လှောင်ချက်ကယ်…. နာ (သိမ်း)
ပွဲစားအိမ်..။ ပွဲစားအိမ်…။ ဘယ်မှာလဲ ပွဲစားအိမ်..။
ဒီမြို့လဲဟုတ်ပါသည်။ ဒီရပ်ကွက်လဲဟုတ်ပါသည်။ ဒီလမ်းလဲဟုတ်ပါသည်။
ဒါပေမယ့် တခြားမြို့တခုရောက်သွားသည့်အလား..။ ယခင်ကဆူညံလှုပ်ရှားနေသော မြို့စွန်ရပ်ကွက်ကလေး တိတ်ဆိတ်လို့နေသည်။ ယခင်က လမ်းဖြောင့်ဖြောင့်မှ လျှောက်မရအောင် ဆိုင်ကယ်တဝီဝီ ကားတဝီဝီဖြင့် ပျားပန်းခပ်မျှ ရှုပ်ထွေးနေသောမြို့ဆင်ခြေဖုံးကလေးသည် ကျီးနှင့်ဖုတ်ဖုတ်ပမာ..။ သွက်သွက်လည်သောအရူးမအား စိတ်ငြိမ်ဆေးတိုက်လိုက်သလို မမှတ်မိနိုင်လောက်အောင် ပကတိငြိမ်သက်သွားတော့သည်။ ဘယ့်နှယ်ဖြစ်တာပါလိမ့်..။
ရင်ထဲမှာထိတ်ကနဲဖြစ်၏။ လွန်ခဲ့သောဆယ့်သုံးနှစ်က ပဲခူးမြစ်ကမ်းပါးမှ ဒိုက်နံ့မှော်နံ့တွေ ပြန်ရလာသယောင်ယောင်။
သို့နှင့်ပင် ပွဲစားကြီးနှင့် မြေဝယ်ခဲ့သောအိမ်ကလေးကို မှန်းကာ ဆကာ ရှာရတော့သည်။
လမ်းတိုလေးကို ရှေ့ပြန်နောက်ပြန် သုံးလေးခေါက်လျှောက်ရှာလေမှ လုံးဝ မမှတ်မိနိုင်အောင် ပြောင်းလဲသွားသော ပွဲစားကြီးအိမ်ကို အပ်ချမတ်ချ လက်ညှိုးထိုးနိုင်လေတော့သည်။
ဘယ်လို မှတ်မိနိုင်မည်နည်း……။
အိမ်ရှေ့ ကလဖျင်းပမာ တဖက်ရပ်မိုးထားသော ပီနံစယာယီအမိုးလဲမရှိတော့။ အိမ်ရှေ့တွင်ကစဉ့်ကလျှားချထားသည့် ခုံတန်းလျှားကြီးနှင့် ပလပ်စတစ်ခုံတို့လဲ မရှိလေတော့။ လှေခါးရင်းမှာ ပလပ်စတစ်ခွက်ချိတ်ထားသည့် ဘုံဘိုင်ခေါင်းတပ်ရေသန့်ဗူးလဲ မရှိလေတော့။ အထူးအားဖြင့်ကား- အသုဘချကာနီးလူစုကဲ့သို့ တလှုပ်လှုပ်တရွရွဖြင့်ယောက်ယက်ခတ်နေသော ဝယ်လက်ရောင်းလက် ပွဲစား ပွဲမြှောင်တို့ တဦးမှ မရှိလေတော့ပြီ။
အိမ်ရှေ့မှ တော်တော်ခေါ်လေမှ အမျိုးသမီးကြီးတဦးထွက်လာလေသည်။ ပွဲစားကြီးကိုမေး၏..။ မရှိဘူးဟုဖြေ၏..။ ဘယ်သွားလဲဟုစူးစမ်း၏..။ မသိဘူးဟုအကြောင်းပြန်၏..။ မတွေ့ရလျှင် မပြန်တော့မည့်အလား အတန်တန်ဇွတ်ပြောလေမှ သူငယ်တယောက်ကို အခေါ်လွှတ်စေသဖြင့် ဦးပါလေရာတို့ လာရင်းကိစ္စပြီးမြောက်သတည်း။
ထိုနေ့ကို စာရင်းချုပ်လေသော် ဈေးတွေအေးသွားတဲ့အကြောင်း၊ စီမံကိန်းဆိုတာ မဟုတ်သေးတဲ့အကြောင်း၊ တံတားထိုးမှာမို့ ဈေးကွက်က ကျောက်တန်းသို့ ပြောင်းသွားတဲ့အကြောင်း၊ သံလျှင်မြို့သစ်မြေတွေ အဝယ်ရပ်သွားတဲ့အကြောင်း၊ တချို့ထိုးရောင်းသဖြင့် ကြိုက်ရောင်းကြိုက်ဝယ်ဈေးသာရှိတော့ကြောင်း….
