အလတ်ကောင်
ကျွန်တော်သည် ကျွန်တော်တို့မိသားစုတွင် အလတ်ကောင်ဖြစ်ပါသည်။
အားလုံး၏ချစ်ခင်ဂရုစိုက်မှုတွေပိုရသည်ဟုဆိုကာ ညီလေးကို ကျွန်တော် မနာလို။ အားလုံး၏ကိုးစားမှုတွေရသည်ဆိုကာ အကိုကြီးကို မကျေနပ်။ ဤသို့ဤနှယ် ဖြင့် အလတ်ဘဝကို ကျွန်တော်ဖြတ်သန်းလာခဲ့သည်။ တခါတရံ မေမေ့ကို ရန်လုပ်တတ်သလို ပါပါ့ကိုလည်း နှုတ်လှန်ထိုးရဲသည်။ ကျောင်းစာမှာလဲ မတော်သဖြင့် ဆရာမများ၏ငြိုငြင်မှုကိုကလဲ ခံရပြန်ပါသေးသည်။ အသက်တောင်ပုံမှန်မရှူချင်လောက်အောင် ပျင်းသဖြင့်လည်း အမေ့အဆူအဆဲကို အမြဲခံယူရသည်။
ထုံထိုင်းညံ့ဖျင်းလွန်းသဖြင့် အဖေ့အရိုက်အမောင်းလည်း သေရာပါဒဏ်ရာရအောင် အရိုက်ခံရဖူးသည်။ အိမ်စာပေးလျှင် ဘယ်တော့မှလုပ်လေ့မရှိဘဲ နောက်နေ့ကျမှပဲ အရိုက်ခံလိုက်တော့မယ် ဟု ခပ်ပေါ့ပေါ့တွေးတတ်သော ကျောင်းသားပျင်းဖြစ်သည်။ မုန့်ဖိုးများအားမသုံးဘဲ ကျစ်ကျစ်ပါအောင် စုထားတတ်သဖြင့် ဒီကောင် ငကျစ် ဟု အကိုနှင့်ညီက စွပ်စွဲသည်။ စကားသယ်ယူပို့ဆောင်ရေးတွင် တစ်ဖက်ကမ်းခတ်သဖြင့် နှုတ်မလုံဟုဆိုကာ မည်သူမျှကျွန်တော့်အား မနှစ်သက်ကြ။အဖေနှင့်အမေသည် ဤကဲ့သို့သော ဥပုပ်သားမျိုးကို ဘယ်လိုထွန်းပေါက်ပြီးများ မွေးထားမိသလဲ မသိပါဘူး ဟု မကြာမကြာညည်းညူခဲ့ကြလေသည်။
မှတ်မိပါသေးသည်။ ၆တန်းကျောင်းသား (ဆယ်တန်းများအောင်ဖြစ်ခဲ့ပါက အီးမေဂျာ တက်မည်ဟု ကြေးကြော်ထားသော) ကျွန်တော့်အား ၄တန်းကျောင်းသား ကျွန်တော့်ညီလေးက handkerchief ဆိုသော ဝေါဟာရအား သိပါသလားဟု မိသားစုအားလုံးရှေ့တွင် မေးခြင်းအားဖြင့် ဂုဏ်ငယ်ခဲ့ရဖူးသည်။ ကျွန်တော် ထိုစာလုံးအရှည်ကြီး၏အဓိပ္ပယ်အား မသိခဲ့ပါ။ သူတို့ ခေတ် လေးတန်းစာသည် (လွန်ခဲ့သော၂နှစ် ကျွန်တော် လေးတန်း) ခေတ်တုန်းက စာတွေထက် ရုတ်တရက် အဆင့်မြင့်သွားခြင်းပင်ဖြစ်မည်ဟု လွယ်လွယ်လေးတွေးမှတ်ယူရင်း အပြုံးမပျက် အရှက်ကိုခံယူခဲ့ဖူးသည်။ ထိုနေ့ညက မိသားစုအားလုံး ကျယ်လောင်စွာ ရယ်မောခဲ့ကြသည်။ (အခုရေးရင်း ငိုချင်လာသည်)
ညီလေးက ကျောင်းတွင် ပထမဆုရသဖြင့် မိဘများက စက်ဘီးတစ်စီးဆုချပါသည်။ BMX အမည်းရောင်လေးဖြစ်ပါသည်။ (ကျွန်တော့်ညီလေးက ကျွန်တော့်အား ပေး စီး ခဲ့ပါသည်)။ ကျွန်တော်လဲ လိုချင်သဖြင့် မေမေ့ထံတောင်းဆိုခဲ့ပါသည်။ အကြိမ်အရေအတွက်များလာသောအခါ မေမေက ဒီကောင် တော်တော်ဂျီကျတယ်၊ အကြီးဖြစ်ပြီး မသိတတ်ဘူးဆိုကာ ကြက်မွှေးဖြင့်ရိုက်သည်မှာ နောက်၂ရက်လောက် ဘောင်းဘီတို မဝတ်ရဲခဲ့ပါ။ (အငယ်ဖြစ်ပြီး နေရာတကာပါချင်တယ်ဆိုသည့်မှတ်ချက်များလဲ ရခဲ့ဖူးသည်။ အသေးစိတ်မမှတ်မိတော့ပါ။)
