ငါ့မှာလည်း အဖိုးရှိတယ်…….

nyanayMay 26, 20101min902

သိပ်ကောင်းတဲ့ပုံပြင်လေးပါ။

တစ်ခါတုန်းက ဦးထုပ်ရောင်းသမားတစ်ယောက်ဟာ သူ့အိမ်ကထွက်ပြီး ဈေးကို
သွားရောင်းတယ်….။

ဦးထုပ်တွေကို ခြင်းကြီးနှစ်လုံးထဲမှာထည့်ပြီး အလယ်ကဝါးလုံးနဲ့လျှိုပြီး
ထမ်းလာတယ်…။

နေပူလို့ ဦးထုပ်တစ်လုံးကို သူဆောင်းထားတယ်…။ လမ်းတစ်ဝတ်မှာ
ညောင်ပင်ကြီးတစ်ပင်အောက်သူရောက်
လာတယ်…။

ခြင်းတောင်းကြီးနှစ်တောင်းကို နေပူထဲမှာ ထမ်းလာရတော့ သူအလွန်မောနေပြီး…။

ညောင်ပင်ကြီးရဲ့ အရိပ်အောက်ရောက်တော့ အေးမြသွားတယ်..။
ခေတ္တထိုင်နားချင်စိတ်ပေါက်သွားတယ်…။ ခြင်းတောင်းကြီးကို ပစ်ချပြီး
ညောင်ပင်ကြီးကို မှီနားလိုက်တယ်…။ ခြေပစ်လက်ပစ် အနားယူရင်း
သူအိပ်ပျော်သွားတယ်…။ အိပ်ယာက နိုးလို့ ကြည့်လိုက်တော့
သူ့ခြင်းတောင်းထဲမှာ ဦးထုပ်တွေ တစ်လုံးမှမရှိတော့ဘူး..။

သူ့ရင်ဘတ်မှာ ကပ်ထားတဲ့သူ့ဦးထုပ်ပဲကျန်တော့တယ်…။ ဦးထုပ်တွေ
ဘယ်ပျောက်သွားသလဲလိုက်ရှာတော့ ညောင်ပင်ပေါ်က
မျောက်တစ်အုပ်ရဲ့ခေါင်းတွေပေါ်ရောက်ကုန်တယ်…။ အဲဒီဦးထုပ်တွေ သူပြန်ရအောင် ဘယ်လိုလုပ်ရပါ့မလဲဆိုပြီး အကြံထုတ်တယ်…။ သူက အားတဲ့အချိန်မှာ
အမြဲစာဖတ်တဲ့အကျင့်ရှိတော့ ပြဿနာတစ်ခုကို ခေါင်းအေးအေးထားပြီး
စဉ်းစားဖြေရှင်းတတ်တယ်…။ နာရီဝက်လောက်စဉ်းစားပြီး သူအကြံရသွားတယ်…။

သူ့လက်ထဲက ဦးထုပ်ကို ခေါင်းပေါ်မှာ ပြန်ဆောင်းပြီး
မျောက်တွေမြင်သာတဲ့နေရာကို ထွက်လိုက်တယ်…။
မျောက်တွေမြင်လောက်ပြီထင်တော့မှ ဦးထုပ်ကိုချွတ်ပြီး ခေါင်းကုတ်ပြတယ်…။
မျောက်တွေကလည်း သူ့ကို အတုခိုးပြီး ဦးထုပ်ချွတ်ခေါင်းကုတ်ကြတယ်…။
ဒါနဲ့ပူလွန်းလို့ ဦးထုပ်တောင်မကိုင်ချင်တဲ့ပုံစံနဲ့ သူက ဦးထုပ်ကို
မြေကြီးပေါ်ကို ပစ်ချလိုက်တယ်…။ မျောက်တွေကလည်း သူလုပ်တာမြင်ပြီး
သူတို့လက်ထဲက ဦးထုပ်တွေကို ပစ်ချလိုက်ကြတယ်…။ ဒီတော့မှ သူဟာ
မျောက်တွေပစ်ချတဲ့ဦးထုပ်တွေ အလျင်အမြန်ကောက်ပြီး
ခြင်းထဲထည့်လိုက်တော့တယ်…။

ဒီနည်းနဲ့ မျောက်တွေလက်ထဲက ဦးထုပ်အားလုံးကို သူပြန်ရလိုက်သတဲ့…။

နောင်နှစ်ပေါင်း (၂၀) ကြာတဲ့အခါ စောစောက ဦးထုပ်သည်ကြီးရဲ့ မြေးကလေးက
ဦးထုပ်အရောင်းထွက်သတဲ့…။
သူ့အဘိုးအိပ်စက်နားခဲ့တဲ့ညောင်ပင်ကြီးအောက်ရောက်တော့
ဦးထုပ်တောင်းကိုချပြီး အနားယူပြန်သတဲ့….။ ခြေပစ်လက်ပစ်နားရင်း
အိပ်ပျော်သွားတယ်…။

