ဘယ်ဟာက အမှန်လဲနှင့် ……ကားချင်းပြောသောစကား
ဒီအကြောင်းကို ရေးဖို့ အားယူနေတာ ကြာပါပြီ…။ မရေးဖြစ်သေး…။ ဘာလို့လဲဆိုတော့ ဗစ်တာစိုးမိုး နဲ့ စကားပြောရင်းရလာတဲ့ အတွေး …။ အကြောင်းအရာကလည်း သူကချည့် ဦးဆောင်ပြောသွားပြီး ကိုယ်က နားထောင်ခဲ့ရတဲ့ အကြောင်းအရာဖြစ်နေပြီး တစ်ချို့နေရာတွေ ရေးလိုက်ရင်လွဲသွားမလားဆိုပြီး အပေါင်းအသင်းတစ်ချို့ဆီ စနည်းပြန်နာရသေးတာ…။ ဒါပေမဲ့ တစ်နေ့ တစ်နေ့ အချိန်သာကုန်သွားခဲ့တာ ရေးဖို့က အလှည့်မရောက်…။ ဟိုအကောင်ကလည်း သူ့အပျိုဆင် ပြန်ကြောက်နေတာနဲ့ လိုင်းပေါ်မရောက်…။ ရောက်ပြန်တော့လည်းခဏတစ်ဖြုတ်ရယ်…။ သူကတော့ နေဝန်းနီရေးဖို့ ပြောထားပြီးသားဆိုပြီး ဘာမှမလုပ်ဖြစ်လို့ ဆိုတော့ကာ…..။ အင်းတာဝန်ယူထားပြိးသားဆိုတော့လည်း ရေးရသေးတာပေါ့…….။ အကြောင်းက ဒီလို…………။ ဒီကောင် ဗစ်တာစိုးမိုးက အရင်က ဦးစီး ဌာန တစ်ခုမှာလုပ်ခဲ့တာဆိုတော့ ဥပဒေတွေနဲ့ ပါတ်သက်ရင် တော်တော်လေးနှံစပ်တယ်…။ ခုအဲဒိမှာမလုပ်တော့ပေမဲ့ သိချင်တာရှိရင် သူ့ကို လာအကူအညီတောင်းနေကြတုန်းဆိုတော့ ……………….။
တစ်နေ့မှာ… သူနဲ့ မိသားစု (အများကြီးတော့ မဟုတ်ပါဘူး …။ သူ့အပျိုဆင်နဲ့ သားတော်မောင် ရယ်.. အိမ်နားက မိသားစုတွေရယ် နဲ့ ကားတစ်စီးပြည့်သွားရှာတာ) အဲ အခုခေတ်စားနေတဲ့ကားလေး ငှားသွားပြီး (တစ်ကယ်ကငှားတယ်ဆိုတာထက် သူငယ်ချင်းကားချောဆွဲသွားတယ်လို့ပဲပြောရမယ်…။ ဟိုကလည်းကားထွက်ရရင်ပြီးရော ဘယ်ရောက်ရောက် အိမ်မှာနေရတာစိတ်ညစ်လို့လိုက်သွားတာ ) နေပြည်တော်ဘက်သွားကြတဲ့ရက်က အကြောင်းလေး အပြန်ကြတော့ ပြောပြတာ…။ အဲ ပြောနေရင်းနဲ့ နေဝန်းနီကို မေးခွန်းတစ်ခုမေးပါတယ်..။
“ လမ်းပေါ်မှာ ကားတစ်စီးရှေ့က သွားနေတယ်ကွာ နောက်က ကားကကျော်တက်ချင်ရင် ကားလမ်းရှင်းမရှင်းရှေ့ ကားက ဘယ်လိုအချက်ပြမလဲ”
တဲ့ …။ နေဝန်းနီ နဲနဲကြောင်သွားတယ်..။ ဟုတ်တယ်လေ…။ နေပြည်တော်ဘက်သွားတဲ့ အကြောင်းပြောမလားလို့ ….။ ဘာလဲဟ ပေါ့ …။
