အစားကြူးသူတို့ဧ။် အတ္တ
ကျွန်မတို့ ကုမ္ပဏီဝန်ထမ်းဆိုတာက အစိုးရဝန်ထမ်းတွေလိုမဟုတ်ပဲ အထက်လူကြီးရဲ့တောက်တိုမယ်ရလည်း လုပ်ရပါတယ် ။ တာဝန်ထဲမှာ ပူးကပ်မပါပေမယ် … ကူညီလုပ်ကိုင်ပေးရပါတယ် … ။ အထက်လူကြီးရဲ့ ဝေယျာဝစ္စအပါအဝင် သာရေးနာရေး ရှိလျှင် ရှိသလို အခမဲ့ အကျိုးဆောင်ပေးရတယ် ။ တိုက်တိုက်ဆိုင်ဆိုင် အဲ့ဒီနေ့က ကျွန်မ ရုံးနောက်ကျမှ ဆင်းဖြစ်ခဲ့တယ် ။ လုပ်လက်စလေး မပြီးတာကြောင့် overtime ဆင်းရတော့တာပေါ့ ။ ဒီမှာတင် အထက်လူကြီး က ဧည့်သည်တွေကို ဧည့်ခံစရာရှိလို့ စားသောက်ဆိုင်တစ်ခုကို ဘိုကင်လုပ်ပေးဖို့ ပြောလာပါတယ် ။ ဘိုကင်မလုပ်ခင် ဧည့်သည်ဦးရေ ၊ အချိန် နေ့ရက်နဲ့ ပရိုက်ဗိတ်ရွန်း နံပါတ် အပြင် …. ဟင်းလျှာတွေကိုပါ တခါတည်း မှတ်သားစေပါတယ် ။လိပ်စာကတ်လေးကိုပြပြီး ဖုန်းဆက် သူပြောတဲ့ နံပါတ်အတိုင်း ဆက်သွယ်ကြည့်တဲ့အခါတော့ ဆိုင်က ပြောင်းသွားပြီလို့ ကန်တော်ကြီးဖုန်းအော်ပရေတာက ပြောပြီး .. တခြားဖုန်းနံပါတ်တစ်ခုကို ပေးပါတယ် ။
လက်ချောင်းလေးတွေ တိုမတတ်ခဏခဏ ဆက်တာတောင် ဖုန်းကိုင်မယ့်လူ မရှိသလိုဖြစ်နေပါတယ် ။ စားသောက်ဆိုင်လိုနေရာမျိုး လူမရှိတာတော့ မဟုတ်နိုင်ဘူး ။ ဖုန်းပျက်နေတာပဲ ဖြစ်ရမယ်ဆိုတဲ့အတွေးနဲ့ ပထမဖုန်းနံပါတ်ဟောင်းကို ဆက်ကြည့်ပြီး တခြား ဆက်သွယ်လို့ ရနိုင်မယ့် နည်းလမ်းလေးတောင်းမိပါတယ် ။ ဖုန်းနံပါတ်အဟောင်းကိုပြန်ဆက်တော့ …. ဆက်သွယ်လို့ ရမယ့်ဖုန်းနံပါတ်တစ်ခုသာ သိပြီး လိပ်စာကိုတော့ သေချာပြောပြပေးပါတယ် ….. တဖက်ဖုန်းခွက်မှ ထွက်လာတဲ့ အသံအတိုင်း သေချာနားထောင် မှတ်သားရင်း ……………………………………………………
%%%%%%%%%%%%%%%%%%%%%%
တစ်နေ့ ရာသီဥတုသာယာတာကြောင့် … ကျွန်မလမ်းထွက်လျှောက်တော့ …. အိမ်နားမှာ လူသစ်တွေပြောင်းလာတာတွေ့ရတယ် ။ သူတို့ပါလာတဲ့ ပစ္စည်းကလည်း နည်းနည်းနောနောမဟုတ်တာကြောင့် မိန်းမတို့ သဘာဝအတိုင်း စပ်စုမိပါတယ် ။ တဆင့်စကား တဆင့်နားနဲ့ ကြားရတာတော့ …. ငှားနေကြတာဖြစ်ပြီး စားသောက်ဆိုင်ဖွင့်မယ်ဆိုလား … ဘာလားပေါ့ … ။
