ဆင်းရဲခြင်းများနှင့် မိတ်ဖွဲ့ခြင်း

who whoDecember 12, 20111min4389

“သတ္တဝါတို့ အဖို့၌ ကိုယ်၏ ဆင်းရဲခြင်း၊ စိတ်၏ ဆင်းရဲခြင်း ဟူ၍ ဒုက္ခနှစ်မျိုး ရှိပေရာ၊ ကိုယ်၏ ဆင်းရဲခြင်းသည် ရံဖန်ရံခါမျှသာ ကြုံရ တတ်သော ဒုက္ခမျိုး ဖြစ်၍ စိတ်ဆင်းရဲမှု သည်သာလျှင် မနေတတ်သူများ အဖို့၌ မကြာခဏ ကြုံတွေ့ရတတ်သော ဒုက္ခမျိုးဖြစ်၏။” ဟူသော စာပိုဒ်လေးကို အမှတ်မထင် ဖတ်လိုက်မိတော့ ကိုယ့်ကိုယ်ကိုယ် မနေတတ်တာကို သွားမြင် မိပါတယ်။ ဆရာကြီး ရွှေဥဒေါင်း၏ စာပေတို့ကား ထိလှပေစွ။
တကယ်တန်း စဉ်းစားကြည့်လိုက်တော့ ဆင်းရဲ နှစ်မျိုးထဲက စိတ် ဆင်းရဲခြင်းသည် လွန်စွာမှ အခံရခက်လှပါတယ်။ လူတိုင်းလည်း ဘယ်လောက်ပဲ ပြည့်စုံစေကာမှု စိတ်ဆင်းရဲမှုကတော့ ကြုံကြရတာချည်းပါပဲ။ ဆင်းရဲခြင်းကို သေချာ ခွဲကြည့်ပြန်တော့ လက်ငင်းကြုံနေရတဲ့ ဆင်းရဲ၊ အတိတ်ကို ပြန်တွေး၍ ခံစားရသော ဆင်းရဲရယ်၊ နောက် အနာဂါတ်အတွက် မှန်းမျှော်တွေးဆမိခြင်းအားဖြင့် ဖြစ်ပေါ်လာသော ဆင်းရဲလို့ ဆိုပြီး သုံးမျိုး တွေ့ရတယ်နော်။
ဒီသုံးမျိုးထဲကမှ လက်ရှိကြုံရတဲ့ ဆင်းရဲထက်ကို အတိတ်နဲ့ အနာ ဂါတ်ကြောင့် ရတဲ့ ဆင်းရဲက ပိုနေပါတယ်။ လူတိုင်းကို အလွန်ကဲဆုံး စိတ် ဆင်းရဲမှု ဖြစ်စေတာကတော့ လွန်လေပြီးသော အတိတ်အဖြစ်အပျက်ကို ပြန်လည် ဖော်ထုတ် တွေးတောမိခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ အင်း အနာဂါတ် ကတော့ ကိုယ်ဖြစ်ချင်တာတွေ ကြိုတွေးနေရလို့လားမသိဘူး။ ဖြစ်ချင်တာက အကောင်းတွေချည်းဆိုတော့ အနာဂါတ်ကြောင့် စိတ်ဆင်းရဲရတာက နည်း တယ်ထင်တာပဲ။ တကယ်လက်တွေ့ကျ ကြိုတွေးထားတဲ့ အကောင်းတွေချည်း က ဖြစ်မလာလို့ လက်ငင်းအချိန်မှာတွေ့ရတဲ့ မထင်ထားပဲ ရလာတဲ့ အရာတွေ အပေါ် မကျေနပ်ပြန်တော့ တစ်ခါ စိတ်တွေက ဆင်းရဲ ရပြန်တာလေ။ အဲလို ကြုံလာတဲ့ အချိန်မှာ ဆင်းရဲရတာကတော့ ထားပါတော့လေ။
အဲဒီဆင်းရဲခြင်းသည် တစ်ခဏအချိန်လေးများပဲ ကုန်ဆုံး ပျောက် ကွယ်သွားပြီမို့ နောက်တစ်ခဏ အချိန်မှာတော့ သူဟာ အတိတ် ဖြစ်သွား ပြီနော်။ ဥပမာ ကိုယ့်ကို ကဲ့ရဲ့ပြစ်တင်မှု ခံရတယ် ထားတော့။ အဲဒီ ကဲ့ရဲ့မှုက ပြင်းထန်ရင် ပြင်းထန်သလောက် စိတ်ပေါက်မိမယ်ထား။ အဲဒီ အချိန်လေး ကုန်သွားတဲ့နောက် တစ်ခဏ အချိန်မှာ အဲဒီ ကဲ့ရဲ့မှုဟာ အတိတ်ဖြစ် သွားပြီနော်။ ကဲ့ရဲ့သူကလည်း တစ်ကြိမ်ပဲ ပြုလုပ်သွားတာပါနော်။ ဒါပေမယ့် ခံရတဲ့သူအဖို့ ဒါကြီးကိုပဲ အကြိမ်ကြိမ် ပြန်စဉ်းစားပြီး ရင်ထဲမှာ အသစ် အသစ်သော ဆင်းရဲမှုတွေက အကြိမ်ပေါင်းများစွာ ဖြစ်နေရပြန်တယ်။ ဒါသည်ပင် လွန်လေပြီးသော အတိတ်က ဖြစ်ရပ်များကို ပြန်လည် စဉ်းစား မိတိုင်း ဆက်ပြီးခံနေရတဲ့ ဆင်းရဲပါလားလို့ သိလာရပါတယ်။