“ အဲ …….နောက်ကမီးဖွင့်ပြတာပေါ့ဟ …။ ညာဘက်က မီးဖွင့်ပြရင် ရှေ့ကကား ဒါမှမဟုတ် လမ်းပေးလို့မရသေးဘူး လမ်းညာဘက် ကပ်လိုက်ခဲ့ဦးပေါ့……။ ဘယ်ဘက်က မီး ပြရင် လမ်းရှင်းတယ် ကျော်ပေါ့………။”
အဲဒိတော့ ဗစ်တာစိုးမိုးက မျက်ရည်ထွက်ကျအောင်ရယ်ပါတယ်…။
“ ဟဘာလဲဟ ….။ ငါပြောတာလွဲနေလို့လား”
အဲဒိလိုပြန်မေးတော့
“ လွဲတော့ မလွဲပါဘူးကွ…။ ဒါပေမဲ့ ဥပဒေထဲမှာ သတ်မှတ်ထားတာနဲ့ တစ်ခြားစီ ဖြစ်နေတယ်…။”
အဲဂလိုပြောတော့
“ လွဲတော့ မလွဲပါဘူး လည်းပြောသေးတယ် ဥပဒေ သတ်မှတ်ထားတာနဲ့ တစ်ခြားစီဖြစ်နေတယ်လို့လည်းပြောသေးတယ်..။ ဆိုတာက ဘာလဲဟ လွဲရင်လည်းလွဲတယ်ပေါ့……။ ငါက ကားပဲစီးဖူးတာ …။ မောင်း တဲ့ ခုံပေါ်တောင် တက်ထိုင်ဖူးတာမဟုတ်ဘူး”
ဆိုတော့မှ
“ ဒီလိုကွ….။ ညက ငါတို့ ဟိုဝင်ဒီဝင်နဲ့ နဲနဲနောက်ကျ သွားတာပေါ့…။ အထဲမှာ ယောက်ျားလေးက ငါတစ်ယောက်ထဲဆိုတော့ ရှေ့ခန်းကပဲလိုက်လာခဲ့တယ်…။ ကားမောင်းတဲ့သူနဲ့လည်း သိနေတာဆိုတော့ သူနဲ့ စကားပြောဖြစ်တယ်ပေါ့ကွာ……….။ လမ်းတစ်နေရာမှာ ကုန်ကားတစ်စီးက ရှေ့ကကွ…။ နောက်က ဟွန်းတီးတော့ ညာဘက်က မီးဖွင့်ပြတယ်ကွာ…။ အဲဒါ ကားမောင်းတဲ့သူက ရှေ့မကျော်ဘူး…။ ငါကပြောတော့ ကားမောင်းတဲ့သူက ပြန်ပြောပြတယ်ကွ…။ ဥပဒေက ဘယ်လိုသတ်မှတ်ထားထား ကားလမ်းပေါ်က လူတွေ လိုက်နာတာက ခုနက မင်းပြောသလိုပေါ့ကွာ ညာဘက်က မီးပြရင် ညာဘက်ပဲ ကပ်နေဦးပေါ့…။ ဒါပေမဲ့ ဥပဒေထဲမှာက ညာဘက်က မီးပြရင် ရှေ့မှာ လမ်းရှင်းတယ်…။ ကျော်မယ်ဆိုကျော်ပေါ့…။ ဘယ်ဘက်ကမီးပြရင် ရှေ့မှာလမ်းကျဉ်းနေသေးတယ် …ဒါမှမဟုတ် ကားလာနေတယ်ပေါ့…။ ငါကလည်း အဲဒိအကြောင်းပြန်ပြောတော့ …… သူက ‘ အကိုရေ့…… အဲဒိ စာအုပ်ထဲက အတိုင်လိုက်လုပ်တဲ့ သူတွေ သေကုန်တာ များတယ် ‘ တဲ့လေ…………….။ အဲဒါပြောချင်နေတာနဲ့ မင်းကိုစောင့်နေတာကွ…။ MG ထဲမှာရေးတင်ကွာ…။ ပြိးတော့ နောက်တစ်ခုပြောရဦးမယ်…။”
နေဝန်းနီက
“ ဘာတွေလဲဟ …။နေပြည်တော်သွားတာ နေပြည်တော် အကြောင်းတော့ မပြောဘဲ ကားအကြောင်းချည့် လာပြောနေတယ်”
ဆိုတော့ ရယ်နေသေးတယ်..။ ပြီးမှ…..