နေ့စဉ်ရုံးသွားတိုင်း အဲ့ဒီအိမ်ရှေ့ ဖြတ်လျှောက်ရတာကြောင့် ကျွန်မ မသိမသာနဲ့ စပ်စုကြည့်တော့ ပစ္စည်းတွေသာ လာပုံထားပြီး လူနေလို့ ရတဲ့ အနေထားတောင် မပြင်ဆင်ရသေးပါဘူး ။ တစ်ရက်ကနေ … နှစ်ရက် … အဲ့ဒီကနေ တပတ်လောက်ဖြစ်လာပြန်တော့ …. သူတို့ အသေးစား ပြင်ဆင်မွမ်းမံမှုတွေ လုပ်တာ တွေ့ရတယ် … အုတ်တံတိုင်းခတ်တယ် ။ မှန်တွေ ပြန်လဲတယ် … မီးလုံးလေးတွေထည့်တယ် ။ စသဖြင့် လှတပတလေးဖြစ်အောင်လုပ်တာတွေ့တော့ ဒီလူတွေ အတော်ချမ်းသာ ပါလျှက် အိမ်ငှားနေပြီး သူများ အိမ်ကြီးကိုပြင်ဆင်ပေးတာ ဘာအတွက်လဲလို့ အတွေးကြောင်မိပါသေးတယ် ။ အုတ်တံတိုင်းကာထားတာကလည်း အကောင်းစား စတီးချောင်းများနဲ့ပါ … ။
အသေးစား ပြင်ဆင်မှုလေး ပြီးပြန်တော့လည်း … ပန်းပင်လေးတွေ ၊ မှိတ်တုတ်တုတ်မီးလေးတွေနဲ့ ထပ်ပြီး အလှဆင်ထားတာ … အဲ့ဒီရှေ့က ဖြတ်လျှောက်တိုင်း မငေးရမနေနိုင်အောင်ပါပ ဲ .. တစ်ရက်မှာတော့ ငါးကန်လို ဖန်ပုံးကြီးတွေ ဆယ့်လေးငါးလုံး စီထားတာတွေ့တဲ့အခါ … အလှမွေးငါးရောင်းတဲ့ ဆိုင်များလားလို့ သိချင်စိတ်ပြင်းပြမိပြန်တယ် … ။ ဒီအိမ်ရှေ့က ဖြတ်လျှောက်တိုင်း နောက်နေ့ ဘာအပြင်ဆင် ၊ အဆောင်ယောင်များ ထူးခြားနေမလဲလို့ စပ်စုချင်မိတာ ကျွန်မစိတ်မထိန်းနိုင်အောင်ပါပဲ …. ။
တဖြည်းဖြည်းနဲ့ ရုပ်သွင် ပြီပြင်လာပါပြီ ။ စားပွဲတွေ ထိုင်ခုံတွေ decoration တွေကအစ တောက်တောက်ပြောင်ပြောင်ခန့်ခန့် ညားညားနဲ့ …. ။ ပိတ်စ အနီနဲ့ အုပ်ထားတဲ့ ဆိုင်းပုတ်လိုလို အပြားကြီး တစ်ချပ်ကလည်း ကျွန်မရဲ့ စိတ်အာရုံတွေကို ညို့ယူထားသလိုပါပဲ … ။ ဒါ့ထက်စိတ်ဝင်စားစရာကောင်းတာက … ဟိုးနေ့ကတွေ့တဲ့ မှန်ပုံးတွေထဲမှာ ငါးလိုလို … ကဏန်းလိုလို သတ္တဝါတွေကို ရေစိမ်ထားတာပါပဲ ။ စိတ်ထဲ ကြောင်တောင်တောင်တွေးပြီ ဒီလူတွေ ဒီလောက် ခေတ်မှီပါလျှက် ဘာလို့ အလှမွေးငါး မမွေးပဲ … မလှမပ ငါးတွေ ၊ ပုစွန်တွေ ဝယ်မွေးသလဲစဥ်းစား နေမိတော့တယ် … ။
နောက်တစ်ရက်မှာတော့ ကျွန်မစိတ်ဝင်စားနေတဲ့ ဆိုင်းပုဒ်ကြီးလည်း ပြည်ဖုံးကားဖွင့်ပါပြီ ဘာတဲ့ … တရုတ်နာမည် စားသောက်ဆိုင်မို့ နာမည်မမှတ်မိဘူး .. ( ယုန်လေး နှာစေး ) လာမယ့် ဧည့်သည်တွေ ကားရပ်နားတာ အဆင်ပြေအောင် ကူညီမယ့် ဝိတ်တာလေးတွေကလည်း အပေါ်က အဖြူ အောက်က အနက်နဲ့ နိုင်ငံခြား အက်ရှင်ကားတွေထဲကလို စမတ်ကျနေတော့တာပေါ့ ။ မကြည့်လျှင် မနေနိုင်အောင် စပ်စုတတ်တဲ့ ကျွန်မက သူတို့ ငါးတွေ ထည့်ထားတဲ့ ကန်ဘက်လှမ်းကြည့်မိတော့ … ။ သန့်သန့်ပြန့်ပြန့် စားဖိုမှုးတစ်ယောက် ပိုက်ကွန်တစ်ခု