ဆိုခဲ့သော အမင်္ဂလာသတင်းများကို ဦးပါလေရာနှင့် သေဖေါ်သေဘက် ပါတနာတို့ လဘက်ရည်ဆိုင်သုံးဆိုင် ကူးပြောင်းထိုင်ပြီးလျှင် တနေကုန်သုံးသပ်ရသည်ရှိသော် ထွက်လာသောအဖြေသည်ကား- “ဒို့လဲ အချိန်မီ ရောင်းထုတ်လိုက်ကြစို့…” ဟူသတတ်။
နောက်ပိုင်းဖြစ်ရပ်တို့ကား ပြန်အပ်ခါနီး ကိုရီးယားဇတ်ကားကို အမြန်ကျော်ကြည့်သည့်နှယ် စိတ်ထဲ တရိပ်ရိပ်သာကျန်၏။
ပွဲစားကြီးကို အကြိမ်ကြိမ်ဖမ်း….
ပြန်ရောင်းပေးဘို့ နားပူနားဆာတိုက်….
အတင်းလှော် အတင်းဆွဲ အတင်းစပ်လေသော်-
အရင်း၏သုံးပုံနှစ်ပုံလျော့လျော့ဈေးဖြင့် အရောင်းတည့်လျှက် စရံယူ၏။
စရံယူအပြီး မြေကိုလိုက်အပြ၌ သူများဝင်ခြံခတ်ထားသဖြင့် တရားတဘောင်ပြုရန်ကြံလေသော်
ထိုမြေကွက်၏ ပါမစ်ပါအမည်ရင်းပိုင်ရှင်အစစ်သည် မိုးပေါ်ကကျသလို ဘွားကနဲပေါ်လာလေသည်။
ခြေမကိုင်မိလက်မကိုင်မိဖြင့် မြေစာရင်းကိုပြန်အကြည့်တွင်
ထောက်ခံစာစုံစုံလင်လင်ဖြင့်
ပါမစ်ပျောက်လျှောက်ထားနှင့်သည်ကိုတွေ့ရလေသောအခါ………
ယူထားသောပူပူနွေးနွေးစရံလေးကို တောင်းတောင်းပန်ပန်ဖြင့် တဆခွဲလျော်အပြီး၌
မြေသူဌေးဟောင်းကြီးဦးပါလေရာ၏ ဆံပင်တခြမ်းသည် မာမီးကြာဆံကဲ့သို့ ဘော်ရောင်ငွေရောင် ပြောင်းလေသတည်း။
……………
“…တစ်ခါငိုရရင်…
တစ်ခါမက ပြုံးခဲ့ဘူးတာလည်း…
မမေ့လိုက်နဲ့ ဦး………”
အခုတော့ စိုင်းထီးဆိုင်ရဲ့သီချင်းဟောင်းလေးလို တရားနဲ့ဖြေပါသည်။
ခက်တာက သည်တရားက ကိုယ်နဲ့ကွက်တိမကျလှ..
ကိုယ်ဖြတ်သန်းခဲ့တဲ့သက်တမ်းတလျှောက် “တခါငိုရ..” တာမှဟုတ်ရဲ့လား ….
စိတ်ထဲမှာလက်ချိုးရေကြည့်တော့ တဖက်လက်ပွားတချောင်းစီပါရင်တောင် လောက်မည်မထင်….
ရှိပါစေတော့လေ…
ဦးပါလေရာ အတိတ်မှ ပြန်နိုးလာသည်။
ကော်ဖီမစ်ဘိုးရှင်းပြီး ဆုတ်ကန်ကန်ဖြင့် လဘက်ရည်ဆိုင်မှအထ
တိုက်နှစ်လုံးကြားမှ အဲယားကွန်းရေကျသံက အလိုက်ကမ်းဆိုးမသိ လှမ်း၍လှောင်လေသည်…..