“ မင်းတို့က စည်းကမ်းအကြောင်းတွေက လွှတ်ပြောကိုးကွ…။ အဲဒါကြောင့် ညက ငါကြုံခဲ့တာလေး ပြန်ပြီရှယ်နေတာ….။ ငါတို့ကားက ကွ…။ ရှေ့က မီးသိပ်မလင်းဘူး…။ ရေဆင်းဒီဘက်နားကျတော့ နောက်က ကားတစ်စီးက ကျော်တယ်ကွာ…။ ရှေ့ရောက်သွားတာပေါ့ ကားက …။ ဒါပေမဲ့ သူက အရှိန်နဲနဲပြန်လျှော့ သွားတယ်ကွ…။ မီးကို စုံ ဖွင့်ချည် မှိတ်ချည်လုပ်ပြတယ်…။ ငါတို့မောင်းနေတဲ့ အရှိန်လောက်ပဲ မောင်းတယ်ကွ…။ အဲဒါကို ကားသမားက ဘာပြောလဲဆ်ိုတော့ ….။ သူ့နောက်က မှေးလိုက်ခဲ့ ဖို့ ခေါ်တာ …။ကျွန်တော်တို့ မီးက မှိန်နေလို့ ဆိုပြိးပြောတယ်ကွ….။ ငါတို့လည်း ရှေ့က ကားမီးရောင်နဲ့ပဲ လိုက်ပြီးမောင်းလာတာပေါ့…။ မြို့ အဝင်ရောက်တော့ ငါတို့ လမ်းဘက်ချိုးကာနီကျမှ ကားဟွန်းလေး ‘တီ …တီ’ ဆိုပြီး အချက်ပေးလိုက်တယ်ကွ…။ အဲဒိတော့ စောစောက ရှေ့ကကားကလည်း ‘တီ …တီ’ ဆိုပြီး ပြန်တီးပြပြိး စောစောကအရှိထက် ပိုပြိး မောင်းထွက်သွားတယ် …။ အဲဒိတော့မှ ငါတို့လည်း ကွေ့စရာရှိတာကွေ့လာခဲ့တာပေါ့ကွာ….။ လူတွေ ဘယ်လောက် စည်းကမ်းမဲ့တယ်ပြောပြော အဲဒိလို ကူညီချင်စိတ်လေးတော့ ရှိကြသေးတယ်ကွ…။ ငါက ကားသမားကိုမေးကြည့် တယ်…။ သိလို့လား ဆိုတော့ ‘ ဟင့်အင်း’ တဲ့ လေ…။ အဲဒါလေးကော ရေးတင်ကွာ…။”
သူကပြောစရာရှိတာ ပြောလိုက်လိုက်ရလို့ ပေါ့သွားတယ် ထင်ရဲ့ ….။ ရေနွေး ကြမ်း တစ်ခွက်ငှဲ့ သောက်လိုက်တယ်…။ သူ့စာအုပ် အငှားဆိုင်လေးထဲမှာ …။နေ့ခင်းလူရှင်းတော့ အေးအေး ဆေးဆေး ပြောချိန်ရတယ်လေ……။
“ အင်း ရေးတာပေါ့…….။ မှန်သလားမှားသလားနှင့် ကားချင်းပြောသော စကားပေါ့ကွာ………”
“ အေး…..ကောင်းတယ် ငါကမအားတော့ မရောက်ဖူးကွ… ”
လို့ ပြောသေးတယ်…။ နေဝန်းနီက
“ နင့် အပျိုဆင်က မလွှတ်လို့ မဟုတ်လား”
ဆိုတော့ ရယ်ကျဲကျဲနဲ့………..။ အဲဒိလိုပြောခဲ့ပေမဲ့ နေဝန်းနီကလည်း စက်ရှေ့ ရောက်လာရင် ဘာအလုပ် ရှုပ်နေရမှန်းကို တစ်ခါတစ်လေ မသိနိုင်ဘူး…။ ဟိုလိုဒီလိုလို နဲ့ မရေးဖြစ်ဘူး …။ သူကလည်း ရေးပြီးပြီလားတွေ့တိုင်းမေး…။ ခုဟာက အမေးစိတ်လာလို့ မဖြစ်မနေ ရေးလိုက်မိပါကြောင်း…။
