အမေ….ကျွန်တော်သေရင်
အမေ….ကျွန်တော်သေရင်
အို အမေ အမေ
ကျွန်တော်သေရင်
အလောင်းကို
အလှမပြင်နဲ့
ဒီခန္ဓာဝန်
ပုတ်ပွမှာ
အသေချာ ပါ။
အို အမေ အမေ
ကျွန်တော်သေရင်
ကိုကျော်သူ လိုမျိုး
ဟီးရိုးတွေ အကူအညီတောင်း
အကောင်းဆုံးက
နာရီပို်င်း ဖြစ်ဖြစ်
အမြန်အလျှင်ပစ်
ကျန်ရစ်ခဲ့ရမှာ
မကြောက်နဲ့
“ကြာလည်းအရွေ့
ငါလည်းတစ်နေ့”
လို. မှတ်နော်။
အို အမေ အမေ
ကျွန်တော်သေရင်
အိုးခွဲ တဲ့ အကျင့်
မလုပ်ရစ်နဲ့နော်
ကောင်းမှု့ပြု လေ
အမျှ ရင် နှင့် ဝေ
သားကြီး ရေ လို့။
အို အမေ အမေ
ကျွန်တော်သေရင်
လူလယ်ခေါင်မှာ
ပြုံးရင်း နဲ့ ငိုချင်ငို
ငိုပြီးရင်းတော့မငိုနဲ့
တကယ် မလိုအပ်ဘူး
“ကြာလည်းမမေ့
ငါလည်းတစ်နေ့”
မဟုတ်လား။
အို အမေ အမေ
ကျွန်တော်သေရင်
မြေလည်းမမြုပ်
ဂူမလုပ်နဲ့
ဒီလူပုပ် ကို
မီးရှို့ထုတ် လိုက်
အမိုက်ခံ ပြီး
သည်မြေကြီး ခင်မျာ
မသယ်ခို်င်းပါနဲ့
ကျန်သူတွေအတွက်
နေစရာ ခက် လို့ပါ။
အို အမေ အမေ
ကျွန်တော်သေရင်
ရက်မြန်မြန်လည်
တံခါးပိတ်ချင်ပိတ်
ဝိဉာဉ်လည်းမခေါ် နဲ့
စက္ကူ ရုပ်တွေ
စက္ကူ တိုက်တွေ
စက္ကူ ပို်က်ပိုက်တွေ
မထည့် မလုပ် နဲ့
သား အခေါင်း ရှုပ် လို့
ဘယ် ဂတိ လား
ဘယ်ကိုသွား
တစ်ဝဲလယ်လယ်
သိနိုင် မယ် မှ မဟုတ်တာ။
အို အမေ အမေ
ကျွန်တော်သေရင်
သံယောဇဉ်စကား
ပြောထားချင်သေးတယ်
ကျွန်တော်ချစ်တဲ့
ကျွန်တော့်ချစ်သူများအကြောင်း။
ဦးမျိုးကို ပြောလိုက်
“ဆေးလိပ်တွေ သောက်
အမိုက်နောက်မလိုက်နဲ့တော့” လို့။
ဦးလေးပေါက် ကို ပြောပါ ဦး(အုံး)
“တစ်လုံး နှစ်လုံး စာစီ မကုံးနဲ့” လို့။
မသီတာ က တဆင့် ဖိုးဝ ကို ကျ
“ဟိုတစ်မနက် ကလို
သူ့ ရုပ်အလှ
သုံ မှုန် ပြ နေရင်
ကာစတန်မာ တွေ
ထပြန်ချင် ပေ လိမ့်မယ်
မရှိလည်းပြုံး ရှိလည်းပြုံး
မင်းအလုပ်က
ကုသိုလ်လည်းရ
ဝမ်းလည်း ဝ
