ရည်းဇားစာထဲထည့်ရေးခဲ့သော ကဗျာ အပိုင်းအစများ။
ကျွန်တော်တို့ ဆယ်ကျော်သက်အရွယ် 1987 လောက်က မောင်စိန်ဝင်း(ပုတီးကုန်း) ၏ သောကခြေရာ ရတနာ ကဗျာများ ဆိုသည့် ကဗျာစာအုပ်လေး အလွန်နာမည်ကြီးခဲ့ပါသည်။ ရည်းဇားစာပေးတာတောင် မှ မောင်စိန်ဝင်းကဗျာနဲ့ မှ ဆိုပြီး တစ်ခေတ် ဖြစ်ခဲ့ဘူးပါသည်။ ချစ်သူရည်းဇားကို မောင်စိန်ဝင်း ကဗျာစာအုပ် လက်ဆောင် ပေးတာလည်း ခေတ်စားခဲ့ဘူး ပါသည်။ ပြောရင် ယုံနိုင်ဖွယ်ပင် မရှိပါ။ အရောင်းရခက်ခဲသော ကဗျာစာအုပ်ဈေးကွက်တွင် မောင်စိန်ဝင်း ကဗျာစာအုပ်မှာ အကြိမ်ကြိမ် ရိုက်နှိတ်ခဲ့ရပြီး ယခု ကျွန်တော် အပိုင် ဝယ်ယူထားခဲ့သော မောင်စိန်ဝင်း ကဗျာစာအုပ်မှာ ပဉ္စမအကြိမ် ထုတ်ဝေသော စာအုပ်ဖြစ်ပါသည်။ ပထမအကြိမ် မှ စတုတ္ထအကြိမ် (၁၉၈၉ စက်တင်ဘာ) အထိ အုပ်ရေ ၁၄၀၀ဝ နှင့် ပဉ္စမအကြိမ်အဖြစ် (၁၉၉၁ ဇန်နဝါရီ ) အုပ်ရေ ၃၀၀၀၊ စုစုပေါင်း အုပ်ရေ ၁၇၀၀ဝ အထိ ထုတ်ဝေထားခဲ့သော စာအုပ်ဖြစ်ပါသည်။ ယခုအရေအတွက်မှာ ပဉ္စမ အကြိမ် အထိသာ ဖြစ်ပြီး နောက်ပိုင်း ဘယ်နှစ်ကြိမ်အထိ ထုတ်ဝေထားသလဲ ကျွန်တော်မသိတော့ပါ။ ထို့ကြောင့် ကဗျာစာအုပ်လောကတွင် မောင်စိန်ဝင်းလောက် ဈေးကွက်ဝင်သော ကဗျာဆရာ မတွေ့ဘူးခဲ့ပါ။ ဘက်ဆဲလားစာရေးဆရာတစ်ယောက်ပင် သူ့ကဗျာစာအုပ် အစွန်းထွက်ကို မမီဟုဆိုလျှင် မောင်စိန်ဝင်း ကဗျာစာအုပ်၏ အောင်မြင်မှုကို ခန့်မှန်း၍ ရနိုင်ပါသည်။
မောင်စိန်ဝင်း ၏ ကဗျာများအပေါ် ဆရာကြီးဦးအောင်သင်း၏ မှတ်ချက်လေး ကို ဖေါ်ပြပေးချင်ပါသည်။
မောင်စိန်ဝင်း၏ ထူးခြားချက်တစ်ခုမှာ အသံချိုပြေခြင်း ဖြစ်ပါသည်။ သူ၏ လေသံမှာ ချစ်သူကို တီးတိုးညင်သာ
စိတ်အားထက်သန်စွာ ပြောပြနေသည့် လေသံမျိုးဖြစ်သည်။
