မဆုံးတဲ့သီချင်း………… ၄၂

naywoon niDecember 11, 20111min1692

အဲဒိရောက်စညက ရုံးမှာပဲ အိပ်ဖြစ်တယ်….။ မန်နေဂျာလုပ်တဲ့သူက လည်းအဲဒိမှာနေတာဆိုတော့ အိပ်ရတာအဖော်တော့ရတာပေါ့…..။ သိတဲ့ အတိုင်း မြန်မာပြည်က ကျောင်းတို့ ရုံးတို့ ဆိုတာတွေက ဟုတ်တာလည်းမဟုတ်ပဲနဲ့ ဘာရှိသလေး ညာရှိသလေး နာမယ်တော့ အကြီးသား….။ ပြီးတော့ သူတိုတွေက ရုံးဆင်းချိန် တန်းပြီး အိမ်ပြန်ကြတာမဟုတ်……။ နဲနဲ ဂလုပြီးမှ….. အားလေးဘာလေးသွက်လာရင် သီချင်းတွေ ဘာတွေ ဆိုကြ ကကြနဲ့….။ နေဝန်းနီကတော့ အဲဒိညက သိပ်မရောပါဘူး………။ တစ်ခွက်ပဲ သောက်လိုက်တယ်….။ (ဟီးး ပီပါ ကိုင်းတပ်ထားတဲ့ မတ်ခွက်ကြီးနဲ့) ……..။ ဘီအီးပါ……။ အရက်ဖြူဆိုင်က ဝယ်လာတာ……..။ ရွာတစ်ရွာက လာ ပို့ထားတဲ့ ထန်းရည်က နဲနေလို့တဲ့……..။ မန်နေဂျာ ဦးခင်မောင်စိန်နဲ့ နေဝန်းနီ အဖေတို့က ဟိုဘက်မှာ ထန်းရည်နဲ့….။ အဲဒိတော့ ဒီဘက်မှာ စာရေး ငါးယောက်နဲ့ နေဝန်းနီရယ်…..။ ရုံးစောင့်လုပ်တဲ့ စိုးသန်းရယ်….။ ထန်းရည် လေးလုံးလောက်နဲ့ မလောက်တော့ဘူး…..။ စာရေးကြီး ကိုမြင့်အောင်က အရက်ထပ်ဝယ်ဖို့ ပိုက်ဆံထုတ်ပေးတယ်…။ သိတဲ့ အတိုင်း အဝယ်တော်က ရုံးစောင့် စိုးသန်းပေါ့…..။ ဘယ်နေရာပဲဖြစ်ဖြစ် အငယ်ဆုံးသူက အောက်ခြေသိမ်းလုပ်ရတာပဲ…….။ သူက ဆယ်တန်းပြန်ဖြေနေတယ်လို့ ပြောပါတယ်……။ သူအရက်သွားဝယ်နေတုန်း ရှိနှင့်နေတဲ့ ထန်းရည်ကို သောက်နေကြတာ….။ ပလတ်စတစ်ဘူး ထဲကနေ ငါးကြင်းဖန်ခွက်ထဲ အပြည့်ထည့်ပြီးခွက်လှည့်သောက်နေကြတာ…..။ ထန်းရည်ကို အဲဒိလောက်အများကြီး လှည့်မသောက်ဖူးပါဘူး…..။ သူတို့ သဘောက တစ်ငုံထဲနဲ့ မသောက်နိုင်အောင် ကြာကြာသောက်ရအောင် ငှဲ့ပေးလိုက်တာပါ…..။ နေဝန်းနီကတော့ဘယ်ရမလဲ….။ တစ်ဘရိတ်ထဲ ဂလု….. ဂလု နဲ့ မနားတမ်းသောက်ချလိုက်ပြီး ကိုမြင့်အောင်ကို ဖန်ခွက်ပြန်ကမ်းလိုက်တော့ အားလုံးက တစ်အံ့တစ်ဩ အားပါးးပါး ဒါလေးများနော့….။
“ ကြွက်တွင်းတစ်တွင်းတော့ တူးမိရက်သားဖြစ်သွားပြီ”
တဲ့……။ ကိုပြည်အောင်ကပြောတယ်…။ သူက အကြီးတန်းစာရေးပါ…။ စီနီယာကလပ်ခ်ပေါ့….။ အသက်က 30 လောက်ဆိုတော့ နေဝန်းနီ ထက်တော့ ဆယ်နှစ်လောက်ကြီးပါတယ်…။ အဲဒိအဖွဲ့ အားလုံးထဲမှာနေဝန်းနီက အငယ်ဆုံးလောက်ပဲ….။ အခုမှ ကျောင်း ပရဝဏ်ထဲက ထွက်လာပြီး ကျောင်းသား မဟုတ်တဲ့သူ အတူမနေဖူးသေးတဲ့သူတွေနဲ့ အရက်ဝိုင်းလာဖွဲ့မိတော့ နဲနဲတော့ စိမ်းနေသလိုပဲ…..။ ကွင်းစိမ်းနေတယ်ပေါ့….။ အဲဒိတော့ ကိုယ့် အရည်အချင်းအကုန်ထုတ်ပြရမှာလား ……။ ဒိုင်လျှိုထားရဦးမလား မတွက်တတ်သေးပါဘူး…..။ ကျောင်းသားချင်းသာ ထိတွေ့ ဆက်ဆံဖူးတာလေ…..။ နေဝန်းနီနဲ့ အရက်တွဲသောက်ဖူးတဲ့သူတွေက ကျောင်းမှာ အမြဲ တမ်းတွေ့နေတဲ့သူတွေ တစ်ချို့ဆိုရင် အဆောင်မှာ အတူတူနေရတာဆိုတော့ ညီအကိုတွေလို ခင်ပြီး တစ်ယောက်အကြောင်း တစ်ယောက်က သိပြီးသား…။ ဒီတစ်ယောက် ဘာကြိုက်ပြီး ဘာမကြိုက်ဖူးဆိုတာ သိပြီးသား……။ ခုဟာက ဒီနေ့မှ တွေ့ရတဲ့သူတွေ….။ အဲဒိတော့ တစ်ယောက်နဲ့ တစ်ယောက် သွေးတိုးစမ်းတဲ့ သဘောလေးတွေပါလာတယ်….။ သူတို့ကလည်း သူတို့ ဘယ်လောက်သောက်နိုင်သလဲ…. နေဝန်းနီ အကဲခတ်နေတာ သိတယ်…..။