နေဝန်းနီ
10 comments
windtalker
December 11, 2011 at 9:24 pm
ဗစ်တာစိုးမိုး ကို ပြောခဲ့တဲ့ ကားသမား စကားဟာအမှန်ဘဲဗျို ့။ အစဉ်အလာ ဖြစ်နေပြီ
ကျုပ်တို ့မြန်မာနိုင်ငံ က ဘယ်လမ်း၊ ဘယ်ခရီးကိုဘဲသွားသွား ၊ ဟိုက်ဝေး လမ်းပေါ်မှာ မောင်းကြရင် ၊ ကားသမားတိုင်းဟာ နောက်ကကားကို ကျော်ဖို ့လမ်းပေးတော့မယ်ဆိုရင် ၊ ရှေ ့မှာလမ်းရှင်းရင် ဘယ်ဘက် အချက်ပြမီးကို ပြပြီး ၊ လမ်းမရှင်းသေးဘူးဆိုရင် ညာဘက်အချက်ပြမီးနဲ ့ခဏစောင့်ဖို ့သတိပေးကြတာပါ ။
ဒီကိစ္စ ကို ကိုယ်ပိုင်ကားများနဲ ့အမြဲသွားနေတဲ့ တံခါးမှူးကြီး နဲ ့ကိုလင်းမြွေ တို ့ပိုသိပါတယ် ။
ဆူး
December 11, 2011 at 9:39 pm
ဟိုင်းဝေးကိုတော့ မှော်ဘီ လောက်ပဲ မောင်းဖူးတယ်။ ဒီထက်တော့ ခပ်ဝေးဝေး မမောင်းဘူးဘူး။ သွားတော့ သွားဖူးတယ် သူများမောင်းတာ ငိုက်ပြီး လိုက်စီးတယ်။
ကိုပေါက်(မန္တလေး)
December 11, 2011 at 10:27 pm
ကျနော်ကတော့ ဘယ်တော့မဆို သူများမောင်းတဲ့ဘေးကဘဲထိုင်လိုက်တယ်။
ကားမှ မမောင်းတတ်တာကိုးဗျ။
amatmin
December 11, 2011 at 11:02 pm
ကျွန်တော်တော့ခရီးသွားရင် ကားသမားဘေးကနေ မငိုက်မပြု အမြဲစီးတတ်တယ်
်အဲဒီမှာကျွန်တော် မြင်မိတာလေး တခုက ရှေ့မှာ ကားတစီး ရှိတယ်ပေါ့ဗျာ.
ကိုယ်စီးလာတဲ့ကားက အလယ်မှာ.ပြီးနောက်မှာ တစီးရှိတယ်ဆိုရင်..
ကိုယ်က ရှေ့ကားကို အချက်ပြလမ်းတောင်းပြီး ကျော်တက်ပြီးတာနဲ့ နောက်ကား အတွက်လက်ကလေးပြ ပြီးတစီးစာထပ်တောင်းပေးတတ်ကြတယ်ဗျ..ဒီတော့ ရှေ့ကားလည်းသတိမူ မိသလို နောက်ကားလဲ လွတ်လွတ်လပ်လပ် ကျော်နိုင်တာပေါ့..
ကိုယ်ပြီးရင် ပြီးရောဆိုပြီး တကိုယ်ကောင်းမဆန်တတ်ကြဘူး..
အဲဒါ ဟိုင်းဝေးကားသမားစစ်စစ် အများစုရဲ့စိတ်ဓါတ်ကောင်းလေးတွေဗျ..