ဟုတ်ပါသည်။ မောင်စိန်ဝင်း ၏ ကဗျာများသည် အသံအလွန်ချိုကြပါသည်။ ရွတ်ဆို၍လည်း အင်မတန် ချိုမြိန်သော ကဗျာလေးများဖြစ်ပါသည်။
ကျွန်တော် အခုအထိ အလွတ်ရနေသော ကဗျာလေးများ ရှိနေဆဲဖြစ်ပါသည်။ ယခု ကျွန်တော် ရေးပြချင်သည်မှာ မောင်စိန်ဝင်း၏ အချစ်ကဗျာများထဲမှ တစ်ပုဒ်လုံးမဟုတ်ပဲ ငယ်ငယ်က ရည်းဇားတွေကို ရည်းဇားစာရေးတဲ့အခါ ထုတ်ယူသုံးစွဲခဲ့ဘူးတဲ့ အပိုဒ်လေးတွေကို အမှတ်တရ ပြန်ဖေါ်ပြပေးချင်တာပါ။ ရွာထဲက လူငယ်လူရွယ် အချစ်ရှိသူများ အတွက် နည်းပေးလမ်းပြပေါ့ခင်ဗျာ။ ကျွန်တော်တို့ နဲ့ ရွယ်တူတန်းတူတွေ ဖီလင်လေးတစ်ခုရစေချင်သည့် စိတ်ဖြင့် ဒီပို့စ်လေးကို တင်ပေးခြင်းဖြစ်ပါသည်။
ငယ်ငယ်တုန်းက ရည်းဇားစာတွေထဲ ထည့်ထည့်ရေးခဲ့ရတဲ့ သောကခြေရာ ၅ ထဲက အပိုဒ်လေးတစ်ပိုဒ်ကို ဖေါ်ပြချင်ပါတယ်ဗျာ။
ပါးစပ်ကပြောမှလား
နှုတ်ဖျားမှာ မေတ္တာမရှိပါဘူး
အကြည့်ဆုံ ဝေဒနာနွေးတွေက
အကြင်နာ ခြေရာလေးတွေပဲ
အတွေးမှာ ရစ်တဝဲနဲ့
ချစ်သည်းရယ် ဘာသာဖြေလို့
မာယာတွေ ဟန်ဆောင်ထိန်းကာ
တစိမ်းတွေပေါ့။
ဟုတ်တာ မဟုတ်တာ အပထား။ ငယ်ငယ်တုန်းကတော့ ဒီကဗျာရဲ့ ဒီနေရာလေးတွေကို
နှုတ်တိုက်ရွတ်လို့ရအောင် ကျက် မှတ်ထားခဲ့ဘူးပါတယ်။ အခုအရွယ်မှ စဖတ်မိသူဆိုရင်တော့ ခံစားရတာ နည်းနည်း ဝေးမလားမသိဘူးဗျ။
သောကခြေရာ ၁၃ ထဲက
အချစ်ရယ်
တွယ်တာတတ်လို့ အပြစ်ဖို့ရင်
ကိုယ့်အဆိုးပဲ ရှိစေတော့…။
ဆိုတာလေးကိုလည်း ကိုးကားခဲ့ မိပြန်တာပါပဲဗျာ။ နောက်ကဗျာလေးတွေထဲက စာသားလေးတွေ ရှိသေးတယ်ဗျ။
ရတနာ ၂ ကဗျာထဲက
အဖေါ်တစ်သက်
မခေါ်ရက်ပါ
ပျော်လျက် ပျော်ရာ နေပါစေ…။
ဆိုတာလေးရယ်
နားလည်မည့်သူ အတူတကွ
အပူမျှလျက်၊ ယုယရက်ရှည်
ချမ်းမြေ့ကြည်နူး နေဖူးလိုက်ချင်