အများပျော် ရစ် မဲ့
ဆားဗစ် ဆားဗစ် ပေးဖို့လို့”။
ကိုသက်အောင် ခေါ်
ဆရာ သက်
တွင်ရစ်တဲ့ အမည် ကတော့
အလွန်ချစ် ချစ်လွန်းလို့ပေးကြ
“ကျလစ် ကျလစ်”တဲ့
တစ်ဗျစ်ဗျစ် ပြောတဲ့
ဒီပါးစပ်ကြောင့် ပေါ့
ချစ်စရာတော့ကောင်းပါတယ်
စုစည်းကြည့်မယ်ဆိုရင်
သူပြောတဲ့စကား
ကြိုက်တာတစ်ခုရှိတယ်
“ငွေ ရှိလို့ ဘောမ(flattering, snobbish)တာမျိုး
သက်အောင် မပါဘူး” တဲ့။
ဘတင့် ကြီးလည်း
“အယူသည်း ခြင်းတွေဖျောက်
ကိုယ်တိုင် လျှောက်မှ
ပန်းတိုင်ရောက်မှာ
အမဲ ဝတ်ရင် ကံမကောင်း
အဖြူ ဝတ်ရင် ကံကောင်း ဆိုတဲ့
ပုပ်သိုးအတွေးတွေ
ဘေး ဘေးဖယ်ရစ်တော့” လို့။
သွေးသား မဝေး တဲ့
ဗိုလ်တစ်ကောင်ရှိသေး
မင်းအောင် တဲ့
“ပါးစပ် သေနတ် နဲ့ ချိန်
ကျေးဇူးရှင် ကို ကိန်ကိန် နဲ့
ပြန် မကိုက်” နဲ့လို့။
ခဏခဏ ပြော ရတော့
မောတော့မောတယ်
ဒါပေမဲ့မမောပါဘူး
ဆရာဘော(သချာင်္ကထိက ဦးသိန်းထွန်း မန္တလေး) တဲ့
“သချာင်္ဆရာ ရေ
နေရာ တစ်ကာမှာ
ပေါင်းသင့်ရင် ပေါင်း
နှုတ်သင့်ရင်နှုတ်” လို့။
ကားပွဲစားကြီး
ကိုသိန်းဇော် ကို ပြော
“နှုတ်ကြောင့် သေ
လက်ကြောင့် ကြေ”
“သိတိုင်းမပြောနဲ့
မှန် အကျိုးရှိမှ ပြော” လို့။
သားတပည့်တွေကိုလည်းပြော
“အင်္ဂလိပ်ဘာသာသဘောက
ကိုယ်က စ ချစ် မှ
သူကပြန် ချစ် တဲ့
လစ်ဗင်းလန်းဂွစ်(ချ်)” လို့။
ဂေဇတ်က ကိုခိုင် ကို ပြော
သား အတောမသတ်နိုင်အောင်
သန့်ခယူးပါလို့။
မမ ကို မှာ
စားလုံးပေါင်း အမှားများ
သား..သား
နောက်ဘဝထိယူသွားဦး(အုံး)မယ်
ထင်ပါရဲ့ လို့။
အမေရေ
ပူ့ချ် ညီမလေး ကျတော့
ဖျောက်မရ တဲ့ သမိုင်းတွေကို
ကိုယ့် အလှည့်ကျမှ မရိုင်းအောင်
ဝိုင်းထိန်းထားပါလို့။
ပေါက်ဖေါ် ကြီးကျတော့
သောက်တော်ပါတွေနဲ့
ကိုကြီးဖေါ် ပလီလွန်းတယ်
ဂျွန်းပြန်အောင် က ရင်
ငဆန်နီ ကိုလည်း
သတိရလို့။
ကိုသစ်မင်း ရေ..
