U pyitkhar နှင့်အတူ ခရီးနှင်မယ်။

who whoDecember 24, 20111min1703

ဒီတစ်ခေါက် တရားပွဲမှာ ဘာကုသိုလ်လေးများ ထပ်ဆောင်းရ ရင်ကောင်းမလဲလို့ အပြေးအလွှား စဉ်းစားလိုက်တော့ ဆရာတော် အရှင်ဆန္ဒာဓိကရဲ့ ဓမ္မစာအုပ်လေးတွေ ဝေမယ်ဆိုတဲ့ အကြံထွက်လာပါတယ်။

ဒါနဲ့ ညပိုင်းကျင်းပဖြစ်တဲ့ တရားပွဲလေးမှာ တရားနာလာသူ အပေါင်းကို ဓမ္မစာအုပ်လေးတွေ ဒါနလုပ်ဖြစ်ခဲ့တာပေါ့။

အဲဒီထဲကမှ ရလာတဲ့အသိလေးတစ်ခု။

ပြန်မျှမယ်ဆိုပြီး ဒီစာလေး ရေးဖြစ်သွားပါ တယ်။

စာအုပ်လေးရဲ့ခေါင်းစဉ်ကတော့ မြင့်မြတ်သော ဥပေက္ခာတဲ့။

မြင့်မြတ်သူတွေ၊ မြင့်မြတ်လိုသူတွေလုပ်တဲ့ ပါရမီအလုပ်က ဆယ်မျိုး တောင်ရှိပါတယ်နော်။

အဲဒါလေးကို အတိုချုံ့ပြရရင်

၁။ ဒါနပါရမီ (စွန့်ကြဲပေးကမ်းခြင်း)

၂။ သီလပါရမီ (ကိုယ်၊နုတ် တို့ ကျူးလွန်မှုမှ စောင့်ထိန်းခြင်း)

၃။ နေက္ခမ္မပါရမီ (ကာမဂုဏ်အာရုံ တွေမှ ရှောင်ခွာခြင်း)

၄။ ပညာပါရမီ (အတတ်မျိုးစုံ ၊ အသိမျိုးစုံ တို့ကို သိခြင်း)

၅။ ဝီရိယ ပါရမီ (ကုသိုလ်ဖြစ်စေမယ့် အလုပ်တွေကို ရဲရဲဝံ့ဝံ့ စွန့်စား ကြိုးပမ်းခြင်း)

၆။ ခန္တီပါရမီ ( သဘာဝဘေးဒဏ်နဲ့ သတ္တဝါလုပ် ဘေးဒဏ်တွေကို သည်းခံခြင်း)

၇။ သစ္စာပါရမီ (မလိမ်မညာ မလှည့်မပတ်ဘဲ ဖြောင့်မတ်မှန်ကန်စွာ ပြောဆိုလုပ်ကိုင်ခြင်း)

၈။အဓိဋ္ဌါန်ပါရမီ (ကုသိုလ်အလုပ်တွေကို ရည်မှန်းချက် မရောက်မချင်း စွဲစွဲမြဲမြဲ ဇွဲသန်သန် အားမာန်ခိုင်ခံ့စွာ ပြုလုပ်အားထုတ်ခြင်း) ၉။ မေတ္တာပါရမီ (သတ္တဝါ အများရဲ့ အကျိုးစီးပွားကို လှိုက်လှဲစွာ လိုလားခြင်း)

၁၀။ ဥပေက္ခာ ပါရမီ(ကိုယ့်ကို ချစ်သူ၊ မုန်းသူတွေအပေါ် ကိုယ်က ချစ်စိတ်၊မုန်းစိတ် မထားဘဲ တည်တည်တံ့တံ့ခံ့ခံ့သန့်သန့် နေခြင်း) ဆိုပြီး ပါရမီ ဆယ်ပါးကို တတ်အားသရွေ့ ဖြည့်ကျင့်ကြရပါတယ်။

အဲဒီထဲကမှ အရေးအကြီးဆုံး မရှိမဖြစ်တဲ့ ပါရမီ အနှစ်ကြီး ကတော့ ဥပေက္ခာ ပါရမီပါပဲနော်။

ဘာလို့လဲဆိုတော့ တို့တွေဟာ ကောင်းတဲ့အလုပ်တွေ လုပ်တဲ့ အခါမှာ ကိုယ့်အပေါ်မှာ ချစ်သူ၊ ခင်သူတွေ ပေါများလာမယ်။