စိတ်ကူးယဉ်သည်
ဆိုတာလေးရယ်ကလည်း ရွတ်လို့လည်းကောင်း ရည်းဇားစာထဲ ထည့်ရေးလို့ကောင်းခဲ့တာပါပဲဗျာ။
ရတနာ ၄ ထဲက သဝန်တိုတတ်တာလေးကိုလည်း ရည်းဇားကို သဝန်တိုမိတဲ့အခါ
ရည်းဇားစာထဲ ထည့်ရေးဖြစ်ခဲ့ပါတယ်ဗျာ။
ပန်းကလေးတောင်မှ
နမ်းလို့မမွှေးရဘူးကွယ်
ခေါင်းအုံးမှာ ပါးကိုအပ်
မအိပ်တတ်ပါနဲ့ အချစ်ရယ်…
နေထိုးတဲ့အခါ နေပျောက်ကလေးတွေ
ရေချိုးတဲ့အခါ ရေပေါက်ကလေးတွေ
အသားကိုထိနေတာတောင်မှ
စိတ်ထဲမှာ ဘဝင်မကျချင်ဘူး
လရောင်ကိုလည်း မနာလို
လေပြေကိုလည်း မကျေနပ်နဲ့
ချစ်တတ်လွန်းလို့ သဝန်တိုတာ
အချစ်ကိုယ့်ကို နားလည်ပါကွယ်…
ခုပြန်ဖတ်ပြီး ရေးရင်းနဲ့ တောင် ဆယ်ကျော်သက်ဖီလင်လေး နည်းနည်း ပြန်ရလာတယ်ဗျ။
ဪ ရည်စားဦး လေးငါးဆယ်ယောက် အခုအချိန်ဆို ပေါင် ၂၀ဝ ကျော် ဘော်ဒီကြီးတွေနဲ့ ကလေးဘယ်နှစ်ယောက်ရနေကြပြီလဲ။
လွမ်းတာတော့ မဟုတ်ပါဘူးဗျာ။ နည်းနည်း သတိရမိတာပါ။ ဟေးဟေး။
ရည်းဇားရဲ့ မိဘတွေက သိသွားပြီး အပြင်မထွက်ရ ဘာညာဖြစ်လာရင် ရတနာ ရ ထဲက
သူမေ့စေတော့ရယ်လို့
မတွေ့အောင် တမင်ထိန်း
ခပ်စိမ်းစိမ်း နေပါ့မယ်…
ဆိုတဲ့ စာသားလေးကိုလည်း ရည်းဇားစာထဲထည့်ရေးခဲ့ဘူးတယ် ခင်ဗျ။
အခြေအနေဆိုတဲ့ ကဗျာလေးထဲက ဒီတစ်ပိုဒ်ကိုလည်း ချစ်သူအထင်လွဲတဲ့အခါ ထည့်ရေးခဲ့ဘူးပါတယ်ဗျာ။
ဟုတ်နေရင်လည်း မဟုတ်ဘူးဆိုတဲ့ ပုံနဲ့ ရုပ်တည်ကြီးနဲ့ ပေါ့ဗျာ။
ကိုယ်ကကောင်းလျက်
ခေါင်းရွေ့သည့်အဖြစ်
သည်သနစ်ကို
အချစ်နားလည်စေချင်သည်။
မေ့နိုင်မလား ဆိုတဲ့ ကဗျာလေးထဲက
စောင့်ရင်းနဲ့ မလာမှန်းသိ
ကြည့်ရင်းနဲ့ မတွေ့တဲ့ အဆုံး
မမုန်းဘဲနဲ့ ဝေးတာမျိုးဖြစ်နေလျှင်
ဖူးတွေ့နေချင်မှုတစ်ခုခုအတွက်
ရင်ထဲမှာလည်း မရှက်တတ်တော့ပါ
ဆိုတာလေးကိုလည်း အကြိုက်တွေ့ကိုးကားခဲ့ဘူးပါတယ်ဗျာ။