Vicious Circle အကြောင်း
မရေးဖြစ်တဲ့ ယောက်ဖလောင်း
ငဆန်နီ ခင်မျာ ကို
အကြည်အသာ ခွင့်လွှတ်ပါလို့။
ဝင်းတော့ကာ ညီလေး
မင်းမတော်တာတွေမလုပ်နဲ့
ဘောပွဲ မလောင်းနဲ့
ဘာညာမသောက်နဲ့
ဘေဒင်(ဗေဒင်) မမေးနဲ့
ဘုလည်းမပြောနဲ့
ဘေးလည်းမထိုင်နဲ့
ဘုရင်တစ်ပါး ချစ်ခြင်းတရားလဲ ဖတ်။
ကိုဘလက်ချော ကြီးရေ
ကျုပ်အားကျလိုက်တာ
ခင်ဗျားလို ခရီးသွား
ကျုပ်အားကျလိုက်တာ
ကြည့်ကြည့်ရင်းကြိုက်
အရမ်းမိုက်တဲ့
အကို့ ဓါတ်ပုံ ပိုစ့်တွေ
ကြည့်လို့လေမဝ။
အမေ… ပြောပေး
ကိုပေါက် (မန္တလေး) ကို
သူ့အတွေး
သူ့အရေး
ခေသူမဟုတ် လို့။
အင်ဇာဂီ ကိုတော့
အထပ်ထပ် အထပ်ထပ်ပြော
ငဆန်နီ မှတ်မိတဲ့
တစ်ကြောင်းတည်းသောစကား
“အာရေးကတို ကိုဇိုင်းမပ်စ်”လို့။
ကိုရင်စည်သူ ကိုမှာ
ငါးပါးသီလ
လုံနိုင်မှ ကောင်း
ဒကာ ငဆန်နီ
သွားနှင့်ပြီလို့။
အင်း
အားလုံးကတော့
ကျွန်တော်သေရင်
ပြောချင်ကြမှာပါ
ကိုယ့်ဘို့ ကိုယ်ကြည့်
ကိုယ့်အချိန် ကိုယ်ညှိ
အတော်ရှည်တဲ့ဒီကဗျာ
အတော်ရှည်တဲ့ဒီ လျှာ (tongue)
ဒီငတိ ငဆန်နီ
“သေကာမှ အေးပြီ” လို့။
ကျွန်တော့် သိ တဲ့ မရဏာနုဿတိ(သေချင်းတရားကိုသတိထား တဲ့)
ဘာဝနာ ကို ခံစားပြီး ကဗျာရေးကြည့်ခြင်းပါ။ ကျွန်တော်သုံးမိသော အမည်များမှာ ကျွန်တော့်သူငယ်ချင်းများဖြစ်ပါသည်။ ဂေဇတ်မှ ချစ်မိတ်ဆွေများ
ဖတ်ရင်း စိတ်အခန့်မသင့်ပါက တောင်းပန်ပါသည်။
ကျွန်တော့်ကိုအကြောင်းကြားပါ။ ကျွန်တော် edit (ပြုပြင်ပြီး ပြန်ဖျက်ပေးပါမယ်နော် ) ကျွန်တော့် အမေ က တော့ ဒီကဗျာလေးဖတ်ပြီး ငိုပါလေရော။ ဒါပေမဲ့ ငိုရင်း ပြုံးပါတယ်။ သေခြင်းတရားဆိုတာ ရင်ဘတ်နဲ့ကျောလိုပဲ ကပ်နေတာပဲလေ။ ကျွန်တော်ဒီကဗျာလေးကို အပျော်ရော အလွမ်းရော အကြမ်းရော ရောစပ် ခံစားထားတာပါ။
ချစ်ခြင်းအားဖြင့်……ကိုဆန်နီ………………..၁၆-၁၂-၂၀၁၁
19 comments
Sonny
December 15, 2011 at 2:00 pm
ဂေဇတ်မိတ်ဆွေများ
ကျွန်တော့်အားကွန်မင့် ပေးသူများ အာလုံးကို
ကဗျာထဲ မှာ အမည် ထည့်မစပ်ခဲ့ပေမဲ့
အားလုံးကျွန်တော့်ရင်ထဲမှာ ရှိပါတယ်။
ကျွန်တော့်ရဲထဲက ကဗျာ ထာဝရ ကဗျာမှာ ပါကြပါတယ်။
ချစ်ခြင်းအားဖြင့်….ကိုဆန်နီ
kotun winlatt
December 15, 2011 at 2:12 pm
ဟုတ်..ကဲ့..ပါဗျာ…
ကဗျာလေးးဖတ်ပီးးးး
ငါလည်းးးးတစ်နေ့…..
ငါလည်းးး တစ်နေ့…..
ဪ……
pooch
December 15, 2011 at 2:26 pm
ကိုဆန်နီ အနော်လည်း ငိုချင်တယ်….
ကျေးဇူးပြုပြီး တီချယ့်ကို အစောကြီး ခွဲမသွားပါနဲ့…
အနော့်တီချယ်လည်း လောကဓံကြီးရဲ့ ရိုက်ပုတ်တဲ့ဒဏ်ကို အဆုံးစွန်ထိ…….. ………ခံခဲ့ရပြီးပြီမို့
နောက်ထပ် နေခွင့်ရခိုက်လေးမှာ
အတတ်နိုင်ဆုံး ကြာနိုင်သမျှ ကြာကြာလေး
အဖော်ပြု နေပေးပါလို့ …..
inz@ghi
December 15, 2011 at 2:47 pm
သည်လို ..
