ယူဗွီမမ နှင့် ထိန်ဟော်…
ဒီဇာတ်လမ်းရဲ့ အစက ကျုပ်မျက်စိကိုက်ရာကနေ စခဲ့တာပါ… ကျုပ်က ကိုးတန်း
ကျောင်းသားဘဝကတည်းက မျက်မှန်တပ်ခဲ့ရတာလေ… အဝေးမှုန်ပေါ့ ….
အသက်လား ၃၅နှစ်ပါ… အလုပ်အကိုင်က အရပ်ငှားကျောင်းဆရာ….ရှုပ်သွားလား…
ကျုပ်တို့ရွာတွေဘက်မှာ ကျောင်းတွေကို ဆရာ/ဆရာမ လုံလုံလောက်လောက် အစိုးရက
မချပေးနိုင်ဘူးလေ… ဒီတော့ ရွာတွေက စုပေါင်းပြီး ဆရာ/မ တွေ ငှားကြရတာ…
လခလားးးးး ပိုက်ဆံနဲ့ မဟုတ်ဘူးဗျ.. တစ်နှစ်စာကို စပါး ဂဝ ရတယ်…တင်းဂဝပေါ့..
ကျုပ်စာသင်တဲ့ ကျောင်းက တွဲဘက်အထက်တန်းကျောင်းပါ… ရွာနာမည်က မော်တိတ်
တဲ့…ကျုပ်က ဒီရွာနဲ့ တော်တော်ဝေးတဲ့နေရာကပါ… ရွာသူ/သား အများစုက ဂဒူးတွေ
ရှမ်းတွေပါ.. ကျုပ်က ကိုးတန်းနဲ့ ဆယ်တန်းကို သချာင်္နဲ့ ရူပသင်ပါတယ်… ဒီရွာမှာ
ကျုပ်အငှားဆရာ လုပ်လာတာ ငါးနှစ်ရှိပါပြီ… ပညာအရည်အချင်းကတော့ ဘီအက်စ်စီ
မက်စ်ပေါ့…သင်္ချာနဲ့ ကျောင်းပြီးတာပေါ့ဗျာ… နာမည်ကတော့ ထိန်ဟော်ပါ…
ဒီရွာကလူတွေကတော့ ကျုပ်ကို စာဆိုနဲ့ ခေါ်တယ်..ထိန်ဟော်..ချိန်ချော်တဲ့…..
ကျုပ်သူငယ်ချင်းတစ်ယောက်ကတော့ ကျုပ်နာမည်ကို ဒီလိုစာချိုးတယ်…..
ထိန်ဟော်… အချိန်မတော်…အိမ်ပေါ်မှာ … ထမီလျှော်မဲ့ကောင်တဲ့…
ကျုပ်ကလည်း ဘယ်ခံနိုင်လိမ့်မလဲ… ထိန်ဟော်ဟေ့..စိန်ခေါ်ရင်…
တိမပေါ်အထိလိုက်မဲ့ကောင်ဆိုပြီး ပြန်ပြောရတယ်… ကဲ..ထားတော့.. ဒါတွေပြော
နေရရင် ကုန်မှာ မဟုတ်ဘူး… ကျုပ်ခုတစ်လော မျက်စိတွေ ကိုက်နေတယ်..
စာကြည့်လို့မရဘူးးး မျက်မှန်က ပါဝါမကိုက်တော့တာ ထင်တာပဲ..။
ဒါနဲ့ မျက်မှန် အသစ်လုပ်ဖို့ရာ ငွေစုရတာပေါ့.. အပိုဝင်ငွေလေးဘာလေးရှာရ
တော့တာပါ… ကျုပ်က လက်မှုပညာလေးလည်း မတောက်တခေါက်တတ်တယ်..
အုန်းဆံတံမြက်စီး ရက်တယ်… ကြိမ်ခြင်းလေးတွေ ရက်တယ်… အဲ့လိုနဲ့ အပိုငွေ
လေးတွေရှာရတာလေ… လက်ထဲမှာ ပိုက်ဆံ တစ်သိန်းပျော့ပျော့လောက်စုမိတော့
ကျုပ် မန်းလေးကို မီးရထားကြီးစီးပြီး သွားတာပေါ့…. မီးရထားနဲ့ သွားတယ်ဆိုတာလဲ
ခရီးစရိတ်က ပိုပိုလျှံလျှံလေးပါမှဗျ… သိတော်မူကြတဲ့ အတိုင်း မြန်မာ့ မီးရထားကလေ..
