တွန်းလိုက်ကြစို့ ရွာသားတို့………….
တွန်းလိုက်ကြစို့ ရွာသားတို့………….
အဲယားမွန်း၊ဖုံလုံ၊ချွေးအိတ်၊ ကားကြီးတစီးဟာ ကျောက်ချောခင်းအဝေးပြေး လမ်းမကြီးမှာ တရွေ့ရွေ့ မောင်းနှင်လာပါတယ်။ ကားကြီးရဲ့နာမည် ကတော့ “တိုးတက်ရေး” တဲ့ ။ နာမည်လိုက်ပါတယ်၊ ရှေ့ပိုင်းမှာသာ ချောင်ချောင်ချိချိဖြစ်ပြီး နောက်ပိုင်းမှာတော့ ကုန်တွေ ကြားကို တိုးတက်ရတာပါ၊ ထုိုင်ခုံတွေ အောက်မှာလည်း ငါးခြောက်အိတ်၊ ပုဇွန်ခြောက် အိတ်တွေနဲ့မို့ ကားစီးသူများဟာ ခုံပေါ်မှာ တင်ပါးနဲ့ ပေါင် တသားတည်းဖြစ်အောင် ခြေထောက်ချပြီး သက်တောင့် သက်သာလိုက်ရတာမဟုတ်ပါဘူး၊ ဒူးနှစ်လုံး ထောင် ပြီး မြီးညှောင်းရိုးနဲ့ ထိုင်လိုက်ရတာပါ။ ခုံနှစ်တန်းရဲ့ အလယ်လမ်းမှာလည်း စီချထားတဲ့အိတ်တွေပေါ်မှာ ကော်ခုံလေးတွေချထားပြီးအလယ်လူတင်ပါသေးတယ်။ ဒါကြောင့် တက်တဲ့ လူတွေ က တိုးတက်ရတာပါ၊ ဪ မဖွင့် ဖြိုးသေးတဲ့ မြို့လေးက ကားပဲ ဒီလောက်တော့ရှိမှာပေါ့။ ကားပိုင်ရှင် များကတော့ ဂိတ်မှာငွေသိမ်းပြီး အိမ်မှာ အေးအေးဆေးဆေး အနားယူနေလောက်ပါပြီ။ ကိုယ်ကသာ အေးအေးဆေးဆေး လို့ထင်တာ၊ သူတို့တွေမလဲ ဘယ်တော့ အက်ဆီးဒင့်ဖြစ်မလဲ၊ ဘယ်တော့ ကားမှောက်မလဲနဲ့ လိုရာမရောက်ခင် လမ်းခရီးမှာဘာများဖြစ်မလဲလို့ ပူနေရမှာပါ။ ကားကိုလူယုံရယ်၊ ဒရိုင်ဘာနှစ်ယောက်ရယ် နဲ့ စပယ်ယာ နှစ်ယောက် လက်ထဲကို အပ်ထည့်လိုက်ရတာ မဟုတ်လား။
ကားကြီးပေါ်မှာ လိုက်လာသူတွေကတော့ တိုးတက်ရေးခရီးသည် တွေလို့မှတ်ထားလိုက်ကြပေါ့။ ပန်းတိုင် ခရီးတစ်ခုကို ချီတက်နေကြတာပါ။ ရှေ့ခုံမှာတော့ ကားပိုင်ရှင်ရဲ့အမျိုးတွေပါ။သူ့နောက်မှာတော့ ဒရိုင်ဘာရဲ့အမျိုးပေါ့၊ အဲနောက်ကတော့ ပိုင်ရှင်ရဲ့ အသိအကျွမ်း၊ ဂိတ်မှူးရဲ့ ဆွေမျိုးအသိအကျွမ်း၊ ခင်ရာမင်ရာပတ်သက်ရာပတ်သက်ကြောင်းတွေ အစဉ်လိုက်ပါကြတာပေါ့။ အလယ်ခုံရဲ့ရှေ့တန်းတွေကလည်း လက်မှတ်ရောင်း ကိုကပ်ပေါင်းထားတဲ့သူတွေ အစီအစဉ်တကျ လိုက်ပါလာကြတယ်။ သူတို့ရဲ့နောက် ငါးပိငါးခြောက်တွေရဲ့ အနံ့တထောင်းထောင်းကြားထဲမှာ ချွေးတလုံးလုံး နဲ့ ပါလာကြတာက အခြားခရီးသည်များပါ၊ သူတို့လည်း ပန်းတိုင်တစ်ခုကိုချီတက်နေကြတဲ့ တိုးတက်ရေးခရီးသည်များပါပေ။