သံဝေဂ နဲ့ ရသ
ှမျှတအောင် ချယ်သပါတဲ့
စာ ကဗျာ မှာ
နော့် နာမည်ပါ ထည့်ရေး
ချီးမြှင့်ပေး ပါတဲ့ အစ်ကိုဆန်နီကို
ကျနော်ကလည်း …
နှိုင်းမတုအောင် သိုင်းခရု ပါလို့ ….
တကယ်တော့….
သေခြင်းတရားဆိုတာ..
လူတိုင်းပေးရမယ့်အကြွေး…
မဆွေးရဖို့တွေးလို့ …
ဖေးမလို့ ရေးပါ့မယ်….
ကျနော် အရင်သွားဖြစ်မယ်ဆိုရင်လည်း…
အို….
လုံးဝ ဝမ်းနည်းကြေး ………
etone
December 15, 2011 at 3:25 pm
အမေ …
ကျွန်တော်သေလျှင်
ကျွန်တော့ မိန်းမ
ကြည့်မရလည်း … အပ်ခဲ့ပါရစေ……..အမေ …
အမေ …
ကျွန်တော်သေလျှင်
ကျွန်တော့် ကလေး
မျောက်ရှုံးလေးတွေကို
ပြုစုထိန်းပေး …. အမွေလည်းခွဲပေးပါ … အမေ …
အမေ
ကျွန်တော်သေလျှင်
ကျွန်တော့်အကြွေး
စုပြုံထွေးလည်း … အတိုးနှစ်ဆ …. ဆပ်ပေးလိုက်ပါ .. အမေ …
(ခင်လို့စတာနော် … နောက်တာမဟုတ်ဘူး … စိတ်ထဲပေါ်လာတာလေးကောက်ရေးပြီး စလိုက်တာ .. .ဟီး .. . 😀 )
TTNU
December 15, 2011 at 3:34 pm
မအိတုန်လေး
အလွန်တော်တယ်။
တွေးတတ်လိုက်တာ၊ ချစ်စရာကောင်းလိုက်တာ။
ဟုတ်ပါ့၊ မအေ စိတ်ဇနိုးဇနောင့် ဖြစ်အောင်ရေးသွားလိုက်တာလေ။
မအိတုန်လေး ကဗျာနဲ့မှ ဂွပ်ခနဲပဲ။
အဲဒီလိုသာ ချန်ထားခဲ့ရင် အမေတော့ သေပြီဆရာ။
etone
December 16, 2011 at 10:18 am
ဟီး .. တီချယ်ကြီးရေ … ကျွန်မက စပြီးရေးလိုက်တာပါ .. ။
မျက်စိထဲမှာ မြင်မြင်နေရတဲ့ …. ဗျာများလှတဲ့ ဘဝတွေအကြောင်း တစိတ်တပိုင်းတွေးမိသွားလို့ပါ … ။ သားလိမ္မာလေးရထားတဲ့ တီချယ်ကြီးကို အားကျမိပါတယ် 🙂
thit min
December 15, 2011 at 4:25 pm
Vicious circle မရေးတာလဲ ရသဗျ၊ရသဗျ၊
ခဏခဏတော့ ယောက်ဖမခေါ်လေနဲ့နော်
နှမ မရှိ အိမ်ထောင်ပြုရန် ကြံရှိသူ ကျနော်ကိုလ
ဂွကျရ နောက်မှ နောင်တရမစိုးလို့
တမျိုးလို့ဆန်း အောင် ကျနော်လေ
အခု Vicious circle ကိုထား Virtuous circle ဘက်သွားမဟဲ့ဆိုပြီး
ဂေဇက်ရဲ့ ဆီမီနာကြီး ဝှီးဝှီးကျင်းပ တက်ရောက်ကြစေ
ဖိတ်ခေါ် နေသည် ကိုနီ ကြွခဲ့ ပါစေကြောင်း။(^^)
windtalker
December 15, 2011 at 7:35 pm
နှမ မရှိ ခယ်မ တောင်း ဗျို ့
မယားချောရှိရင် ခယ်မလဲ ချောမှာ သေချာဒယ်
သိလား ဘရာသာဆန်
MaMa
December 15, 2011 at 4:59 pm
သေချင်းတရားကို ကြိုတွေးလို့ ကြိုပြီး နှုတ်ဆက်နိုင်တဲ့ ဆရာဆန်နီရေ-
