သင်္ဘောကျင်းက နေ့လည်စာ

စဆရ ႀကီးDecember 19, 20111min32312

စင်္ကာပူမိုးသည်ကား အညှိုးကြီးလွန်းလှပေစွ။ မနက်ကတည်းက ရွာလိုက်သည်မှာ ယခုနေ့လည်တိုင်အောင် မရပ်နိုင်သေး။ ကိုရင်ရှူံးသည်လည်း ထမင်းစားချိန်ရောက်ပြီဖြစ်သောကြောင့် သင်္ဘောပေါ်မှဆင်းရန် တိုးဝှေ့လုယက်နေကြသော လူအများကြားတွင် ကုန်းပေါ်သို့ အမြန်ဆုံးရောက်နိုင်ရေး တိုးဝှေ့နေရလေသည်။ အရေးထဲမှ အရာပေါ်သကဲ့သို့ Safety Officer မှ အမှိုက်မပါလျင် အောက်မဆင်းရဆိုသည့်အတွက် တွေ့ရာ သံတို၊ သံစများကို Air Tube ကို စုတ်ဖြဲပြီး အိတ်လုပ်ကာ ကိုင်ထားရသည်မှာလည်း လက်ပင် အတော်အောင့်နေပြီဖြစ်သည်။ လူ ၅၀ဝ ခန့်လုပ်ကိုင်ရာ သင်္ဘောပေါ်မှပြင်ပသို့ထွက်ရာ လှေကားသည်ကား နှစ်စင်းထဲသာ ထိုးထားသည်။ တစ်စင်းလျင် လူတစ်ယောက်ခန့်သာ သွားနိုင်သည့်အတွက် များပြားလှသော လူအုပ်ကြီးမှာ အပြင်သို့ထွက်နိုင်ရေး ဆူညံသံပေးလျက်ဖြင့် ကမ္ဘာပျက်နေသည့်အလားပင်။ တိုးရင်းဝှေ့ရင်းနှင့်ပင် ကုန်းပေါ်သို့ ခြေချမိတော့သည်။ Board တွင် ချိတ်ထားသော Name Tag ပြားလေးကို အမြန်ဖြုတ်၊ ထမင်းထုပ်ထားသည့်နေရာသို့ ခပ်သုတ်သုတ်လှမ်းကာ အိတ်ထဲမှ အိပ်ယာခင်းလဲဖြစ်၊ မိုးကာလဲဖြစ်သော တာလပါတ်စလေးကို ကပျာကယာခြုံပြီးနောက် မိုးလွတ်ရာ နေရာတစ်ခုကို တက်သုတ်ရိုက်ရှာရတော့သည်။

ယနေ့မှပင် မိုးကလဲ အတော်စွေလွန်းလှသည်။ မိုးမရွာလျင်တော့ တစ်နေရာရာမှာ အခင်းလေးခင်းပြီး ထိုင်စားလိုက်ရုံသာဖြစ်သော်လည်း ယနေ့တော့ အခက်တွေ့လေပြီ။ Mobile Workshop များတွင်လည်း လူပြည့်နေပြီဖြစ်သည်။ နောက်ဆုံးတွင်မတော့ ဒေါက်တင်ထားသော သင်္ဘောကြီး၏အောက်တွင် တစ်ကိုယ်စာ မိုးလွတ်သည့်နေရာလေးရသဖြင့် ခြုံထားသော တာလပါတ်စကို မြေမှာ ဖြန့်ခင်းရင်း ထမင်းဗူးကို ဖွင့်လိုက်သည့်တစ်ခဏ ဆာလောင်ခြင်းမှာ ပြောမပြတတ်အောင်ဖြစ်သဖြင့် တစ်မျိုးတည်းချက်လာသော ဟင်းဖြင့် မြိန်ရေ၊ ယှက်ရေ စားရတော့သည်။ ခမောက်နှင့် Safety Belt များကိုပင် မဖြုတ်နိုင်တော့ပေ။ ထမင်းဘူးထဲမှ နောက်ဆုံးအလုပ်ကို သွင်းလိုက်ပြီးသည့်နောက်တွင်မတော့ အတော်အတန် အဆာပြေသွားပြီဖြစ်သည်။ Canteen တွင် ရောင်းသော ၂ ကျပ်တန်နေ့လည်စာမှာ အတော်လေးစားကောင်းသော်လည်း သွားရမည်မှာ ဝေးလွန်းလှသည်။ နောက်တစ်ကြောင်းမှာ ၂ ကျပ်ဆိုသောငွေမှာ ကိုရင်ရှူံးတို့လို့ နေ့တွက်နှင့်ရှင်းပေးခံရသည့် အလုပ်ကြမ်းသမားများအဖို့ အတော်လေးကို များပြားလှသောငွေဖြစ်သည်။ တစ်ခါချက် သုံးရက်စာနှူန်းဖြင့် ချက်ထားသောဟင်းကို မနက်ပိုင်းတွင် ရေခဲသေတ္တာမှ ထုတ်ပြီးထည့်လာသောကြောင့် နေ့ခင်းဆိုလျင်၊ ပူသည့်နေ့ရက်များတွင်မတော့ အနည်းငယ်ပင် အနံ့ထွက်နေမြဲဖြစ်သည်။ ယနေ့တွင်မတော့ ရာသီဥတုအေးသောကြောင့်ပေလားမသိ၊ အကောင်းအတိုင်းဖြစ်သည်။