ဒရိုင်ဘာဟာ စကားတပြောပြောနဲ့ ကားကြီးကို တအိအိမောင်းနှင်လာရကနေ ရွာတစ်ရွာရဲ့ အဝရောက်တဲ့အခါ နွံနစ်သွားပါရော။ ကျောက်ချောလမ်းဆိုပေမဲ့ ကားတစ်စီးစာသာသွားလို့ရပြီး တချို့နေရာတွေမှာ ကျောက်တွေ မရှိတော့ပဲ ဗွက်အိုင်အကြီးကြီးဖြစ်နေတာပါ။ အဲဒီနေရာရောက်ရင် ကားကိုသတိထားမောင်းပြီး ဗွက်အိုင်ထဲက အောက်ခံမာမယ်ထင်တဲ့နေရာကို မမြင်ရပဲ မှန်းဆပြီးမောင်းရတာပါ။ ကားကို ဂီယာနဲ့ လီဗာအချိုးကျအောင်လည်းမောင်းတတ်ရပါတယ်။ ဒရိုင်ဘာ ကျွမ်းကျင်ဖို့ အလွန်လိုအပ်တဲ့အနေအထားမျိုးပါ။ ရွာထဲမှာကားကြီးမောင်းသမားတွေ ပါရင်သိကြမှာပါ။ ကားကလည်း ညဘက်မောင်းတဲ့ကားကြီးပါ၊ ရွာထဲက အမျှော်အမြင်ရှိတဲ့ လူတချို့ က မနက် ကားကြီးလမ်းအဝပိတ်နေရင် ရွာက လှည်းတွေ၊ ဒိန်းဒေါင်း(ထော်လာဂျီ)တွေသွားရခက်ချီရဲ့ဆိုတဲ့ စိတ်နဲ့ ထွက်တွန်းကြ၊ ကားရဲ့နောက်ချောင်ထဲကနေ ဒုက္ခများစွာနဲ့ လိုက်လာရတဲ့ သူတွေကလည်း ပန်းတိုင်မြန်မြန်ရောက်ချင်ဇောနဲ့ ဆင်းပြီးတွန်းလိုက်ကြတာမမြင်မစမ်း ဘာမှန်းညာမှန်းမသိပေါ့။ ကားသမားက ဝူးဝေါနဲ့ ကားလီဗာ စောင့်နင်းလိုက်တော့ ကားကနဲနဲရွေ့သလိုဖြစ်သွားပြီး တွန်းတဲ့သူတွေလည်း ဗွက်ထဲ အလဲလဲ အကွဲကွဲ၊ ကားဘီးက စင်တဲ့ ရွှံ့တွေကလည်း ဒုက္ခပေးတဲ့အတွက် ဆက်မတွန်းနိုင်ကြတော့ပဲ ရွာသားတွေလည်းရွာထဲ ပြန်ဝင်ပြေး၊ ကားပေါ်ကသူတွေလည်း စုတ်ပြတ် ညစ်ပတ်ပြီးလူရုပ်တောင်မပေါ်တော့ပဲ ဟိုး ကားနောက်ချောင်လေးထဲ မှာ သွားပြီး ကုတ်နေရပါတော့တယ်။ တချို့လူတွေလည်းစိတ်ပျက်ပျက်နဲ့နဲ့ ရွာထဲက ဆိုင်ကယ်တွေ ငှားပြီး နီးရာမြို့လေးကိုပြေးကြလေရဲ့ အဲဒီကမှတဆင့် ပန်းတိုင် မြို့ကိုရောက်အောင်ချီတက်ကြတာပေါ့။ ကားကတော့ နဲနဲရွေ့ပြီး ကားဝိတ်ကြောင့်နွံထဲကို တဖြည်းဖြည်းပိုနစ်သွားပါတယ်။
