သင်္ဘောသားလုုပ်မယ်ရဆိုပြီး လူကုန်ကူးခံရ

klnMay 29, 20101min600

အမျိုးသားတစ်ချို့ နိုင်ငံခြားသင်္ဘောပေါ်မှာ အလုပ်ရမယ်ဆိုပြီး သွားရာက တရားမဝင် ငါးဖမ်းသင်္ဘောပေါ်မှာ ရောင်းစားခံလိုက်ရတာတွေ၊ လုပ်အားခခေါင်းပုံဖြတ်ခံရတာတွေ ကြုံရတယ်လို့ ကိုယ်တွေ့ကြုံရသူရဲ့ ပြန်ပြောပြချက်အရ သိရတယ်။ ကိုစိုးမင်း(အမည်လွှဲ)က စင်ကာပူမှာ အလုပ်လုပ်နေရင်း ကမ်းရိုးတန်းသွားသင်္ဘောသားလုပ်ရမယ်ဆိုပြီး စင်ကာပူအေးဂျင့်ကတစ်ဆင့် လျှောက်ပြီး သွားခဲ့တာပါ။ ပထမတော့ သူ့ကို ဆီဖြည့်သင်္ဘောမှာပဲ လုပ်ရမယ်ဆိုပြီးသွားတာ၊ သူ့အနေနဲ့က လူကုန်ကူးမှုကာကွယ်ရေး ဗဟုသုတရှိတဲ့သူတစ်ဦးပါ။ ဒါပေမဲ့သူက ယောကျာ်းတစ်ယောက်အနေနဲ့တော့ မဖြစ်လောက်ပါဘူး။ သူ့ကိုပို့ပေးတဲ့ လူအဆင့်ဆင့်ကို မသင်္ကာပေမဲ့ စင်ကာပူက အေးဂျင့်ကတော့မလုပ်လောက်ပါဘူးဆိုပြီး ယုံခဲ့တာလို့ဆိုပါတယ်။ သူ့ဖြစ်ပုံကို အခုလိုပြောပြပါတယ်။ သူလုပ်ရတဲ့ ငါးဖမ်းသင်္ဘောက အမေရိကန်ရေပိုင်နက်ထဲမှာ ငါးခိုးဖမ်းတဲ့ သင်္ဘောဖြစ်နေတယ်။ သင်္ဘောပေါ်မှာ အချိန်ပြည့်အလုပ်လုပ်ရတာ၊ နားချိန်မရှိတာ၊ ညှင်းဆဲခံရတာတွေနဲ့ စိတ်ဓါတ်တော်တော်ပျက်စီးခဲ့ရတယ်။ တစ်နေ့မှာ အမေရိကန်တွေက ဖမ်းမိသွားပြီး ကပ္ပတိန်ကို ဒဏ်ငွေရိုက်တယ်။ သင်္ဘောသားတွေကိုတော့ ဘာမှမလုပ်ဘူး။ ကိုစိုးမင်းက အင်္ဂလိပ်လို ပြောတတ်လို့ သူ့အကြောင်းရှင်းပြတော့ မြန်မာနို်င်ငံဘက်ကို ပြန်ဖို့ကူညီပေးခဲ့တယ်။ ကိုမင်းမင်း(အမည်လွှဲ)ဆိုသူကတော့ ထိုင်းငါးခိုးဖမ်းတဲ့သင်္ဘောပေါ်မှာ ရောင်းစားခံလိုက်ရသူပါ။ သူတို့ရဲ့သင်္ဘောက အင်ဒိုနီးရှားရေပိုင်နက်မှာ သွားခိုးဖမ်းခဲ့တာပါ။ သူတို့သင်္ဘောက ခိုးဖမ်းရတော့ နေ့ဘက်မှာမလုပ်ဘဲ ညဘက်မှာပဲ လုုပ်ရတယ်။ သူတို့ကို အားဆေးဆိုပြီး အစိမ်းရောင်အရည်တွေ နေ့တိုင်းတိုက်ပါတယ်။ ကိုမင်းမင်းဆီက သိရသမျှကတော့ တစ်နေ့ကို ၂၂နာရီလောက်လုပ်ရပေမဲ့ မပင်ပန်းဘူး။ တချို့နေမကောင်း၊ မလုပ်နိုင်တဲ့သူတွေကို ရိုက်တယ်။ သင်္ဘောပေါ်မှာ ဆုံးသွားတဲ့သူတွေကို ရေထဲပစ်ချတယ်။ နောက်ဆုံး ကိုမင်းမင်းနဲ့ သူငယ်ချင်းသုံးယောက်ဟာ သင်္ဘောပေါ်မှာနေရင်လည်း တစ်နေ့သေပြီး ရေထဲပစ်ချခံရမှာပဲ။ သည်တော့ ကိုယ်လွတ်ရင်လည်း ကံပဲဆိုပြီး အသက်ကယ်လှေခိုးထုတ်ပြီး ပင်လယ်ထဲမှာ ထွက်ပြေးခဲ့ကြတယ်။ ပင်လယ်ထဲမှာပဲ တစ်လနီးပါးကြာမျောနေခဲ့ကြတယ်။ နောက်ဆုံးမှာ သူတို့ကို အင်ဒိုနီးရှားငါးဖမ်းသင်္ဘောတစ်စီးကတွေ့ပြီး ကယ်ခဲ့တယ်။ အဲသည်အင်္ဘောပေါ်မှာပဲ သူတို့ကို ဆေးကုပေးခဲ့တယ်။ သူတို့ရဲ့စိတ်ကျန်းမာရေးနဲ့ ကိုယ်ကျန်းမာရေးက ပုံမှန်မဟုတ်တော့ဘူးလို့ဆိုတယ်။ သည်လိုအမျိုးသားတွေ လူကုန်ကူးခံရတဲ့ဖြစ်စဉ်တွေ အများကြီးရှိတယ်လို့ လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ဆောင်နေတဲ့ လူမှုရေးအဖွဲ့ထံမှသိရပါတယ်။ ကရင်အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအသင်းရဲ့ တာဝန်ရှိသူတစ်ဦးက “ အမျိုးသားတွေကျတော့ သူတို့တွေယောကျာ်းဖြစ်ရဲ့နဲ့ ဒီလိုခံရတယ်ဆိုတာကို ရှက်တယ်၊ ဖွင့်မပြောရဲကြဘူး။ ယောကျာ်းအများစုက အိမ်ထောင်ကို ဦးဆောင်ရတော့ သူတို့ဒီလိုဖြစ်တာကို မိသားစုကိုလဲ ရှက်တယ်၊ မိသားစုကလဲ ပိုက်ဆံမပါရင် အိမ်ပြန်မလာနဲ့ဆိုပြီး ပြောတာတွေလည်း ရှိတော့စိတ်ဓါတ်ကျလာတယ်၊ မိသားစုရဲ့နွေးထွေးမှုက အရေးကြီးဆုံးပဲ ” လို့ အကြံပြုပါကြောင်း ၂၀၁ဝခုနှစ် မေလ ၂၈ရက်နေ့ထုတ် မော်ဒန်ဂျာနယ်တွင် ဖော်ပြထားပါသည်။