ကျွန်တော် ရတန်းကျောင်းသားအရွယ်တွင် ရပ်ကွက်ထဲမှ သူငယ်ချင်းများနှင့် ရန်ဖြစ်ပါသည်။ ထုံထိုင်းညံ့ဖျင်းသုံးမရသည့်အပြင် မိသားစုအား ဒုက္ခပေးသည့်အကောင်ဟု အဖေက မှတ်ချက်ပြုခဲ့သည်။ ကျွန်တော့်အား အဖေပါးရိုက်သည်လား နရင်းအုပ်လိုက်သည်လား ကျွန်တော်မခွဲခြားတတ်။ အဖေ့လက်ဝါးသည် ကျွန်တော့်မျက်နှာနှင့်ခေါင်းအတွက် အတော်အတန်ကြီးမားပါသည်။ ကျွန်တော်၏စွမ်းစွမ်းတမံစွမ်းဆောင်ချက်များကြောင့် ဤရပ်ကွက်မှပြောင်းသင့်သည်ဟု ဦးလေးအငယ်က အဆိုပြုခဲ့သည်။ အဖေကတော့ ဒီကောင်ကို ကျောင်းပြောင်းပစ်ရမယ် ဟိုပြောကာ နောက်နှစ်မှစ၍ အထက်တန်းကျောင်း ကမာရွတ် သို့ ပြောင်းရွှေ့ပေးခဲ့သည်။
ကျွန်တော်သည် သုံးမရသော ခပ်ထုံထုံ အလတ်ကောင် ဖြစ်သည့်အပြင် လူတွေနှင့်လည်းမတည့်သည် လူ့ဂွစာဖြစ်သည်။ သို့သော် ကျွန်တော်သည် စာတော်သော လိမ္မာသော အားလုံး၏ချစ်ခင်မှုကိုခံယူရရှိသော ညီလေးအား မနာလိုရင်းပင် သူ့အကိုဖြစ်ရခြင်းအပေါ် ဂုဏ်ယူသည်။ အားကိုးရသော အရာရာဦးဆောင်နိုင်သော အရာအားလုံးတွင် တတ်သိကျွမ်းကျင်သော (ဤသို့တကယ်ပင် မှတ်ယူခဲ့သည်) အကိုကြီးအား မကျေနပ်ရင်းပင် သူ့ညီဖြစ်ရခြင်းအပေါ် ဂုဏ်ယူသည်။ အလတ်ဆိုတာ ဘယ်တော့မှမကောင်းဘူး… အလယ်မှာလပ်တာပဲ၊ အကြီးလဲမဟုတ်ဘူး အငယ်လဲမဟုတ်ဘူး ဟု ပြောနေရင်းဖြင့်ပင် တစ်ဘဝတည်းမှာ အကိုလဲဖြစ်ခွင့်ရ ညီလဲဖြစ်ခွင့်ရခြင်းအပေါ် ဂုဏ်ယူသည်။ ပြီးတော့ ကျွန်တော့်အဖေနှင့်အမေအား ခပ်စိမ်းစိမ်းနေသော်လည်း ကျွန်တော် ချစ်သည်။
ကျွန်တော်သည် ကျွန်တော်တို့မိသားစုတွင် အလတ်ကောင်ဖြစ်ပါသည်။
တီးကော့ခ်
9 comments
စိန်ပေါက်ပေါက်
January 16, 2012 at 12:14 pm
အလတ်ဖြစ်ရတာ…မေတ္တာတော့ အနည်းနဲ ့အများ ငတ်သဗျာ
ပြီးတော့..
အနဲနဲ ့အများလဲ ပိုလွတ်လပ်တယ် 😛
အားပေးတွားပါဒယ်.
စိန်လတ်လတ်ပေါက်
amatmin
January 16, 2012 at 12:28 pm
ဖတ်လို့ကောင်းတယ်ဗျ..
ကောင်းဆို ကျနော်ဆိုလည်းမောင်နှမ ၅ဦးမှာအလတ်လူဗျ..
အလတ်ဆိုတဲ့ အတိုင်းပလပ်ခံထားရတယ်လို့ခံစားရမိတာတွေလည်းရှိတာပေါ့ 🙁
ဒါပေမဲ့ နောက်ပိုင်းလူမှုဆက်ဆံရေးမှာ အိမ်မှာအလတ်ဖြစ်တဲ့သူတွေကပိုပြေပြစ်တယ်ထင်တယ်ဗျ.(အထင်)
သူတို့ကအငယ်အဖြစ်နဲ့လိုချင်တာမရဖြစ်ခဲ့ရတတ်သလို..အကြီးအနေနဲ့လည်းအောက်လူ
ကိုဦးစားပေးလိုက်ရတာလေးတွေရှိခဲ့တော့..မျှမျှတတ များပိုတွေးတတ်ကြသလားလို့ဗျာ..