ရေဗူးထဲမှ ရေကို တစ်ကြိုက်ခန့်မော့ပြီးသည့်နောက် ပလတ်စတစ်စဖြင့် သေချာပါတ်ထားသော အင်ဒိုနီးရှားမှထုတ်သည့် ဆေးပေါင်းထုပ်ကို အသာအယာထုတ်ရသည်။ မတော် လွတ်ကျသွားမှ ရှိစုမဲ့စုလေး ကုန်သွားမှာလည်း စိုးရသေးသည်။ အိတ်လေးကို ဖွင့်လိုက်သည်နှင့် ဆေးနံ့မွှေးမွှေးလေးက ဆီးကြိုနေသဖြင့် ခံတွင်းမှာ အတော်ပင် ချဉ်ခြင်းဖြစ်လာတော့သည်။ စာအုပ်ပုံစံလေးလုပ်ထားသော စီးကရက်စက္ကူလေးတစ်ရွက်ကို ညင်ညင်သာသာထုတ်လိုက်ပြီး သင့်တော်ရုံ ဆေးသားများကိုတင်ပြီး လက်ဖဝါးနှစ်ဖက်ဖြင့် လိပ်ပြီးနောက် ထိပ်နှစ်ဖက်ကို အသာအယာဖိသွင်းလိုက်သောအခါ စီးကရက်ပုံစံအလား ဆေးလိပ်တစ်လိပ်ကို အသင့်ရပြီဖြစ်သောကြောင့် 6mm ပိုက်ကို တစ်ဖက်ပြားထားသော ပိုက်တိုလေးတွင်တပ်ဆင်ပြီးနောက် မီးညှိလိုက်သည့်တစ်ခဏ လေးလံလှသော ကိုယ်ကြီးကို တာလပါတ်စပေါ်တွင်လှဲလှောင်းလိုက်ရင်း ရေဗူးပေါ်တွင် ယူနီဖောင်းကိုချွတ်တင်ထားသည့် ခေါင်းအုံးအပေါ်ခေါင်းချပြီး အပေါ်တွင် မြင်နေရသည့် သင်္ဘောဝမ်းဗိုက်မည်းမည်းကြီးကို အဓိပ္ပါယ်မဲ့ ကြည့်နေမိသည်။ ယနေ့တော့ အိပ်ချိန်မရတော့ပြီဖြစ်သည်။ သင်္ဘောပေါ်မှဆင်းလာသည်မှာလည်း နောက်ကျ၊ နေရာရှာနေရသည်နှင့် ထမင်းစားချိန် ၄၅ မိနစ်မှာ ၃၅ မိနစ်ခန့် ကုန်သွားပြီဖြစ်သည်။

အရင်နေ့များကမူ မိနစ် ၂ဝ ခန့်မျှ အချိန်ပိုသဖြင့် တစ်ရေးတစ်မော အိပ်စက်လို့ရသေးသည်။ တစ်ခါကများဆိုလျင်မူ ကမ်းဘေးတွင် လေလေးက တစ်ဖြူးဖြူးတိုက်နေသဖြင့်လည်းကောင်း၊ အရိပ်လေးလဲ ရနေသဖြင့်လည်းကောင်း၊ ပင်ပန်းနေသည်ကတစ်ကြောင်းကြောင့် အိပ်ပျော်သွားလိုက်သည်မှာ သင်္ဘောပေါ်တက်ရန် ဥဩဆွဲသံကိုပင်မကြားမိတော့ပေ။ တစ်ခြားသူများ သင်္ဘောပေါ်တက်သွားပြီးသည့်နောက် ကျွန်တော်သည်ကား ကမ်းနံဘေး၊ လမ်းမကြီးပေါ်တွင် တစ်ခူးခူးနှင့် အိပ်ပျော်နေလိုက်သည်မှာ Safety Officer မှ လာနှိူးပြီးနောက် Name Tag အားဖြုတ်လိုက်သောအခါမှ နိုးတော့သည်။ ထိုစဉ်က ကျွန်တော်၏ ၃ ရက်စာလုပ်ခ ငွေ၅ဝ ကျပ်အား ဒါဏ်ရိုက်ခံလိုက်ရသည့်အတွက် ၃ ရက်စာ အလကား အလုပ်လုပ်လိုက်ရသေးသည်။

