သုညအတွက် , ခြေရာခံရင်း

thit minJanuary 17, 20121min40430

ကဗျာက ၂ ပုဒ်ပါ။ ပို့စ် ၂-ခုမတင်ချင်လို့ပေါင်းတင်လိုက်ပါတယ်။
အမှန်က သီးခြားစီ ပါ။ အကယ်၍ ဇွတ်-ရောထွေးခံစားကြည့်မယ်ဆိုလဲ မငြင်းပါ။

———–

သုညအတွက်

———–

ရေလောင်းမှ ရှင်တဲ့အပင်

ရေပြင်အောက်ငှုပ်

ရေမြုပ်ရင် သေသလို

နေရောင်နဲ့ ပွင့်တဲ့ပန်းမျိုး

နေထိုးလို့ငြိုးသလို

လိုတာထက်ပိုခဲ့ရင်

ဝင်လာတဲ့အကျိုးတရား

အဆိုးများနဲ့ဇာတ်သိမ်းတတ်မို့

အရှိန်ထိန်းတဲ့ မီးဝါကိုကြည့်

သတိ နီပြီဆိုရပ်

ဖြတ်ကနဲ စိမ်း မှဆက်

(ဒါဆို)အသက်ရှည်မယ်လား။

အမျက်ပြေဖို့ဆိုရင်တော့

အတ္တကိုကြိုးနဲ့တုပ်

မလှုပ်အောင်ထိန်းတဲ့ လေ့ကျင့်ခန်း

မမောတမ်းကျင့်ရမှာတဲ့

အသင့်ရတာလောက်နဲ့

ဘယ်သူကျေနပ်လို့လဲ

မနေတတ်တာက

မပြည့်သေးလို့ဆိုသူဆို

ပိုသူတွေမှာ လဲ အတောမသတ်

ဟင် …… အမောဇာတ်ကို “က”

လောကဓာတ်ကို ပြတာက

ပိုင်ဆိုင်မှု တခုခုတဲ့ လေ။

အတ္တကိုဖက်

အသက်တော့ ရှည်ပါရဲ့

အမျက်မပြေ လောဘ တွန်း

အခက်ပွေ မောရလွန်းပေမဲ့

အဝါလည်း မမြင်ပြီ

နီရင်လဲ မရပ်တော့

သော့သော့သာနှင်

အမြဲအစိမ်းမြင်သို့

သူငါတို့သည်

အမောဆို့လဲ

သေပွဲဝင်ချိန် ပြီးဆုံးချိန်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

 

 

————

ခြေရာခံရင်း

———–

အတိတ်ကို မြောက်လိုက်တဲ့ကိန်းဂဏန်းကို

အနာဂတ်လို့တွေး

အကြွေးပေးထားတဲ့ငွေရှင်လို

ဘဝကိုအပိုင်သိမ်းမယ်ဆိုတဲ့စိတ်ထား

ဟင်းစားမရရင်တော့

ရေချိုးပြန်ရမယ်ဆိုတဲ့ အနေအထားမျိုးကတော့

ချဉ်ပါတ်အိုးထဲပို့လိုက်တော့။

မိုးပေါ်ကိုတက်နေရင်း

မြေကြီးထဲ စိုက်ဆင်းနေတဲ့စိတ်ဓာတ်ရှိရင်

ဂရယ်ဗယ်တီမဲ့တဲ့လေဟာပြင်ထဲမှာ

နေရာတခုဝယ်ပေးရလိမ့်မယ်။

ရောက်ချင်လွန်းလို့

မြှားတစင်းကိုစီးပြီး

ခရီးထွက်တုန်းကတော့

ပစ်မှတ်ဆိုတာတကယ်ရှိတယ်လို့

မင်းကိုယ့်ကိုကိုယ်ဘဲ

လိမ်ခဲ့တာမဟုတ်လား။

မစားရဝခမန်းဆိုတဲ့

စကားကိုပြောတတ်တဲ့သူတွေ

အိပ်ပျော်နေတုန်း

တချို့က ချောတိုင်ပေါ်ကအောင်လံ

လက်ထဲရောက်နေပြီဆိုတာ

ပုံပြင်စာအုပ်ထဲက စာတပုဒ်လို့

မှတ်မိနေတဲ့ အကြောင်း ငြင်းချင်လိုက်တာ။

လူတိုင်းက သူတို့မျက်နှာတွေကို

လမင်းဆီပို့ထားတုန်းမှာ

နေသာတုန်းက ပြုံးတာတွေကို

မေ့တတ်တာဟာ

သေရာပါမဲ့ဝေဒနာတခုလား။

သစ်ပင်တပင်ရဲ့ ဖြစ်စဉ်ကို

လေ့လာဘို့မကြိုးစားမိပေမဲ့

အချိန်ကာလရဲ့မြေပေါ်ပေါက်ရတဲ့

ငါကိုယ်တိုင်သစ်ပင် ဆိုတာ

ဒီကနေ့တွေမှာသိရပြီ။

အဝေးကြီးက နေရာလေးတခုမှာ

ရွှေကြာတွေနဲ့ရေကန်ကြီးရှိနေတယ်လို့

ယုံကြည်နေသမျှကာလပါတ်လုံး

ငါသူများလို

လွယ်လွယ် မကျဆုံးဘူးဆိုတာ

မှတ်တမ်းရေးလိုက်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အားလုံးကိုလေးစားပါသည်