“ ပလုံ .. ပလုံ .. ပလုံ ” ………တဲ့။
17 comments
small cat
January 11, 2012 at 8:30 am
ပလုံချက်ကယ်နာ လို့ သာပြောလိုက်ပါတော့ဗျာ။
MaMa
January 11, 2012 at 8:35 am
အဖွင့်ထဲက “ပလုံ” ဖို့ နေရာရွေးထားတာကိုးးးးးး 😆
စကားလုံးတိုင်း စကားလုံးတိုင်းက သူ့နေရာနဲ့သူ ကွက်တိ။
Bravo!
Thel Nu Aye
January 11, 2012 at 9:08 am
အင်းဦးဦးပါလေရာလဲ မြေမြိုတဲ့အထဲပါသွားသကိုး။ စိတ်မကောင်းပါဘူး။
weiwei
January 11, 2012 at 9:28 am
ပလုံ ဇာတ်လမ်းလေးက ဖတ်လို့ကောင်းတယ် …
ဦးပါလေရာရဲ့ တကယ့်အဖြစ်အပျက်လို့တော့ မထင်မိဘူး … ဖြစ်လေ့ဖြစ်ထရှိနေတဲ့အကြောင်းကို ဇာတ်လမ်းဆင်ထားတယ်လို့ပဲ ထင်ပါတယ် …
အရောင်းအဝယ်အေးသွားပေမယ့် အခုထိ ဈေးကတော့ တက်သွားသလောက် ပြန်မကျသေးပါဘူး … ဝယ်မဲ့သူမရှိတဲ့ အခြေအနေပဲရှိသေးတယ် …
ဦးဦးပါလေရာ
January 12, 2012 at 1:17 am
ဈေးက မတက်ခင်ကအနေအထားအထိတော့ ပြန်မကျနိုင်ပါဘူး မဝေဝေ။
ကိုယ့်ငွေအေးရင် (မီတာမပါရင်) ဆက်ကိုင်ထားသင့်တာပါ။
ခက်တာက ရင်းဘို့မဟုတ်ပဲ အမြန်ဝယ်ရောင်းလုပ်ဘို့ ဝင်လာတဲ့သူတွေကြောင့် သူတို့ အလွတ်ပြေးတဲ့အခါ ဈေးလျော့သွားတာပါ။ စီမံကိန်းတွေလဲ မပျက်ပါဘူး (အစကတည်းက ရှိမှမရှိတာ – ဆာဗေးတောင်မဆင်းရသေး- မြေပဲ အကြမ်းတိုင်းထားတာကို)
တခြားစီမံကိန်းမဖြစ်ရင်တောင် ရန်ကုန်မြို့တော်သစ်စီမံကိန်းကိုတော့ ရှောင်လို့မရပါဘူး..။
Novy
January 11, 2012 at 9:38 am
ဦးပါလေရာရဲ့ ဇာတ်က မနိုအသိတစ်ယောက်ရဲ့
အဖြစ်အပျက်နဲ့ တော်တော်လေးတူနေပါတယ်
မနိုလဲ သူငယ်ချင်း တစ်ယောက်ကို ငွေ10သိန်းချေးပေးလိုက်တာ
2သိန်းပဲပြန်ရတယ် အရမ်းခင်နေတော့ မိတ်ပျက်မှာစိုးလို့ စကားများတော့ပါဘူး
အခုတော့ ငွေမချေးတော့ဘူး ကိုယ်တက်နိုင်ရင် ကူညီလိုက်တယ်
တညင်သား
January 11, 2012 at 10:19 am
ပညာပေး ဇာတ်လမ်းလေးပေါ့ ..:)
တရားရုံး မှာ ခြံမြေအမှု့တွေ တော်တော်ရှင်းနေရတယ်ကြားတယ်…ကျွန်တော်က ဦးဦးပါလေယာကို ကျောက်တန်းလမ်းဘက်မှာ ဝယ်တယ်ထင်မိတာ .. တကယ်အမှန်အကန်နဲ့ အထောက်အထားခိုင်းခိုင်လုံလုံဆိုရင် အရှုံးခံ ပြန်မရောင်းသင့်ပါဘူး…. ခုဟာက လက်ညိုးထိုးရောင်းဝယ်နေကြတာ အရောင်းအဝယ်ဖြစ်ပြီး မှ ပိုင်ရှင်ပေါ်လာတဲ့ ပြဿနာက ပိုဆိုးတယ်…
ဦးပါလေယာ ကံကောင်းပါစေ……..