သေချင်းတရားကို ကြိုမတွေးပဲ (ကြောက်လို့) မနှုတ်ဆက်ရဲတဲ့သူ (ကျမကပဲ) အရင်သွားရမလား မသိနိုင်တာမို့…
သတ်ပုံလည်း မပြင်နိုင်၊ ဖတ်ရင်းသာ ငိုင်လို့…
အနိစ္စ၊ ဒုက္ခ၊ အနတ္တ…
🙁
blackchaw
December 15, 2011 at 5:11 pm
အားပါးပါး။ ကိုဆန်နီ။
ခင်ဗျားရေးချက်တွေက ဂီဂီ့ စကားငှားပြောရရင်
9 လောက်ကို ရှိပါတယ်ဗျာ။ ဘာတဲ့…။
“အို အမေ အမေ
ကျွန်တော်သေရင်
မြေလည်းမမြုပ်
ဂူမလုပ်နဲ့
ဒီလူပုပ် ကို
မီးရှို့ထုတ် လိုက်
အမိုက်ခံ ပြီး
သည်မြေကြီး ခင်မျာ
မသယ်ခို်င်းပါနဲ့
ကျန်သူတွေအတွက်
နေစရာ ခက် လို့ပါ။”
အမေလုပ်တဲ့သူတော့ ဘယ်လိုခံစားရမယ်မသိပေမယ့်
ကျွန်တော်ကတော့ ဆို့သွားတယ်ဗျာ။ ရင်ထဲမှာ….။
ဦးဘဇင်းဘဒ္ဒ န္တမိုက်ကယ်ဂျော်နီအောင်ပု
December 15, 2011 at 7:15 pm
အိုမေမေ ကျွန်တော်သေရင်
ဖဲဝိုင်းထောင်ပြီး အကောက်ကောက်ပါ
ဟဲဟဲဟဲ အရဂါးနောက်ဒါ
( ကိုယ်သေရင်ပြုပေးပါဆိုတဲ့ အရေးလေး တွေးနေခြင်းသည်ကပင်လျှင်
ဥပါဒါန် ဖြစ်နေသည် ဆိုတာလေး သတိပြုကြစေခြင်ပါကြောင်း နှင့်
အနတ္တရှု့ခြင်းသည်သာလျှင် သင့်တော်မည်ထင်ပါကြောင်း ( အထင်ပါ ) )
windtalker
December 15, 2011 at 7:34 pm
ဟိုက် ဘရာသား
ဘေးလဲ မထိုင် ဘုလဲ မပြောပါ
ဘရားတစ်ပင် ကို အများမြင်အောင် မန် ့ချင်သော်ငြား
အခြားဂွင်တွေ လိုက်မြင်နေသောကြောင့်
ဘရာသာဆန် ရဲ ့ တစ်ပါးဘုရင် ကို
အခြားမဝင်ခင် မှာ ဖတ်ပါမည် ဖြစ်ကြောင်း
ကိုးဆယ့်ကိုး စားပါတယ်
Sonny
December 15, 2011 at 10:14 pm
ကိုထွန်းဝင်းလတ် ရေ
ကြာလည်းတစ်နေ့ ငဆန်နီလည်းတစ်နေ့ပါ။
ချစ်ခြင်းအားဖြင့်……ကိုဆန်နီ
သဉ္ဇာဦး pooch ရေ
အဆိုလေးတစ်ခုရှိတယ်..”Winning isn’t everything, and it sure as hell beats losing” တဲ့
အသေအချာဘာသာပြန်ကြည့်တော့..အမြဲနိုင်နေတာ အရာမဟုတ်ဘူး သေမင်းခေါ်ရင်ရှုံးမှာပဲ..တဲ့
သေမင်း ကခေါ်ရင် အမေ့လည်းခွဲ ရမှာပဲ ညီမရေ..အမေ့ကိုတော့အသက်ရှင်နေသမျှ အမြဲ စောင့်ရှောက်မှာပါ။
ချစ်ခြင်းအားဖြင့်…ကိုဆန်နီ
အင်ဇာဂီရေ
ဒီနေရာလေး ကြိုက်လိုက်တာ “သေခြင်းတရားဆိုတာ..
လူတိုင်းပေးရမယ့်အကြွေး…” ဒီအကြွေးတော့ ကျေဖို့မလွယ်ဘူးနော်…
ချစ်ခြင်းအားဖြင့်….ကိုဆန်နီ
အိတုံရေ..
