှာ ဆရာမက ပျော်ရာမှာ မနေရ တော်ရာမှာနေရလို့ ပြောခဲ့တာလေးကို မှတ်မိနေတယ်။
    အမှန်တော့လည်း မိဘတွေက အမြင်ကျယ်လို့ မြို့ကျောင်းထားပေးတာ။
    (ခုတော့လည်း ငယ်ငယ်က သူငယ်ချင်းတွေကို တွေ့လို့မှ မမှတ်မိ 😛 )

  • naywoonni

    December 12, 2011 at 7:32 pm

    ခေတ်တစ်ခုကို ဖြတ်သန်းခြင်းပေါ့လေ……။ မသိမမီလိုက်တဲ့သူတွေ လက်လှမ်းမမီလို့ မတွေ့လိုက်တဲ့သူတွေအတွက် ကိုယ်ဖြတ်သန်းမိတဲ့ ခေတ်ကို ပုံဖော်ပြလိုက်တာ ကောင်းပါတယ်…။ အားလုံး သိကြရတာပေါ့ ……။ နားလည်ခံစားရတာပေါ့…။ ဘယ်အျိခန်တုန်းကတော့ ဘယ်လို ခုတော့ ဘယ်လို ဆိုတဲ့ အသိတွေ ရလာတော့ နောက်ဆုံး ‘မအ’ တော့ဘူးပေါ့ဗျာ…။

  • unclegyi1974

    December 12, 2011 at 10:34 pm

    ကိုပေါက်တို့ကျောင်းရဲ့ဘောလုံးကွင်းကဂိုးတိုင်တွေကြည့်ပြီး
    မြန်မာ့ဘောလုံးလောကကိုမှန်းဆကြည့်ကြပါကုန်
    ဘတို့နေခဲ့တဲ့ကျောင်းမှာဘောလုံးကွင်းက၂ကွင်း
    သက်ကြီးကွင်းနဲ့သက်လတ်ကွင်းဂိုးတိုင်တွေကသစ်သားတန်းတွေနဲ့ခိုင်ခိုင်မာမာ
    ကျောင်းသားတွေဆိုတာကလည်းဘောလုံးကန်ကြသလားမမေးနဲ့နေ့လည်မုန့်စားဆင်းချိန်
    ကျောင်းလွှတ်ချိန်တွေဆိုအိမ်မပြန်ပဲကန်ကြတာ
    အဲဒီအချိန်တွေကမြန်မာ့ဘောလုံးလည်းရွှေခေတ်ပဲလေ
    အခုတော့….

  • small cat

    December 13, 2011 at 5:04 am

    ဘဲ လ် ………..ရင်း သံ တညံညံနဲ့…..ဗစ်လစ် ဂျ် စကူး ကို ရမင်းန် ဘားနေတယ် မိုင်ဖရန့်စ်ရေ
    ဝီအာ ငယ်ငယ်တုန်းက ဗစ်လစ် ဂျ် အဝင် ရုပ် ဒ် ဆီကနေ ဟန်း ချင်းယှက်ကာ ရမ်းကာ လွှားကာ
    စကူး အတန့်ပ် လာကြတာတွေ ဖော်ဂက် နိုင်ပါ့မလားလေ ယူတို့ အိုင်တု့ိ ငယ်ငယ်တုန်းကလေ……….

  • အန်ကယ်ဂျီးရေ
    အရင်တုန်းကမန်းလေးကကျောင်းတွေထဲမှာ စိန်ပီတာဘောလုံးကွင်းနဲ့ဒိုင်အိုဘောလုံးကွင်းတွေက
    အဆင့်မီတဲ့ကွင်းတွေပါ။
    ရပ်ကွက်ပွဲတွေဆိုရင် ဒီကျောင်းမှာခွင့်တောင်းပြီးလာကန်ကြတာပါ။
    ထိန်းသိမ်းနိုင်စွမ်းမရှိသော တန်ဘိုးထားရကောင်းမှန်းမသိသော တာဝန်မဲ့သော
    ဆိုတဲ့ အချက်တွေကြောင့် ဒီလိုယိုယွင်းပျက်စီးနေတဲ့ဘဝကိုရောက်နေတာပါ။
    နှမျောစရာကြီးပါဗျာ။

  • မောင်ပေ မန်းလေးက စိန်ပေါက်ပေါ်က်အစစ်က ဆုံးသွားရှာပြီ။
    ဒီနာမယ်ယူလို့မရဘူး။
    ငါမာမီဖြစ်သွားလိမ့်မယ်။

  • ကြောင်ကြီး

    December 14, 2011 at 8:27 am

    ကျောက်သင်ပုန်းနဲ့ကျောက်တံ လုဖက် ငယ်ကျွမ်းဆွေ ဂျမ်းဘုံအကြောင်း ထည့်ရေးပါအုံး….။

Leave a Reply