ဒါဆို အတိတ်ကို မသွားပါနဲ့လား။ သွားတာနဲ့ ဆင်းရဲမယ်နော် လို့ဆို ပြန်တော့လည်း မစဉ်းစားဘဲ မနေနိုင်တာကို တွေ့ရပြန်တယ်။ အင်း…ဒါဆိုရင် တော့ ဒီစိတ်ဆင်းရဲမှု သံသရာက လွတ်ဖို့ အကြောင်းမမြင်တော့တာမို့ နည်း လမ်းလေးတော့ ရှာပါဟ ဆိုတော့ အဓိက အဆောင်လေးရှိဖို့ လိုလာပါတယ်။
အဲဒါကတော့ “သတိ” ရှိဖို့ပဲပေါ့။ ဘာကို သတိနဲ့ စောင့်မှ ရမှာလဲဆိုရင် ဒီစိတ် ကလေးရဲ့ ဘေးမှာ သတိကိုယ်ရံတော်လေး ချထားမှ ဖြစ်မှာပါနော်။ သတိက စိတ်ကလေးကို ပစ္စုပ္ပန်မှာ နေနိုင်ဖို့ စောင့်ထိန်းပေးတဲ့ သဘောပါပဲ။
ဒီနေရာမှာလည်း သတိနဲ့ သမ္မာသတိ ကွဲပြီးသိဖို့ လိုလာပါတယ်။ သတိကတော့ လမ်းကူးတဲ့အခါ ကားမတိုက်မိအောင် သတိထားတာမျိုး။ ရေစိုနေသော ကြမ်းပြင်မှာ ချော်မလဲအောင် သတိထားသွားတာမျိုးကို ပြောတာပါနော်။ အဲ..သမ္မာသတိ ကတော့ မိမိတို့ စိတ်ကို အလိုမရှိအပ်သော အာရုံမျိုးမှာ မျောပါမသွားစေဖို့ အကျိုးရှိစေမယ့် အာရုံတို့မှာသာ ထားနိုင်စေဖို့ ထိန်းကျောင်းပေးတဲ့ သတိကို ပြောတာပါနော်။
ဘယ်လိုလုပ်ရင် ထိန်းနိုင်မလဲဆိုတော့။ ကိုယ်လုပ်မယ့် အလုပ်ကို လုပ်နေစဉ်မှာကိုပဲ သိပေးနေရမယ်လေ။ တွေးနေရင်းနဲ့ တွေးနေပါလားလို့ သိလိုက်တယ်ဆိုရင် ဒီအတွေးက လူမိသွားလို့ ပြေးရပြီလေ။ အဲလိုပဲ ခု စာရိုက် နေတဲ့အခိုက် စာရိုက်နေတယ်နော်။ မအားသေးဘူး။ တောင်တွေးမြောက်တွေး မလုပ်ချင်နဲ့လို့ သတိပေးထားရပါတယ်။ အင်း..လက်က စာရိုက်ရင်းက စိတ်ကလေးကို လှမ်းလှမ်းပြီး ကြည့်ပေးနေရတာနော်။ ခုတော့ လိမ္မာရှာပါတယ်။ စာလုံးတွေ နောက်လိုက်ပြီး သိနေတယ်လေ။ အင်း ဒါဆို ပစ္စုပ္ပန်ပေါ်မှာ ရောက်နေတဲ့အချိန်လည်းဖြစ်၊ ဒေါသဖြစ်စရာ အာရုံနဲ့လည်းကင်းနေတော့ ငြိမ်နေရှာပြန်ပါတယ်။
ဒါပေမယ့် သိပ်မကြာလိုက်ပါဘူး။ အဲလို ငြိမ်ငြိမ်လေး နေရတာကို ငြီးငွေ့လာပြီနဲ့ တူပါရဲ့။ ဒါပြီးရင် ဘာတွေ လုပ်ရဦးမယ်ဆိုတဲ့ လုပ်စရာ အလုပ်လေးတွေဆီကို စိတ်က လှမ်းနေပြန်ပါပြီ။ အင်း တော်တော်တော့ ထိန်းဖို့ ခက်သား။ ခုပဲ ငြိမ်နေတယ် ပြောတုန်း မလုပ်ရသေးတဲ့ အနာဂါတ်ကာလကို ရောက်သွားပြန်ပါပြီ။ ဟော ပြောရင်းနဲ့တောင် ကြည့်ပါဦး။ အတိတ် အတွေး များဆီသို့ လှည့်တော့မယ့် စိတ်ကလေးရဲ့ လည်တိုင်လေးကို ခပ်ဆတ်ဆတ်လေး သတိနဲ့ လှမ်းထိန်းလိုက်ရင်း “အားလုံးပဲ ဆင်းရဲလွတ်ရာသို့ သမ္မာသတိ နှင်တံလေးနဲ့ ထိန်းလို့သာ သွားကြပါစို့”လို့ လှမ်းပြောလိုက်ပါတယ်နော်။