parlayar46
December 12, 2011 at 12:33 am
အခုအချက်ပြတဲ့ပုံစံက စစ်ကြိုခေတ်ကတည်းက မြန်မာပြည်မှာ ကားစသုံးကတည်းက အသုံးပြုခဲ့တဲ့ (လက်ဝဲမောင်းစံနစ်မှာသုံးရတဲ့) ပုံစံပဲဖြစ်ပါတယ်။
တကယ့်အမှားက မူလ လက်ဝဲကပ်မောင်းကနေ လက်ျာကပ်မောင်းလုပ်ခဲ့တဲ့ ဦးနေဝင်းရဲ့အမှား။
ကျုပ်တို့လူမျိုးက ပေကပ်ကပ်နဲ့ ခေါင်းမာတယ်။ ပြောင်းလွယ်ပြင်လွယ်မရှိဘူး။
အဲဒါကိုဂရုမစိုက်ပဲ “အလုပ်မရှိ ကြောင်ရေချိုး” ခဲ့တဲ့ဒါဏ်ကို ယနေ့အထိခံနေရတာပါ။
PS-အပေါ်က စကားပုံထဲက ကြောင် ဆိုသည်မှာ ရွာထဲမှ ကြောင်တပ်မတော်ဝင်များကို ဆိုလိုခြင်းမဟုတ်ပါကြောင်း။
small cat
December 12, 2011 at 8:51 am
ကြောင်မလေးရေချိုးပေးတာပြဿနာမရှိ
ဦးကြောင်ကြီးကိုတော့ သွားမလုပ်နဲ့
မီးတုတ်အရှို့ခံရလိမ့်မယ်
တချို့ ကားတစီးစာလမ်းတွေမှာ မျက်နှာချင်းဆိုင်ကားဆုံရင် လမ်းနဲနဲကျယ်တဲ့နေရာမှာ ဘေးကပ်ရပ်စောင့်နေပြီး မီးပြခေါ်ကြတာရှိသေးတယ်။
တဖက်ကားကလည်းသူရောက်နေတဲ့နေရာကျယ်တယ်ထင်ရင် ရပ်နေတယ်၊ နှစ်ဘက်စလုံးက ဆင်းကြည့်ပြီး ပိုကောင်းတဲ့လမ်းကို ရွေးပြီးမှကျော် ကြတယ်။
အဲလိုမလုပ်ရင် လမ်းဘေးကျပြီးနွံနစ် သွားရော၊ ဘယ်ကားမှ သွားလို့မရဘဲ နောက်ကလာတဲ့ကားတွေပါနှစ်ဘက်လုံးပိတ်နေတော့တာပဲ။
အဲဒါမျိုးဖြစ်ရင်လည်း ကားတွေက ကူဆွဲပေးကြတယ်။
ဆွဲမပေးလဲမရဘူးလေ၊ ဘယ်ကားမှ ဆက်မောင်းလို့မရတော့တာ။
inz@ghi
December 12, 2011 at 1:10 am
ဒါဆိုလည်း စာအုပ်ထဲက စည်းကမ်းကိုပြင်လိုက်ကြပေါ့ဗျာ ….
လင်းမယ်နော…
ဂီဂီ ငယ်ဘဝတုန်းက တီဗီမှာ အဲ့သည့် သင်ရိုးညွှန်းတမ်းကြီး အလွတ်နီးပါး
ရအောင်ကြည့်ခဲ့ရသေး …အံမယ် …ရုပ်ရှင်ဇာတ်လမ်းတိုလေးဘာလေး
တွေနဲ့တောင် …brain wash လုပ်လိုက်သေး …. အောင်မြင်ပါဘူးဗျာ.
ခုထိ စာအုပ်နဲ့ လက်တွေ့ တလွဲစီဖြစ်နေတာကြည့်ပါတော့….
ဆြာကြောင်ဝတုတ်…စာထဲကလို ပြိုင်ကားနဲ့ စကီ ပါတဲ့ ကောင်မျိုးတွေ
မြို့လည်ခေါင်က အငှားကားနဲ့ လိုင်းကားဆြာ တချို့က လွဲရင် ကားသမား
အများစုက ကားနဲ့ပါတ်သတ်ရင် ယဉ်ကျေးကြပါတယ်ဗျ… အထူးသဖြင့်
အဘနီ ပြောသလို ဟိုင်းဝေးတွေမှာ …(ကျနော်က ကားသမားတွေကိုချစ်တယ်ဗျ
ကားပွဲစားတွေသာ ၆မြင်ကပ်တာ-စကားချပ်)
ဆက်မယ်ဗျာ …….
ကျနော် ဆယ်တန်းအောင် …တက္ကသိုလ်တက်ဖို့စောင့် သင်မောင်းလုပ်
အဲ့သည့်ကာလက လားရှိုးမှာ ….ကားမောင်းသင်တာ …ဟိုင်းဝေးမှာ …
အို့ …ဘာပြောကောင်းမလဲ လားရှိုး ဟိုဘက် မိုင်၂ဝ သိန္ဒီ …သည်ဘက်မိုင်၂၀
သီပေါ…. မောင်းသည်ပေါ့ ….ဟိုဘက်ကတောင် ကမ်းပါး သည်ဘက်က ချောက်
သည်ကြားထဲမှာ ဘဝကိုရင်းပြီး အသက်ကိုရှင်းပြီး စက္ကန့်ပိုင်းအတွင်း ….