လေးစားသူတွေ များလာမယ်။

ဒါတွေကလည်း ဖြစ်လာတတ်တယ် လေ။ အဲလို ဖြစ်လာတဲ့အပေါ် ကိုယ်က လိုက်ပြီး သံယောဇဉ် နှောင်ကြိုးတွေ ရစ်ပတ်တိုးပြီး သူတို့ နဲ့ ဆိုင်တဲ့ အပူတွေကို ပြန်လည် ဝေမျှ ခံစားနေမယ်ဆိုရင် ကိုယ်လုပ်တဲ့ အလုပ်ရဲ့ ရည်မှန်းချက် ပန်းတိုင်ကို အရောက်နှေးသွားမှာ ဖြစ်သလို ကိုယ့်စိတ်ဟာလည်း ဒီ အနှောင်အဖွဲ့တွေကြောင့် သန့်သန့်စင်စင် မဖြစ်နိုင်တော့ပါဘူး။

ဒီလို သာဆိုရင်တော့ တဖြည်းဖြည်း အလုပ်မတွင်ဖြစ်လာပါတော့မယ်နော်။ ဒါဆို ဘယ်လို ရှေ့ဆက်လို့ ရပါ့မလဲနော်။

ထိုနည်းတူစွာပါပဲ။ ကိုယ်ကောင်းတာ လုပ်တဲ့ အပေါ်မှာ မကောင်းမြင်ပြီး ဝေဖန် အမုန်းထားတဲ့ လူတွေနဲ့လည်း ကြုံလာရတတ် ပါတယ်။ အဲလို ဆုံလာ ၊ ကြုံလာရတယ်ဆိုရင် သူတို့ကို ကိုယ်က ပြန်ပြီး ကိုယ့်ကို မုန်းသလို ပြန်မုန်းလိုက်မယ်ဆိုရင် အဲဒီအပေါ်မှာ ဒေါသတွေ လိုက်ဖြစ်နေမယ်ဆိုရင် ကိုယ့်လုပ်နေတဲ့ အလုပ်တွေဟာ ရှေ့ဆက်မတိုးနိုင်တော့ပဲ နေမှာပေါ့နော်။

နောက်ပြီး ကိုယ်လုပ်နေတဲ့ ကောင်းတဲ့ အလုပ်အပေါ်မှာ ထားတဲ့ ကိုယ့်စိတ်တွေဟာလည်း ဘယ်လို လုပ်ပြီး စင်ကြယ် ပါတော့မလဲနော်။

ဟော အဲလိုများ မဖြစ်အောင် ဘယ်လိုလုပ်ရပါ့မလဲလို့ နည်းလမ်းလေး လိုလာပါတယ်။

နောက်ဆုံးပါရမီ ဖြစ်တဲ့ ဥပေက္ခာပါရမီကို ဖြည့်ကျင့်ရုံပဲပေါ့။

ချစ်စိတ်၊ မုန်းစိတ် နှစ်မျိုးလုံးကို စွန့်ပယ်ရှောင်ကွင်းနိုင်တဲ့ အတည် အခံ့ သဘောကို ဥပေက္ခာ ပါရမီလို့ ခေါ်တာပဲမလား။

အဲဒီတော့ တို့တွေ နေ့စဉ်ကြုံတွေ့နေရတဲ့ ကောင်းခြင်း၊ ဆိုးခြင်း ဆိုတဲ့ လောကဓံ ရှစ်မျိုးအပေါ်မှာ ဥပေက္ခာစိတ်ကလေး ထားတတ်ရပါမယ်နော်။

အင်း ချစ်စိတ်ဝင်လာရင်လည်း အလုပ်ပျက်တာပဲ။

မုန်းစိတ် ဝင်လာရင်လည်း အလုပ်ပျက်တာပဲမို့ ဒီချစ်စိတ်၊ မုန်းစိတ်တွေကို ဥပေက္ခာပြု လျစ်လျူရှု ထားတတ်ဖို့က အရေးကြီးနေပါတယ်။ ကိုယ့်ဖက်က ကောင်းအောင် ဘယ်လိုပဲနေနေ ၊ ဘယ်လိုပဲ မေတ္တာတွေထားထား ၊ သူ့ဖက်က တုန့်ပြန်မှုက မကောင်းဘူးဆိုလဲ။

အဲဒီ မကောင်းတဲ့အပေါ် ဥပေက္ခာရှုထားလိုက်တော့။

တစ်ခါတရံမှာ မေတ္တာ၊ ကရုဏာ၊ မုဒိတာတွေနဲ့ ဘယ်လိုပင် ကောင်းစေလိုတဲ့ စေတနာတွေနဲ့ ပြုမှုဆက်ဆံလို့ ဘယ်လိုမှ မရတော့တဲ့အနေအထားမျိုး တွေများကြုံလာခဲ့ရင် ကိုယ့်ဖက်က နှလုံးသွင်းလေး ပြောင်းပေးလိုက်ပါ။