ကိုဆန်နီ စိတ်မဆိုးပါ။ ဒါပေမဲ့ ကလေးရော မိန်းမရော မရှိတော့ဘူး။ ဟိုဘဝကဆုံးသွားပြီ။
အိတုံရေးတဲ့ ကွန်မင့်
ကဗျာမှာ ခင်မင်မှု့ tone တွေ တွေ့ရပါတယ်။အမေကတော့ မအိတုန် ရဲ့ ကဗျာ ကိုအားပေးနေပါရဲ့။
ချစ်ခြင်းအားဖြင့်…ကိုဆန်နီ….
ညီ ဝင်းတော့ကာ
အားမှ ဖတ်ပါကွာ…ခင်လို့ ဘကုန်းတွေပါအောင်ရေးလိုက်တာပါ…..
ချစ်ခြင်းအားဖြင့်…ကိုဆန်နီ….
မမရေ..
လူဆိုတာ သေရမှာ အကြောက်ဆုံးပဲထင်ပါတယ်။
အကြောက်ဆုံးကို စတွေးထားရင် အကြောက်လျော့သွားတတ်တယ်။ ကျွန်တော်
သေရမှာ လုံးဝမကြောက်ပါ ဝေဒနာ ခံစားရမှာကိုသာတွေးတွေးပြီးကြောက်တာပါ။
ကျွန်တော့်အမေ က ကျွန်တော်
စားလုံးပေါင်းမှားရင်(ဗမာလိုရော အင်္ဂလိပ်လိုရော) အရမ်းရှုံချပါတယ်။ အထူးသဖြင့် မိခင်ဘာသာစကားမှားရင် ပိုလို့တောင်
အရမ်းစိတ်ဆိုးရှာတယ်။ အမေမှန်ပါတယ်လေ။
ချစ်ခြင်းအားဖြင့်….ကိုဆန်နီ…………
ကိုဘလက်ချောရေ
အင်ဇာဂီပြောတဲ့ ၉ ဆိုတာ IELTS မှာတော့ band score 9 ရရင် အတိုင်းထက်အလွန်တော်တာပဲ။
TOEFL ESSAY မှာတော့ ၆ မှတ် ရရင် ဖလား ပဲ။ အဲဒါများလား။ အပျော်ပြောတာဘာဗျာ။
အမေတော့ ဒီကဗျာဖတ်ပြီး…နေ့လည်ခင်းက ပရုပ်ဆီ လိမ်းပြီး ငိုရင်း ရယ်ရင်း အိပ် သွားလေရဲ့။
ချစ်ခြင်းအားဖြင့်..ကိုဆန်နီ..
အကိုသစ်မင်း ရေ
ကျွန်တော့် ကနှမ ပေးမှာနော်..အလကားနောက်တာပါ။
ကျွန်တော်လည်း ကိုသစ်လိုပဲ ပေးစရာ နှမ မရှိပါ။ ကာရံအရ ရေးလိုက်တာ။ virtuous circle ကိုလာခဲ့မယ်လေ။
ချစ်ခြင်းအားဖြင့်……ကိုဆန်နီ…………
ဦးဘဇင်းဘဒ္ဒ န္တမိုက်ကယ်ဂျော်နီအောင်ပု ရေ
“ကိုယ်သေရင်ပြုပေးပါဆိုတဲ့အရေးလေး တွေးနေခြင်းသည်ကပင်လျှင်ဥပါဒါန် ဖြစ်နေသည်အနတ္တရှု့ခြင်းသည်သာလျှင် သင့်တော်မည်ထင်ပါကြောင်း” ဆိုတာ လေး က မှန်ပါတယ်။ ရှင်တော်ဗုဒ္ဓရဲ့ သဘောတရား ကိုက
အနတ္တ ဝါဒပါ နော…အတ္တဝါဒမှ မဟုတ်တာ..ဒါပေမဲ့ တွေးမိတွေးရာ ကိုရေးလိုက်ခြင်းပါလေ။
ကျွန်တော် အစွဲမရှိပါဘူး။ ရှင်တုံးခဏအတွေးလေးပါ။
ချစ်ခြင်းအားဖြင့်….ကိုဆန်နီ…….