(^^)သစ်

30 comments

  • nozomi

    January 17, 2012 at 4:37 pm

    ဆရာသစ်လို့ ခေါ်ရင် အားမရလို့ ဆရာကြီးသစ်လို့ ခေါ်ရင် နောက်တယ်ဖြစ်ဦးမယ်
    ကဗျာဆိုတာတော့ ယူချင်သလိုရတာမို့ စဉ်းစားစရာတွေကတော့ အများကြီးပါ
    ဘယ်ဟာမှန် ဘယ်ဟာမှား ၊ ဘယ်ဟာနဲ ဘယ်ဟာပို ဆိုတာတော့
    တိုင်းတာမဲ့ပေတံပေါ်ပဲ မူတည်မယ်ထင်ရဲ့

  • စိန်ပေါက်ပေါက်

    January 17, 2012 at 4:57 pm

    အကိုသစ်ရေ.

    အဝေးကြီးက နေရာလေးတခုမှာ
    ရွှေကြာတွေနဲ့ရေကန်ကြီးရှိနေတယ်လို့
    ယုံကြည်နေသမျှကာလပါတ်လုံး
    ငါသူများလို
    လွယ်လွယ် မကျဆုံးဘူးဆိုတာ

    ဒီစာလုံးတွေက ကျနော့်အတွက် အားဆေးတွေဖြစ်ပါ၏
    ရင်ထဲ ထိချက်ပြင်းလွန်းပါတယ်

  • thit min

    January 17, 2012 at 5:13 pm

    ကိုနိုးဇိုးမိရေ

    ကိုနိုးဇိုးမိကလဲဗျာ ဆရာကြီးဆိုရင်တုန်တယ် လုပ်ပါနဲ့နော်။
    —–
    ညီလေးပေါက်ဖော်
    ကိုဂျက်ကြီး သီချင်းလေးသိလား?????????????
    လမ်းခရီး တလျှောက်မှာ မြေညီညီတွေ တောင်ဂမူတွေ နွေကနာ္တတွေကျော်ဖြတ်လိုက်
    မင်းနဲ့ ကိုယ် ရေအိုင်မြင်ရင် ပျော်ရွှင်ချင်တယ် ရွှေကြာတွေကို အတူခူးမယ်၊
    တောင်အဆင်း နဲ့ အတက်က တို့ရဲ့ဘဝ ဆောင်းနှင်းမိုးပုလဲ ကြားထဲက ဥဩငှက်ရဲ့
    နွေတေးလည်းဆီးကြိုမယ်
    ပြေးလို့မလွတ်တဲ့ အနိစ္စက တို့နှစ်ယောက် နောက်သို့ တကောက်ကောက်လိုက် လက်တွဲ
    ထားရင်းလည်း စိတ်မချနိုင်ဘူးကွယ်။

  • koyinmaung

    January 17, 2012 at 5:14 pm

    မပြည့်စုံသေးတဲ့ဘဝမို့လောဘနဲ့ကြိုးစားနေရသလို
    ပြည့်စုံပိုလျှံနေတဲ့သူတွေကလဲလောဘသတ်နိုင်တယ်ဆိုတာအရှားသားမို့လား
    တကယ်တော့ ကိုသစ်မင်းပြောသလိုအမောဆို့ကိန်းဆိုက်နိုင်ပါရဲ့….
    ခုလိုသတိပေးတဲ့ကဗျာလေးကတော့အင်မတန်မှာတန်ဘိုးကြီးပါပေတယ်…

  • amatmin

    January 17, 2012 at 5:47 pm

    ဆရာသစ်ရေ.
    အကို့မှတ်တမ်းကိုနားထောင်ရင်း..
    ကိုယ်တိုင်အတွက် အတွက်ရွှေကြာတွေနဲ့ရေကန်ကြီး က.တော့ဝေးသေးတယ်..ဒါပေမဲ့မရောက်ခင်လမ်းမှာ
    အေမောဆို့နိုင်တဲ့ အချက်တွေကိုသေသေချာချာ မှတ်သားသွားပါတယ်ဗျ…

  • blackchaw

    January 17, 2012 at 6:12 pm

    ကိုသစ်ရေ
    ကဗျာနဲ့ ပတ်သက်လို့
    ဖီလင်တွေဝင်နေတုန်း
    ကိုသစ်က
    ကဗျာ အမွှာပူး တစ်ပုဒ်ကို
    ရေးထုတ်ပစ်ထည့်လိုက်ပြန်ပြီဗျာ။
    အင်း…။
    ထုံးစံအတိုင်းပါပဲလို့ ပြောချင်ပါတယ်။
    ထုံးစံအတိုင်းပါပဲ
    ကျွန်တော် ….. ……
    ဆက်တွေးရင် ပြေးမလွတ်ပါဘူး ဗျာ။