“အော် သူအခုလို ဖြစ်နေရတာသည် သူ့ရဲ့ ကံ တရားကြောင့်ပဲလေ”။

ကံတရားအတိုင်းပဲ ။ ကံစီမံသလို ဖြစ်လာရတာပဲလို့ ကံ၊ကံရဲ့ အကျိုး ကို နှလုံးသွင်း ဆင်ခြင်ပြီး စိတ်အေးချမ်းတည်ငြိမ်အောင် နေတတ် ပါစေ။

ဒါမှ ဥပေက္ခာနှလုံးသွင်းနဲ့ နေရာရောက်ပါမယ်နော်။

ဒါကလည်းလေ ကိုယ်ချစ်ရတဲ့သူအပေါ်ပဲ ဖြစ်ဖြစ်၊ ကိုယ်မုန်းရ တဲ့သူ အပေါ်ပဲဖြစ်ဖြစ် အားလုံးအပေါ်မှာ ဒီလို ဥပေက္ခာစိတ် နဲ့ ထားသွားရပါမယ်။

ကိုယ့်သားသမီး အပေါ် ချစ်တာတောင်မှ ဥပေက္ခာ နှလုံးသွင်းလေးနဲ့ မတွဲပဲ ချစ်မိသွားရင် ပူလောင်မှုတွေ၊ စိတ် ဆင်းရဲမှု တွေပဲ ပြန်ရပါလိမ့်မယ်နော်။

ဘာလို့လဲဆိုတော့ ဥပေက္ခာမပါပဲ ချစ်မိနေလို့ပါပဲ။

မေတ္တာထားရာမှ ဥပေက္ခာမပါရင် ရာဂဖက်ကို အစွန်း ရောက်သွားနိုင်လို့ ပူလောင်မယ်။

ကရုဏာ ထားရာမှာလည်း ဥပေက္ခာ မပါရင် ဒေါသဖက်ကို အစွန်းရောက်သွားမှာမို့ ခက်ထန်ကြမ်းတမ်းလာ မယ်။

မုဒိတာပွားရာမှာလည်း ဥပေက္ခာမပါရင် မာနဖက်ကို အစွန်း ရောက်သွားမှာဖြစ်တာကြောင့် အဲဒီ အစွန်းရောက်မှုတွေကပဲ ကိုယ့်ကို ဒုက္ခတွေ ဖြစ်စေနေပါလားရယ်လို့ မြင်အောင်ကြည့်တတ်ပြီး အရာရာ မှာ ဥပေက္ခာ နှလုံးသွင်းလေး အမြဲ ယှဉ်တွဲနိုင်လို့ စိတ်အေးချမ်းမှု အရယူနိုင်ပါစေလို့ ဆုတောင်းရင်းနဲ့ ကျနော့်ရဲ့ စာပေကပေးတဲ့ ဥပေက္ခာ အရသာလေးကို အမြည်းကျွေးလိုက်ပါ တယ်။

3 comments

  • ငပေါက်ဖော်

    December 24, 2011 at 11:57 am

    ဆရာလေး မန်းလေးမှာနေတုန်း.
    ဟို..မန်းလေးသားငမိုက်သား ကိုလေပွားကိုပါ အဲဒီစာအုပ် ဝေပေးလိုက်စေချင်တယ်
    သူ ့မှာ.ဘာပါရမီမှ မရှိဘူး…မ.ထ.သ-ဆိုဝေးကောဗျ
    ပုံ
    ဥပေက္ခာ ပါရမီရှင် ငပေါက်ဖော်

  • whowho

    December 24, 2011 at 5:35 pm

    ကိုပေါက်ဖော်ကြီးလည်း သူများအတွက်တွေ ပူနေတာနဲ့ ဘာနဲ့များ ခရီးနှင်နေပါလိမ့်မယ်။ အော် ဥပေက္ခာပါရမီရှင်ဆိုပါလား။ အထူးလေးစားပါ၏။

  • TTNU

    December 24, 2011 at 7:49 pm

    မချစ်မမုန်းလေးနေဖို့က အတော်ခက်တယ်။
    သိပ်ချစ်သိပ်မုန်းတာလည်း မကြိုက်ဘူး။

    ဒါကြောင့်
    “ဥပေက္ခာပြုလိုက်ပါကွာ” လို့ သူများကိုပြောရတာ အဆင်အပြေဆုံးပဲ။ 🙂

Leave a Reply