9 comments

  • parlayar46

    December 12, 2011 at 11:19 pm

    ဆရာကြီးရွှေဥဒေါင်းကတော့ ဟိုနည်းသည်နည်းတွေ လျှောက်လုပ်ကြည့်ရင်း
    စိတ်ကို အဆင့်ဆင့် အတွေးဆက်မပွားစေပဲ
    မြင်လျှင်မြင်ရုံမျှ ကြားလျှင်ကြားရုံမျှ နဲ့ ပစ္စုပ္ပန်မှာထားတဲ့နည်းကို
    ဒိဌေ ဒိဌမတ္တံ ဆိုတဲ့အမည်နဲ့ ကိုယ်လဲကျင့် သူများလဲ ဟော(သင်)ခဲ့ဘူးပါတယ်။
    စိတ္တာနုပဿနာ နည်းရဲ့ တစိတ်တပိုင်းပါပဲ။
    ဘုရားဟော သုတ္တန်က တိုက်ရိုက်ယူပြီး ကျင့်တယ်ဆိုပါတော့။
    မိုးကုတ်ဆရာတော်ကြီးရဲ့ ဝေဒနာနဲ့ တဏှာကြား ပဋိစ္စ-သမုပ္ပါတ် စက်ဝိုင်းကို ဖြတ် တာနဲ့ သဘောတူပါတယ်။
    မဟာစည်နည်းအတိုင်း မြင်ရင်မြင်တယ်၊ ကြားရင်ကြားတယ် ၊ လှမ်းရင်လှမ်းတယ်၊ ထိုင်ရင်ထိုင်တယ် လို့ – ကိုယ်အမူအယာ စိတ်အမူအယာတခုခုဖြစ်တိုင်း သူ့ရဲ့သဘာဝလက္ခဏာတခုခုကို လက်ဦးအောင် ရှု့မှတ်လိုက်တာလဲ ဒီသဘောပါပဲ။

    တခါတခါတော့ ငြိမ်ငြိမ်နေမိတဲ့အခါမှပဲ
    လှုပ်နေရတာ ဘယ်လောက်ပင်ပန်းတယ်ဆိုတာ
    ခပ်ရေးရေး ရိပ်မိတော့တယ်။

    • kai

      December 13, 2011 at 4:36 am

      ရှေးရှေးက…
      ဝိပဿနာကို.. တိဘက်ဘုန်းကြီးတပါးက.တိဘက်… မြန်မာပြည်ကနေ.. သီဟိုသွားရင်း.. မြန်မာပြည်မှာ.. ထားရစ်ခဲ့တာလို့.. ဘာသာရေးသမိုင်းစာအုပ်တအုပ်မှာ ဖတ်ဖူးတယ်..။
      အဲဒါ… ဘုန်းကြီးဘွဲ့ဘယ်လိုမှ မမှတ်မိတော့လို့.. ဦးပါလေရာ..သိရင်ပြောပြပါလား..။
      ဝိဆိုတာ.. အထူးပြုတာလို့ မှတ်ဖူးပါတယ်..အဲဒါလည်းဟုတ်မဟုတ်… ပြောပြပါဦး..