  • alinsett

    January 17, 2012 at 6:40 pm

    ခြေရာခံရင်း ဆိုတဲ့ကဗျာလေးကို ပိုကြိုက်တယ် ။ အားတွေ မာန်တွေတောင် ရလာတယ် ။ ရသ…စာပေ..ဆိုတာ လူကို အဲဒီလို….ခေါ်သွားနိုင်တာပဲ..နော်။

    ကျွန်တော်…ဆရာ့ ကဗျာကို ဖတ်ပြိးမှ ဆရာတာရာမင်းဝေ ကိုလည်း လွမ်းတယ် ။ ဆရာ ဇော်ဂျီကိုလည်း လွမ်းတယ် ။ ဆရာဇော်ဂျီရဲ ့ ဗေဒါ..ကဗျာတွေကို လည်း အရမ်းလွမ်းပါတယ် ။

    ပြိးတော့ ကဗျာ..ဆိုတဲ့ အနာပညာကိုလည်း ပိုချစ်သွားပါတယ် ။

    ဆရာ..ရေ… ဆရာလည်း ကဗျာတွေ..ရေးပါဦး။ ကျွန်တော်လည်း ကဗျာတွေကို ဆက်..ချစ်နေဦးမယ်။

    လေးစားစွာ…..

    အလင်းဆက်

  • ရွှေဘိုသား

    January 17, 2012 at 6:41 pm

    ရေလောင်းမှ ရှင်တဲ့အပင်

    ရေပြင်အောက်ငှုပ်

    ရေမြုပ်ရင် သေသလို

    နေရောင်နဲ့ ပွင့်တဲ့ပန်းမျိုး

    နေထိုးလို့ငြိုးသလို

    လိုတာထက်ပိုခဲ့ရင်

    ဝင်လာတဲ့အကျိုးတရား

    အဆိုးများနဲ့ဇာတ်သိမ်းတတ်မို့

    အရှိန်ထိန်းတဲ့ မီးဝါကိုကြည့် ခိုက်သွားပီ ကိုသစ်မင်း စာသားကိုပြောတာနော်

  • windtalker

    January 17, 2012 at 7:52 pm

    ကိုသစ်ရဲ ့ခံစားချက် များကို
    ဖတ်ရှူ သွားပါသည် ။
    ကိုးဆယ့်ကိုးစား စွာဖြင့်
    ဘိုးဘိုးပေ

  • thit min

    January 17, 2012 at 8:27 pm

    ကိုရင်မောင်ရေ ကျေးဇူးပါဗျာ။
    ကျနော် အမှန်ပြောရရင် ကိုရင်မောင်ရဲ့ ကော်မန့်တွေလွမ်းနေတာဗျ။
    ကျနော်ရေးသမျှကော်မန့်ပေးတတ်သူများထဲက အကယ်ဒီမစ်တွေလဲရေးရောပျောက်သွား
    တာစိတ်တောင်မကောင်းပါဘူးဗျာ။ ကျနော် လဲတောင်လဲပလိုက်ချင်ပါရဲ့၊အဲဒီလောက်ကိုရင်မောင်
    ကော်မန့်ကိုလွမ်းသွားတယ်ဗျ။ခုလိုမြင်ရတော့တကယ် ဝမ်းသာပါတယ်ဗျာ။
    ဘဝအမောဆိုတာအချိန်တန်ရင်တော့လဲ အမောဖြေစရာနဲ့အမောပြေသွားမှာပါဗျာ။
    ကိုရင်မောင်ဘဝ အမောတွေပြေပါစေခင်ဗျာ။
    ————————–
    ညီလေးအမတ်မင်းရေ ကျေးဇူးဘဲဟေ့။
    အကိုရဲ့ညီလေးကတော့ အကိုဘယ်သွားသွားလိုက်လာတတ်လို့ ဝမ်းသာကြည်နူးမိတယ်ကွာ။
    ညီလေးရေ ရွှေကြာကန်ကြီးဟာ လူတိုင်းအတွက်ရှိပြီးသားပါ။အရောက်သွားဖို့တော့လိုတာပေါ့ကွာ။
    —————————-
    ကိုဘလက်ရေ ကျေးဇူးဘဲဗျို့။
    ခင်ဗျားကလဲဗျာ။ ဘာတွေများကြိုတွေးနေရတာလဲဗျာ။ မလွဲဘူးဆိုဘဲ။ ပစ်မလွဲဘလက်ချောပေါ့ဟုတ်လားဗျ။
    ဖြစ်နိုင်ရင်ရှင်းအုန်းဆရာရေ့။ ခိုးလို့ခုလုဖြစ်အောင်မလုပ်ကြေးဗျာ။
    —————————–
    ကိုအလင်းဆက်ရေ ကျေးဇူးပါနော်။
    နာမည်ကြီးဆရာကြီးများနဲ့ မနှိုင်းလိုက်ပါနဲ့တော့ ဆရာရယ်။ကျနော်ကရင်ထဲကထွက်ကျလာတာကို
    စာစီကုံးလိုက်မိတာပါ။ တကယ်ကဗျာကိုနားလည်တဲ့ ကိုအလင်းဆက်ထက်တောင် ကျနော်အဆင့်က
    နိမ့်လျှက်ပါ။ ခံစားချက်သက်သက်သာဖြစ်ကြောင်းရိုးရိုးသားသားဝန်ခံပါတယ်ဗျာ။
    ——————————–
    ညီလေးရွှေဘိုသားရေ ကျေးဇူးပါညီရယ်။
    ညီလေးရော စာမေးပွဲအောင်စာရင်းထွက်ပြီလား။ ပြောသံမကြားလို့။စာမေးပွဲဖြေတာတော့သိလိုက်တယ်။
    နေညိုရင် ရွှေဘိုက မေပျိုကိုလွမ်းပြီး ခေါင်းအုံးကြီးကိုနမ်း မိသေးလားညီရေ့။
    ———————————-
    ညီလေးဝင်းတော်လခါရေ ကျေးဇူးပါကွာ။
    အောင်စေ၊ ပိုင်စေ၊နိုင်စေပွဲပေါင်း ဥဒါန်းငယ်ဆောင် ၊ဥဒါန်းငယ်ဆောင်
    ပေါ့ကွာ။ ဆုတောင်းပေးလိုက်ပါရဲ့ညီ။