ကိုင်ပြီး … မှန်ပုံးထဲမှာ လှေလှော်နေလေရဲ့လေ … ။ စိတ်ဝင်စားလွန်းလို့ ခြေလှမ်းတွေ တုံ့ဆိုင်းသွားတဲ့အထိရပ်ကြည့်မိပါတယ် … ။ မြင်ရတဲ့ မြင်ကွင်းကြောင့် ကျွန်မအော့နှလုံးနာ ဖြစ်ခဲ့တယ် … ။ တစ်နေ့တစ်နေ့ ငါစိတ်ဝင်တစား စပ်စုခဲ့တဲ့ နေရာက ဒီလိုနေရာကြီးပါလား တွေးပြီး … ရင်ထဲတောင် စူးအောင့်လာသလိုပါပဲ … ။ အသက်မှန်မှန်ပြန်ရှုရင်း … လေးတွဲတဲ့ ခြေလှမ်းတွေနဲ့ အိမ်ဘက်ကို ပြန်ခဲ့ပါတယ် … ။
ကျွန်မမြင်ခဲ့ရတာက … သာယာကြည်နူးဖွယ်ကောင်းတဲ့ မြင်ကွင်းမျိုးမဟုတ်ပဲ ကိုယ့်အတ္တအတွက် သတ္တဝါတွေကို လတ်လတ်ဆတ်ဆတ်ဖမ်းဆီး သတ်စားတဲ့နေရာမို့ … စိတ်ဝင်စား စိတ်တို့ပျောက်ပြီး … ရွံ့ရှာ မုန်းတီးစိတ်ဖြစ်မိပါတယ် .. စားသောက် ဆိုင်တွေများစွာရှိပါလျှက် ယခုကဲ့သို့ လတ်လတ်ဆတ်ဆတ်ကိုယ်စားချင်တာလက်ညှိုးထိုးရွေးခြယ်ခွင့်ရှိသော ဆိုင်မျိုးကို စက်ဆုပ်မိတယ် … ။ သေချာပါတယ် နောက်တကြိမ်အဲ့ဒီဆိုင်ရှေ့က ဖြတ်လျှင် ယောင်လို့တောင် ကြည့်မိမှာမဟုတ်တော့ဘူး ။ စိတ်မကောင်းစွာနဲ့ မှန်ပုံးတွေဘက် လှမ်းကြည့်တော့ ငါးတွေ ပုစွန်တွေ ကဏန်းတွေ ပြည်ကြီးငါးတွေ ၊ ဂုံးတွေ ၊ ကမာကောင်တွေ အုပ်စုလိုက် ရေကူးနေကြတယ် …. ။ အသက်ခံရတော့မယ် ့သူတို့အဖြစ်ကို မသိကြပဲ ဟိုဟိုဒီဒီ လျှောက်သွားနေကြတယ် …. ။ အနိဌာရုံမြင်ကွင်းမျိုးကို မျက်နှာလွှဲပြီး ပြန်ခဲ့ပါတော့တယ် ။
%%%%%%%%%%%%%%%%%%%%%%%%
လိပ်စာတစ်ခုလုံးချရေးပြီးသောအခါတွင်တော့ အံ့ဩခြင်းများနှင့်အတူ စိတ်မကောင်းခြင်းများပါ ဖြစ်ပေါ်လာခဲ့တယ် … ။ ကျွန်မရွံရှာ စက်ဆုပ်မိသော ဆိုင် စီးပွားဖြစ်ထွန်းဖို့ တဖက်တလမ်းမှ အကူညီပေးရတော့မယ်လား ။ တာဝန်နဲ့ စာနာစိတ်ဒွန်တွဲနေချိန်မှာ တွေဝေခြင်းတွေပဲဖြစ်ပေါ်လာခဲ့တယ် …. ။
အူလည်လည် ဖြစ်နေတဲ့ ကျွန်မကို အထက်လူကြီးမှ တွန်းအားပေးကာ ဖုန်းအကြိမ်ကြိမ်ဆက်ရန် လှုံ့ဆော်ပြန်တယ် … ။ တာဝန်ချိန်ဖြစ်တာကြောင့် ကျွန်မဖုန်းဆက် ဘိုကင်တင်ဖို့ ကြိုးစားပေးခဲ့ရတယ် ။ ဒါပေမယ့် စိတ်ထဲမှာလည်း ဘယ်သူမှ ဖုန်းမကိုင်ပါစေနဲ့လို့ ဆုတောင်းလိုက်ရတာ အမောပါပဲ …။ ကျွန်မဆန္ဒတွေ ပြည့်ခဲ့ပါတယ် … တကယ်တမ်း သူတို့ ဖုန်းပျက်နေခဲ့တာပါ … အကြိမ်ကြိမ်ခေါ်ဆိုမှု ပြုပါလျှက် ကိုင်မယ့်လူမရှိသလိုဖြစ်နေခြင်းပါ … ။
