ကျွန်ုပ်အားစတင်မိတ်ဆက်လိုက်သော ဓာတ်ရိုက်တွက်စက်ကြီး

ကြောင်ဝတုတ်December 23, 20111min1944

လွန်ခဲ့တဲ့ ဆယ်ငါးနှစ်နီးနီးကာလ…

အလယ်တန်းမက အထက်တန်းအစ ဘဝတုန်းက ဘဝကံအကြောင်းတိုက်ဆိုင်လို့ ဓာတ်ရိုက်တွက်စက် (Computer) တစ်လုံးကိုဖြင့် ကျွန်တော်နှင့်မိတ်ဆက်ခွင့်ရခဲ့ပါတယ်…

သူ့ကို အမေရိကန်နိုင်ငံအခြေစိုက် Compaq ဆိုတဲ့တံဆိပ်နဲ့ထုတ်လုပ်တဲ့ ဓာတ်ရိုက်တွက်စက်တစ်ခုဖြစ်ပြီးတော့ မှတ်မှတ်ရရ အဖြူအမဲ ၁၄လက်မ ဖန်သားပြင်နဲ့ (တကယ်မြင်နိုင်တာ ၁၂လက်မ သာသာပဲရှိမယ်ထင်တယ်) CD Drive မပါ.. 200MB ဝင်ဆန့်တဲ့ အမာပြား (Hard Disk) ကို သုံးထားတဲ့ ဓာတ်ရိုက်တွက်စက်ပါ။

ခေတ္တမှတ်ညဏ် (Memory) အားဖြင့် အားရစရာ 2MB ၊ အလယ်ထိုင်ထိန်းချုပ်တွက်ချက်မှုကိရိယာ (CPU) က Intel ကထုတ်တဲ့ 386 လို့ခေါ်ပြီး 133MHz နှုန်းနဲ့ တွက်ချက်မှုတွေကို ပြုလုပ်ပေးနိုင်တယ်လို့ဆိုရမှာပေါ့…

ထပ်ပြီးတော့ မှတ်မိသေးတာက ၅လက်မ၊ ၃မတ် (5 ¾) Floppy Disk ရော၊ သုံးလက်မခွဲ (3 ½) Floppy Disk ပါအသုံးချလို့ရတာမို့ အဲဒီခေတ်အဲဒီအခါက တော်တော်ခေတ်မီခဲ့တဲ့ စက်တစ်လုံးပေါ့နော်…

အဲဒီအချိန်တုန်းက ကွန်ပျူတာဆိုတာ လူတိုင်းဝယ်နိုင်တဲ့အရာမဟုတ်သလို အိမ်ဦးခန်းမှာ ဇာပုဝါပါးခြုံပြီး ခန့်ခန့်ကြီးနေခဲ့ရတဲ့ အရာတစ်ခုလဲဖြစ်ခဲ့ပါတယ်…

သူ့ကြောင့်လဲ ကျွန်တော့်ဘဝ လုံးဝပြောင်းလဲသွားခဲ့တာပါ….သူ့ကြောင့်…

လေယာဉ်မောင်းသမား (Pilot) ဖြစ်ချင်တဲ့ကောင် နင့်ကိုမစွန့်နိုင်လို့ အိပ်မက်ကိုစွန့်လိုက်တယ်…

——————————————————————————————————-

ကျွန်တော်ငယ်ငယ်တုန်းက လူကြီးတွေ အပြင်ထွက်ရင်ကျွန်တော့်ကို အိမ်မှာတစ်ယောက်ထဲမထားခဲ့ကြပါဘူး။ ကြောက်ကြလို့ပါ… အိမ်က စားပွဲတင်နာရီတွေအကုန်လုံး လူလစ်တာနဲ့ ဖြုတ်ကြည့်တတ်တဲ့ကျွန်တော်။ (စိတ်ထဲမှာ သူတို့ကဘာလို့ အချိန်ကိုသေချာသိနေရတာလဲလို့ထင်မိတယ်..အဲလောက်တုံးခဲ့တာ)။

အသံဆူဆူထွက်တတ်တဲ့အဖိုးရဲ့ သစ်သားအိမ်ကြီးနဲ့ အသံလှိုင်းဖမ်းယူနားထောင်စက် (Radio) ကြီးကို ခဏခဏလိုင်းမချိန်ရအောင် ပြင်ကြည့်မယ်ဆိုပြီး တစ်စစီဖြုတ်ကြည့်တတ်တာကြောင့် (မနက်လင်းတိုင်း မသာမယာအသံကြီးနဲ့ ဂွီဂွီဂေါ်ဂေါ်လိုင်းဖမ်းတဲ့အဖိုးကို သနားခဲ့တာပေါ့..သူ့ရေဒီယိုမကောင်းလို့ နေတိုင်းဖမ်း ရတယ် မှတ်တာကိုး) အိမ်မှာ ကျွန်တော့တစ်ယောက်ထဲဘယ်တော့မှမနေခဲ့ရတာပါ….