  • inz@ghi

    January 17, 2012 at 8:27 pm

    ကိုသစ်ရေ ….
    အားပေးသွားပါတယ်ဆိုတာကလွဲရင်

    ကဗျာမှာ ဉာဏ်နည်းတဲ့ ကျနော် …
    ကိုသစ် သီဖွဲ့တဲ့ စကားလုံးတွေအကြောင်း…
    ခံစားပေမိမယ့် …မဆွေးနွေးတတ်တာကိုတော့
    နားလည်ခွင့်လွှတ်စေချင့်….

    ခင်တဲ့
    ဂီ

  • htet way

    January 17, 2012 at 9:15 pm

    အမျက်မပြေ လောဘ တွန်း

    အခက်ပွေ မောရလွန်းပေမဲ့
    လောကနွံထဲတဝဲလည်လည်…..။
    လူဟာအတ္တနဲ့ သင့်မြတ်နေရင် ခဏတော့ သာယာလိမ့်မယ်လေ။
    အတ္တကြီးသူတွေကတော့ မမြင်မတွေ့နဲ့ အမှန်အမှားမခွဲခြားနိုင်တဲ့ မောဟလွှမ်းလို့
    နေချင်သလိုနေခဲ့ ပြီးသေချင်သလိုသေကြရပြီလေ။
    စိတ်ကို ကြံ့ခိုင်နိုင်သူသာအောင်မြင်ရာ၏လို့ ဆိုလိုချင်တာလားဆရာရယ်

  • weiwei

    January 17, 2012 at 9:26 pm

    လေးစားအားကျပါ၏ …
    အဲဒီလို ကဗျာလေးတွေ ရေးချင်လိုက်တာ ….
    ကဗျာပေမယ့် လှတယ်လို့ပဲ ခံစားမိပါတယ် ..

  • Khin Latt

    January 17, 2012 at 9:29 pm

    ဆြာသစ် ရေ – ဒီလို လဲ ဖြစ်တာဘဲလား။ ကဗျာရေးတယ် ဆိုတာ လွယ်တဲ့ အလုပ်မဟုတ်ဘူးနော်။

    သုညအတွက် – မှတ်ချက်
    အရင်ကတော့ မြန်မာပြည် က အမြဲ မီးပျက်လေ့ရှိတော့ မီးပွိုင့် ဆို “အမြဲစိမ်း” က Default ဘဲပေါ့။
    အခုတော့ မီးမှန်ပြီ လို့ ထင်ရတော့ အစိမ်းရောင် ဆိုတာလဲ အမြဲ မစိမ်း ရတော့ပါ။
    ရပ်သင့်ချိန် ရပ်ပြီး “အနီ” နဲ့ “အဝါ” ကို အလှည့်ပေး ကို ပေးရတော့မှာပါ။

    ခြေရာခံရင်း – မှတ်ချက်
    “ငါကိုယ်တိုင်သစ်ပင် ဆိုတာ ဒီကနေ့တွေမှာသိရပြီ။ ”
    ရွှေကြာတွေနဲ့ရေကန်ကြီးရှိနေတာ သေချာ နေသမို့ ကျွန်မ လဲ သူတို့ ဘေးက သစ်ပင်တစ်ပင် ဖြစ်ရမှာကို မကြောက်တော့ပါဘူး။
    အဲဒီ ရေကန်ကြီး ရဲ့ အားနဲ့ ကျွန်မတော့အားလုံး ကိုယ်တတ်နိုင် သလောက် စိမ်းနိုင်သမျှ စိမ်းပြီး အမြဲစိမ်းသစ်တောကြီး ဖြစ်သွားရင် ဒီအစိမ်းအစစ် က ပြည်သူတွေအတွက် အား ဆိုတာကို ပြချင်ပါရဲ့။