ဒီလိုနဲ့ မနက်အာရုံတက်လာပါတယ်။ ရွာထဲက စီးပွားရေးလာဘ်မြင်တဲ့သူတွေက တစ်ထုပ် တစ်ရာတန်တဲ့ကောက်ညှင်းထုပ်ကို ငါးရာဖိုးသုံးထုပ်နဲ့လာရောင်းကြပါတယ်။ ရေသန့်တစ်ဗူးကို တစ်ထောင်ဖြစ်လာပါတယ်၊ သုံးရာတန်တဲ့ မုန့်ဟင်းခါးတစ်ပွဲ ကိုငါးရာနဲ့လာရောင်းကြပါတယ်။ မိုးလင်းလို့ဗိုက်ဆာတဲ့အခါ မတတ်သာတော့လဲ ဝယ်စားရတာပေါ့။ ရွာထဲမှာလဲ သွားလမ်းပိတ်လို့ လမ်းပွင့်ချင်ကြသူတွေကလည်းပွစိပွစိပေါ့၊ ရှေ့မှာပါလာတဲ့ ကားပိုင်ရှင်ရဲ့ အသိတွေထဲကအတွေ့အကြုံရှိတဲ့ သူတွေက ကားကြီးကို ရွေ့အောင်လုပ်ကြဖို့ အစီအမံတွေနဲ့ တိုက်တွန်းကြပါသေးတယ်။ အဲဒီမှာ ဈေးရောင်းချင်နေတဲ့သူတွေက သူတို့တွေကို ကောက်ညှင်းထုပ်၊မုန့်ဟင်းခါး၊အလကားကျွေး၊ ရေသန့်ဗူးအလကားပေး လုပ်ကြတာပေါ့။ အဲဒီလူတွေကိုအလကားကျွေးပေမဲ့ နောက်ထဲကလူတွေကိုဈေးတင်ရောင်းတယ်လေ။ အဲဒီမှာ အတိုက်အခံတွေဖြစ် ၊ညိမ်တဲ့သူတွေ ညိမ်သွား၊ သဘောထားမတိုက်ဆိုင်တော့ အချို့ကလည်း ရွာထဲက ဆိုင်ကယ်တွေငှားပြီးလိုရာခရီးကို ဆက်သွားကြပါတယ်။ ကားနောက်က တစ်ချို့ တတ်နိုင်တဲ့သူတွေကလည်း ပြွတ်သိပ် နံစော်နေတဲ့ဒုက္ခကို ဆက်မခံနိုင်တော့ပဲ ဆိုင်ကယ်ငှားပြီးအလျှိုအလျှိုလစ်သွားကြပါတယ်။ မတတ်နိုင်တဲ့သူတွေနဲ့ အနှောင်အဖွဲ့တွေရှိတဲ့သူတွေသာ ကျန်ခဲ့ပါတယ်။ ရွာထဲကလူတွေကလည်းတစနဲ့တစ်စ သူ့ထက်ငါ အပြိုင် ငှက်ပျောသီးရှိတဲ့သူကငှက်ပျောသီးကို ဈေးတင်ပြီးလာရောင်း၊ ပိန္နဲသီးရှိသူက ပိန္နဲသီးဈေးတင်ပြီးလာရောင်း၊ ဖြစ်ကုန်တာပေါ့။ ထမင်းလေးချက်ပြီး ကျွတ်ကျွတ်အိတ်လေးနဲ့ထုပ် ၊ငါးကြော်သေးသေးလေးတစ်ကောင်ထည့် နှစ်ထောင်နဲ့လာရောင်း။