နေမလား သေမလားရွေးရတဲ့ ကားဆြာတွေဟာ တဖက် ကားဆြာတွေအပေါ်
အလွန်မေတ္တာထားကြတာ တွေ့ရတယ်ဗျာ …
ဥပမာ ဘက်ခ်မှန်ကကြည့်လိုက်လို့ … ကိုယ့်ထက် မော်ဒယ်-အင်ဂျင် မြင့်တဲ့ကား
မောင်းလာတာတွေ့တယ်ဆို ..အော် သူမြန်ချင်မှာဘဲလေ ကျော်ချင်မှာဘဲလေ ဆိုပြီး..
ဘယ်ညာ အချက်ပြ မီးတွေနဲ့ ကျော်လို့ရတဲ့နေရာရောက်ရင် ကျော်နိုင်အောင်…
ကိုယ်တောင် ဘေးကို ရို့ပေးတတ်ကြသေးတယ်ဗျာ..(ကျနော် မူဆယ်ကို
မန္တလေးသား ..ကားသမားတယောက်နဲ့ သွားရင်းမှ သည်အထာကို သင်ယူခဲ့တာပါ)
ကိုယ် က ကားမောင်းသင် ဘဝတုန်းကတော့ မောင်းချင်သလိုမောင်းခဲ့တာ..
အဲ့သည့်ခရီးအပြန်ကျမှ ….စာနဲ့ရေးမထားပေမယ့် လက်တွေ့သုံးနေတဲ့ ကားသမား
ယဉ်ကျေးမှု ကို သတိပြုမိတော့တာကိုး … အလွန်ချစ်ဖို့ကောင်းပါသည်ခင်ဗျား….
ကုန်ကားများ …truckများသည်လည်း ..အလားတူ ကူညီ ပေးတတ်ကြပါသည်…
ဆိုတော့ အဆိုပါ စာအုပ်ကြီးကို ဖနောက်နဲ့ပေါက် မီး ရှို့ပစ်ဖို့သာကောင်းပါသည်…
စာအုပ်အတိုင်းလိုက်လုပ် … သေတာများတယ်ဆိုတာ လည်း အဟုတ်ပါ…
ဥပဒေသ-၁။ ပညာပေးခြင်း လုပ်ထုံးလုပ်နည်း တည်စေခြင်း ဆိုရာဝယ်. ..
မစို့မပို့ လုပ်၍မရ..အသေအချာမလုပ်နိုင်လျင် လျှော်ပစ်လိုက်ပါ …
လက်တွေ့ကျင့်သုံး၍ အများလက်ခံနေသော de facto ကို အသိမှတ်ပြုပြီး ထိုအရာကို
အခြေတည်၍ စည်းမျဉ်းစည်းကမ်း သတ်မှတ်ပါလေ။
ပုံ
ကျပ်မပြည့်သည့် …မဟာပညာကျော်
ဂီဂီ
inz@ghi
December 12, 2011 at 1:24 am
အဲ့လာပြောမလို့ ..
ဟုတ်တယ် ကိုပါလေရာ ရေ့ …(ကျုပ်ဆြာသမားတွေ လေသံအတိုင်းမန့်မယ်..)
ကျုပ်တို့တိုင်းပြည်ကြီးကို စနစ်တကျ ဖျက်စီးသွားတဲ့ အဆိုပါပုဂ္ဂိုလ်ကြီး
အသေစောသွားလို့ ….. မီးမဒုတ်လိုက်ရတာ နာတယ်ဗျာ ….. ကျုပ်တို့ရဲ့ အိုင်တီပညာနဲ့
မဟာဖေ့စ်ဘုတ်တော်ကြီးသာအနှစ် ၂ဝနှစ်လောက် စော ပေါ်ကြည့် … ြ်ကည့်ကောင်းလိုက်မယ့်ဖြစ်ခြင်း…..