လှေပျက်ပေါ်မှာ ကဗျာလေးထဲက စာသားတချို့ကလည်း ကိုးကားလို့ ကောင်းပြန်ပါတယ်ခင်ဗျာ။
ယုံကြည်နေမှ သွားလို့ရမယ်
နားလည်နေမှ ရှေ့ဆက်ကြမယ်
ဘဝလှေပျက် မထွက်ခင်လေ
မေ….ဘယ်လိုလဲ၊ လိုက်ရဲမှတက်
ကမ်းက ထွက်မယ်။
တစ်ခါတစ်ခါ ချစ်သူကို အဲဒီလို အကျပ်ကိုင်ရတာလည်း ရှိပါတယ်ဗျာ။
အဲဒါနဲ့ ဆင်ဆင်တူတဲ့ မြစ်အကူး ဆိုတဲ့ ကဗျာထဲက စာသားလေးလည်း ရှိသေးတယ်ဗျ။
ကိုယ့်ခရီးနှင့်
ကိုယ်စီးမည့်လှေ
မေ အမြင်ပဲ၊ လိုက်ရဲလျှင်တက်
ကမ်းကထွက်မည်။
နည်းနည်း အကျပ်ကိုင်သလို ဖြစ်တာမှန်ပေမယ့် တစ်ခါတစ်လေ ချစ်သူကို အကျပ်ကိုင်သင့်တဲ့ အချိန်လေးတွေ ရှိတတ်ပါတယ်။
တစ်လွဲတွေမတွေးပါနဲ့ဗျာ။ ဘဝတစ်ခုလုံးအတွက် လက်တွဲဖို့ ရွေးခြယ်တဲ့နေရာမှာ ချစ်သူက တွေဝေနေရင် သုံးရမယ့် နည်းလမ်းလေးတွေကို ပြောတာပါ။ တစ်ခါတစ်လေ ကျောင်းပိတ်လို့ အိမ်ပြန်ချိန်ရောက်ခဲ့ကြရင် ချစ်သူကို နှုတ်ဆက် မှာတမ်းတွေခြွေပြီး ပြောတတ်ကြတဲ့ စကားလေးတစ်ခွန်းကိုလည်း
မောင်စိန်ဝင်း ကဗျာထဲက ဆွဲထုတ်ခဲ့ဘူးပါတယ်။
ဘယ်မှာနေနေ တွယ်တာနေဖို့ပါပဲ
ဟုတ်တယ်ဗျ။ တစ်ကယ်တော့ အဲဒါက အရေးအကြီးဆုံးပါ။
ဘယ်မှာနေနေ တွယ်တာနေဖို့ ပါပဲ။
အသက် ၄င လောက်ကျမှ ပြန်တွေ့တဲ့ ရည်းဇားဟောင်းတွေဘာတွေကိုလည်း (ကိုယ်ကလည်းလူပျိုကြီးဆိုရင်) အချစ်ဦးကဗျာလေးနဲ့ သာ ကြွေပြလိုက်ပါဗျာ။
ဖွဖွလေးကောက်လို့ ပန်းခြောက်ကလေးပဲ မြတ်နိုးမယ် ဘာညာပေါ့။
အင်းအဲဒါက အပျိုကြီးစစ်စစ်ဆိုရင် အဆင်မပြေပြန်ဘူးဗျ။ ပါးရိုက်ခံရမယ့်အပေါက်။ သူ့ကိုပဲ ကိုယ်က အကြွေပန်း လို့ ပြောသလိုဖြစ်နေဦးမယ်ဗျ။
ဒီကဗျာလေးဆိုရင် အဆင်ပြေမယ်။
သံယောဇဉ်ဆိုတာရယ်
နွယ်ကလေးတစ်ပင်ပေါ့
ရာသီတွေ ဘယ်လိုပြောင်းပေမယ့်