ကားပေါ်က ထမင်းချိုင့်နဲ့ စားစရာပါလာတဲ့သူတွေကတော့ ကားနဲ့ခပ်လှမ်းလှမ်းအရိပ်အောက်မှာသွားပြီး အခင်းလေးခင်းပြီးအေးအေးလူလူ ထိုင်စားနေတာပေါ့။ ကားအလယ်ပိုင်းလောက်က လူရေလည်တဲ့သူတွေကတော့ ရှေ့ကကပ်လျှက်ရှိနေတဲ့လူတွေနဲ့ သင့်အောင် ပြောဆိုပြီး၊စားရေးသောက်ရေးအဆင်ပြေနေကြတာပေါ့။ ကားနောက်ချောင်ထဲရောက်ပြီး အမှီအကပ်မရှိ စားစရာမပါတဲ့သူတွေကတော့ ကားပေါ်မှာ ဒုက္ခတွေနဲ့၊ ဈေးကြီးပေးဝယ်စားကြ၊ မုန့်ဟင်းခါးကောက်ညှင်းထုပ်၊ဝယ်မစားနိုင်တဲ့ ခပ်ရှုပ်ရှုပ်လူတွေက ရွာထဲ သွား ၊ ချောင်ကြို ချောင်ကြားက မလယ်မဝယ်ရွာသားတွေရဲ့ မုန့်ဆိုင်သေးသေးလေးတွေ ကိုသွား၊တစ်လုံးငါးဆယ်တန် ရေသီငှက်ပျောသီးကို ငါးလုံးနှစ်ရာနဲ့ အတင်းသွားစစ်ဝယ်။ ကရေကရာ တစ်ထုပ် ရှစ်ရာနဲ့ရအောင် အတင်းပြော၊ မရရင် ခြောက်စားဟောက်စားလုပ်၊ ပြန်ပြောတဲ့သူနဲ့တွေ့ တော့ အမြီးလေးကုတ်ပြီးပြန်လာ။ ပဲကြီးလှော် အလကားနှိုက်စား၊ ရေအလကားတောင်းဗိုက်ဝအောင်သောက်၊ ဘရောက်ဘရက်နဲ့ဖြစ်ချင်တိုင်းဖြစ်နေတော့တာပေါ့။ တချို့တွေက ရွာထဲက ချက်ပေးနိုင်တဲ့ သူကို ပိုက်ဆံလေးပေး၊ ဈေးဝယ်ချက်ခိုင်းပြီးစားရတဲ့သူတွေလည်းရှိတယ်၊ သူတို့ ကတော့ နည်းနည်းအိန္ဒြေရတာပေါ့။ ဒုက္ခရောက်တာက ရွာသားအများစု၊ အင်အားရှိသူတွေက ကားမှာသွားရောင်းဖို့ ရွာထဲရှိတဲ့ စားစရာတွေကိုဈေးကြီးပေးဝယ်ကြလို့ ရွာထဲမှာ စားစရာတွေက ဈေးတက်၊ ပစ္စည်းတွေက ပြတ်၊ သူတို့မှာအင်အားကမရှိတော့ ကားနားလည်းသွားကပ်လို့မရ လမ်းပိတ်နေလို့ လုပ်ငန်းခွင်ကိုသွားမဲ့လှည်းတွေ၊တော်လာဂျီတွေလည်းသွားလို့မရတော့ အဝေးကပဲပွစိပွစိပြောနေနိုင်၊ ညစ်တွန်း တွန်းကြပြီး ကားပေါ်ကဆင်းလာသူတွေနဲ့ ကတောက်ကဆတွေဖြစ်ကုန်ပါရော။ ကားကြီးကို သွားတွန်းဖို့ကလည်း ညက လူတွေရဲ့ ဖြစ်အင်ကို တဆင့်စကား တဆင့်နားကြားထားတော့ အခြအနေစောင့်ကြည့်နေကြလေရဲ့။ အင်အားရှိတဲ့သူတွေကတော့ ကားကြီးကိုရွေ့အောင်တွန်းပြီးလမ်းပွင့်အောင်လုပ်ဖို့စိတ်မဝင်စား၊ ထမင်းသည်ကလည်း ထမင်းသည်အလျှောက်၊မုန့်ဟင်းခါးသည်ကလည်း မုန့်ဟင်းခါးသည်အလျှောက်၊ ကောက်ညှင်းထုပ်သည်ကလည်းကောက်ညှင်းထုပ်သည်အလျှောက် သူ့အဆင့်နဲ့ သူ တန်ရာတန်ရာရှေ့ကလူတွေကို အလကားကျွေး၊ ကားမထွက်ရေး နဲ့ နောက်ကလူတွေကိုအမြတ်တင်၊ မိမိရောင်းရေးဝယ်တာကောင်းဖို့ပဲ အာရုံစိုက် ကြိုးပမ်းနေကြပါတယ်။ ကားပေါ်ရှိနေသူတွေထဲက တွန်းချင်တဲ့စိတ်ဓါတ်ရှိပြီး စားစရာနဲနဲပါတဲ့သူတွေက အခင်းမပါတော့ ကားနဲ့ခပ်ဝေးဝေးအရိပ်ကိုမသွားနိုင်ပဲ ကားအပြင်ဘက်ထွက်၊ ကားအရိပ်ကိုခိုရင်း တွန်းမဲ့သူတွေမျှော်၊ တွန်းဖို့ ကိုလှုံ့ဆော်နေပေမဲ့ အမြတ်ကြီးစားဈေးသည်တွေက “နှမ်းတစေ့နဲ့ဆီမဖြစ်ပါဘူးကွာ” လို့ ဝိုင်းလှောင်တာကိုကားအရိပ်နဲ့ မကင်းနိုင်သေးတော့လည်းညိမ်ခံနေကြရ။ ကားနောက်ထဲမှာ ဒုက္ခရောက်နေကြသူတွေကလည်း တွန်းတော့တွန်းချင်ကြ၊ သူတို့အင်အားလောက်နဲ့တွန်းလို့မရမှန်းလည်းသိ၊ ဆင်းတွန်းကြရင်လည်း ညဦးကလူတွေဖြစ်တာကိုမျက်ဝါးထင်ထင်တွေ့ထား၊ အခုတောင် သူတို့ရဲ့ အနောက်ချောင်ထဲမှာ လူရုပ်မပေါက်ပဲ ငုတ်တုတ်လေးတွေ ရှိနေသေးတာတွေ့နေရတော့ တွန်းဖို့မကြိုးစားရဲကြ၊ သူတို့ရဲ့စိတ်ထဲမတော့ ရွာထဲက အင်အားတွေသာပါလာပြီး တကယ်ရွေ့အောင်တွန်းကြမယ်ဆိုရင်၊ ဒုက္ခတွေ ပြည့်နှက်ပြီးငတ်ပြတ်နေတဲ့ဘဝကအမြန်လွတ်ချင်ကြတဲ့အတွက် ကားပေါ်က ခုန်ချပြီးတွန်းကြဖို့ပြင်ဆင်ထားကြပြီးသား။ ရှေ့မှာ ထိုင်နေကြသူတွေကလည်း အေးအေးဆေးဆေးဒုက္ခမရောက်ပဲ မုန့်ပဲသရေစာ အလကားစားနေရတယ်ဆိုပေမင့်၊ ပန်းတိုင်မရောက်သေးတဲ့အတွက် အများက ရွေ့အောင်တွန်းရင်တော့ ထိုင်မနေပဲ အားနာပါးနာနဲ့ ဆင်းတွန်းကြမှာပါ။ တွန်းချင်လွန်းလို့ ကားအပြင်ထွက်ပြီး ကားဘေးမှာ သီနေတဲ့သူတွေကတော့ ပြောမနေနဲ့ အခုတွန်းမဲ့သူလာ အခုတွန်းဖို့အဆင်သင့်၊ ကားဘေးဝေးဝေးမှာသွားထိုင်နေသူတွေကောပြောဦးမလား အခုသာခပ်လှမ်းလှမ်းမှာနေ နေတာ လိုအပ်ရင် လာတွန်းကြမှာပါ၊ ဒါမှသူတို့လည်းလိုရာပန်းတိုင်ရောက်မှာကိုး။ အခြေအနေအမျိုးမျိုးကြောင့် ဆိုင်ကယ်နဲ့ထွက်သွားပြီး ပန်းတိုင်ကိုရောက်နေသူတွေကတောင် ဟိုး အဝေးကနေ စေတနာဗလပွ နဲ့ ၊ ကျန်ခဲ့တဲ့သူတွေကို တယ်လီဖုန်းဆက်ပြီး ၊ကားကြီးကို တွန်းကြဖို့ လှုံ့ဆော်ပြီးအော်ပေးနေပြီ။