ကျုပ် မန်းလေးရွှေမြို့တော်ကြီးဆီ မျက်စိစမ်းသပ်ဖို့ရာ ဘယ်လာချင်ပါ့မလဲ … မီးရထားစီး
ရတဲ့ ဒုက္ခ လမ်းစရိတ် အိုးးးး အစုံပါပဲဗျာ… ဒါပေမယ့် ခက်တာက ကျုပ်တို့ဆီမှာ မျက်စိမျက်မှန်
စမ်းသပ်ခန်းတွေ ဆေးခန်းတွေ မရှိဘူးလေ… ဒါကြောင့် မန်းလေးရွှေမြို့တော်ကြီးဆီ ချီတက်လာ
ရတာပါ… ပြီးတော့ တီဗွီကြော်ငြာထဲက အဝေးကြည့်ကြည့် အနီးကြည့်ကြည့် ယူနိုက်တက်
ဗွီးရှင်းရှိတယ် … ဆိုတဲ့ ကြော်ငြာထဲက ဆိုင်ကို ကျုပ်သွားပြချင်တဲ့ ဆန္ဒလေးကလည်းရှိနေသေး
တာလေ…. ဒါကြောင့် ကျုပ်ငွေစုပြီး ဝယ်စရာရှိတာလေးတွေ ဝယ်ဘို့နဲ့ မျက်မှန်အသစ်လုပ်ဖို့
မန်းလေးရွှေမြို့တော်ကြီးကို ရောက်ခဲ့ရတာပါ ….
မန်းလေးရွှေမြို့တော်ကြီးကိုရောက်တော့ မြင်မြင်သမျှ အံ့ဩစရာတွေချည်းပါပဲ …
လူတွေ ကားတွေ ဆိုင်ကယ်တွေ အရောင်အသွေး အစုံပေါ့ … ကျုပ်ဘူတာကြီးနားက
ယူနိုက်တက်ဗွီးရှင်း မျက်မှန်ဆိုင်ကြီးဆီရောက်ခဲ့တာပေါ့ … ဆိုင်ကြီးကလည်း သားနားပါ့ဗျာ..
ကျုပ်ဆိုင်ထဲဝင်ပြီး ကောင်တာက မမကြီးနဲ့ အကျိုးအကြောင်းပြော သူက ကျုပ်မျက်စိကို
စစ်ဆေး ပြီးတော့ အရင်က တပ်ခဲ့ရတဲ့ မျက်မှန်ပါဝါကိုမေးတယ်.. အဆင်ပြေမှာပါတဲ့..
ကျုပ်အသက် နေရပ်တွေ မေးပြီး သူက တုံကင်သွားထပ်ပေးတယ်… ကျုပ်ကို စောင့်နေဖို့ရာ
နေရာလေးကို ညွှန်ပြတယ်ဗျ… ကျုပ်ရှေ့မှာ ကျုပ်လိုပဲ စောင့်နေတဲ့ လူ သုံးယောက်လောက်
ရှိတယ်… အခန်းလေးမှာ ခုံရှည်လေးတွေချထားတယ်လေ… အခန်းက အဲကွန်းတပ်ထားတယ်
ထင်တာပဲဗျ… အေးးနေတာပဲ… ကျုပ် တောင်တွေး မြောက်တွေးနဲ့ ကျုပ်အလှည့်ကိုစောင့်နေမိ
တာပေါ့ … အဲ့အချိန်မှာ ဆိုင်ရှေ့ ကို ကားအကောင်းစားကြီး တစ်စီးဆိုက်လာတယ်…
ပြီးတော့ ကားပေါ်က ဦးဇင်းတစ်ပါးနဲ့ ဒကာမနှစ်ယောက်ဆင်းလာတာမြင်ရတယ်…
ဦးဇင်းက အသားဖြူဖြူထောင်ထောင်မောင်းမောင်း ခန့်ခန့်ငြားငြားကြီးပါ .. ပါလာတဲ့
ဒကာမတွေကလည်း ဝတ်ထားစားထားလိုက်ကြတာ…ညွှတ်လို့ပေါ့…
ကျုပ်ငေးနေမိတယ်…. ဪ..ရှိတဲ့သူများကျတော့လည်းး ရှိလိုက်ကြတာ….