ခေါင်းထောင်လို့ ကြော့။
မောင်စိန်ဝင်း နဲ့ ရည်းဇားစထားခဲ့ပြီး မောင်စိန်ဝင်းနဲ့ အိမ်ထောင်ကျခဲ့သူတွေ ကျွန်တော်တို့ အရွယ်တန်းမှာ အများကြီးရှိပါတယ်ခင်ဗျာ။
မောင်စိန်ဝင်းက ချစ်ဖို့ကြီးပဲ သင်ပေးတာမဟုတ်ပါဘူး။ ချစ်သူဘဝနဲ့ အိမ်ထောင်သည်ဘဝ ကွာခြားပုံလေးကိုလည်း သင်ခန်းစာပေး ရေးတတ်ပါသေးတယ်။
ခရီး ဆိုတဲ့ကဗျာလေးထဲက စာပိုဒ်တချို့ကို ဖတ်ကြည့်ပါ။
သမုဒယ အနွယ်ကလေးတွေနဲ့
လူ့ဘဝကို အလွယ်တွေးပြီး
ဝေးရမှာကြောက်
ဆွေးရမှာကြောက်တာနဲ့
နှစ်ယောက်အတူနီးကြပါစို့အချစ်ရယ်
ဖြစ်လွယ်ပျက်လွယ်လောကထဲ…။
အထင်အရှား
လင်မယားရယ် အိမ်ထောင်ပြုကာမှ
လူ့ဘဝရေဆန်လမ်းမှာ
ပန်းများလည်း မဝေပါလား
အနမ်းများလည်း မခြွေသာအား…။
ဒီပို့စ်လေးကို မောင်စိန်ဝင်းရဲ့ အချစ်ကဗျာ မဟျုတ်တဲ့ စိတ်ခွန်အားကို ပေးတဲ့ ကဗျာလေး တစ်ပိုဒ်နဲ့
အဆုံးသတ်ချင်ပါတယ်။ ဒီကဗျာလေးကို ကျွန်တော် ကိုရှုံး ရဲ့ ပို့စ်တစ်ခုမှာ ကွန်းမန့်ရေးပေးခဲ့ဘူးပါတယ်။
တွေဝေမှု သို့မဟုတ် အားငယ်ခြင်း ဆိုတဲ့ ကဗျာလေးထဲကပါ။
ကိုယ့်ဘဝကိုယ်မပျော်
ကျွန်တော်ဟာ တွေဝေတတ်။
အားငယ်စိတ်ကိုဖျောက်
ဒူးမထောက်အညံ့မခံ
ကိုယ့်အားနဲ့ ကိုယ့်မာန်နဲ့
လောကဓံဘဝဆိုးမှာ
ကြိုးစားကာ အံကိုခဲပါလို့
ရောင့်ရဲလျှင် အနေမြတ်ပေလိမ့်
စိတ်ဓါတ်ကို တစ်မျိုးပြောင်းကာ
ခေါင်းမော့လို့မတ်။
မောင်စိန်ဝင်း(ပုတီးကုန်း) ကဗျာတွေကို ချစ်တဲ့
ဘလက်
မှတ်ချက်။ ။ မောင်စိန်ဝင်း (ပုတီးကုန်း) ကဗျာတွေထဲက ဖတ်ချင်တဲ့ကဗျာ ရှိရင် ကျွန်တော့် ကို ပီအမ် ကနေ ဆက်သွယ်ပါ။
ပို့ပေးပါ့မယ်။ မည်သူ့ကိုမဆိုပါ။
32 comments
blackchaw
January 19, 2012 at 9:31 am
ကိုသစ်ရေ
ဒီပို့စ်နဲ့ ပတ်သက်လို့