အချိန်ကလည်း မွန်းလွဲသွားပြီး နေရောင်ခြည်လေးရင့် လို့ ရွှံ့ဗွက်တွေလည်းနည်းနည်းမာနေပြီ၊ ကားမောင်းနေသူ ဒရိုင်ဘာကြီးလဲ အလင်းရောင်ထဲမှာ ဘယ်နေရာကိုဘီးနင်းပြီးတက်ရရင် အဆင်ပြေမယ်ဆိုတာကို သိနေပြီ၊ အခြေအနေလေးလည်းပေးနေပြီဖြစ်တဲ့ အတွက် ကားရှေ့ထိုင်လူတန်းစားတွေကို ပေါင်းပြီးဈေးရောင်းနေတဲ့ရွာသားတို့လည်း ဒီကားကြီးရွေ့သွားလို့ လမ်းပွင့်သွားရင် ဒါထက်ကောင်းတဲ့ရောင်းရေးဝယ်တာ အခွင့်အလမ်းတွေ ပေါ်လာတော့မှာမို့ စနစ်ဟောင်းတွေကိုပြင်ပြီးတွန်းဖို့လုပ်ကြပါတော့။ ရွာထဲက ရွာသားတွေကလည်း ပဲကြီးလှော် လောက်သာ လာလုစားတဲ့ ကားနောက်ချောင်ထဲက လူငမွဲတွေကိုအော်မနေကြပါနဲ့ဗျာ၊ ကားရှေ့ထိုင်မုန့်ဟင်းခါးအလကားစားရတဲ့လူတန်းစားတွေနဲ့၊မုန့်ဟင်းခါး အလကားကျွေးနေတဲ့ရွာသားတွေကိုကျော်ဖြတ်လို့ တွန်းလိုက်ကြစမ်းပါဗျာ၊ ခင်ဗျားတို့အင်အားက ပိုများပါတယ်ရွာသားတို့ရေ၊ ကားပေါ်ကသူတွေက လူနည်းစုပါခင်ဗျာ၊ ခင်ဗျားတို့ သာပါဝင်ပြီး တွန်းကြမယ်ဆိုရင် ရွေ့မှာသေချာတဲ့အတွက် ကားပေါ်ရှိနေတဲ့လူတွေအားလုံး ဆင်း လာပြီးတွန်းကြမှာသေချာကြောင်းအာမခံပါတယ် ။
ဒါကြောင့်မို့
ကဲ….တွန်းလိုက်ကြစို့ ……ရွာသားတို့…..ရေ…………။ ။
9 comments
windtalker
December 30, 2011 at 2:31 pm
အိုခေ
စမတ်ကော
လက်စ် စတက်ဒီ ပွတ် ( put )
ကိုရင်စည်သူ
December 30, 2011 at 2:37 pm
တွန်းပီ… တွန်း..
တွန်းတာ တိုက်တာ ပွတ်တာ ချွန်တာ
ကျွမ်းတဲ့ ရွာသူားများ ကိုကြောင်လေးကို
ဝိုင်းတွန်းကျရအောင်….
ဂျီး.. ဂျီး.. တွန်း.. တာပြောဒါ… အဟီးး း 😆 😆
ငပေါက်ဖော်
December 30, 2011 at 2:47 pm
မြဲမြဲခိုင်တဲ့
ကျောက်ရုပ်တွေတောင်
တွန်းတိုက်ပါများ
နဲ ့နဲ ့လို ့လာတယ်
အသဲ၂လုံး အဲအဲ..