ကျုပ်တို့လို ကောင်မျိုးကြတော့လည်း ငွေလေး တစ်ရာ နှစ်ရာရဘို့ မလွယ်လိုက်တာ..
ဘယ်တတ်နိုင်ပါ့မလဲဗျနော့… အရင်ဘဝက ကုသိုလ်နည်းခဲ့တာကိုးးးး …
ဦးဇင်းက နေကာမျက်မှန်တစ်လက်ကို ကောက်ပြီး ဈေးမေးလိုက်တယ်….
အရောင်းစာရေးမလေးက တစ်သိန်းရှစ်သောင်းပါ ဘုရားလို့ ပြန်လျှောက်တယ်ဗျ..
ဦးဇင်းက မျက်မှန်ကို တပ်ကြည့်တယ်..ပြီးတော့ သေသေချာချာစူးစမ်းပြီး …
ဒါပဲ ယူလိုက်မယ်ဆိုပြီး ဒကာမတွေကို လှည့်ပြောတယ်… ဒကာမတစ်ယောက်က
သူ့အိတ်ကြီးကို ဖွင့်ပြီး အစိမ်းရောင် ခြင်္သေ့တွေကို ထုတ်ပေးလိုက်တယ်….
လျှော့ပါဦးတို့ ဈေးကမများဘူးလားတို့ တစ်ခွန်းမှမပြောဘူးဗျ….
ဒီလိုနဲ့ ကျုပ်ရှေ့က စမ်းသပ်ခန်းထဲဝင်နေတဲ့ ကျောင်းသူအရွယ် ကလေးမနဲ့
သူ့အမေဖြစ်ဟန်တူတဲ့ မိန်းမကြီးထွက်လာပါတယ်…သူတို့က မျက်မှန်ကိုင်းလေး
တွေကို ကြည့်တယ်…ပြီးတော့ ကလေးမလေးက မျက်မှန်ကိုင်းလေးတစ်ခုကို
ပြပြီး ဘယ်လောက်လဲလို့ မေးတယ်… ရှစ်သောင်းလေးထောင့်ငါးရာတဲ့…
အဲ့မှာ ကျုပ်မျက်လုံးပြူးတော့တာပဲ…ဘုရားးဘုရားးး မျက်မှန်ကိုင်းလေးတင် ရှစ်သောင်း
ကျော်….အားပါးပါး မျက်မှန်ရယ်..စမ်းသပ်ခရယ်…ပြီးတော့လိုအပ်လို့ဆေးစားရမယ်
ဘာညာဆိုရင် ..ကျုပ်ချွေးပြန်လာတယ်ဗျ.. ကျုပ်အိတ်ထဲမှာပါလာတာက ငွေရှစ်သောင်း
ကျော် ဝယ်စရာရှိတာတွေက ဘာမှမဝယ်ရသေးဘူး .. ပြီးတော့ အပြန်စရိတ်….
ကျုပ်အတွေးတွေ ပလုံစီသွားတော့တာပေါ့….ဘာလုပ်ရရင်ကောင်းမလဲ…
ဘယ်လိုလုပ်မလဲပေါ့….ကျုပ်အရှေ့မှာ စောင့်နေတဲ့လူ နှစ်ယောက်ကျန်သေးတယ်..
ကျုပ်ဆုံးဖြတ်ချက်တစ်ခုကို ခိုင်ခိုင်မာမာ ချမှတ်လိုက်တယ်… ပြီးတော့……
ထိုင်ရာကနေ ထပြီး တစ်လှမ်းချင်း တစ်လှမ်းချင်း ယူနိုက်တက်ဗွီးရှင်းနဲ့ ဝေးရာကို
ထွက်လာခဲ့တော့တာပါပဲဗျာ…. နားထဲမှာတော့ အနီးကြည့်ကြည့် အဝေးကြည့်ကြည့်
ယူနိုက်တက်ဗွီးရှင်းရှိတယ်….ဆိုတဲ့ ကြော်ငြာသီချင်းသံလေးက တရစ်ဝဲဝဲပေါ့……
16 comments
inz@ghi
December 20, 2011 at 12:43 pm
မျက်မှန်ဆိုလို့ …ကြုံလို့ မှတ်ဖူးတာလေးတခု ဖောက်သည်ချချင်တယ် ကိုထွန်းဝင်းလတ်ရေ့..