ဒါကတော့ ကျွန်တော့ရဲ့ စေတနာစွမ်းဆောင်ချက်တွေပေါ့..

၁၉၉၄ ခုနှစ်လောက်မှာ ဒေါ်လာ ၃၀၀ဝကို ကားတစ်စီးလောက်ဝယ်လို့ရနိုင်တဲ့အချိန်မှာ အဖေက ဘာမှန်းမသိ သေးတဲ့ ဓာတ်ရိုက်တွက်စက်ကြီးကို ဝယ်ချလာခဲ့လို့ အမေနဲ့ ရန်ဖြစ်သေးတာကို အမှတ်ရနေတုန်းပါပဲ။

ပြသနာက အဲဒီကစတာပဲ…

ခလုပ်လေးနှိပ်လိုက်ရင် တောက်တောက် တောက်တောက် ဆိုတဲ့အသံနဲ့ (Hard Disk ဖတ်သံ) ဖန်သားပြင်ပေါ် အမဲခံမှာ အဖြူရောင်စာတန်းလေးတွေအများကြီးတက်လာတတ်တဲ့ ဒင်းကို ကျွန်တော့ရင်ထဲ ယားနေအောင်ကို လက်တည့်စမ်းချင်တော့ပါပဲ…

အဖေကတော့ သူ့အလုပ်နဲ့ ပတ်သက်တဲ့အချက်အလက်အခြေ (Database) တွေကို အဲဒီဟာကြီးနဲ့ အမြဲအလုပ် လုပ်နေတတ်တာကို တွေ့တော့တွေ့နေတာ။ ကျွန်တော်စိတ်ဝင်စားတာက အဲဒီတောက်တောက် အသံနဲ့ ခိုင်းတာကို ပြန်လုပ်ပေးနိုင် တွက်ပေးနိုင်တဲ့ဒင်း အထဲမှာဘာကောင်ရှိနေသလဲဆိုတာပါပဲကွယ်….

တစ်နေ့ အဖေလဲ အလုပ်နဲ့နယ်ဘက်ကို ခရီးအထွက် အမေကလဲကျောင်းဆရာမဆိုတော့ တစ်နေ့လုံး အော်ဟစ် စာသင်လာတာဆိုတော့ ပင်ပန်းပြီးအိပ်နေခိုက် ညသန်းခေါင်မရောက်တစ်ရောက်မှာ…..

အောင့်အီးထားတဲ့ သိလိုစိတ်ကို မချုပ်တီးနိုင်တော့ပဲ ဘီဒိုထိပ်က ဝက်အူလှည့်ကိုယူ ဒင်းကို…

တစ်စစီ…တစ်စစီ…တစ်စစီဖြုတ်ကြည့်လိုက်တော့…..

လျှပ်စစ်ပတ်လမ်းကြောင်းများ (Circuit) လေးတွေသာပါတဲ့ အပြားလေးတွေစုပြီး ဒီအလုပ်ကိုလုပ်နေတာပဲ ဆိုတာတွေ့လိုက်ရတယ်။ ဒါပေမယ့် အဖုံးကိုဖွင့်ကြည့်ပြီး မီးခလုပ်ဖွင့်တော့မှ တောက်တောက်အော်နေတဲ့ အကောင်ကို ကျွန်တော်ခြေရာခံမိသွားတော့တာပေါ့…

ကျွန်တော့်စိတ်ထဲ အဲဒီအထူထူအပြားကြီးထဲမှာ အဓိကလျှို့ဝှက်ချက်ပဲဆိုပြီး သေချာဖြုတ်ဆွဲထုတ်ပြီး ကြည့်လိုက်တော့ ကျွန်တော့မှာမရှိတဲ့ ဝက်အူလှည့်မျိုးနဲ့ဖွင့်ကြည့်မှရတဲ့ဟာကိုး….ဒင်းက လျှို့ဝှက်လွန်းတယ်…

အဲဒါနဲ့ အဲဒီအပြားကြီးကို အိပ်ယာအောက်ထဲမှာဖွက်လို့ ကျန်တဲ့ဟာတွေကို ခြေရာလက်ရာမပျက်ပြန်ဖုံးဖိထား ခဲ့တယ်…နောက်တစ်နေ့မနက် ကျောင်းကိုအသွား အဲဒီအပြားကြီးကို ဖွင့်လို့ရတဲ့ ဝက်အူလှည့်မျိုးလိုက်ရှာခဲ့တာ ကံကောင်းစွာနဲ့ တစ်ချောင်းကို ၂၀ဝ တောင်ပေးပြီးဝယ်ခဲ့ရတယ်ဗျာ….