ငပေါက်ဖော်
January 11, 2012 at 12:00 pm
ဪ..
တရားသဘောနဲ ့ကြည့်ရင် လောဘကို အခြေခံနေတာကွဲ ့… 😆
သများတို ့အတွက် လက်စင် တစ်ခုရပါတယ်..
ဦးဦးပါ ပါသွားတာတော့ သများတို ့လဲ စိတ်မကောင်းလှပါ..
အဲဒီပွဲစားလန်ဘားကို တွေ ့ရာမာဆတ် အကုန်ဖြတ်ပြီး သတ်ပစ်ပါ့မယ်..ဦးဦးပါ..
ဒီလိုနည်းနဲ ့လက်စားချေပါရေစ..လက်စား.ချေဘရစေ
ညှင်း..ညှင်း..ညှင်း..
ဦးဦးပါလေရာ
January 12, 2012 at 12:45 am
ဒါမှ ဒို့ရဲဘော် ကွန်းမဒိတ်ဂျီး…ကွ…. 🙂
အားကိုးဒယ် .. အားကိုးဒယ်…
nozomi
January 11, 2012 at 1:56 pm
စကားလုံး အသုံးအနှုံး ၊ အရေးအသား ၊ အခန်းအကူးအပြောင်း လေးတွေ အားလုံးသဘောကျမိတယ်ဗျ
ဦးပါလေရာ ရဲ့ အဆင်မပြေတဲ့ခံစားချက်တွေကို အားနာမိပေမဲ့၊ အခုလို အတွေ့အကြုံလေးတွေ များများရေးပေးဘို့ တောင်းဆိုချင်ပါတယ် ခင်ဗျာ
htet way
January 11, 2012 at 2:53 pm
အချိန်ရှိသေးတယ်
နောက်ဆုံးလို့ မဆုံးဖြတ်ခင်မှာစဉ်းစားပါအုံး
nature
January 11, 2012 at 4:53 pm
ဦးဦးပါလေရာ ရေ ပညတ်သွားရာဓါက်သက်ပါတာနေလိမ့်မယ်။
ဦးဦး=ဦးဦးဖျားဖျား
ပါလေရာ=ပါလေသတည်း။
အလကားနောက်တာနော်။ 🙂
ကြက်ကန်းခွပ်လို့ ပွဲတိုင်းမအောင်ပဲ ကြက်ကန်းခွပ်ပြီး ဟင်းအိုးထဲရောက်သွားတာ စိတ်မကောင်းပါဘူး။ ဒန်တန်တန်….။ 🙂
ဦးဦးပါလေရာ
January 12, 2012 at 12:49 am
အေးဗျာ
ဒီနာမည်ကို အတိတ်ကောက် နိမိတ်ဖတ်ရတာ တော်တော်ဆိုးတာပဲ… 🙂
ဒီရွာထဲ မကြာလောက်ဘူးထင်ပြီး တွေ့ကရာပေးထားတဲ့နာမည်လေ..
အခုရွာထဲကလဲမထွက်နိုင် နာမည်ကလဲ ပြောင်းလို့မဖြစ် .. အခက်တွေ့နေတာ..
ဦးဦးပါလေရာ
January 12, 2012 at 1:09 am
@ small cat
@ MaMa
@ Thel Nu Aye
@ eweiwei
@ Novy
@ တညင်သား
@ ပေါက်ဖော်
@ nozomi
@ htet way
@ nature
ဒီဇတ်လမ်းလေးဟာ မကြာသေးခင်ကမှ ဖြစ်ပျက်ခဲ့တဲ့ တကယ့်ဖြစ်ရပ်ပါ။ အမည်လေးတချို့ နဲနဲပြောင်းထားတာပါ။ ခံလိုက်ရတာက ကျွန်တော်နဲ့ အလွန်ရင်းနှီးသူတဦးပါ။ ကျွန်တော်ကတော့ ကိုယ့်ငွေမပါပေမယ့် ပြန်ရောင်းဘို့ကြိုးစားတဲ့အချိန်ကစပြီး ဝင်ကူ ဝင်ပါခဲ့ရပါတယ်။
မြေရှင်ကပဲ သူ့တူဆိုသူကို တဖက်လှည့်နဲ့ရောင်းခိုင်းပြီးမှ အပျောက်လျှောက်တာလား..