ကျနော်ကိုယ်တိုင်ရော..အသိမိတ်ဆွေအလတ်အများစုအပေါ်အမြင်အရရောပေါ့.
ဒီတော့ပြောချင်တာက အလတ်ဖြစ်တာအတော်လေးကောင်းပါတယ်.. 🙂
bluerose
January 16, 2012 at 12:42 pm
အလတ်တော့မပြောတတ်ဘူးအကြီးဖြစ်ရတာတော့မကောင်းဘူး
အငယ်ဖြစ်ရတာတော့ကောင်းတယ်
ဆိုးလို့နွဲ့လို့ရတယ်ဂျီကျလို့ရတယ်
Green Rose
January 16, 2012 at 1:49 pm
I think your way of living and your way of thinking on your position is very nice.
Really simple writting, writting with the words come out from heart.
I will looking forward your upcoming posts.
teekock
January 16, 2012 at 9:55 pm
ကျေးဇူးတင်ပါတယ် ခင်ဗျာ။
MaMa
January 16, 2012 at 1:52 pm
အကြီင်္းပဲဖြစ်ဖြစ် အငယ်ပဲဖြစ်ဖြစ် မိသားစုမှာ တာဝန်သိသူ၊ မိသားစုကို တန်ဖိုးထားချစ်ခင်သူကို မိသားစုကလည်း တူညီတဲ့ တုန့်ပြန်မှုကို ပေးတယ် ထင်ပါတယ်။
တချို့ အကြီးဖြစ်ပြီး တကိုယ်ကောင်းဆန်တတ်သူ၊ မိသားစုအပေါ် မသိတတ်သူကို ဘယ်သူကမှလည်း လေးစားမှာ မဟုတ်ပါဘူး။
အငယ်ဖြစ်ပေမယ့်လည်း မိသားစုတာဝန်သိသူ၊ မိသားစုအပေါ်ပေးဆပ်သူဆိုရင် မိသားစုက အားထားမှာပါပဲ။
နောက်ဆုံးတော့ မိသားစုဆိုတာလည်း မိသားစုဝင်အားလုံး တက်ညီလက်ညီရှိကြမှသာလျှင် အေးချမ်းသာယာပျော်ရွှင်တဲ့ဘဝကို ရရှိခံစားကြရမှာပါ။
hmee
January 16, 2012 at 4:05 pm
ကျွန်မလည်း မောင်နှမတွေထဲမှာ အလတ်ပဲ။ တခါက အမေ့ကို ပြောဖူးတယ် အမေတို့က ကိုကြီးကို အကြီးမို့ အားကိုးပြီးချစ်တယ်။ အငယ်လေးကိုတော့ အငယ်ဆုံးမို့ ပိုချစ်တယ် သမီးကိုတော့ သူတို့လောက် မချစ်ဘူးမဟုတ်လားမေးတော့ အမေက အကုန်လုံး ငါမွေးထားတာ အတူတူချစ်တယ် နင်မိဘ ဖြစ်လာရင် သိလိမ့်မယ်တဲ့။ မေးမိတာတောင် အမေ့ကို သနားသွားတယ်။ သူတို့ ရင်က ဖြစ်တာမို့ အတူတူချစ်တာပါပဲ။ ကိုယ်ကသာ ကိုယ့်အထင်နဲ့ကို အားငယ်မိတာပါ။ ဆိုးတဲ့သားသမီးဆို ပိုတောင်ချစ်တယ်တဲ့ စိုးရိမ်လွန်း ပူပင်ရလွန်းလို့တဲ့။
အတိသဉ္ဇာ နာဂရ ချစ်သူ
January 16, 2012 at 11:33 pm
တော်တော်လေး ဖတ်ကောင်းပါတယ်ဗျာ။စာရေးသူရဲ ့ဒီစာလေးကိုရေးထားပုံ သဘောကျတယ်။
သူတို့ ခေတ် လေးတန်းစာသည် (လွန်ခဲ့သော၂နှစ် ကျွန်တော် လေးတန်း) ခေတ်တုန်းက စာတွေထက် ရုတ်တရက် အဆင့်မြင့်သွားခြင်းပင်ဖြစ်မည်ဟု လွယ်လွယ်လေးတွေးမှတ်ယူရင်း အပြုံးမပျက် အရှက်ကိုခံယူခဲ့ဖူးသည်။ ထိုနေ့ညက မိသားစုအားလုံး ကျယ်လောင်စွာ ရယ်မောခဲ့ကြသည်။ (အခုရေးရင်း ငိုချင်လာသည်)
ကြောင်ကြီး
January 17, 2012 at 12:50 pm
ဂုဏ်ယူပါတယ်ဗျာ…ခင်ဗျားရဲ့ အရည်အချင်းတွေ သိရလို့… 😮
အလတ်ကောင်
တီးကော့
အမြီးဆော့
ကြီးတော့
နီးပေါ့..။