မလေးရှားသို့ တစ်ခေါက်တစ်ခါ (၇)
မလေးရှားသို့ တစ်ခေါက်တစ်ခါ (၇)
အရှေ့မှာ ပြောခဲ့သလို ရောက်ခါစဆိုတော့ ရဲဖမ်းမှာလည်းကြောက် (ကိုယ့်မှာက စာအုပ်မရှိတော့ဘူး ဆိုတော့ တရားမဝင်နေသူ ဖြစ်သွားပြီလေ)၊ ရှိစုရှိမဲ့ ပိုက်ဆံလေးလဲ ရဲကို ဘလန်ချာ မပေးချင်၊ ကိုယ်လည်း ဟိုနားသွားရရင် ရဲနဲ့တွေမှာလည်း ပူရဆိုတော့ ရှိစူရှိမဲ့ ပါလာတဲ့ ပိုက်ဆံလေးနဲ့ ကဒ်လေးတော့ လုပ်ထား လိုက်မယ်လို့ ဆုံးဖြတ် လိုက်တာပါ။
ကဒ်လုပ်ဖို့ကိုတော့ လူရင်းမိတ်ဆွေက စီစဉ်ပေးပါတယ်။ ကဒ်လုပ်ခိုင်းလိုက်ပြီး ၂ရက်လောက်နေတော့ လုပ်ခိုင်းတဲ့ ကဒ်ရလာပါတယ်။ ကဒ်ကိုပေးတဲ့အခါ အထက်မှာ ကျွန်တော်ပြောခဲ့သလို ကွေးလို့ရတာ၊ UV Light နဲ့ ထိုးပြတာတွေ လုပ်ပြပါတယ်။ ကဒ်ရတဲ့ အခါ ကျွန်တော်က ကဒ်ပေါ်က Data တွေကို အလွတ်ရအောင် ကျက်ထားရပါတယ်။ အမည်စာလုံးပေါင်းတွေက အစပေါ့။ ဒါမှ ရဲက စစ်တဲ့အခါ အမည် အပါအဝင် ကဒ်ပေါ်က အချက်အလက်တွေ မေးရင်၊ ရေးခိုင်းရင် အကုန်မှန်အောင် ပြောနိုင်၊ ရေးပြနိုင် အောင်လို့ပါ။
အထက်မှာ ပြောခဲ့တဲ့ မလေးရောက်တာ ဘယ်လောက်မှ မကြာသေးခင်မှာပဲ ရဲဖမ်းတာ ခံရတာလေး ဆက်ပါအုံးမယ်။ ကိုယ်က မလေးမြေ ရောက်တာ မကြာသေးတော့ အပြင်လည်း မလိုအပ်ပဲ လုံးဝကို မထွက်တာပါ။ ဒါပေမယ့် မဖြစ်မနေ ထွက်နေရတာက နေတိုင်းထမင်း ထွက်ဝယ်ရတာရယ် (ဒါတောင် နေ့ဂျူတီဆိုရင် “အ” မလေးကိုပဲ သွားဝယ်ဖို့ အကူအညီတောင်းပါတယ်)၊ လိုအပ်တဲ့ အသုံးအဆောင်လေးတွေ ဝယ်ဖို့ အနီးအနားက ဆိုင်လေးတွေ၊ Supermarket သွားတာရယ်လောက်ပဲ သတိနဲ့ သွားပါတယ်။
ဖြစ်တဲ့နေ့က နေ့ဂျူတီအထွက် ည ၈ နာရီလောက်မှာ ဆိုင်နဲ့ မလှမ်းမကမ်းက စားသောက်ဆိုင်တွေ ရှိတဲ့ နေရာကို သွားနေတုန်းမှာပါ။ လက်ထဲမှာလည်း မြန်မာပြည်က ရောက်လာတဲ့ စာလေးတစ်စောင် ကိုင်လျက်ပေါ့။ လူတွေ ရှုပ်နေတဲ့ ပလက်ဖေါင်း အတိုင်း ခတ်သုတ်သုတ် လျှောက်နေတုန်းမှာ ဗြုန်းဆို ဘေးကနေ ထွက်ပြီး IC ဆိုပြီးတောင်းပါတယ်။ မလေးမှာ ထူးခြားတာက သူတို့နိုင်ငံသားတိုင်း သွားလေရာကို Identity Card (IC) ဆောင်ကြ (ဆောင်ရ) ပါတယ်။ တာဝန်ရှိသူတွေက လိုအပ်ရင် စစ်တတ်ပြီး ထုတ်ပြရပါတယ်။ နိုင်ငံခြားသားဆိုရင်တော့ IC တောင်းရင် Passport တို့၊ အလုပ်သမားကဒ် (ဂျလန်းကဒ်)တို့ ထုတ်ပြရပါတယ်။