    ထင်ရာ ဇွတ်ခံစားတာပါ။ တစ်လွဲဆိုလဲ စောဒီးပါ။

    ကျွန်မမှာ ကဗျာ စပ်နိုင်တဲ့ အစွမ်း၊ ရသစာရေးနိုင်တဲ့ အစွမ်း လုံးဝကိုမရှိတာကြောင့် ရင်ဘတ် နဲ့ ကဗျာ တွေဖွဲ့၊ စာတွေ ရေး နိုင်သူများ အားလုံးကို ဦးညွှတ်ပါ၏။ 🙂

  • nature

    January 17, 2012 at 10:10 pm

    ကောင်းလိုက်တဲ့ကဗျာပဲဆရာသစ်ရေ။ ကာရန်လေးကလည်းမိ ။အဓိပါယ်လေးကလည်းရှိ။ ကျွန်တော်ကတော့ လိုက်၍မမှီပါ။

  • ကိုသစ်မင်းရဲ ့ကဗျာလေးဖတ်သွားပါတယ်။ကျနော်က ဒီအပိုင်းလေးကို ပိုကြိုက်ပါတယ်ဗျ။

    အတိတ်ကို မြောက်လိုက်တဲ့ကိန်းဂဏန်းကို
    အနာဂတ်လို့တွေး
    အကြွေးပေးထားတဲ့ငွေရှင်လို
    ဘဝကိုအပိုင်သိမ်းမယ်ဆိုတဲ့စိတ်ထား

  • comegyi

    January 17, 2012 at 11:51 pm

    ကိုသစ်ရေ့……..
    ကိုဘလက်ကြီးကလည်း ပြောပြောတတ်တယ်
    ကဗျာအမွှာတဲ့
    ဟုတ်ပါတယ်ဗျာ
    တကယ်လည်း ကိုသစ်ကဗျာနှစ်ပုဒ်မှာ
    စေတနာ လှုံ့ ဆော်တဲ့အားတွေကို
    တွေ့နေရတာမို့ ကဗျာကိုယ်နှိုက်က ဖတ်လို့ကောင်းတာတစ်ချက်
    ကဗျာရေးသူရဲ့ စေတနာအားကတစ်ချက်
    မို့…..အားရဝမ်းသာဖတ်မှတ်သွားပါတယ်ခင်ဗျား……

  • ဦးဦးပါလေရာ

    January 17, 2012 at 11:53 pm

    .“……မြှားတစင်းကိုစီးပြီး

    ခရီးထွက်တုန်းကတော့

    ပစ်မှတ်ဆိုတာတကယ်ရှိတယ်လို့

    မင်းကိုယ့်ကိုကိုယ်ဘဲ

    လိမ်ခဲ့တာမဟုတ်လား။…”

    ကိုသစ်ကဗျာလေးနဲ့ ကိုယ့်ကိုယ်ကို ခြေရာခံကြည့်မိတယ်…။

  • thit min

    January 18, 2012 at 9:37 am

    ညီလေးဂီရေ
    အိုကေပါတယ်ကွာ။
    ကိုယ်လဲဒီလိုဘဲ ရေးလိုက်မိသွားတာ။
    ကဗျာကတော့ထူးဆန်းတာကတော့ သူ့အလိုလိုထွက်ကျလာတတ်ကွ။
    တိုက်ဆိုင်သွားရင်၊ခံစားလို့ရရင် ပြောစရာတွေ ရ လာမှာပါနော်။ ကျေးဇူးဟေ့။
    ———————-
    ဆရာထက်ဝေးရေ ကျေးဇူးပါ။
    စိတ်ဓာတ်ကြံ့ခိုင်မှုအရေးကြီးတယ်ဆိုတာအမှန်ပါဘဲ။
    နောက်ထပ်အရေးကြီးတဲ့ပြောလိုချက်က အမှန်တရားကိုဝေဖန်သုံးသပ်
    အမှားသိအမှန်ပြင် အမြန်လုပ်မှ အဟုတ်ပြီးမြောက် ခရီးရောက်လို့ ရေဇလာမှာရွှေကြာ
    ခူးပြီး ဘဝကို မြူးနိုင်မှာပါ။ ကျနော်တို့လို နေတာတခုက မှားလဲ ဖက်တွယ်နေတတ်မှုပါဘဲ။
    ———————–
    မဝေဝေရေ ကျေးဇူးပါဗျာ။
    မဝေဝေလဲ ရေးနိုင်တဲ့ လက်မျိုးပါ။ ကာရန်မဲ့ကဗျာလဲရေးလို့ရတာဆိုတော့
    ကဗျာဆိုတာ
    ကာရန်ပါမှ
    ညီညာတင့်တယ်
    အလှချယ်ဟု
    စိတ်ဝယ်ထင်ဟပ်
    မမှတ်စေရာ။
    ကဗျာ့စကား
    ကာရန်သွားလွတ်
    ဘောင်ခြားစည်းပြင်
    အလှဆင်သော
    အသွင်တင့်ခဲ့
    ကာရန်မဲ့လည်း
    ရင်ထဲကထွက်
    ကဗျာ့သက်ဝင်
    အသက်ရှင်မို့
    ဖွဲ့လို့သာရေး
    ခုမနှေးပေါ့။
    ————————
    မခင်လတ်ရေ ကျေးဇူးတင်ပါတယ်။
    စာညွန့်ဆန်သောကဗျာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။သစ်ပင်ဆိုတာ သူကြီးပြင်းအောင်မြင်သီးပွင့်
    လာတာက ချက်ချင်းကြီးမဟုတ်ပါဘူး။ ဘယ်သူမှ သတိမထားမိတဲ့အချိန်တွေမှာသူအလုပ်လုပ်
    နေခဲ့တာပါ။ အမှတ်တမဲ့ကြည့်ရင်ငြိမ်နေတဲ့သစ်ပင်ရဲ့ အလုပ်လုပ်မှုကို ဘဝတိုးတက်လုပ်ဆောင်မှု
    နဲ့ ရူပက ထားတာပါ။ ပုံမှန်လုပ်သင့်တယ်လို့ အကြံပေးခြင်းပေါ့ခင်ဗျာ။
    ကျနော် စာစရေး တာ စာညွန့်အမျိုးအစားပါ။သူကလဲ(အနုစားဆိုတော့)ကဗျာသဘောပါတယ်ပေါ့ဗျာ။
    အဲဒီနောက်ပိုင်းကဗျာတွေရေးဖြစ်တယ်ဗျ။ ဒီဆိုဒ်ထဲမှာလဲတော်တော်ရေးဖြစ်ခဲ့ပါတယ်။ကော်မန့်မှာ
    ကဗျာ စရေးတာဗျ။နောက်ပိုင်းတော့ အစုံရေးပါတယ်။
    ကော်မန့်ကနေ ကျနော့ ချစ်သူကိုရည်စူးပြီးလက်ဆောင်ပေးတဲ့ကဗျာလေးတပုဒ်ဖတ်ကြည့်ပါ။
    (စိတ်ဝင်စားရင်ပေါ့)
    ကဗျာနာမည်က “မယ့်နားနေမယ်” တဲ့။