ကျွန်တော့အရင်းအနှီးတယ်ကြီးသကိုးဗျ…သိချင်တာများ…

ညလဲအရောက် လူခြေလဲတိတ်..အမေအိပ်ချိန်၊ အထူအထူအပြားကြီးကို အဖုံးကစပြီးဖြုတ်ထည့်လိုက်တော့ အထဲမှာ ပြောင်ဝင်းနေတဲ့အပြား (၃)ပြားအထပ်ကို ကညစ်လိုဟာလေးတွေနဲ့ ညှပ်ထားတာတွေ့တော့မှာ တောက်တောက်အသံက သူတို့ ခေါက်တဲ့အသံဖြစ်မယ်လို့ကောက်ချက်ဆွဲလိုက်နိုင်တော့တယ်….

ဆက်ဖြုတ်ကြည့်နိုင်အောင် ပစ္စည်းမစုံလင်သည်ကတစ်ကြောင်း..ဘာကိရိယာမှများများစားစားမပါရှိသည်ကတစ်ကြောင်း လေ့လာခြင်းကိုရပ်ဆိုင်းပြီး

ဖြုတ်ထားတာအားလုံးပြန်တတ်၊ မနက်ဖြန်အဖေပြန်မရောက်ခင် အဆင်သင့်ဖြစ်အောင် သေချာ ပြန်တတ် ခြေရာလက်ရာမပျက်ထားပြီး သိုးနေအောင် ကျွန်တော် စက်တော်ခေါ်တော့တာပေါ့….

မနက်မိုးလင်းတော့ အမေပေးတဲ့ ထမင်းဗူးလေးကိုဆွဲလို့ ကျောင်းကိုအပြေးသွားပျော်ပါးပြီးအပြန်…..အိမ်ရောက်ရောက်ခြင်း စောက်နဲ့ထွင်းသလို တံမြက်စည်းနဲ့ဆွဲရိုက်တဲ့အဖေ၊ မျက်စိပျက် မျက်နှာပျက်နဲ့ ဝင်မဆွဲတဲ့ အမေ၊ ဘုမသိဘမသိနဲ့ အရိုက်ခံလိုက်ရတဲ့ကျွန်တော်..

တကယ်ကျွန်တော်မသိခဲ့တာပါဗျာ…Hard Disk ဆိုတာ ဖြုတ်ကြည့်ပြီးရင် ၉၀% လောက် ပြန်မကောင်းဘူး ဆိုတာ…

အရင်လို တောက်တောက်..အသံတင်မကတော့ဘူး…ဂလောက်ဂလောက်ဆိုတဲ့အသံပါအဆစ်ပါလာတာရော..

အဖေပင်ပင်ပန်းပန်းလုပ်ထားတဲ့အလုပ်တွေ ဘာတစ်ခုမှ အဖတ်ဆယ်မရအောင်ပျက်ကုန်တာရောပေါ့…

အဖေပြောတော့ သေချာအဲဒီအထဲမှာထည့်ထားတယ်တဲ့.. အဲဒါဆိုရှိရမှာပေါ့အဖေရယ်..အခုတော့ ပျောက်ကုန်ပြီတဲ့.. ကျွန်တော်မခိုးပါဘူး..ဖြုတ်ကြည့်ရုံလေးတင်ပါ..ဒါပေမယ့် ကျွန်တော်မသိတုန်း သူများတက် ခိုးသွားရင်တော့ ကျွန်တော်လဲမသိဘူးလေ..ကျွန်တော် ကျောင်းသွားနေတာကိုး…

ကျွန်တော်တကယ်မသိခဲ့တာပါဗျာ…

အဲဒီလို အထူးတစ်ဆန်းအရာတွေကို ဖြုတ်ကြည့်ချင်တာလဲ… ဘယ်ကကပ်ပါလာမှန်းမသိတဲ့ မွေးရာပါဗီဇပါ…

 

အဲဒီလိုနဲ့ (၁၅)နှစ်ကျော်လောက်ကြာလာတဲ့အချိန်

Data တွေမပျောက်အောင် Backup လုပ်ရမယ့်အကြောင်းပြောတိုင်း…

Hardware အကြောင်းတွေရှင်းပြတိုင်း အရင်တုန်းက ရှိုက်ကြီးတငင် ငိုခဲ့ရပေမယ့်…အခုတော့ရီစရာပါ….