ကျွန်တော်အတွက်တော့ လူ့လောကကြီးမှာ မွေးကတည်းက တစ်သက်လုံး တရားဝင်နေလာပြီးကာမှ တရားမဝင် ဆိုပြီးနေရတဲ့ ဘဝမှာ ပထမဆုံး တရားဝင်နေတာလားဆိုတာ အစစ်ခံရဖူးတဲ့ ပထမဆုံး အတွေ့အကြုံကြီးပါ။ စစ်နေကြသူတွေက အရပ်ဝတ်တွေနဲ့မို့ ကျွန်တော်သွားနေတုန်း သတိမထားမိလိုက်တာပါ၊ မလေးမှာ နေကြတဲ့ တရားမဝင် နေရသူတွေ ဘဝမှာ လမ်းသွားရင် ရှေ့တမြင်မှာ မဲမဲ မဲမဲနဲ့ ရဲတွေ့မလားဆိုပြီး သတိထားကာ သွားလာကြရပါတယ်။ (ရဲဝတ်စုံက အနက်ရောင်မို့ပါ)။ တရားဝင်နေသူနဲ့ အတူသွားတယ် ဆိုရင်တောင် တစ်ချို့ဆို တရားဝင်နေထိုင်သူက ရှေ့ကသွားကာ တရားမဝင် နေရသူက မလှမ်းမကမ်းက လိုက်ကြပါတယ်။ ရှေ့ကလူ ရပ်သွားရင် ကိုယ်ကနီးရာ ဆိုင်တစ်ဆိုင်ဝင်ဖို့ (ဖြစ်နိုင်ရင် တရုတ်ဆိုင်) လုပ်ရပါတယ်။ မလေးရဲတွေက တရားမဝင် အလုပ်သမားတွေ ဆီက ဘလန်းချာ မီနူမ်း တောင်းချင်တာ ဆိုတော့ ဆိုင်တွေထဲအထိတော့ လိုက်မလာတတ်ပါဘူး။ တရုတ်ဆိုင်တွေထဲ ဝင်စစ်ရင် တရုတ်တွေက ရဲနံပါတ်မှတ်ကာ (ရဲနံပါတ်က ရင်ဖတ်ပေါ်မှာ စာလုံးကြီးကြီးနဲ့ ပါပါတယ်) တိုင်တတ်လို့ ဝင်မစစ်တတ်ပါဘူး။
ဆက်ရရင် ကိုယ်ကိုစစ်တော့ လူက ရုပ်မပျက်အောင်သာ မနဲသတိထားနေပေမဲ့ ရင်ထဲမှာတော့ တဒိတ်ဒိတ်နဲ့ လန့်နေမိပါတယ်။ ကျွန်တော်က ဂျလန်းကဒ် အတုလေး ထုတ်ပြတော့ မလေးစကားနဲ့ မေးလာပါတယ်။ ကျွန်တော်က အင်္ဂလိပ်လိုပြန်ပြီး ကဒ်ထဲက အလွတ်ကျက်ထားတဲ့ ကုမ္ပဏီ အမည်နဲ့ အလုပ်ကို ပြောကာ အဲဒီက အလုပ်သမား ဖြစ်ကြောင်းပြောလိုက်တော့ စစ်နေတဲ့ အရပ်ဝတ်နဲ့ ရဲက နောက်တစ်ယောက်ကို လှမ်းခေါ်လိုက်ကာ မလေးလို တစ်စုံတရာ ပြောပါတယ်။ ပထမ ရဲက အင်္ဂလိပ်လို သိပ်မရပဲ နောက်ရောက်လာတဲ့ ရဲကမှ တော်တော်လေး ပြောနိုင်ပါတယ်။
နောက်ရောက်လာတဲ့ တစ်ယောက်က ကဒ်ကို ကွေးကြည့်ပါတယ်။ နောက် သူ့အိတ်ထဲက UV light ကို ထုတ်ကာ ကဒ်ကို မီးထိုးကြည့်ပါတယ်။ နောက်ကျွန်တော်ကို အမည်၊ အလုပ်အကိုင်၊ ကုမ္ပဏီ အမည်တွေ မေးကာ ကဒ်နဲ့ တိုက်ကြည့်ပါတယ်။ ကျွန်တော်က အသေအချာ အလွတ်ကျက်ထားတဲ့ သူဆိုတော့ အားလုံးက မှန်နေပါတယ်။