    နေ့နေ့ညတိုး
    ချစ်မြတ်နိုး လို့
    ချစ်မိုးဝေဖြာရွာစေမယ်၊

    မြောက်ပြန်လေအေး
    ဆောင်းလေသွေး တော့
    ချစ်မွှေးရ နံ့ပျံ့စေမယ်၊

    ချစ်သူအပူမျှဝေယူလို့
    မပူဂိမာန်
    ချိုးကူသံဆင့့်
    တင့်စေ မယ်၊

    ရှက်အားးပိုပိုု
    အသားညိုဝင်း
    မယ့် မျက်နှာလေးလင်းပါပေါ့၊

    မယ့်ရင်ခုန်သံ
    မောင့်နားလျှံ
    သစ်ဖန်အချစ်ဖြစ်ပြန်ပေါ့၊

    မောင့်ရင်အစုံနှလုံး ခုန် တော့
    ဖြော့ဖြော့ကလေးထွေးမှာပေါ့
    မယ့်ဆ ံ ယဉ်စ ပါးပြင်လှမှာ
    ရွရွနမ်းဖို့အားနာ ပေါ့၊

    မယ့်လက်ကိုဆွဲ
    မခွဲဘူးနော်
    ထာဝရရည်
    ကမ္ဘာတည်စေ
    မယ့်နားနေမယ်၊

    စို့စို့ချွေးလဲ
    မောင်သုတ်ပေးမယ်
    မို့မို့ပါးပြင်
    အလှဆင်မယ်၊

    မိုးရေတပေါက်
    နေတပြောက်မျှ
    မခ”ရဘူး
    အချစ်ရူး လို့
    ထင်ချင်ထင်။
    ——————————–၊
    ကိုနေးချားရေ ကျေးဇူးပါခင်ဗျ။
    ကဗျာဆိုတာ လူတိုင်းမှာရှိပါတယ်။ရင်ထဲမှာ ရှိပေမဲ့အချိန်မတန်သေးလို့ထွက်မလာတာမျိုးပါ။
    ကာရန်ညီညီ လှလှပပသီကုံးဖို့ကတော့အလေ့အကျင့်ထင်ပါရဲ့။ဆရာမောင်စိန်ဝင်းတို့လို လှလှ
    ပပ ကြွကြွရွရွကတော့ ပါရမီအဆင့်ခင်ဗျ။ ဒါပေမဲ့ ကာရန်ညီတာတွေ ကဗျာ့စည်းကမ်းတွေဖယ်လိုက်
    ရင် လူတိုင်းမှာ ကဗျာတွေ အများကြီးရှိတာပေါ့ခင်ဗျာ။
    ———————————
    အတိသဉ္ဇာ နာဂရ ချစ်သူ ရေ ကျေးဇူးပါနော်။
    လူတိုင်းဟာအနာဂတ်မှာ အတိတ်ထက် အဆပေါင်းများစွာ တိုးတက်အောင်မြင်မှ ဖြစ်မှာဆိုတော့
    အပေါင်းဆို နဲ တယ်မဟုတ်လား။ အမြှောက်လောက်ကိုလိုချင်ကြတာမဟုတ်လားဗျာ။
    အားလုံးရဲ့ စိတ်ပါဘဲနော်။
    ———————————-
    ကိုကမ်းကြီး ရေ ကျေးဇူးပါ။
    ဒီထက်ပိုလို့မရတော့ဘူးလား ကိုကိုကမ်းရယ်။ ဟားဟားဟား။
    ကျနော် ကိုကမ်းကြီးဆိုရင်အများကြီးပြောနိုင်မယ်လို့ယုံကြည်လို့ပါ။
    ဒီလိုလေးပြင်ရေးရင် ပိုကောင်းမယ်ဆိုတဲ့အကြံမျိုးဆို ပိုတောင်သဘောကျပါတယ်။
    ကဗျာမှာ ကိုကမ်းကြီး၊ကိုထက်ဝေး၊ကိုအလင်းဆက်တို့က ကျနော့ထက်ဆရာကျ
    ပါတယ်ဗျာ။လေးစားပါတယ်။
    ———————————–
    ဦးဦးပါလေရာ ကျေးဇူးပါ။
    ဟိုးအဝေးက ခေါ်သံ ခြေရာခံရင်း တွေ့တဲ့အထိ ရှာမယ်လားဗျာ။
    ဟုတ်ကဲ့ “မေရေ ကိုယ်ဟာမြှားတစင်းဆိုရင် ပစ်လွှတ်လိုက်တဲ့ လေးညှို့ရှင်ဟာ မင်းဘဲ”
    ပေါ့ဗျာ။ မြှားတစင်းနဲ့ ပစ်ခွင်း ချစ်ခြင်းကိုလည်း သိမ်းပိုက် ခက်မိုက်မိုက်ဘဝတခု ကဲ အခုဘဲ
    အစပြုလိုက်စမ်းပါဗျာ။ (အိမ်ကမိန်းမနဲ့ ရန်ဖြစ်ရင်ကျနော်မပါဘူးနော်)။