ကျွန်တော့သားသမီးများရှိလာခဲ့ရင်…ကျွန်တော့်လို ဖြုတ်ကြည့်တတ်တဲ့ကောင်ဖြစ်လာမယ်ဆိုရင်….

ဝဋ်ဆိုတာ လည်တတ်တယ်တဲ့………….

(စာကြွင်း…အဲဒီ ဓာတ်ရိုက်တွက်စက်လေးကို အခုချိန်အထိ အမှတ်တရ အသုံးပြုနိုင်သောအခြေအနေအတိုင်း သေချာသိမ်းထားပါသည်…အဖေပေးသော ဘဝတစ်သက်တာအမွေ)

ဘဝအမောများသည်…အချိန်ကြာလာသည်နှင့်အမျှ အမောပြေဟာသများဖြစ်တတ်သည်…

ကြောင်ဝတုတ်

ရန်ကုန်၊ ၂၀၁၁ နှစ်ကုန်ပိုင်း

4 comments

  • zaymdy

    December 23, 2011 at 4:04 pm

    ကိုကြောင်ဝတုတ်ရေ တစ်ချိုဟာတွေ.က ဖြုတ်ချင်တိုင် းဖြုတ်လို.မရတည်း ဟာတွေ. ရှိတည်းနဲ.တူတယ်ဗျာ..
    ဟီးဟီး

  • water-melon

    December 23, 2011 at 6:16 pm

    ဦးကြောင်ဖြုတ်ချင်ကလိချင်ရင် အီလက်ထရောနစ် တက်ဗျ။
    ဝါသနာတူချင်းမို့လို့ ဂုဏ်ယူမိပါကြောင်း။

  • မှော်ဆရာ

    December 23, 2011 at 9:31 pm

    ဒီအကြောင်းပြောလို့ ကျွန်တော်ကလဲ မှတ်မိလာတာလေး ရှိသဗျ
    ကျွန်တော့်အိမ်မှာ ကွန်ပျူတာ စဝယ်တော့ ပန်တီယန်တူး ၁၆၆ မန်မိုရီ ၆၄ ဟာ့ဒစ်က ၂ ဂစ်နဲ့
    ဝင်းဒိုး ၉၈ လေး တင်ထားတယ်
    ကျွန်တော်သိတာက ကွန်ပျူတာထဲမှာ ကိုယ်စာရိုက်ထားတဲ့ဖိုင်တွေရယ် ပိတ်မိတ်ကာ ဆိုတာရယ်ကပဲ အရေးကြီးတယ် ထင်တာပေါ့ဗျ ..
    ၂ ဂစ်ပဲ ရှိတဲ့ ဟာဒစ်လေးနဲ့ဆိုတော့ စက်ပေါ့အောင်ဆိုပြီး windows folder ထဲက ဖျက်ရသမျှအားလုံး အကုန်ဖျက်ပလိုက်တော့တယ်
    ကွန်ပျူတာဆိုတာ ညဏ်တော့ ရှိမှာပဲ .. ဖျက်လို့မရတာဆိုရင် သူ ဖျက်ပေးမှာ မဟုတ်ဘူးဆိုပြီး အကုန်သော့ထည့်လိုက်တာ နောက်တစ်ခါ ပြန်ဖွင့်တော့ ပြတင်းပေါက်ကြီးက ဖွင့်မရတော့ပါလား
    ဒါနဲ့ ရန်ကုန်က ပြင်ဆရာကို လှမ်းပင့်ရတယ်ခင်ဗျာ
    ငွေလဲ အကုန်အကျ တော်တော်များသွားတာပေါ့ အိမ်ကိုလဲ ကိုယ့်ကြောင့်ဖြစ်တာပါလို့ မပြောရဲဘူး
    တော်သေးတယ် စက်ဆရာက ဒီလိုပဲ ဖြစ်တတ်ပါတယ်လို့ ပြောပေးသွားလို့

  • ငပေါက်ဖော်

    December 23, 2011 at 10:15 pm

    ဦးဝတုတ်လဲ အနော့်လိုပါပဲလားဗျာ.
    နောက် အဖြစ်လေးတွေလုပ်ပါဦး

Leave a Reply