သူ့တူကပဲ ပါမစ်ခိုးပြီး မှတ်ပုံတင်မိတ္တူအတုလုပ်ပြီး မြေရှင်ဟန်ဆောင်ရောင်းတာလား..
ပွဲစားကပဲ ဇတ်ညွှန်းရေးပြီး ဝိုင်းအင်ပြီး ခွဲစားကြတာလား.. ဆိုတာ
အခုထိ အဖြေမပေါ်သေးပါဘူး။
တကယ်က မြေက ဈေးမကုန်သေးပါဘူး။ ထပ်တက်နိုင်ပါသေးတယ်။ ခဏအေးသွားတာပါ၊ အဲသလိုအေးသွားလို့ အကွက်လဲကိုင်မလို့လုပ်ရာက ဒီကိစ္စပေါ်ပေါက်သွားတာပါ။ အရှိန်သာရနေရင် နောင်နှစ်နဲနဲကြာပြီးမှ ပြဿနာဖြစ်မှာပါ။
တကယ်က မြေမှာရင်းနှီးမြုတ်နှံတာ မှားတယ်လို့မဆိုနိုင်ပါဘူး။
ပြဿနာက ရောင်းတာဝယ်တာတွေမှာ ဘောင်မဝင်ပဲ ပြီးစလွယ်လုပ်ကြလို့ မသမာသူတွေ အကွက်ဆိုက်နေတာပါ။
ဘောင်ဝင်အောင်လုပ်ပြီးမှ မြေဝယ်ချင်ရင်လဲ လက်ငင်းဟော့နေတာတွေကို ဝယ်လို့မရနိုင်ပါဘူး။
ဒီဇတ်လမ်းမှာ အခုထိ ဆုံးရှုံးသွားတဲ့တန်ဘိုးက – မြေအရင်း ၉၂၀+ အရောင်းပွဲခ ၁၅+ စရံကို ပြန်လျော်ရလို့ စိုက်လိုက်ရတာ ၁၀၀+ အထွေထွေစားရိတ် ၁၅ ခန့် ဖြစ်ပါတယ်။ (ဒေါ်လာနဲ့ဆို တသိန်းသုံးသောင်းဘိုးလောက်နော် 🙁 )အခုထိ အမှု့မပြီးသေးပါကြောင်း….။
MaMa
January 12, 2012 at 9:21 am
ဦးပါလေရာ-
ကိန်းဂဏန်းနဲ့ အတိအကျ ပြောပေးတာကိုး။
သဂျီးှဆီပြောတဲ့ ယူအက်စက မြေတွေဆို ၁ပေပတ်လည်မှ ဒေါ်လှ တောင်ဂဏန်းပဲ ရှိတယ်။
အဲဒီမှာ ရင်းနှီးမြှုပ်နှံရင် မြေကို ဧက လိုက်ကိုရမှာ။
ဒါပေမယ့် ဒီမှာလောက်ကို ရင်းနှီးမြှုပ်နှံဖို့ စိတ်မဝင်စားကြတာ အံ့ဩစရာ မကောင်းဘူးလား။
ဦးဦးပါလေရာ
January 12, 2012 at 1:20 am
မှန်တာပြောရရင် ကျွန်တော်က စာချောအောင်သိပ်မရေးတတ်တာမို့ မမ တို့ ကိုနိုဇိုမီ တို့ အောင်မှတ်ပေးတာကို တကယ်ပဲ ဝမ်းမြောက်ဝမ်းသာ ခံယူပါတယ်ဗျာ..။ ကျေးဇူးတင်ပါတယ်။
padonmar
January 12, 2012 at 1:49 am
ဦးပါက စာချောအောင် မရေးတတ်ပေလို့ပဲ၊
ရေးတတ်ရင်တော့ ငြိမ်းကျော်တို့၊မောင်ဝဏ္ဏတို့ ၊သုမောင်တို့ အရှုံးပေးရမယ်။