မာမား မျက်မှန်သွားလုပ်တာကနေ သိရတာပါ…မှန်သားတွေအကြောင်းခင်ဗျ….
ရိုးရိုးနဲ့ မာလ်တီ ကုတ်တက် multi-coated၂မျိုးလာပါသတဲ့ …မာလ်တီကုတ်တက်ကတော့
နည်းနည်းဈေးပိုများတာပေါ့ဗျာ ….အရောင်လေးတွေလည်း ပါတာပေါ့ဗျာ ….
သူကဘာပိုကောင်းသလဲဆို အလင်းက မှန်သားထဲဖောက်ဝင်ပြီး မျက်လုံးအထိ ရိုက်ခတ်တာမို့ …
ဓါတ်ပုံရိုက်တဲ့အခါမှာ မျက်လုံးပေါ်တယ်ပေါ့ …(ဒါ့ပုံမှာက လူပုံရိုက်ရင် မျက်လုံးက အသက်ပဲကိုး…)
ပုံမှန် မှန်သားကတော့ အလင်းက မှန်သားကိုရိုက်ခတ်ပြီး ထွက်သွားတဲ့အတွက် မျက်လုံးမပေါ်ဘူး တဲ့လေ…
သည်တော့ ဈေး နည်းနည်းပိုပေးပြီး မာလ်တီကုတ်တက် တွေဘဲ ဝယ်တယ်ပေါ့ဗျာ…
(အား သာချက်ကို ပြောရရင် အားနည်းချက်ကိုပြန်ထောက်ပြရမယ်ဗျို့)
ရေရှည်သုံးတဲ့အခါမှာ အနှီ မာလ်တီ ကုတ်တတ်တွေဟာ ကွက်ပါတယ်ခင်ဗျား …
အစွန်းအကွက်မျိုးတွေ ထတတ်ပါတယ်…
မရိုးသားသော ဈေးသည်အချို့ ဈေးပိုများတာကိုသာ ရောင်းချလိုကြတတ်ပါသည်။
ကိုယ့်ပစ္စည်း အားသာချက်ကိုသာ တွင်တွင်ပြောတတ်ပြီး …အားနည်းချက် limitation များကို
ထိန်ချန်ထားတတ်ပါသည် …။ ထို့ကြောင့် ဈေးဝယ်သူ့ လက်နှက် သည် information သာဖြစ်ပါသည်။
မှတ်ချက်။ ကျနော် မှတ်ဖူးတဲ့ မှန်အမျိုးအစားများသည် သာမန်လူတန်းစားသုံး glass range
ထဲမှ သာဖြစ်ပြီး မှန်ချည်းသက်သက် သိန်းဂဏန်းတန် အကောင်းစား multi-coated အကြောင်းကတော့
စီအိုင်အေ က ပုဂ္ဂိုလ် ထံတွင်သာ စုံစမ်းမေးမြန်းကြပါကုန်…
ခင်တဲ့
Inz@ghi
kotun winlatt
December 20, 2011 at 1:20 pm
ဟုတ်ကဲ့ပါ..ဂီဂီရေ…
ကျနော့်သူငယ်ချင်းကိုပြောပြလိုက်ပါ့မယ်…
ကျနော့် သူငယ်ချင်းအဖြစ်ကို ရယ်လည်းရယ်ချင်
စိတ်လည်းမကောင်းလို့ ရေးလိုက်မိတဲ့စာလေးပါခင်ဗျာ…
manawphyulay
December 20, 2011 at 12:55 pm
မျက်မှန်ဆိုလို့ မနောလည်း မျက်မှန်တပ်ရတယ်။ အရင်ကတော့ မတပ်ချင်ဘူး။ မျက်စိရှေ့ရှုပ်တယ်ဆိုပြီး နေရင်းနဲ့ ကားတွေမှားစီးပြီး စပယ်ယာကိုသွားဟောက်နဲ့ နောက်ဆုံး ဖေဖေနဲ့ ကားတူတူစီးပြီး အတူတူဆင်းတာတောင်မမြင်တဲ့အခြေအနေဖြစ်သွားလို့ ပြန်စမ်းပြီး မတပ်လို့မဖြစ်တဲ့အခြေအနေရောက်တာနဲ့ တပ်လိုက်ရတာ ခုတော့လည်း နေသားကျသွားပါပြီ
kotun winlatt
December 20, 2011 at 1:21 pm
မျက်မှန်တော့ တပ်ချင်သေးဘူးဗျ..