ကျွန်တော်အားလုံးကိုပြောပါရစေ…ကျွန်တော် ညအိပ်ရာဝင်တိုင်း အစမ်းသေကြည့်နေပါတယ်။
ချစ်ခြင်းအားဖြင့်…ကိုဆန်နီ……
ကိုရင်စည်သူ
December 15, 2011 at 10:40 pm
ဆရာလေးဆိုနီရေ… ဘာသာပြန်ပဲရေးနေလို့
ကိုရင်က ဆိုနီ့ကို ဒဲ့ပြန်သမားလို့ ထင်နေတာ
ကလောင်လှလှလေးတွေနဲ့ ရွာသူားတွေကို
အမှာစကားလဲ ချွေသွားသေးသကိုး…
ဘဲရီးဂွတ်…. ဘဲရီးဘတ်ဒါ ပါဗျာ..
ဘဲရီးဂွတ်က.. ကိုရင့်ဆိုနီအမေပို့စ်ကို ဖတ်လို့ ကျေနပ်နှစ်သက်တယ်.. 🙂 🙂
ဘဲရီးဘတ်က… ကျနော် ငါးပါးသီလ မလုံသေးလို့ မကောင်းသေးဘူး.. 🙁 🙁
Sonny
December 15, 2011 at 11:32 pm
ကိုရင်စည်သူရေ
စတာဘာဗျာ…ပုထုစဉ်တွေ ဆိုတာ ငါးပါးသီလ လုံဖို့ခက်သားကလား..နော်…
ခင်လို့ထည့်ရေးလိုက်တာ။ အနော်လည်းမလုံပါဘူး..ဟန်နီကန်လေးတော့ တခါတရံ ဆွဲလိုက်သေး
“ကိုရင်စည်သူရေ. ကျွန်တော်သေရင်..ကိုရင်အိမ်ပေါက်..သူရဲလာချောက်မှာနော်..ရဲ.ရဲ..ရဲ..ရဲ…”
ဟား…ဟား..ဟား……
ချစ်ခြင်းအားဖြင့်…ကိုဆန်နီ…
kai
December 16, 2011 at 1:07 am
ဒီစာတွေကို တီချယ်နုရဲ့ “ဤခရီး အတော်နီးလှပြီ ”
http://myanmargazette.net/85118/creative-writing
နဲ့တွဲဖတ်တော့.. ရသ-အရသာတမျိုးထွက်တယ်..။ လူသားဆိုတာ.. အချိန်မရွေးသေတတ်သေနိုင်တာကို.. လက်တို့သတိပေးလိုက်ကြသလိုဖြစ်တာပါ…။
ဤခရီး နီးပြီထင်ပြီး အဝေးကြီးဖြစ်နေသူတွေနဲ့.. ဝေးတယ်မှတ်ပြီး.. နီးနေနိုင်တဲ့အကြောင်းတွေပေါ့..။
ဆိုတော့..
.. နေ့တိုင်းနေ့တိုင်းကို.. နောက်ဆုံးနေ့တွေလို့..သဘောထား.. အကောင်းဆုံးလေးတွေလုပ်သွားကြဖို့.. တိုက်တွန်းသလိုဖြစ်တာမို့ပါ…။
တချို့က… ဘယ်တော့မှ မသေဘူးလေ..။ လူတွေလူတွေရဲ့..ရင်ထဲမှာပေါ့..။ 😆
small cat
December 16, 2011 at 9:05 am
“”အို အမေ အမေ
ကျွန်တော်သေရင်
အိုးခွဲ တဲ့ အကျင့်
မလုပ်ရစ်နဲ့နော်
ကောင်းမှု့ပြု လေ
အမျှ ရင် နှင့် ဝေ
သားကြီး ရေ လို့။””
သေရင် အိုးစားခွဲတဲ့ ရှေးရိုးအကျင့် အကြောင်း နာမည်ကြီးဆရာတော်တစ်ပါးဟောထားဖူးတယ်။
အိုးစားမခွဲလဲ သေရင်တော့ခွဲပစ်လိုက်ရ/သေသူကလည်း ခွဲထားခဲ့ရတာပါပဲလေ။
ကျနော်တို့လည်း အဲဒီတနေ့ ကို မလွဲဧကန်ရောက်ကြဦးမှာပါ။
chityimhtoo
December 16, 2011 at 11:59 am
စိတ်မခိုင်ဘူးဗျ….မျက်ရည်တောင်ငေါက်တောက်ပန်းကျတယ်…..