ကားဂျီးဟာလဲ
ကျောက်ရုပ်လို ဘဲ
တိရတဲ့အခါ
အိုအိုကြောင်ရဲ့
amatmin
December 30, 2011 at 5:29 pm
တွန်းမယ်..တွန်းမယ်..
အဲခဏလေးနော်..ရွှံ့ထဲ ဆင်းရမှာ ဆိုတော့ ဖိနပ်လေးပြေးချွတ်လိုက်ဦးမယ်..
ရွေ့အောင် တွန်းထားနှင့်ကြ ဦးနော်.. 🙂
ကိုကြောင်လေးရေ ကြိုက်ပါတယ်ဗျ…
Thel Nu Aye
December 30, 2011 at 5:48 pm
အိပ်ဇောနားကပ်တွန်းမိလို့ဓါတ်ဆီနဲ့ရေချိုးရတဲ့အဖြစ်ကိုတသက်မမေ့လို့ဒီတခါတော့မတွန်းတော့ဘူး။
yaungchikha
December 30, 2011 at 8:11 pm
ဝမ်း…………. တူး…………….. သရီး…………… တွန်းပြီးဗျို့ …………….. 🙂
ကိုပေါက်(မန္တလေး)
December 30, 2011 at 10:25 pm
ဇွန်ပန်းရုံအနီး
နွံထဲနိုက်လှည်းဘီးကျွံနေသည်
လေးလွန်း၍မတွန်းနိုင်ဘူးလား
ပြိုင်တူတွန်းလျှင်ရွှေ့နိုင်ပါသည်
ပြိုင်တူတွန်းလျှင်ရွှေ့နိုင်ပါသည်
ပြိုင်တူတွန်းလျှင်ရွှေ့နိုင်ပါသည်
ပြိုင်တူတွန်းလျှင်ရွှေ့နိုင်ပါသည်
ပြိုင်တူတွန်းလျှင်ရွှေ့နိုင်ပါသည်
Khin Latt
December 31, 2011 at 12:23 am
တကယ်လို့ များ အဲဒီ ပျက်နေတဲ့ ကားကြီး နားမှာ ကားတစ်စီး ထိုးရပ်၊
” အပေါင်းအသင်း တို့ရေ၊ လာ ဝိုင်းတွန်းကြစို့” လို့ နှိုးဆော်၊
ဘယ်သူလဲလို့ ကြည့် လိုက်တော့ ” ဒေးဗစ်ဘက်ခမ်း” ဖြစ်နေ၊ သူက စပြီးတွန်း ………
ဒါဆိုရင် ကားပေါ်ကလူတွေ သာမက ရွာသူ၊ရွာသား တွေပါ ဝိုင်းလာပြီး တွန်းကြမလားဘဲ။
ဒါကို သတင်းကြားတဲ့ အနီးအနား ရွာတွေက လူတွေရော၊ လိုရာပန်းတိုင် ရောက် နေတဲ့ သူတွေပါ အပြေးလာပြီး တွန်းကြရင်ဖြင့် ပင်ပန်းကြရမှန်းတောင် သိမှာမဟုတ် ဘူးထင်ပါရဲ့။
သဘောက တော့ အများ ချစ်ခင်လေးစားတဲ့ လူထုရဲ့ Role Model တစ်ယောက် က စတွန်းပြလိုက် မှ အားလုံးလိုက်လာမှာ General သီအိုရီ ပါဘဲ။ ဒါကို ဘယ်သူငြင်းချင်ပါသလဲ။ 😉
စာကြွင်း – ကားရှုပ်ချိန် ရုံးချိန်၊ ကျောင်းချိန် လမ်းမကြီးပေါ်မှာ ပျက်ပြီး ရပ်သွား တဲ့ ကား တစ်စီး ၁ဝမိနစ် လောက် ကူသူ မရှိဖြစ်နေချိန် ကားတစ်စီးက ရပ်ပြီး ကူညီ ခဲ့ပါတယ်။