နဂိုကတည်းက ဆံပင်တွေဖြူနေတာနဲ့
မျက်မှန်နဲ့ဆိုရင်တော့..
အဘိုးဂျီးးအိုပေါက်စလေးးဖြစ်နေမှာစိုးးလို့ပါခင်ညာ…
နီကီတာ
December 20, 2011 at 1:08 pm
မျက်မှန်… မျက်မှန်
အမုန်းဆုံးအရာနဲ့ အလိုအပ်ဆုံးအရာပဲ 🙁
kotun winlatt
December 20, 2011 at 1:23 pm
မျက်မှန်..အမုန်းဆုံးနဲ့ အလိုအပ်ဆုံးအရာဆိုပေမယ့်
မတပ်ချင်သေးဘူးးဗျာ….ဟီးးးးးးးးး
စုံ စုံ
December 20, 2011 at 1:23 pm
ကျမလဲကွန်ပျူတာကြည့်ရင်မျက်မှန်နဲ့မှကြည့်ရတာအဆင်ပြေတယ်
မဟုတ်ရင် မျက်စိဆူးတာမခံနိုင်ဘူး
ဒါပေမယ့် ဈေးပေါပေါလေးဘဲဝယ်လုပ်ထားတယ်
ကြော်ငြာနေတဲ့မျက်မှန်ဆိုင်တွေထဲကတခုမှမလုပ်ဘူး
ဈေးသက်သာအောင်လုပ်ထားတဲ့ သမဆိုင်မှာလုပ်လိုက်တာ
ငွေတစ်သောင်းကျော်နဲ့ အိုကေမှစိုပြေနေတာဘဲ
များများကြော်ငြာတဲ့ဆိုင်မှာမလုပ်ရဲဘူး အမြတ်များများတင်ထားမှာစိုးလို့
windtalker
December 20, 2011 at 1:42 pm
ထောင်တက်တဲ့ ဈေးနှုန်းတွေကြောင့်
ဘောခတ်မယ့် အရေးကနေ ဝေးခဲ့ရတဲ့
ထိန်ဟော်ကြီး ရယ်ပါလေ
kotun winlatt
December 20, 2011 at 1:46 pm
ထောင်တက်တဲ့ ဈေးးကြောင့်
ဘောင်ခတ်မှ အရေးကနေ
ရှောင်ထွက်ခဲ့ရပေမယ့်
နှောင်မနက်မှာလည်းးး
မျက်စိကကိုက်နေဆဲပါပဲ..
နောင်ကြီးးရယ်….