ဒါနဲ့သူက ဘယ်မှာနေတာလဲလို့ မေးပါတယ်။ ကျွန်တော်က မိတ်ဆွေတွေ နေတဲ့ လိပ်စာဖြစ်တဲ့ ဆာလာဆောက်ဘာရူး လို့ပြောလိုက်ပါတယ်။ (အဲဒီနေရာက ကျွန်တော်အလုပ်လုပ်တဲ့ နေရာနဲ့ နဲနဲ အလှမ်းဝေးပါတယ်)။ ဒီတော့ သူက ဒီကိုဘာလာလုပ်တာလဲ မေးလို့ ကျွန်တော်က လက်ထဲက စာအိပ်လေးပြကာ ဒီနားမှာ မြန်မာသူငယ်ချင်း နေတယ်ဆိုလို့ လိုက်ရှာနေတာပါလို့ ပြောလိုက်ပါတယ်။ ဒီတော့ ရဲ နှစ်ယောက် မလေးလို ပြောကြပြီး ကျွန်တော်ကို မလှမ်းမကမ်းက ကားထားတဲ့ နေရာဆီ ခေါ်လာကာ ကားနားမှာ ရှိနေတဲ့ နောက်ရဲတစ်ယောက် (အရပ်ဝတ်နဲ့ပါပဲ) ကို ကျွန်တော်ကဒ်လေး ပေးခဲ့ကာ ကျွန်တော်ကို ကားနောက်ခန်းမှာ ထိုင်ခိုင်းထားပြီး စောစောနေရာ ပြန်သွားကာ ဆက်စစ်နေကြပါတယ်။ ဒီရောက်မှ သတိထားမိတာက သူတို့ အဖွဲ့က ရဲကားတစ်စီးရယ်၊ အရပ်ကားလေး ၂စီးရယ်ပါ။ ကျွန်တော်ကို အပ်ထားခဲ့တဲ့ ရဲက ကျွန်တော်ကဒ်ကို ကြည့်ကာ တစ်နေရာကို ဖုံးဆက်နေပါတယ်။ ကျွန်တော်ကတော့ မလေးရောက်တာ မကြာသေးခင်မှာပဲ ငါတော့ အဖမ်းခံရပြီထင်တယ်လို့တွေးနေ မိပါတယ်။ ဘုရားစာတွေ ဘာတွေ စိတ်ထဲ ရွတ်နေမိပါတယ်။
ခဏနေတော့ ကျွန်တော်ကို စဖမ်းတဲ့ ရဲနှစ်ယောက် ပြန်ရောက်လာပြီး ကျွန်တော်ကဒ်ကို ပြန်ယူကာ ကျွန်တော်ကို တင်ထားတဲ့ ကားနဲ့ အဲဒီနေရာကနေ မောင်းထွက်လာခဲ့ပါတယ်။ ကျွန်တော်ကတော့ ရဲစခန်း ရောက်ရပြီလို့ မှတ်လိုက်ပါတယ်။ လမ်းမှာလည်း ဒီနှစ်ယောက်က မသင်္ကာတဲ့ (တရားမဝင် အလုပ်သမားလို့ ထင်ရသူ) တွေကို ဆင်းဆင်း စစ်နေပါသေးတယ်။ ၁၅ မိနစ်လောက်ကြာတော့ ကားပေါ်က ရဲတစ်ယောက်ဆီ ဖုံးဝင်လာပြီး ကျွန်တော် ကဒ်နံပါတ်တွေ၊ အမည်တွေ ရွတ်ပြနေပါတယ်။ ကျွန်တော်ကိုလည်း မလေးမှာ အလုပ်လုပ်နေတာ မလေးစကား မပြောနိုင်ဘူးလားလို့ မေးပါတယ်။ ဒါက ကျွန်တော်ကဒ်အတု လုပ်ထားတဲ့ မိတ်ဆွေက မလေးမှာ အလုပ်လုပ်နေတာ ၃နှစ်ကျော် ကြာပြီဆိုတာကြောင့်ပါ။ ကျွန်တော်က ကဒ်ပေါ်က ကုမ္ပဏီ အမည်ရွတ်ပြပြီး တရုတ် ကုမ္ပဏီ ဖြစ်တာကြောင့် စက်ရုံမှာ မလေးလို့ မပြောကြပဲ တရုတ်စကားရယ်၊ အင်္ဂလိပ်လိုပဲ ပြောလို့ မလေးလို မရတာပါလို့ ပြောလိုက်ပါတယ်။ မလေးမှာက ရုံးတွေ၊ အလုပ်ခွင်တွေမှာ တရုတ်တွေက အခြင်းခြင်းဆိုရင် တရုတ်စကားရယ်၊ အင်္ဂလိပ်လိုပဲ ပြောကြပါတယ်။ အင်္ဂလိပ်လို ပြောနိုင်မှ ပညာတတ်လို့ ဂုဏ်ယူတာလဲ ပါပါတယ်။ ဒါကြောင့်လည်း ကျွန်တော်ပြောတာက ယုတ္တိတန်ပြီး ယုံတာပါ။ နောက်မောင်းလာပြီး ကျွန်တော်ကို စခေါ်လာတဲ့ နေရာနားပြန်ရောက်လာတော့ ကားရပ်ပေးပြီး ဆင်းလို့ရပြီလို့ ပြောကာ ကဒ်ကို ပြန်ပေးပါတယ်။