ဒီတစ်ခေါက်တော့ မအိပ်တော့ပါဘူးဟု စိတ်ကိုပိုင်းဖြတ်ကာ နောက်ထပ် ပွတ်ချွန်းတစ်လိပ်ကို ထပ်လိပ်ကာ တောင်စဉ်ရေမရ အတွေးများစွာကို တွေးမိနေပြန်သေးသည်။ ဘဝတွင် တစ်ခါမှ စိတ်ကူးမယဉ်ဖူးသော လောကငရဲသားများဘဝ ကိုယ့်ဖာသာရွေးချယ်ခဲ့မိခြင်းကိုလည်း မတွေးတတ်တော့အောင်ဖြစ်သည်။ လွန်စွာမှပင် မာယာများလှသော စင်္ကာပူတွင် အလှည့်စားခံလိုက်ရပြီးနောက် ရှေ့လဲမတိုးသာ၊ နောက်လဲမဆုတ်သာဖြင့် ဖြစ်သမျှအကြောင်း အကောင်းချည်းသာမှတ်ယူကာ လုပ်နေရသည်မှာလည်း ၂ နှစ်ခန့်ပင်ရှိနေပြီဖြစ်သည်။ တစ်လတစ်လ အကြောင်းပြချက်မျိုးစုံဖြင့် ပြန်ဖြတ်ယူသွားသဖြင့် လစာထုတ်လျင် ၄၅ဝ ခန့်ရသည့်လဆိုလျင် လွန်စွာမှပင် ကံကောင်းလှပြီဟု မှတ်ယူရပေမည်။ ထိုသို့ ကိုယ့်အကြောင်းကိုယ် ပြန်တွေးမိလိုက်သည့်တစ်ခဏ ညာဘက်မျက်လုံးထောင့်စွန်းမှ မျက်ရည်တစ်ချို့ မိုးကာ အိပ်ယာခင်းပေါ်သို့ မိုးရေနှင့်ရောနှော ကျဆင်းသွားလေသည်။

မကြားချင်ဆုံး ဥဩသံကို ကြားလိုက်ရပြီးသည့်နောက် အကျဉ်းသားနံပါတ် ၂၂ရ ဟုရေးထိုးထားသော ခမောက်ဝါဝါကြီးကို ကောက်ဆောင်းပြီးနောက် ထမင်းထုပ်ကိုဆွဲကာ ဆက်လက်လုပ်ကိုင်ရဦးမည် သင်္ဘောကြီးရှိရာသို့ စိတ်မပါတစ်ပါဖြင့် ချီတက်ခဲ့ရတော့သည်။ ဪ… လမ်းကျမှ အမှတ်ရမိသည်။ အိမ်သာတောင် မသွားဖြစ်ခဲ့ပါလားဟု။ သွားလျင်လည်းခုချိန်ဆိုလျင် တန်းစီနေသည့်လူတွေအများကြီးနှင့်မို့ ကိုယ့်အလှည့်လဲ ရောက်ဖို့ မမှီနိုင်တော့ပါဘူးလေဟု ပြန်တွေးကာ ရှေ့ကိုသာ လှမ်းရင်း… လှမ်းရင်း… လှမ်းရင်းနှင့်။

ရှူံးနိမ့်မှုများနဲ့.. လူ
(ခေတ္တလူ့ပြည်)

12 comments

  • comegyi

    December 19, 2011 at 1:08 am

    ကိုရှုံးရယ်
    ဖတ်ရတာစိတ်မကောင်းလိုက်တာ
    အရေးအသားကလည်း ကွက်ကွက်ကွင်းကွင်း
    မြင်အောင်ရေးနိုင်ပါတယ်
    ဒါနဲ့ အိမ်သာမတက်ခဲ့ရတော့
    အလုပ်ထဲမှာ တစ်နေကုန်အောင့်ထားရမှာပေါ့နော်

    • တစ်ပိုင်းတစ်စပဲ ထုတ်နှုတ်ပြရသေးပါတယ်
      ကိုယ်ပေးချင်တာတွေကို ဘယ်လိုပေးရမလဲ စဉ်းစားနေတာနဲ့ အဆင်ပြေသလောက်လေးတွေပဲ ထုတ်နှုတ်ပြနေတာပါ။ ဒီထက်ပိုပြည့်စုံအောင် ရေးနိုင်ဖို့တော့ ကြိုးစားနေတုန်းပါပဲ