  • ကြောင်ကြီး

    January 18, 2012 at 10:12 am

    ကြုံရဆုံရ
    သုည၊
    ပုံချထုံအ
    နုံလှ၊
    ယုံပြကုန်မှ
    အုံကြွ
    ဗုံပြဂုဏ်အ
    သူပုန်ထ..။

    • thit min

      January 18, 2012 at 11:59 am

      ကိုကြောင်ရေ
      အချိုအချောင်တွေ
      မလိုပေါင်လေ
      ပျိုမောင်ဆွေ
      အိုတောင်မသေ
      ညိုမှောင်အခြေ
      ဟိုကောင်တွေ
      ပိုထောင်နေ
      ကိုမောင်ပေ
      ထိုနောင်အခြေ
      မငိုပေါင်မေ။

  • yaungchikha

    January 18, 2012 at 11:43 am

    ဆရာသစ်ရှင့်…….
    အတ္တဆိုတာ လူတိုင်းမှာရှိကြတာပေါ့နော်၊ များတာနဲ့ နဲတာပဲကွာမယ်ထင်တယ်နော်……… အတ္တများတဲ့လူတစ်ယောက်အတွက်တော့ ပူလောင်တာတွေများမယ် ထင်ပါတယ်၊ အတ္တကို ထိန်းချုပ်နိုင်ရင်အကောင်းဆုံးပေါ့နော်……. အဲ့ဒါကြောင့် ကျနော်ကတော့………
    အတ္တကိုကြိုးနဲ့တုပ်
    မလှုပ်အောင်ထိန်းတဲ့ လေ့ကျင့်ခန်း
    မမောတမ်းကျင့်ရမှာတဲ့
    ဆိုတဲ့စာပုဒ်အဖွဲ့လေးကို သဘောကျမိပါတယ်………

    • thit min

      January 18, 2012 at 12:06 pm

      ရောင်ချည်ခ ရေကျေးဇူးပါ။
      လက်ဆောင်ပေးမယ်နော်။
      ——————-
      ရောင်ချည်ခ လို့
      မှောင်ရီ ည လဲလင်း
      တောင်ဆီအလှများလဲဝင်းပါပြီ။
      သင်းကာကြည်တဲ့ပန်းကလေးများ
      စမ်းကလေးအသွားမှာ
      လမ်းဘေးနားရောက်
      ပေါက်စေသော သင့်ရောင်ချည်
      အဖိုးတန်လှပြီ။
      အလင်းနဲ့ ကြည်
      ပသာဒကို စီနိုင်ပေ့
      အဆွေ့ရောင်ချည် ဒီမှာခ
      လှလိုက်ပါပေ့။
      (^^) လက်တန်း လက်ဆောင်ကဗျာလေးပါ။
      မောင်သစ်မင်း