      ဆိုတော့..
      စိတ္တာနုပဿနာ..အနုပဿနာ… နု… အနုစိတ်..အသေးစိတ်..
      အဲဒီစာလုံးကတော့.. ပိဋကတ်သုံးပုံထဲတော်တော်ပါတယ်.. မှတ်မိပါတယ်..။
      အဲဒါလေးလဲ… 🙂

      • ဦးဦးပါလေရာ

        December 13, 2011 at 11:51 pm

        သူကြီးအရည်ကျိုသောက်ထားတဲ့အကြောင်းတွေများ ပြောခိုင်းနေသေးတယ်။ မသိရင်ခက်မယ်။

        သူကြီးပြောတဲ့ သီဟိုသွားဘုန်းကြီးအကြောင်းက ဆရာတော်တပါးပြောဘူးလို့ ကြားဘူးရုံပါပဲ။ အသေးစိတ်ရော အမည်တွေရော မမှတ်မိတော့ဘူး။ ပြောပြသူကလဲ အဟုတ်အမှန်အဖြစ် အလေးအနက်ပြောတာမဟုတ်လို့လေ။
        ဗဟုသုတအဖြစ် သူကြီးကပြောပြရင် ပိုကောင်းမယ်။

        ဝိပဿနာဆိုတဲ့အသုံးအနှုံးကိုတော့ ဘုရားဟောတိုက်ရိုက်အဖြစ် မကြားဘူးပါဘူး။
        ဒီအသုံးအနှုံးကို လယ်တီဆရာတော်ကြီးရဲ့ ရှေ့မှာ မတွေ့ဘူးသေးဘူး။ ရှေးကဘုန်းကြီးတွေက ပါဠိနိုင်ကြတော့ ကိုယ့်စကားအဖြစ် (အထူး+ရှုမှတ် တာကို) ပါဠိလိုပြောရင်း တွင်သွားတာလို့ ထင်တာပါပဲ။ ဒီအသုံးအနှုံးက မြန်မာပြည်မှအပ အခြားနိုင်ငံများက ဗုဒ္ဓဘာသာတွေထဲမှာလဲ ရှိတယ်လို့ မကြားဘူးပါဘူး။

        ဒါပေမယ့် ဝိပဿနာဆိုတာ သတိပဌာန်လေးပါးနှင့် အတူတူပါပဲ။ အဲဒီနည်းတွေနဲ့ပဲ ရှုမှတ်ရတာပါ။
        မြန်မာပြည်မှာ ဝိပဿနာနည်းတွေကွဲနေတာကတော့ “စ” ရှုမှတ်တဲ့ပုံစံ နည်းလမ်းတွေကို ကိုယ်တွေ့အတိုင်း အသီးသီးပြန်ဟော(သင်)ကြရင်း တမျိုးစီတပုံစံစီလို့ ထင်ကြရတာဖြစ်ပါတယ်။
        အလည်လောက်ရောက်တော့ အတူတူဖြစ်တာ များပါတယ်။

        တနေ့အခွင့်သာရင်တော့ ကျွန်တော်နားလည်တဲ့ ဝိပဿနာကို သူကြီးရဲ့ ဇင်ဗုဒ္ဓဘာသာက enlightenment အကြောင်းနဲ့ ဖလှယ်ချင်ပါသေးတယ်။

        မျက်စိကျယ်ကျယ်ဖွင့်ပြီး နားကြီးကြီးနဲ့ နားထောင်တဲ့ယဉ်ကျေးမှု့မျိုး ရှိတဲ့ ဘာသာရေးဆိုက်ကလေးများတွေ့မိရင် လက်တို့ပါဦး။
        စိတ်ပါတဲ့သူတွေ သွားပြောကြရအောင်လေ။

        • MaMa

          December 14, 2011 at 9:04 am

          ဦးပါလေရာရဲ့ ဆွေးနွေးချက်တွေကိုလည်း မျက်စိကြီး နားကြီးဖြစ်အောင် ဖတ်မှတ်ချင်လို့ ရွာထဲမှာလည်း ပြောပေးပါဦးလို့… 🙂