ပြောထားဖြစ်ခဲ့တာတောင်
တော်တော်ကြီးကြာသွားပြီထင်တယ်နော်။
အခု ပို့စ်တင်ဖြစ်ပါပြီဗျာ။
လင်းဝေ
January 19, 2012 at 9:35 am
နုနေပါလား ဆရာချောရယ်။
ဆရာချော ဆိုတော့ မောင်ချောနွယ် ပေါ့ဗျာ။
blackchaw
January 19, 2012 at 9:37 am
ဟေ့လူကြီး
ကိုကြွက်နီ ဆောင်းပါးတွေလာပို့မလို့
အချိန်တော့မရဘူး
ကော်ဖီလေးတော့တိုက်ခွင့်ပြုမှ လာမယ်။
ဒါဗျဲ။
htet way
January 19, 2012 at 9:38 am
ကဗျာ ဆောင်းပါးကောင်းတစ်ခုပါ ကိုဘလက်။
ကျွန်တော် လည်းမောင်စိန်ဝင်းကို အရမ်းကြိုက်ခဲ့ပါတယ်။အခုလို ထပ်ဖေါ်ပြလိုက်တော့ တကယ်ကို ကျေးဇူးတင်မိပါတယ် ဆရာခင်ဗျား။
ခံစားမူ ကောင်းတဲ့ ကဗျာလေးကို ထပ်ဆင့်ပြီး ကျိုးကြောင်းဆက်စပ် ရည်ရွယ်ချက်ကို
ပေါ်လွင်အောင်ရေးပြတာ လေးစားပါတယ်။တကယ် မအားလပ်တဲ့ ကြားက ဂေဇက်ပေါ်မှာ ထားတဲ့ စေတနာကို ပိုလေးစားပါတယ်။
ရည်းဇားရဲ့ မိဘတွေက သိသွားပြီး အပြင်မထွက်ရ ဘာညာဖြစ်လာရင် ရတနာ ရ ထဲက
သူမေ့စေတော့ရယ်လို့
မတွေ့အောင် တမင်ထိန်း
ခပ်စိမ်းစိမ်း နေပါ့မယ်…
ဆရာဘလက်ချော ကျန်းမာပါစေ
blackchaw
January 19, 2012 at 9:44 am
ကျေးဇူးတင်တယ် ကိုထက်ဝေးရေ။
ဒီပို့စ်လေးက
မောင်စိန်ဝင်းချစ်သူတွေအားလုံးအတွက် ရည်ရွယ်ပါတယ်ဗျာ။
ဆရာဘလက်ချောတော့ လုပ်နဲ့ဗျာ။
ကိုဘလက်လောက်
ကိုချောလောက် ဆို အိုကေနေပါပြီဗျ။
တွေ့ ကြမယ် နော။
ပြီးမှ ဆိုကြမယ် ပျော်ကြမယ် ဗျာ။
ဖားသက်ပြင်း
January 19, 2012 at 10:00 am
အားပေးသွားပါသည်ခညား …။
သူမေ့စေတော့ရယ်လို့
မတွေ့အောင် တမင်ထိန်း
ခပ်စိမ်းစိမ်း နေပါ့မယ်…
က ရည်းစား ကိုတင်မဟုတ်ဘူး ..ကြွေးရှင်အပေါ်မှာလည်း သုံးလို့ရတဲ့ မဟာဗျူဟာခည… ဟီး…
😀
ခင်တဲ့….