windtalker
December 20, 2011 at 1:53 pm
တစ်ကယ် ကို မတတ်နိုင်ရှာတဲ့
ထိန်ဟော် ဖြစ်နေရင်တော့
ကျုပ်တို ့ဂေဇက်ကနေ
ဝိုင်းဝန်း ဒါနပြု ဖို ့
စာကဗျာ နဲ ့
လာဟာ ဆိုပြီး
ကြေငြာ မောင်းထု လိုက်ပါလား လို ့
kotun winlatt
December 20, 2011 at 2:00 pm
ကြေငြာမောင်းထုလိုက်ကာမှ
စာကဗျာနဲ့ လာဟာဆိုပီးး
ဟိုဒင်းးပြုခံရမှာ
ကြောက်နေရှာသဗျာ…
thit min
December 20, 2011 at 2:20 pm
Dear Kotun winlatt
ခုတလောအချိန် ရှားလို့ဗျာ။
ကျနော် ခင်ဗျားကိုကော်မန့်ရေးချင်နေတာကြာပြီ။
ခင်ဗျားနာမည်က ဘရိတ် လေးနဲ့ ရေးထားတာ ။ စိတ်ဝင်စားလို့။
ကို ထွန်းဝင်းလတ် လို့ရေးရင်ရှင်းတယ်။ ပုံမှန်ဘဲ။
ခုတော့ ကိုထွန်း က တပါဒ ဝင်းလတ် က တပါဒ ဆိုတော့။
ပြီးပြီဆိုပြီး ရပ်လိုက်ခါမှ ပြန်ထောင်ထလာသလိုနဲ့ ရပ်လို့မရတော့ဘူး။
စိတ်ဝင်စားစရာပါဘဲ.။
ဒါနဲ့ အဲဒီ တွဲဖက်ကျောင်းတွေရှိနေသေးလားဗျ။
ကျနော်တော့ သင်တဲ့ဆရာတွေကို တကယ် လေးစားတယ်ဗျာ။
နွားကျောင်းသွားရလို့မလာနိုင်တာနဲ့၊ ကောက်စိုက်အငှါးလိုက်လို့မလာနိုင်ရတာနဲ့ ခဏခဏပျက်တဲ့
ကျောင်းသားတွေ စာမေးပွဲအောင် အောင် သင်ပေးရတာ တကယ် မလွယ်ဘူးဗျ။
ပြီးတော့မအောင် ရင်လည်း အပြောခံရအုန်းမယ်။ စပါးရှစ်ဆယ်သာပေးရတာ မလွမ်းဘူးအေ့ပေါ့(^^)
ဒါပေမဲ့ တွဲဖက်ကျောင်းတက်ခဲ့ရပြီး စင်ကာပူလိုနိုင်ငံမှာစက်ရုံဖက်စပ်ထောင်နိုင်ခဲ့တဲ့ဘီအီးဘွဲ့ရ မြန်မာသူဋ္ဌေး၊
တွဲဖက်ကျောင်းတက်ခဲ့ရပြီး ဝန်ကြီး ဖြစ်သွားတဲ့ သူ၊ တွေလက်တွေ့မှာရှိပါတယ်။
တော်တယ်လို့ ချီးကျူးမိတယ်။ကျူရှင်မရှိ ဘာမရှိ သင်ပေးခဲ့တဲ့ဆရာတွေ တော်တယ်၊သူကိုယ်တိုင်လဲကြိုး
စားတယ်ပေါ့ဗျာ။
ဘဝဆိုတာ “ပေး” နေတဲ့နေရာမဟုတ်လဲ “ယူ”တတ်တဲ့သူအဖို့ “ရ” သွားတတ်တာမျိုးပါ။
———————————————————————————
(^^) မောင်သစ်မင်း
kotun winlatt
December 20, 2011 at 2:29 pm
ကိုသစ်ရေ..ရှိနေသေးတယ်ဗျ…
ခုထိလည်း အဲ့ကျောင်းလေးက တွဲဘက်ကျောင်းလေးပါပဲ…
စာမေးပွဲကိုတော့ အင်းတော် အ.ထ.က မှာ သွားဖြေရတာဗျ..
ခုတော့ တော်တော်ကြိုးစားနေကြပါတယ်
ရွာလေးတိုးတက်လာအောင်လေ..
ခုဆို ရွာလေးက စာကြည့်တိုက်နဲ့ ဘာနဲ့ဖြစ်နေပါပြီ..
ဒီထဲက ဇာတ်ကောင် ထိန်ဟော်ဆိုတာက
ကျနော့်သူငယ်ချင်းပါ..သူအဲ့ရွာမှာ
ခုနှစ်နှစ်လောက် အငှားဆရာလုပ်ခဲ့တာပါ..
သူပြောပြတာကို ကျနော်ခံစားပြီးရေးကြည့်လိုက်တာပါ..
အရင်ကတော့ တော်တော်နိမ့်ကျတဲ့နေရာလေးပါ..
အခုတော့ မဆိုးလှဘူးးပြောရမှာပေါ့..