အေးလေ … သူရို့ကလည်း ဒါတွေ မရှိသေးလို့ လုပ်ရဲခဲ့ကြတာပေါ့ ……
အဲ့သည်လို …၆၃မကျတဲ့ခေါင်းကြီးက ကြာကြာအုပ်ခဲ့တော့ စုတ်ပြတ်သတ်တာလည်း မပြောလော့ပါဝူး…
၉၅%လောက်က ဂျာပွန်ကား ညာမောင်း ….လမ်းက ဇောက်ထီး ….
သည်တော့ ….ဘယ်ကွေ့တွေဆို …(ကျနော့်ဘယ်ကျော်ပိုစ့်ပြန်ကောက်ရရင် ၉၀%သော ကားသမား
များကိုလည်း ညာသန်လို့ယူဆရင် …)
မသန်တဲ့ဘက် ကို မသန်တဲ့လက်နဲ့ကွေ့ရတာ …ကားကိုယ်တိုင်ကလည်း ..မသန်တဲ့အနေအထား…
ပီးရော….သေလေ. …..ပြည်သူတွေ …..လမ်းလျောက်တဲ့လူ ကားတိုက်သေ…
.ဂွေကိုင်တဲ့လူ…နံရံလေးဘက်ကြား..သွား ..
ဘာမဟုတ်တဲ့ အကြီးအကဲဆိုသူရဲ့ စကားလေးတခွန်းကြောင့် အမိန့်လေးတခုကြောင့်….
မသေသင့်ဘဲ သေခဲ့တဲ့လူတွေ ….ဘဝမပျက်သင့်ဘဲ ပျက်ခဲ့တဲ့လူတွေ….
ထှောက်ခ်….
ကိုယ်တော်တိုင်တော့ retire လုပ်ပြီး မသေခင်အချိန်အတွင်းမှာ ..ဘဝအဓိပ္ပါယ်ကို ရှာဖွေကာ
ဝိပဿနာ တရားပွားများ ကျင့်ကြံပါသတဲ့ ….အစောပိုင်းကသာ သည်လို အသိတွေ ရှိခဲ့ရင်…
အာဏာမသိမ်းခဲ့ပါဘူးတဲ့ ..မသေခင်ပြောခဲ့တာများပြောပါတယ်…
ကျုပ်ကတော့ တခွန်းဘဲ ပြောလိုတယ် ….ငရဲတွေ ဘာတွေ ထားလိုက်ဦး ..လက်ရှိဘဝမှာတင်
သည်လို အခွင့်အရေးခင်ဗျားကြီး မရခဲ့သင့်ဘူုး…….
မီးဒုတ်မရှို့လိုက်ရလို့ နာကျည်းစွာ ခံစားရေးဖွဲ့သွားပါသည်…
ဂီဂီ
Ko Ko Aung
December 12, 2011 at 9:02 am
အဲဒါ အာဏာရှင်စံနစ်ရဲ့ အကျိုးဆက်တခုပါပဲ။
အာဏာရှင်စံနစ်မှာ မသင့်တော်တာတခုကို အလွယ်တကူ ပြဌာန်းလို့ရတယ်။ အကြာကြီးတည်နေအောင် လုပ်လို့ရတယ်။
ဒါကြောင့် ဘယ်လောက်သေးတဲ့ အကြောင်းအရာပဲဖြစ်စေဦး တိုင်းပြည်နဲ့ လူမျိုး အကျိုးကို နက်နက်ရှိုင်းရှိုင်း ပျက်စီးစေတယ်။
pasi
December 12, 2011 at 12:56 pm
ကိုဂီဂီ ဖေ့စ်ဘွတ်ကြီး လွန်ခဲ့တဲ့အနှစ်သုံးဆယ်ကပေါ်လည်း သုံးလို့ရမှာမဟုတ်ဘူး ကွန်ဖြတ်ထားမှာ ဘာမှ မပူနဲ့ သူကိုက မီးတုတ်ရှို့ကံမပါတာ ထားလိုက်ပါတော့ အခု သူ့ပြာတွေလည်း ကျနော်တို့ခင်ဗျားတို့ ရှူးရှူး အီးအီးတွေ အမှိုက်တွေနဲ့ရောပြီး ဘင်္ဂလားပင်လယ်အော်ထဲမှာရှိနေမှာပါ (ဦးနေဝင်း ပြာအား ရန်ကုန်မြစ် အတွင်းမျှောသောကြောင့်)