နာရီဝက်လောက်ကြိုးစားခေါ်ပြီး မရတာ .. အထက်လူကြီးလည်း လက်တွေ့မို့ … နောက်တဆိုင်ကိုပြောင်းပြီး ဘိုကင်လုပ်ပေးလိုက်ရပါတော့တယ် … ။ ထိုအချိန်ကျမှ ကျွန်မစိတ်ပူနေခြင်းတွေလည်း လွင့်ပျောက်ကုန်ပါတော့တယ် … ။
အန်ကယ်ကြီးရေးတဲ့ ပို့စ်ထဲက စာပိုဒ်လေးလိုပါပဲ …
(((ကြောက်လန့်မှုမဖြစ်စေရဖူး ဖြစ်ရင်အသတ်ခံရမယ့်သတ္တဝါကိုယ်တွင်းမှာ
သွေးအတွင်းမှာအဆိပ်ဖြစ်လာတယ်အဲဒီသတ္တဝါကိုသတ်စားရင်လူမှာလည်းအဆိပ်သင့်
တယ်ဒါကြောင့်အင်္ဂလိပ်တွေကကြက်တွေကိုကြက်ခြင်းတွေနဲ့သယ်ယူစေတယ်လို့ပြော
ပါတယ်
နောက်နဲနဲထပ်ကြီးလာလို့စာတွေဖတ်လာချိန်မှာဆေးပညာပေးစာတွေထဲမှာဖတ်ဖူး
တာကသတ္တဝါတွေကြောက်လန့်လာရင်သွေးတွင်းမှာအမှန်ပဲမကောင်းတဲ့ဓာတ်ပြုမှုတွေ
ဖြစ်တယ်ဆိိုတာမှတ်သားဖူးပါတယ်
အသက်ကလေးရလာတော့ဆင်ခြင်ကြည့်ပါတယ်ဟိုးအရင်လူတွေကင်ဆာသိပ်မဖြစ်
ကြဖူး အခုလူတွေကင်ဆာအဖြစ်များလာတယ်ဆိုတာသတိပြုမိလာပါတယ်
အစားအသောက်အနေအထိုင်ပြောင်းလာတာကြောင့်လို့သိပ္ပံပညာရှင်တွေကကောက်
ချက်ချကြပါတယ် )))
ကျွန်မတို့ လူသားတွေ တဖြည်းဖြည်း ဇာတ်ပျက်ချင်လာကြတယ် … ကျောက်ခေတ်ကို ပြန်ရောက်တော့လေမလား မတွေးတတ်အောင်ပါပဲ … ။ ကိုယ့်လျှာရင်းမြက်မြက်စားရဖို့အတွက် … သက်ရှိသတ္တဝါတစ်ကောင်ကို အကြင်နာမဲ့စွာ လက်ညိုးထိုးသေခိုင်းစေခြင်းဟာ အသိစိတ်ဓါတ်ရှိတဲ့ လူတွေမှာ ရှိသင့်ရဲ့လား ။ မိမိကိုယ်တိုင်ကလည်း သက်ရှိသတ္တဝါဖြစ်ပါလျှက် …အသိဉာဏ်ဆိုတဲ့အရာကွာခြားရုံလေးနဲ့ သက်ရှိအချင်းချင်း နိုင်ထက်စီးနင်း သတ်ဖြတ်ခွင့်ရသွားသတဲ့လား ။ မေးစရာတွေ မကုန်နိုင်လောက်အောင်ပါပဲ …. အစားကြူးသူတွေကို မျက်နှာမမြင်ချင်လောက်အောင် မုန်းမိတယ် … ။ ကိုယ့်အသက်ကိုတန်ဖိုးထားသလို သတ္တဝါလေးတွေရဲ့အသက်ကိုလည်း မိမိအတ္တတစ်ခုတည်းအတွက် သေစေချင်းပြုလုပ်မယ်ဆို မတရားတာမို့ … လူတိုင်း ကိုယ်ချင်းစာစိတ်လက်ကိုင်ထားနိုင်ပါစေလို့ …တိုက်တွန်းလိုက်ချင်ပါတော့တယ် ။
15 comments
ashinthusitta
December 16, 2011 at 5:39 pm
ကျောက်ခေတ်ပြန်ရောက်တာကမှ နည်းနည်းသက်သာဦးမယ်.. ကျောက်ခေတ်တုန်းက လူတွေက သူတို့ စားဖို့လောက်ပဲ အကောင်တွေကို သတ်စားတယ် အခုခေတ်လူတွေက သူတို့ စားဖို့တင်မကဘူး စီးပွားဖြစ်ပါ သတ်ကုန်ကြတယ်လေ..