    • whowho

      December 13, 2011 at 9:58 am

      အင်းဗျာ။ ဒိဌေဒိဌမတ္တံဆိုတာက ဉာဏ်အားကောင်းသူများအတွက်သာ အဆင်ပြေမယ်လို့ ထင်ပါ တယ်။ သာမာန် အားထုတ်ခါစသမားကတော့ မလွယ်တာအသေချာပဲ။ ကျနော်လည်း ဘာရယ်မ ဟုတ် ရွှေဥဒေါင်းရဲ့ စိတ်သဘာဝကိုလေ့လာခြင်းဆိုတဲ့စာအုပ်လေးကို စိတ်ဝင်စားလို့ ကောက်လှန်ရင်းက ဖတ်မိတာလေးနဲ့ ကိုယ့်ကိုယ်ကိုယ်ပြန်ဆုံးမမိတဲ့ စာလေး တစ်ပုဒ်ထွက်လာတာလေးပြန်မျှလိုက်တာပါ။
      လူကငြိမ်နေသော်ငြားလည်း ခန္ဓာတွင်းက တရစပ်ပျက်နေတာတွေကို အတိုင်းသားမြင်ရတဲ့အခါ မှာဖြစ်လာတဲ့စိတ်ကလေးရဲ့ ပင်ပန်းမှုကတော့ မဆိုနိုင်ပါဗျာ။

  • aye.kk

    December 13, 2011 at 4:06 am

    သဒ္ဓါတရား..
    ထားကြသူငါ..
    များစွာကိုယ်စိတ်ချမ်းသာ၏..။
    ကိုယ်ဆင်းရဲမှု၊စိတ်၏ဆင်းရဲမှုအပေါင်းကင်းဝေးကြစေဖို့ယုံကြည်မှုသဒ္ဓါတရားထားရှိရန်လိုအပ်ပေသည်..
    သဒ္ဓါဟူသည့်ယုံကြည်ခြင်းသည်ဘုရား၊တရား၊သံဃာ၊ကံနှင့်ကံ၏အကျိုးပေးဖြစ်၏ ယုံကြည်မှုကြောင့်ပင်
    ဘုရားတရားသံဃာတို့ကိုကိုးကွယ်ဆည်းကပ်ကြသည့်အတွက်စိတ်ဓါတ်တွေကြည်သွားကြပေ၏ ၊ ကုသိုလ်ကံများပြုသည့်အခါ ၊ ကုသိုလ်ကံများ၏အကျိုးပေးတို ့ကိုဆင်ခြင်လိုက်သည့်အခါစိတ်ဓါတ်တွေ ကြည်လင်လာကြပေသည် ၊ သဒ္ဓါတရားထားရှိကြသည့်ပုဂ္ဂိုလ်တို့သည်မိမိတို့၏လောဘ၊ဒေါသ၊မောဟစသော
    ကိလေသာအညစ်အကြေးတို့ကိုသီလဆောက်တည်ခြင်း၊သမထဝိပဿနာပွားများအားထုတ်ခြင်းတို့ဖြင့်
    သန့်ရှင်းစင်ကြယ်အောင်ပါယ်သတ်ကြပြီးလျှင် စိတ်ကိုတင့်တယ်ကြည်လင်လာအောင်ပြုလုပ်ကြကာစိတ်၏ဆင်းရဲမှု ၊ ကိုယ်၏ဆင်းရဲမှုတို့ ့ကင်းဝေးကာချမ်းသာမှုကိုရရှိကြပေသည် ၊သဒ္ဓါတရားထားရှိခြင်းဖြင့်ကိုယ်စိတ်နှလုံးတို ့ဆင်းရဲမှုကင်းဝေး
    ပါစေကြောင်းမိမိအမြင်လေးအားထပ်ဆောင်းကာပြောပြလိုက်ပါရစေ..။

  • small cat

    December 13, 2011 at 4:44 am

    ကျနော် ဒီအကြောင်းတွေကိုစာသိ သိနေတာကြာပြီ၊ တကယ်နှလုံးသားထဲကမသိနိုင်သေးဘူး၊ တော်တော်ကျင့်ယူရဦးမယ်ထင်တယ်။

  • winkyawaung

    December 13, 2011 at 1:00 pm

    စိတ် ကို စောင့်ကြည့်တတ်အောင် လိုရင်းကို တင်ပြပေးသွားလု့ိ အထူးကျေးဇူးတင်ပါတယ်။
    သတိ ဆိုတာ ဆားပမာ ဘယ်ခါမမေ့အပ် ။ လို့ ရောပြီးသိထားတာပါ။ သမ္ပာသတိ ကို မေ့နေကြပါတယ်။

  • manawphyulay

    December 13, 2011 at 1:42 pm

    မစင်ကြယ်သော အတွေးအကြံစိတ်ကိုလိုက်သူသည်
    ယခုဘဝရော နောက်ဘဝပါ နှစ်ဘဝလုံး
    ဆင်းရဲဒုက္ခရောက်လိမ့်မည်…
    ကိုယ်ပြုသည့် မကောင်းမှုကို မြင်သည်နှင့်အမျှ
    ကြီးမားစွာ ဆင်းရဲပူပန်ရမည်သာဖြစ်၏…

Leave a Reply