  • thit min

    January 18, 2012 at 11:44 am

    ဒီဆိုဒ်ထဲမှာ ဘယ်သူဘာဆိုတာ တဖြည်းဖြည်းသိသာလာကြပါပြီ။
    ကိုယ့်အဆင့်ကိုကိုယ်ချတာမျိုး မလုပ်မိဘို့လိုပါတယ်။
    ဘယ်သူမှ မသိဘူးလို့ထင်ပြီးလုပ်နေတာတွေ မှားနေပါပြီ။
    အရင်တုန်းကတော့ မသိသာဘူးပေါ့နော။
    အခုတော့ ပေါ်တင်ကြီးကို သိ နေတော့တာဘဲ။
    ဝင်လာတဲ့သူတွေကို တချိန်လုံး ချက်ခ်နေမိတော့ လက်မအောက်စိုက်သွားတာ
    ဘယ်သူဆိုတာသိတော့တာပေါ့။လုပ်လို့ရပါတယ်။ဒါပေမဲ့ပေါ့နော်
    လက်မကိုလဲ အောက်စိုက်သလို၊အနှုတ်ပေးသလို မကြိုက်တာကိုလဲဆွေးနွေးပါ။
    စိတ်ဓာတ်လေးတွေ ပြင်သင့်ပြီဆိုတာပါ။ ကြောက်စရာဘာရှိလို့လဲနော်။
    မရိုးသားဘူးဆိုရင်တော့လဲ ကြောက်နေရတာပေါ့နော်.။။။
    စိတ်ဆိုးလို့ စိတ်တိုလို့ ပြောဆိုခြင်းမဟုတ်ပါ။
    မတူတဲ့အမြင်၊ သဘောမကျရင်မကျသလိုဆွေးနွေးစေချင်တာမျိုးပါ။
    လေးစားပါတယ်
    ရိုးသားနိုင်ပါစေ။

  • kyeemite

    January 18, 2012 at 11:59 am

    ———–

    ရေလောင်းမှ ရှင်တဲ့အပင်

    ရေပြင်အောက်ငှုပ်

    ရေမြုပ်ရင် သေသလို

    နေရောင်နဲ့ ပွင့်တဲ့ပန်းမျိုး

    နေထိုးလို့ငြိုးသလို

    လိုတာထက်ပိုခဲ့ရင်

    ဝင်လာတဲ့အကျိုးတရား

    အဆိုးများနဲ့ဇာတ်သိမ်းတတ်မို့……..
    ဒီအပိုဒ်လေးသိပ်ကြိုက်တယ်ဗျာ..
    ကျုပ်တို့လဲ လိုတာထက်မပိုအောင် အတ္တနဲ့ လောဘကို ထိမ်းကြရ မယ်ဗျို့..
    သင့်ခရုပါ..အားပေးနေပါတယ် ဆြာသစ်ခင်ဗျာ..

    • thit min

      January 18, 2012 at 12:23 pm

      ကိုကျီးမိုက်ရေ ကျေးဇူးပါဗျာ။
      —————-
      ကျနော့ရဲ့ ညီးလိုက်တဲ့ စကား
      ကိုကျီးမိုက်ရဲ့ နားမှာ
      သတိတရားဖြစ်သတဲ့လားဗျာ။
      အရှိတရားအစစ်နဲ့သွားတာမို့
      အငြိစကားအပြစ်နဲ့မများအောင်လို့
      ကဝိစကားလှစ်ဖွဲ့ကြားတဲ့
      တကိုယ်တည်းအသိုက်က
      ကိုကျီးမိုက်ဆိုတာ
      အပျိုကြီးကြိုက် ရူပါနဲ့တဲ့လား။

  • လင်းဝေ

    January 18, 2012 at 12:42 pm

    ကိုသစ်က ကဗျာတွေလည်း ဖွဲ့သကိုး။

  • thit min

    January 18, 2012 at 9:56 pm

    ဟုတ်ပ ကိုလင်းဝေ။
    ဟိုစပ်စပ်၊ ဒီစပ်စပ် ဆိုတာ ကဗျာ စပ်တဲ့ ကျနော့ကိုုများညွှန်းလေသလားမှတ်ရတယ်ဗျာ။
    ————-။

  • MaMa

    January 18, 2012 at 10:16 pm

    ဆြာသစ်ရေ-
    ဒုတိယအကြိမ်မြောက် ဝင်ဖတ်ပြီးမှ ..
    အောက်ဆုံးမှာ..
    (ငါသူများလို
    လွယ်လွယ် မကျဆုံးဘူးဆိုတာ
    မှတ်တမ်းရေးလိုက်။)
    ကို တွေ့လိုက်ရတော့မှ …
    နိုးကြားလာပြီး….
    အပျင်းတွေများပြီး လျှော့ထားတာတွေကို …
    သံပတ်ပြန်တင်းဖို့ အားထုတ်မိတယ်။

    • thit min

      January 18, 2012 at 10:35 pm

      မမရေ ကျေးဇူးပါ။
      ဒီနေ့ကဗျာတွေရေးချင်နေတယ်ဆိုတော့——-

      အမှန်မြတ်ခြင်းအတွက်
      သံပါတ်တင်းကာသွား
      အားကုန်ရင်လဲထပ်ပါတ်
      မပြတ်စေဖို့သတိထား
      အသိတရားကလမ်းပြ
      မှန်းသမျှအမြဲ
      မလွဲရအောင်လုပ်နော်
      အဟုတ်ကျော်တဲ့လူတိုင်း
      ခုမဆိုင်းဘဲပြီးမြောက်
      ခရီးရောက်စေကြောင်း
      ကဲ အဲဒီ သံပါတ်နဲ့ မောင်း။

Leave a Reply