blackchaw
December 16, 2011 at 5:47 pm
Etone မရေ။ ကြိုဆိုပါတယ်ဗျို့။
ကျွန်တော်လည်း ဝိုင်းအော်ပေးမယ်ဗျာ။
ကိုယ်ချင်းစာစိတ်လေး ထားကြပါဗျို့။
“ဘီလူးကြီး”ogre
December 16, 2011 at 6:09 pm
အဲလိုဆိုင်မျိုးကိုတွေ့ဘူးတယ်ဗျ
ဒီလိုဆိုင်တွေ ပပျောက်အောင်လုပ်သင့်တယ်
တိုင်းတစ်ပါးက နေထိုင်စားသောက်မှုပုံစံတွေ
ကျုပ်တို့ဆီမှာကူးစက်ခံနေရတာပဲလေ
E.T
December 16, 2011 at 6:31 pm
တရုတ်က ပင်လယ်စာ စားသောက်ဆိုင်တွေက အကုန်အရှင်တွေပဲ ရောင်းတယ်။ ကြည့်ရတာ တရုတ်ဆိုင်မို ့လို ့ထင်ပါတယ်။ တရုတ်အကြိုက်ပေ့ါ။ မြန်မာတွေနဲ ့တော့ သိပ်မကိုက်ဘူးဗျ။ ဒါပေမယ့် သတ်ကတဲ့သူတွေကလည်း ငရဲကြီးမှာစိုးလို ့ ထင်ပါတယ် စားသုံးသူတွေကို နည်းနည်းမျှပေးလိုက်တာ ဖြစ်မယ်။ စားသုံးသူလက်ညှိုးထိုးလို ့ သတ်တာပါဆိုပြီး ငရဲမင်းကို သက်သေထွက်ဆိုမလို ့ ထင်ပါတယ် 😛 ကိုယ့်ရှေ ့မှာသတ်ပြီးကျွေးလို ့ မကြိုက်တာ လူတိုင်းနီးနီး အသားဟင်းတော့ စားကြတယ်နော် 😀
weiwei
December 16, 2011 at 6:51 pm
တရုတ်ပြည်က စားသောက်ဆိုင် အားလုံး (လမ်းဘေးက ဆိုင်လေးလေးလေးပဲဖြစ်ဖြစ်) အကုန်လုံး ငါးအရှင်တွေချည်းပဲ …. ဆိုင်အပြင်မှာ ငါးကန်ချထားပြတာ … ငါးတင်မက ကြက်လဲ အရှင်ပဲ၊ ယုန်တောင်ပါသေးတယ် …
သူတို့တွေဆီမှာရိုးနေပေမယ့် မြန်မာပြည်မှာတော့ အဆင်မပြေသေးဘူးပေါ့ ..
သိပ်ပြီး စိတ်ထဲမှာ ခံစားမနေပါနဲ့ … မမြင်ချင်ယောင်ဆောင်နေလိုက်တာ အကောင်းဆုံးပါပဲ …
ဆူး
December 16, 2011 at 7:03 pm
အဲဒီ ဆိုင်ကို မနေ့က ၂ခါတောင် ရောက်သွားသေးတယ်။ အလုပ်ကိစ္စ စကားပြောပြီး ချက်ချင်း ထွက်လာခဲ့တယ်။ ဘေးက မှန်ပုံးထဲကို ကြည့်လိုက်မိတာ.. ပုဇွန်လေးတွေ ခုန်စွ ခုန်စွနဲ့ ထွက်ချင်နေကြသလိုပဲ.. စိတ်ထဲမှာတော့ သေမိန့်ကို စောင့်နေတဲ့ ရာဇဝတ်သားတွေ လိုဖြစ်နေတဲ့ အကောင်လေးတွေပါလားလို့ တွေးပြီး စကားပြောတဲ့ ဘက်ကို အာရုံစိုက်ပြီး ပြောပြီးတာနဲ့ ချက်ချင်း ပြန်လာခဲ့လိုက်တော့တယ်။
fatty
December 16, 2011 at 7:08 pm
သူဂျီးမင်းဒီပိုစ်ဖတ်ပြီးဘာပြောမလဲစောင့်နေပါတယ်။
pooch
December 16, 2011 at 7:17 pm
တုန်တုန်ကို မတွေ့တာ ကြာပြီနော် မအားဘူးထင်တယ်
ခုမှပဲတွေ့ရတော့တယ်
အဲ့လို သွေးထဲ အဆိပ်ဖြစ်တယ်ဆိုတာမျိုးလေး ကြားဖူးတယ်