ကျေးဇူးတင်ပါတယ်..လာရောက်အားပေးဖတ်ရှု့တဲ့ အတွက်…
MaMa
December 20, 2011 at 4:16 pm
မျက်မှန်ကိစ္စပြောတော့ မျက်မှန်သမားက ဝင်ပါချင်ပြန်ရော 😀
မျက်မှန်စတပ်ကာစတုန်းကတော့ လှမှ ကောင်းမှ တပ်ချင်တယ်။
ကြာလာတော့ ပါဝါကလည်း မကြာခဏတိုးနေတော့
ကိုင်းအဟောင်းက ကောင်းသေးပေမယ့်
ဆိုင်က ကိုင်းဟောင်းဆို ပြန်မသုံးချင်ဘူး။
အသစ်ဝယ်ဖို့ပဲ ပြောလေ့ရှိတယ်။
အဲဒါနဲ့ ခုနောက်ပိုင်းတော့ ဖန်စီကိုင်း ပေါပေါပဲပဲလေးတွေပဲ သုံးတော့တယ်။
ကိုင်းရော မှန်ရော အပြီးအစီးမှ ၂၀၀၀၀-၃၀၀၀ဝ ပဲ ကျတာတွေရှိတယ်။
ပါဝါတက်လည်း ကိုင်းအဟောင်းကို နှမျောနေစရာမလိုတော့ဘူး။
ကိုင်းအသစ်လည်း ခဏခဏလဲလို့ရတော့ ဖက်ရှင်ပေ့ါ. . 😀
FattyCat
December 22, 2011 at 3:40 pm
ကျွန်တော်တို့ရုံးက မျက်မှန်လုပ်ရင် မျက်မှန်ဖိုးငွေကို ပြန်တင်ရင် ပြန်ပေးပါတယ်…
ဒါပေမယ့် ကျွန်တော့ဘဝက CRT Monitor ကြည့်တာများလို့ ပါဝါမတက်ပဲ မျက်ရည်ခမ်းသွားတဲ့လူမျိုးကို ဆရာဝန်က နေပူထဲထွက်ရင် နေကာမျက်မှန်တပ်ခိုင်းပါတယ်။ အပေါစားဆို မျက်စိပျက်မှာမို့ အနည်းဆုံး Polarize မှန်နဲ့ အလတ်စားလောက်ဝယ်တပ်ဖို့ ပြောပါတယ်။ ရုံးကလဲ နေကာမျက်မှန်ဖိုးမို့ ငွေပြန်ထုတ်ပေး ရန် ငြင်းဆန်တာကြောင့် ကျွန်တော့်မှာ ငိုတော့ငိုပါသည်..မျက်ရည်ကားမထွက်ပါ။
မှော်ဆရာ
December 22, 2011 at 5:51 pm
ကျွန်တော့်မျက်မှန်က လုပ်ထားတာ ငါးနှစ်လောက်ရှိပြီ ၊ ၈၀၀ဝ ပေးရတယ် ။။ ပန်းပဲတန်း သမမှာလုပ်တာ ၊ ဈေးသက်သာတယ်..။ မျက်မှန်လဲချင်ပေမယ့် အမှတ်တရ မျက်မှန်လေးမို့ မလဲရက်သေးဘူး ..
ဒီတော့ ဘာလုပ်ထားသလဲဆိုတော့ မျက်ကပ်မှန် လုပ်ထားတယ် ..။ တစ်သောင်းခွဲပဲ ပေးရတယ်…။ ပြီးတော့ အပေါ်က ပါဝါမပါတဲ့ မျက်မှန်ကိုင်း လှလှ တပ်လိုက်တယ် ..။ အိုကေမှာ စိုပြေသွားတယ် ..။
နေကာ မျက်မှန် တပ်ချင်ရင်တောင် ရသေး ..။ မျက်ကပ်မှန်က ရဲမျက်မှန်မှာလုပ်တာ ..။ တစ်ဖက်ချင်း လုပ်ရင်လဲ ရတယ် …။ ၇၅၀ဝ ပဲ ပေးရတယ်..။မတော်တဆ ပျောက်သွားရင် အဆင်ပြေတာပေါ့.