“ နေဝန်း …… နောက်ဆို ငါတို့ နဲ့ တွဲရတော့မှာ…..။ ငါတို့ကတော့ ညနေပိုင်းရုံးချိန်ကုန်မှ သောက်တာများတယ်….။ ဆိုင်လည်းသွားမသောက်ဖူး…။ လူစုံလို့….။ ပြီးတော့ ငါတို့က မဟုတ်ရင် ကိုယ်နဲ့ ဆိုင်ဆိုင်မဆိုင်ဆိုင် ဝင်ပါချင်တာ…။ ဒီတော့ ဖြစ်လာမဲ့ ပြဿနာကို ရှောင်တဲ့ အနေနဲ့ ရုံးမှာ အရာရှိကို ခွင့်တောင်းထားပြီး တစ်ရက်စာတစ်ရက် လုပ်ရမဲ့ အလုပ်တွေ ပြီးရင် ရုံးထဲမှာပဲ ဝိုင်းဖွဲ့ သောက်လိုက်တယ်…။ တို့က ရွာတွေနဲ့ ဆက်ဆံနေရတာဆိုတော့ တစ်ချို့ရွာတွေက တစ်ခါတစ်လေ…. လာပို့တာလေးတွေတော့ရှိတယ်…..။ သူတို့ဖာသာယူလာတာပါ….။ နို့မို့ဆိုလဲ ဒို့ဖာသာ ဝယ်သောက်တာပဲ….။ မောင်စိုး အဲ… စိုးသန်းကတော့ အဝယ်သမားပဲ…။ ရောက်လာရင်တွေ့ပါလိမ့်မယ်…. ။ သူကအလွမ်းသမားကွ…။ နှစ်ခွက်လောက်သောက်ပြီးရင် ရုံးရှေ့က ထိုင်ခုံလေးသွားပြီး အလွမ်းသီချင်းလေးဆိုပြီး အိပ်တာ…..။ တစ်ခါတစ်လေ များသွားရင် သီချင်းဆိုရင်နဲ့ ထမင်းတောင်ပြန်မစားနိုင်တော့ဘူး…..။ မနက်မိုးလင်းမှ အိမ်ကို ပြန်ပြီး ညစာနဲ့ မနက်အစောစာ ပေါင်းစားတာ….။ သိလား”
ကိုပြည်အောင်က အဲဂလိုပြောတုံး မန်နေဂျာ ဦးခင်မောင်စိန်က
“ မောင်စိုးပြန်မလာသေးဘူးလား မင်းတို့လိုရင် တို့ဆီကလာယူဦး”
သူ့တပြည့် အသံမကြားလို့ လှမ်းမေးပြီး သူတို့ဖို့ ခွဲထားတဲ့ ထန်းရည် လာယူဖို့ ပြောတယ်…။ လူတွေကများပြီး ထန်းရည်က လေးလုံးလောက်ပဲ ရှိတာဆိုတော့ မလောက်ဖူးဆိုတာ သိနေတယ်….။
“ မောင်စိုးက သွားလို့ ဆရာ….။ နို့ ဆရာတို့က မသောက်ကြတော့ဘူးလား”
ကိုအောင်မင်းက သူ့ဆရာကို လှမ်းပြောပါတယ်….။ ကိုအောင်မင်းက အငယ်တန်းစာရေးပါ…။ အသက်က နှစ်ဆယ်ကျော်ပေါ့…။ နေဝန်းနီက နှစ်ဆယ် မပြည့်သေးပါဘူး…။ စလင်းဒေသရဲ့ စကားအသုံးအနှုန်း အသစ်ကလေးတွေ မှတ်ရပါတယ်…။ သွားနေတယ်…။ သွားတုန်းလို့ မပြောပဲ…. သွားလို့တဲ့…။ လုပ်နေတယ် မပြီးသေးဘူးလို့ မပြောဘူး…။ လုပ်လို့တဲ့…။ ပြီးတော့ ကာရံဆက်သွားသလားမသိပါဘူး…။ နို့ တဲ့….။ ဒို့ တဲ့…။ မိန်းကလေးတွေကလည်း ဒို့လို့ ပြောတာပဲ…။ အဲဒါကြောင့် နေဝန်းနီက “ ဟုတ်လား …..။နို့ ဒို့က သိမှမသိပဲ….။” ဆိုတာမျိုး စမိတဲ့ အခါ ရယ်ကြတယ်….။ ကိုမြင့်အောင်က ‘ လူလည်’ တဲ့…….။

2 comments

  • windtalker

    December 11, 2011 at 8:34 pm

    အားပါး…ဖတ်ရင်းနဲ ့အာခေါင်တွေ ခြောက်လာဒယ်
    စိုးသန်းကို တစ်ဂျားလောက် ပြေးဆွဲခိုင်းလိုက်ဦးမှဘဲ

  • small cat

    December 12, 2011 at 9:29 am

    အဘရေ သောက်သောက်

Leave a Reply