အုံးအွမ်…
thit min
January 19, 2012 at 10:02 am
ဘလက်အတွေး၊
ဘလက်အရေး
တချက်လေး ကြည့် မိ
အချစ်ရှိသည့် ငယ်ဘဝ
လှပစွာစာစီထား
ဆရာ့ကဗျာများနဲ့ချစ်
ဪ (ဟေ့လူ) ရင်ခုန်သံတွေ ပြန် “သစ်”နေပြီလား။
ရန်ဖြစ် ကာ ပြန်ချစ်ရတဲ့ ၊
ဒီအချိန်မှာ
ဟိုတခါက ကဗျာ
“သူ” နားဝင်ချိုအုန်းမလား
အပြုံးများဝင့်လွင်
နားဆင်နိုင်အုန်းမလား
ကလေးကလားအတွေးပွါးလို့
အပြစ်ဖို့အုန်းမလား
လားပေါင်းများစွာ
ရင်မှာဖြစ်လဲ
ချစ်ဆဲ ခင်ဆဲ ကြင်နာဆဲကို
အပိုမပြော
ကဗျာတော မှာ
အသာယာဖွင့်ပြော
ချစ်သော ဘလက် လို့ နားလည်စေ။
အတိသဉ္ဇာ နာဂရ ချစ်သူ
January 19, 2012 at 7:31 pm
ကိုသစ်မင်း ကသူ ့လက်ရာလေးချပြသွားပီဗျ။ကိုဘလက်ရေ ဒီကဗျာပိုဒ်လေးကြိုက်လို ့ပါ
သမုဒယ အနွယ်ကလေးတွေနဲ့
လူ့ဘဝကို အလွယ်တွေးပြီး
ဝေးရမှာကြောက်
ဆွေးရမှာကြောက်တာနဲ့
နှစ်ယောက်အတူနီးကြပါစို့အချစ်ရယ်
ဖြစ်လွယ်ပျက်လွယ်လောကထဲ…။
အထင်အရှား
လင်မယားရယ် အိမ်ထောင်ပြုကာမှ
လူ့ဘဝရေဆန်လမ်းမှာ
ပန်းများလည်း မဝေပါလား
အနမ်းများလည်း မခြွေသာအား…။
စိန်ပေါက်ပေါက်
January 19, 2012 at 10:09 am
အန်တီရေ
ဒီမှာ ဦးဘလက်
ရည်းစားထပ်ထားမို ့ကဗျာတွေ စာတွေစုနေတယ်ဗျို ့
😀
blackchaw
January 19, 2012 at 10:12 am
ဂီဂီရေ
အဲဒါလည်းဟုတ်တယ်ဟ။
ကြွေးရှင်တွေက ကိုယ်က ခပ်စိမ်းစိမ်းနေတာတောင်
ကိုယ့်ကို ကြင်နာချင်လို့ လိုက်ရှာနေကြတာလည်း
ကဗျာတစ်ပုဒ်လို ခံစားလို့ရတယ်နော်။
ကိုသစ်ရေ။
ရင်ခုန်သံတွေ ပြန်သစ်နေပြီလား
မေးထားတဲ့ အမေး
စေ့စေ့တွေးကြည့်တော့
အင်း …..
ရေးရေးပေါ်လာမှာပါဗျာ။
ကဗျာလေးကိုကြိုက်တယ်ဗျာ။
အော် ဒီပေါက်ဖေါ်လုပ်မှ
နောက်မိန်းမရတော့မှာပဲ…..။
eainsoemay
January 19, 2012 at 10:41 am
အင်း
သေချာတော့နေပြီထင်တယ်
ကြောင်ကြီး
January 19, 2012 at 10:56 am
တပင်ထဲ
ရင်ထဲကနွယ်
ဆင်ဆွဲရတယ်
မြင်သရဲတဒယ်
ကြင်ဆဲဘဝမယ်
နင်ချွဲအလှကြွယ်
ဘင်ကဲအဝတွယ်..။
(ဘဲကင်)
FattyCat
January 19, 2012 at 11:26 am
ဦးဘလက်….