ကျွန်တော့်မှာ ဝမ်းသာလိုက်တာ မပြောပါနဲ့တော့။ ခတ်တည်တည်နဲ့ ကျေးဇူးတင်ကြောင်းပြောပြီး နှတ်ဆက်ကာ လစ်ထွက်ခဲ့ရပါတယ်။ နောက် ကိုယ်နေတဲ့ဆီ တန်းမပြန်ရဲသေးပဲ ထမင်းဆိုင်မှာ ထိုင်စားနေကာ အချိန်ဖြုန်းနေ လိုက်ပါသေးတယ်။ သေချာပြီဆိုမှ ထပြန်ခဲ့ရပါတယ်။ နောက်မှ နောင်တော်တွေ ပြန်ပြောပြတာက ရဲက ကျွန်တော့်ကဒ်နံပါတ်ကို ရဲစခန်း လှမ်းပြောပြီး ကွန်ပြုတာနဲ့ စစ်တာ ဖြစ်ကြောင်း၊ ကွန်ပြူတာမှာ ပေါ်တာက ကျွန်တော့်ကဒ်မှာ ပြနေတဲ့ ဒေတာတွေ ဖြစ်တာရယ်၊ ကျွန်တော်က ပြောတာ ယုတ္တိတန် နေတာကြောင့်ရယ်၊ ရဲစခန်းကလည်း ဒေတာမှန်တယ်ဆိုလို့ ပြန်လွတ်တာ ဖြစ်မယ်လို့ ဆိုပါတယ်။ အဲဒီညကတော့ ကျွန်တော်လည်း ကဒ်လုပ်ဖို့ အကြံပေးသူတွေ၊ ကဒ်လုပ်ပေးတဲ့ (ချိပ်ဆက်ပေးတဲ့) မိတ်ဆွေတွေကို အကျိုးအကြောင်း ဝမ်းသာအားရ လှမ်းပြောရသေးတယ်။ ပေးရတဲ့ မလေးငွေ ၁၅ဝ လည်းတန်တယ်ပေါ့လေ။
အဲဒါက လွတ်လာပေလို့သာပါ။ တစ်ကယ်သာ စခန်းခေါ်စစ်ရင် ကွန်ပြူတာမှာ ပေါ်နေတဲ့ ဓါတ်ပုံနဲ့ ကဒ်က ကျွန်တော်ပုံ မတူတာတွေ တွေ့ပြီး တရားမဝင် အလုပ်သမား ကဒ်အတုလုပ် ကိုင်ဆောင်မှုနဲ့ ထောင်ထဲ သွားရမှာပေါ့။ ဒါလေးက မလေးထောင်နှတ်ခမ်း နင်းခဲ့ရဖူးတဲ့ အတွေ့အကြုံလေးတစ်ခုပါ။
(ဆက်ပါအုံးမယ်)။
PS – တစ်ချိန်တစ်ခါက မလေးမြေကို ရောက်ခဲ့ဖူးလေသူ အညတရ မြန်မာတစ်ယောက်ရဲ့ မလေးရောက် အတွေ့အကြုံများ အသေးစိတ် ပြန်ပြောပြတာလေးတွေကို မှတ်တမ်းယူ၊ ခွင့်ပြုချက်တောင်းကာ ရေးဖွဲ့ထားပါတယ်။
3 comments
htoosan
December 16, 2011 at 4:52 pm
ရင်မောတယ်ဗျို့။
nozomi
December 16, 2011 at 5:45 pm
၁ နဲ့ ၂ က ဖတ်ပြီးသား
၃ ကနေ ရ အထိ တစ်ခါတည်း ဖတ်လိုက်တယ်
စိတ်လှုပ်ရှား စရာ အပြည့်နဲ့ပါလား
အရေးအသားလဲကောင်း ဗဟုသုတလဲ ရ ၊ ကျေးဇူးတင်တယ် ဗျို့
နောက်ဟာတွေလဲ စောင့်ဖတ်နေမယ်နော
blackchaw
December 16, 2011 at 5:56 pm
မလေး ထောင်နှုတ်ခမ်း နင်းခဲ့တဲ့ အတွေ့အကြုံလေး ဖတ်သွားပါတယ်ဗျာ။
မလေး ရဲတွေမို့ပေါ့ဗျာ။ ရန်ကုန်ရဲဆိုရင် ခင်ဗျားဒေတာမှန်နေရင်တောင်
ဟဲဟဲ။ ဘာမှဟုတ်တော့ပါဘူးဗျာ။