windtalker
December 16, 2011 at 9:04 pm
ထိုင်ဝမ်မှာ ထင်တယ် ၊ ဖားအရှင်တွေ ကို မှန်ပုံးထဲ ထည့်ထားတယ်
စားချင်တဲ့လူ က ကိုယ်စားချင်တဲ့အကောင် ကို လက်ညှိုးထိုးရွေးပြရင်
စားဖိုမှူးက ဇွိကနဲ နှိုက်ဖမ်း ၊ ပြီးတာနဲ ့အရှင်လတ်လတ် ကို ဓါးမ နဲ ့ဒုတ်ကနဲ ခါးကနေ ခုတ်ချလိုက်တယ်
သွေးရဲရဲ နဲ ့၂ ပိုင်းပြတ်သွားတာ ကို ဓါးမ နဲ ့ကော်ပြီး ဒယ်အိုးထဲ ရှူးခနဲ ထည့်ချက်ကြော်လှော် ကျွေးတာခဗျ
အဲဒါက ထားပါ ၊ ထိုင်ဝမ် မှာ ဆိုတော့
မန်းတလေး မှာ လည်း ၃၅ လမ်း မေမြို ့အထွက်ဘက်နားက စားသောက်ဆိုင်မှာ ၊ အိတုံ ပြောသလို ရောင်းတဲ ့ဆိုင်ရှိတယ် ။ တစ်ခါမှတော့ သွားမစားဖူးဘူး ။ စားလဲ မစားလို ့ပါ
ဪ ၊ မေ့နေတာ
အခု ခေတ်စားနေတဲ့ ကြွက်သေးသေးလေးတွေ ကို အရှင် ကိုက်စားတာရှိသေးတယ်
“ စန်း..ဘာဆိုလား ” ဘဲ ၊ တရုတ်လူမျိုးတွေ စားတာများတယ်
အဲ့ကြွက် ကို အရှင် ကိုက်စားလိုက်ရင် အသံသုံးခါပေး ၊ သုံးခါအော် တယ် တဲ့ ဗျာ
အဲ့ကြွက် ကို စားရင် ကာမအင်အား ၊ ယောက်ျား ကို အထူးရှယ် အစွမ်းပြတယ် ဆိုလား
ဈေးကတော့ မသေးဘူး တဲ့ ဗျို ့
Shanma TUmdy
December 16, 2011 at 9:12 pm
တရုတ်တွေကအဲလိုမှ အဆင့်မြင့်တယ်ထင်တာ..
တရုတ်တွေ အစားသိပ်ကျူးတာ.. ခွေးဆိုလည်း ဝက်သားထက်တောင် ဈေးကြီးသေးတယ်..
inz@ghi
December 16, 2011 at 9:28 pm
သဂျီး မမန့်ခင်
အရှေ့ကျွန်း က ဇိမ်ဘုန်းကြီး အရင်မန့်မယ်…
ဘာဖြစ်လဲဗျ ….. အဲ့လိုသတ်တော့…..
သူ့ အကုသိုလ် ကို ကိုယ့်အကုသိုလ် ဝင်မခံစားစမ်းပါနဲ့….
ခေတ်အဆက်ဆက် သားသတ်သမားတွေ ရှိခဲ့တာ ထမင်းစားတိုင်း ကျေးဇူးတင်စမ်းပါ…
(သတ်သတ်လွတ် မစားသေးသ၍ …)
ပန့်သကူ ဆိုတာလည်း ကျုပ်တို့ ခင်ဗျားတို့ အသား စားတတ်တာ သိလို့ …
သားသတ်သမားက မည်သူမည်ဝါမှန်း မသိသေးတဲ့ buyer ကိုရည်စူးပြီး
သတ်တာ မဟုတ်လားဗျ..
သူတို့ အကုသိုလ်ယူ သတ်ဖြတ်ပေးနေလို့ စားနေရတာမဟုတ်လား ….
သူတို့ မရှိရင် ဘာဖြစ်လဲ …..ဘာမှမဖြစ်ဘူး ….
၁. အသား မစားရင် မစားဖို့
၂. ကိုယ်တိုင် သတ်စားဖို့ ….
ဟဲဟဲ …အဲ့ခေတ် ဘယ်တော့မှ ရောက်မှာ မဟုတ်ဘူး ….
ဘာလို့လဲဆို … ခင်ဗျားတို့ကျုပ်တို့ အများစုက အသားမပါရင် မမြိန်တာကိုး…
ရောက်သွားတယ်ပဲ ထား …ကျုပ်တို့ထဲက အတော်များများ ဓါးသွေးမှာမြင်ယောင်သေးသဗျား..