  • nozomi

    December 19, 2011 at 9:57 am

    ကိုအောင်မြင် အကောင်းမြင်စိတ်လေးနဲ့ ကြည့်ရင် အကျဉ်းသားနံပါတ် ၂၂ရ ဆိုတဲ့ ဘဝ ကိုဖြတ်သန်းနေရတုန်းကတော့ တော်တော်လေးကို ပင်ပန်းဆင်းရဲမှာပဲ ၊ ဒါပေမဲ့ အဲဒီ ပင်ပန်းဆင်းရဲမှုကနေ ရတဲ့ ဘဝ အတွက် အကျိုးရှိစေမဲ့ သင်ခန်းစာတွေကတော့ အများကြီး နေမှာပါ ၊ အခု ကိုအောင်မြင် ဒီပို့စ် ရေးတုန်းကတောင် ဒါတွေ ငါလုပ်နိုင်ခဲ့တာပဲ ဆိုတဲ့ ကျေနပ်အားရစိတ်လေး ဖြစ်မိမှာ အမှန်ပဲ

    အတွေ့အကြုံတွေ ဆက်ရေးနော် ၊ စောင့်ဖတ်နေမယ်

  • ကြောင်ကြီး

    December 19, 2011 at 10:24 am

    မောင်ရှုံး
    မုန်းရှောင်
    ပြုံးဆောင်
    ဘုန်းယောင်
    မြုံးထောင်
    ရုန်းပေါင်
    ဆုံးအောင်
    ကြုံးမောင်… 😳

  • “ဘီလူးကြီး”ogre

    December 19, 2011 at 10:49 am

    တစ်ခါမှမနိုင်တဲ့လူကြီးရယ်
    ခင်ဗျားစာဖတ်ရတာ
    မောလိုက်တာ
    ဘဝ တွေကဒီလိုပါပဲဗျ
    “ဘဝ” မို့လို့နော် “ဘပိန်” ဆိုလို့ကတော့ သေပြီသာမှတ် 🙂

  • ဆူး

    December 19, 2011 at 10:59 am

    ဖတ်ရတာ စိတ်တောင် မကောင်းဘူး
    အရေးအသားကတော့ ဘဝ ပုံကို ထင်ဟတ်နေတော့တာပဲ.. ဒါနဲ့ စကားမစပ် အဲဒီမှာ စလုပ်မယ် ဆိုပြီး လျှောက်တုန်းက ဘယ်လောက် ရမယ် ဆိုလို့ လျှောက်တာလဲ..
    ၄၅ဝ ဆိုတာတောင် တော်တော် နည်းတယ်လို့ ပြောလို့ ရတယ်နော်။

  • နွယ်ပင်

    December 19, 2011 at 11:17 am

    ဖိတ်ပြီးစိတ်တောင်မကောင်းဘူး
    တကယ့်ကို ကွက်ကွက်ကင်းကင်း မြင်အောင်ရေးပြထားတာပဲ

  • နီလေး

    December 19, 2011 at 11:59 am

    ဆက်ရေးပါ အားပေးနေပါတယ်အရေးအသားကောင်းတော့ ဖတ်ရတာ ကိုယ်ကိုတိုင် ဖြစ်နေသလိုမျိုးတောင်ခံစားရတယ်

  • Moe Z

    December 19, 2011 at 12:14 pm

    ကိုရှူံးလူရေ..
    နောက်ဆိုရင် နှစ်ယောက်စာနော်
    ပိုပြီးမောရတော့မယ် 😛
    နောက်တာ 😀 😀

  • windtalker

    December 19, 2011 at 12:28 pm

    ဟုတ်တယ် ၊ အပေါ်မှာ မိုးဇက် ပြောသွားသလိုဘဲ
    နှစ်ယောက်ဖြစ်ပြီ ဆိုရင်
    ဒီထက် ပိုမောရမယ် ။
    အခုနေတုန်းမှာ ကိုယ်တစ်ယောက်ထဲစာဆိုတော့
    မရှာလဲ ကိုယ့် ဘာသာကိုယ် အငတ်ခံလို ့နေလို ့ရသေးတယ်
    ချစ်သူကို ဘေးမှာ ခေါ်ထားပြီးရင်တော့
    ကိုရှုံး တို ့
    မောတယ် ပန်းတယ်
    သဘောမထားပါနဲ ့ကွယ်

  • char too lan

    December 19, 2011 at 2:34 pm

    ဘာဖြစ်လို့ Spass နဲ့ မသွားတာလဲ ဟင် ??

Leave a Reply