အိပ်ရာက နိုးတော့ခြင်းထဲက ဦးထုပ်တွေမရှိတော့ဘူး…။ ညောင်ပင်ပေါ်က
မျောက်တွေခေါင်းပေါ်ရောက်နေတယ်…။ ဒီတော့ သူ့အဘိုးပြောခဲ့ဖူးတာ အမှတ်ရပြီး သူ့အဘိုးနည်းအတိုင်း ဦးထုပ်တွေပြန်ရအောင် ကြိုးစားတယ်…။ သူက ဦးထုပ်ကိုချွတ်ပြီး ခေါင်းကုတ်တယ်..။ မျောက်တွေကလည်း
သူ့လိုလိုက်လုပ်တယ်..။ သူက ဦးထုပ်တွေနဲ့ ယပ်ခတ်ပြပြန်တယ်…။
မျောက်တွေကလည်း သူတို့ဦးထုပ်တွေနဲ့ ယပ်ခတ်ကြပြန်တယ်…။

နောက်ဆုံးမှာ သူကလက်ထဲက ဦးထုပ်ကိုလွှင့်ပစ်လိုက်တယ်…။ ပြီးတော့
သူ့လိုဦးထုပ်တွေ ပစ်ချမလားဆိုပြီး မျောက်တွေကို မော့ကြည့်တယ်…။
ဘယ်မျောက်မှ ဦးထုပ်ကို ပစ်မချကြတော့ဘူး…။ လက်ထဲမှာ
အသေဆုပ်ကိုင်ထားကြတယ်…။သူလည်းအံ့ဩငေးမောကြည့်နေတုန်း မျောက်တစ်ကောင်က
သူပစ်ချလိုက်တဲ့ဦးထုပ်ကို ကောက်ပြီး သစ်ပင်ပေါ်တက်သွားသတဲ့…။

သစ်ပင်ပေါ် ပြေးမတက်ခင် အဲဒီမျောက်က သူ့ကိုစကားတစ်ခွန်းပြောသွားတယ်…။

´´မင်းမှာ အဘိုးရှိသလို တို့မှာလည်း အဘိုးရှိတယ်ဆိုတာ မမေ့နဲ့လေ´´ တဲ့…..။

အခက်အခဲတစ်ခုခု တွေ့ကြုံလို့ လုပ်နေကျ နည်းဟောင်းအတိုင်း ဖြေရှင်းဖို့
တွေးမိတဲ့အခါ ဒီပုံပြင်လေးကို အမှတ်ရပါစေ…။

2 comments

  • လင်းဝေကျော်

    May 26, 2010 at 7:33 am

    ဒီပုံပြင်ကို ကြားဖူးတာ ကြာပါပြီး။ ပုံပြင် ဥပမာတွေကို သိပ်သဘောမကျလို့။
    ဘာဖြစ်လို့သဘောမကျတာတုန်းဆိုရင် တကယ့် တွေးခေါ်စဉ်းစားနိုင်မှုကို လက်တွေ့ကျတဲ့ ချဉ်းကပ်မှုကပေးတာမဟုတ်လို့ပါ။
    တကယ်တော့ ဟုတ်သလိုလိုနဲ့ ပုံပြင်က..
    ၁) ပထမ တစ်ခါ မျောက်ဘယ်နှစ်ကောင်ရှိတာတုန်း သစ်ပင်ပေါ်မှာ ( ဦးထုပ်ကောက်တဲ့အခါဘယ်လောက်မြန်မလဲဆိုတာစဉ်းစာဖို့ )
    ၂) သစ်ပင်က ဘယ်လောက်မြင့်တာတုန်း ( ဦးထုပ်တွေလေမှာ ဝဲပြီး ဆင်းလာတာရယ် ၊မျောက်တွေဆင်းလာပြီး ကောက်ဖို့ရယ်ကို စဉ်းစားဖို့ )
    ၃) မျောက်တွေက ဦးထုပ်သည် လိုက်ကောက်တော့ သူတို့ကော လိုက်မကောက်ကြဘူးလား
    ၄) မျောက်တွေတောင် အဘိုးဆီကသင်ထားသေးတာ လူမြေးက ဘာဖြစ်လို့ အဖိုးသင်ခန်းစာမယူပဲ သွားအိပ်တုန်း

    ဒီလို ပုံပြင်တွေ အစား ပြဿနာ ကို ခွဲခြမ်းစိတ်ဖြာနည်းတွေ ၊ အသိဉာဏ်နဲ့ တွေးခေါ်မြော်မြင် မှုတွေ ကို သာ ဖြန့်ဝေတာ ပိုကောင်းမယ်ထင်ပါတယ်။
    ဘာပဲဖြစ်ဖြစ် ပုံပြင်ဆိုတာတော့ ဖတ်လို့ကောင်းပါတယ်။ ဖတ်ပါများရင် ကလေး ဆန်လွန်းတာ ဖြစ်တတ်တာတော့ သတိထားသင့်ပါတယ်။

  • narziparty2009

    August 3, 2010 at 3:29 pm

    ပုံပြင်လေးကပေးတဲ.ဗဟုသုတကလည်းတော်တော်ကောင်းပါတယ်နက်နက်နဲနဲမတွေးရင်ပေါ.တော်တော်လည်းဗဟုသုတယူလောက်ပါတယ်
    ကိုလင်းဝေကျော်ပြောတာကလည်းဟုတ်သလိုပါပဲဒါပေမဲ.ပုံပြင်ကပြောထားတယ်လေအဖိုးအိုကခပ်မြန်မြန်လိုက်ကောက်တယ်လို.ဘာပြောပြောကောင်းပါတယ်ပုံပြင်လေးကကြိုက်ပါတယ်

Leave a Reply