အဲဒီကားထဲ ကနေ ဆင်းလာပြီး ကူတွန်း သူဟာ ” ဒေးဗစ်ဘက်ခမ်း” ပါ။
အဲဒီ ကြားဘူးတဲ့ သတင်းလေး ကို သတိရမိလို့ ဝင်ပြီး ပုံဖော်ကြည့်မိတာပါ။ 🙂
မဆီမဆိုင် ရေးမိတာ ဆိုရင်တော့ ရွာသူ/သား များ ခွင့်လွှတ်ကြပါကုန်လော့။
http://www.bbc.co.uk/news/uk-england-beds-bucks-herts-12408687
small cat
December 31, 2011 at 6:06 am
ကိုပေနဲ့ရောင်ခြည်ခ ကစတွန်းဖိုး တိုင်မင်ခေါ်နေပြီ။
ကိုရင်စည်ကတော့ ဂျီးတွန်းပေးတာအကျင့်ပါနေတယ်ထင်တယ်။
ကိုပေါက်ဒင် ကတော့ သီချင်းလေးနဲ့တွန်းမယ်တဲ့။
အမတ်မင်းက ဖိနပ်ချွတ်တွန်းတော့ ပိုပြီး အားကျိုးမာန်တက်တွန်းနိုင်မှာပေါ့။
သဲနုအေးရေ တစ်ခါခံဖူးထားရင်ဒီတစ်ခါ နေရာရွေးပြီးတွန်းပေတော့။
ကိုပေါက်ကလည်းပြိုင်တူတွန်းဖို့ အချက်ပေးနေပြီ။
မခင်လတ်ရေ …………..
ကားကြီးကပျက်နေတာမဟုတ်ဘူး၊ ကောင်းနေရဲ့သားနဲ့ကို နွံနစ်နေတာ
၊နောင်တခြားကားတွေလည်း ရောက်လာရင်လည်းလမ်းပိတ်နေတဲ့အတွက်
ဟိုဘက်လည်းသွားလို့မရ ဒီဘက်လည်းသွားလို့မရဖြစ်နေဦးမှာ။ကားပျက်ကိုတွန်းရင်
မတွန်းနိုင်တဲ့အချိန်ပြန်ရပ်သွားမှာပါ၊ဒီကားကြီးကတော့ စက်ကောင်းနေတဲ့အတွက် နွံထဲက တက်အောင်တွန်းပေးလိုက်တယ်ဆိုရင်ပဲ ရှေ့ကို ကောင်းကောင်းကြီးမောင်းထွက်သွားနိုင်မှာပါ၊
အဲဒီအခါကျရင် ကားတွန်းကြသူတွေ၊ ကားကြီးပေါ်အေးအေးဆေးဆေးထိုင်လိုက်သွားနိုင်ပါပြီ၊
တကယ်ဆို ကားဆရာကြီးကလည်း စက်ကိုနှိုး၊ဂီယာကိုထိုး၊ ဂွေကိုကိုင်ပြီးလမ်းကြောင်းမှန်မှန်လေး
ဦးတည်ပေးလိုက်မယ်ဆို ကားကြီးကနွံထဲကနေ လွယ်လွယ်လေး တက်သွားသွားမှာပါ။
ကဲဒါကြောင့်မို့ တွန်းလိုက်ကြစို့ ရွာသားတို့ရေ………
ရန်နမာပူ …..ကပ်ကူရန်ခြောက်…..ဘေလေဆပ်……..ဘေလေဆပ်………
ရန်နမာပူ …..ကပ်ကူရန်ခြောက်…..ဘေလေဆပ်……..ဘေလေဆပ်………
ရန်နမာပူ …..ကပ်ကူရန်ခြောက်…..ဘေလေဆပ်……..ဘေလေဆပ်………
ရန်နမာပူ …..ကပ်ကူရန်ခြောက်…..ဘေလေဆပ်……..ဘေလေဆပ်………