ဟုတ်ပြီ အပေါ်က general သားသတ်သမားကိစ္စ
ခု သည်အောက်က ပြထားပြီး သတ်-ချက် ကျွေးတဲ့ကိစ္စ
အဲ့သည့် ရေသတ္တဝါတွေ အဲ့လို ငါးကန်ထဲ ထည့်ထည့်ပြီး ပြထားတာ ..
လက်ညှိုးထိုးရွေးပြီး …စားနေတာ …ခုမှ ပေါ်တာမဟုတ်ဘူး
အနောက်ဘက် ပန်းခြံ အမည်ရတဲ့ စားသောက်ဆိုင် မှာ ဆို ရှိတာ ကြာလှပေါ့….
ကိုယ်မစားချင်မစားနဲ့ ..ပံ့သကူပဲစား ….လတ်ဆတ်တာမှ ..ကြိုက်တဲ့လူ စားလိမ့်မယ်…
အကုသိုလ်ကို သတ်တဲ့လူနဲ့ စားဖို့ သတ်ခိုင်းတဲ့လူ ရှဲယာ လုပ်ကြလိမ့်မယ်…
ဒါမျိုးကြီးတွေ မရှိရဘူး …တိုက်ဖျက်မယ် ဆိုတာတော့ တတ ကမာ္ဘလုံး မှာ ရှိနေတဲ့အတွက်
ရှိဦးမှာဘဲ …. တတ်နိုင်ဘူး …..
ကိုယ် စားစရာ အကောင်ဖြစ်ရင် အစားခံရမှာဘဲ …
သည်တော့ ကိုယ် အဲ့အကောင် မဖြစ်အောင်ပဲ ကျင့်ကြံကြ အားထုတ်ကြပါ….
လစ်ဘရယ် အမြင်တွေရှိကြစမ်းဘာ ….
အားမှဘဲ …. မနာမကျင်ဘဲ ချက်ခြင်း လက်ငင်း အသက်ထွက် တဲ့ သတ်နည်းကားမျိုးလေးတွေ
လေ့လာပြီး ရေးပေးပါဦးမယ်….
စကားမစပ်
ရှားလော့ဟုမ်း …ကားသစ်ထွက်မယ် …သည်ရက်ပိုင်း…..
(သေချာကြည့်ထား ကျုပ်နဲ့ တူတဲ့ ဂျုလော ပါတယ်…) နောက်တာပါဗျ…
ကားဟောင်းကိုပြန်ကြည့် ဝက်လား အမဲလား မသိဘူး ..အဲ့ဒါတွေကို ခုတ်လှီးတဲ့ စက်ရုံအကြောင်းပါတယ်….
industrialization ကို ထင်ဟပ်ပြတဲ့ ပြကွက်ဗျ …..အကုသိုလ်တွေ …သည်လိုတွေ အမဲဖျက်တာပါလား…
အပြစ်ကြီးလိုက်တာ ကြောက်စရာကောင်းလိုက်တာနဲ့ တင်ရပ်နေလို့မရဘူးနော. ..စက်မှု နိုင်ငံတည်ထောင်ရဦးမှာ
တနေ့ ကြက် ဘယ်နှပိဿာကျ အမဲ ဘယ်နှကောင်ဖျက် ဆိုတဲ့ စက်ရုံတွေ တည်ကြရဦးမှာ …..
တရုတ်နဲ့ ကုလားကြားက တိုင်းပြည်ဗျာ ….ဝက်နဲ့ နွားဘဲ….commercialization, industrialization လုပ်လိုက်ဦး..
မမွဲဘူးဗျ.. …big market တွေ အရံသင့် …value added လေးတော့ လိုသပေါ့….
တော်သေးဘီ
ရှည်သွားဘီ …..
ပုံ
အရှေ့ကျွန်း မဟာဇိမ် အဓမ္မ ဝါဒရှင် …
ဟီမူရာ ဂီဂီ ကိုယ်တော်ကြီး ….
P.S ကျုပ်ကတော့ ပန့်သကူပဲ စားပါတယ် ..သို့သော် ဒါတွေရှိတာကိုလည်း လက်ခံထားပါတယ်…
htoosan
December 16, 2011 at 10:06 pm
ဦးဘလက် ရဲ့ မြန်မာအစ် ကို သတိရကြပါစ … 😀
တကယ်တော့ အဲ့ဒီလို Seafood ဆိုင်မျိုးတွေ မြန်မာပြည်ရောက်နေတာ ကြာပါပြီ။ အရင် ကန်တော်ကြီး နားက Seafood ဆိုင် ၊ Sedona Hotel က Dufu Restaurant ၊ သိမ်ကြီးဈေး အပေါ်ထပ်ကဆိုင်..
ကိုယ်မကြိုက်ရင် ကိုယ်ဝေးဝေးနေလိုက်ရင် ပြီးသွားတာပါဘဲ။
kai
December 17, 2011 at 5:05 am
…. အင်မတန်လှပထွားကြိုင်းတဲ့.. ခရမ်းချဉ်သီးတွေ. ပြောင်းဖူးတွေ.. အာလူးတွေ..၊ ပန်းသီးတွေ..။ ကြက်သွန်ဖြူနီတွေ…မှိုတွေ.. ဂျုံစေ့..ဆန်စေ့တွေ.. …တွေ….တွေ….တွေ..
အဲဒါတွေဖြစ်ဖို့.. ပိုးမွှားအင်းဆက်… ကြွက်..မြွေ..လယ်ပုဇွန်..ငှက်…သောင်းသိန်းချီသေထားရတာ..။
လယ်ဧကတွေချဲ့သမို့.. သဘာဝတောတိရိစ္ဆာန်တွေလည်း.. ဘုံပျောက်ကြ..။ မိသားစုကွဲကြ..။ သေကြ..ကျေကြ…
အဲ..
တလောက.. မင်းထင်ကိုကိုကြီးရဲ့..”အင်းသီး”.. မှတ်တမ်းကားကြည့်ဖြစ်တယ်..။
အင်းလေးကန်က.. ပိန်လှီလှီ ခရမ်းချဉ်သီး(“အင်းသီး”)တွေစိုက်ဖို့.. ပိုးသတ်ဆေးသုံးတော့.. အဲဒီဒေသ.. ရေ-လေတွေညစ်ညမ်းပြီး. လူတွေမကျမ်းမာကြ..ဒုက္ခရောက်ကြ..။ ငါးတွေရှားတာ.. စတာတွေကိုပြောတာ..။ အင်းလေကန်းရေ..သောက်လို့မရတော့ဘူးတဲ့..။
အဲဒီမသန့်တဲ့ရေကြောင့်.. သတ္တဝါတွေဘယ်လောက်သေမလဲ.. ?????????
ဆိုတော့.. ငါးရှားတာက.. ငါးသေတာပဲ.မျိုးကန်းကုန်တာပဲ..။
အဲဒါ..ခရမ်းချဉ်သီးတလုံးဖြစ်လာဖို့.. အသက်တွေရင်းထားရတဲ့အကြောင်း..ပြောပြတာ..။
ပညာရှိ..။အသိညဏ်မြင့်သူတွေက.. မှန်ကန်ထဲ.. ပြလို့.. မျက်စိနဲ့မြင်မှမဟုတ်.. တွေးကြည့် သိကြပါလိမ့်မယ်..။
ဆိုတော့..
ကိုယ့်အတ္တအတွက်အသီး လတ်လတ်ဆတ်ဆတ် စားဖို့.. သတ္တဝါတွေသေကြေပျက်စီး.. မျိုးကန်းတာမျိုုးဖြစ်စေတာမို့…
အို..အသင်လူသား..
……. ဘာဆို… ဘာမှမစားကြနဲ့တော့နော…။
ဒန့်တန်တန်… 😆
ကြောင်ကြီး
December 17, 2011 at 1:18 pm
ကျနော်ကတော့ အဲသလိုဆိုင်မျိုးတွေထက် မသတ်ခင် ဖြစ်သလိုထား၊ သတ်ရင်လည်း ရက်ရက်စက်စက် ထင်သလို ပြုမူနေတဲ့ ဆိုင်မျျိး၊ လုပ်ငန်းမျိုးတွေကို ဆန့်ကျင်ကန့်ကွက် စေချင်တယ်။ မြန်မာပြည်မှာလည်း ဆန္ဒပြခွင့်ပေးတော့မယ်ဆိုတော့ ရွာသူားထဲက လုပ်ရဲသူများ အဖွဲ့ဖွဲ့ပြီး ဆန္ဒပြပါမစ် လျောက်ကြည့်ကြပါလား။
comegyi
December 17, 2011 at 2:14 pm
ဟိုတုန်းက ကာတွန်းလေးတစ်ကွက်ဖတ်ဖူးတယ်
ဈေးထဲမှာ အဒေါ်ကြီးတစ်ယောက်က
ကြက်အရှင်တွေကိုကြည့်ပြီးမေးနေပုံလေးပါ…
အဲဒါ ကြက်သားခုတ်တဲ့ကိုရင်က ပြောတယ်
အဒေါ်ကြီး ပံ့သကူသားလိုချင်ရင် ဟိုဘက်ခဏလျှောက်သွား
ပြီးပြန်လာခဲ့တဲ့ …….