ငယ်ငယ်က ရီးစား နွယ်ကိုတောင် သတိရလာပြီ….အဟင့်
blackchaw
January 19, 2012 at 11:29 am
ဖက်တီးကက်ရေ။
အခုရော မိန်းမရနေပြီလား။
နွယ်ရော ကလေးဘယ်နှစ်ယောက် ရှိနေပြီလဲ။
ပန်းခြောက်လေးလည်း
အိတ်ထဲကောက်ထည့်ပြီး
….ဆက်တွေးတော့ဗျာ။
ကြောင်ကြီးရေ။
ရွှေဘဲကိုကြွပါ။
ဘဲကင်အဝစားပြီး
….ဆက်တွေးတော့ဗျာ။
nozomi
January 19, 2012 at 12:02 pm
ကျွန်တော်မှာလဲ တစ်အုပ်ရှိတယ် ၊ ဆရာချောနဲ့ ရိုက်နှိပ်အမှတ်စဉ်များ တူနေမလားမသိ
ငယ်ငယ်တုန်းကတော့ အလွတ်ကျက်တာ မဟုတ်ပဲ သဘောကျလို့ ထပ်ကာထပ်ကာ ဖတ်ရင်းကနေ အလွတ်ရနေတာပေါ့ ၊ အခု ပြန်စဉ်းစားကြည့်တော့ အားလုံးကရေးတေးတေးမို့ ဆရာချောကိုတောင် ပြန်ရေး မပြနိုင်တော့ဘူး သဝန်တိုတဲ့ ကဗျာလေးကတော့ အကြိုက်ဆုံးပဲ ၊ နောက် မင်းလူ ကဗျားစာအုပ် ပါးပါးလေး တစ်အုပ်လဲ ရှိသေးတယ်
ဥက္ကဌကြီး မမ အစား လက်တို့ရရင် တခြားရည်ရွယ်ချက်ကြောင့် ရေးတာဆိုရင်တော့ မသိ ၊ အမှန်ဆိုရင်တော့ ရည်းစားလို့ ရေးရမယ် ထင်ပါတယ် ဆရာချော ရေ
blackchaw
January 19, 2012 at 12:28 pm
ကိုနိုဇိုမိ ရေ ကျေးဇူးပါဗျာ။
ဒီအရွယ်ကြီး
ဒီကဗျာတွေနဲ့
ဒီအကြောင်းတွေပြန်ပြောနေကတည်းက
သတ်ပုံက မှားနေပြီးသားပါ။
သတ်ပုံမှားတဲ့ ပို့စ်လို့သာ မှတ်ပါဗျာ။
nozomi
January 19, 2012 at 12:51 pm
အချစ် တို့ ကဗျာ(အနုပညာ) တို့ ကို နားလည် ခံစားဘို့ အသက်အရွယ်က အရေးမကြီးဘူးထင်ပါတယ်
ဆရာချော အခု အရွယ် ဝတ်မှုန်လေး အတွက် အချစ်ဆိုတာ ပေါ်လာနိုင်တာပဲ
နောက် ၁ဝ နှစ်မှလည်း မိုးယုစံလေး အတွက် ပေါ်နိုင်တာပဲ
သဘောပြောတာနော် ၊ တကယ်အတည်မလုပ်နဲ့ဦး
မမြင်ဘူးပေမဲ့ မဒမ်ချောဘက်ကတော့ မားမားမတ်မတ် ရပ်ပေးရမယ်
ကိုပေါက်(မန္တလေး)
January 19, 2012 at 12:38 pm
ငယ်ငယ်က ချစ်
ကြီးတော့ ပြန်သစ်
ကော်ပီသစ်ဆွဲမယ်။
windtalker
January 19, 2012 at 12:56 pm
ငယ်ချစ်
တစ်ကယ်ရစ်
ငါးဖယ်ခြစ်
ဝယ်နှစ်
Anzartone
January 19, 2012 at 1:35 pm
ကျွန်တော် ငယ်ငယ်တုန်းက ကျွန်တော့် အစ်ကိုကြီးတွေ မောင်စိန်ဝင်း (ပုတီးကုန်း) ရဲ့ စာအုပ်တွေကို တော်တော်လေး ဖတ်တာ တွေ့ဖူးတယ်။ ပြီးတော့ စာအုပ်ထဲမှာပါတဲ့ ကဗျာတွေကိုလည်း ကူးရေးတာတွေလည်း တွေ့ဖူးတယ်။ အောင်မာ … တစ်ခါတစ်လေ ကျွန်တော်ကိုတောင် ကဗျာတွေ ရွတ်ပြတတ်သေးတယ်။ အဲဒီ အချိန်တုန်းက ကျွန်တော်က ကလေးဆိုတော့ ဘာနားလည်မှာလဲ။ နားထောင်လို့ ကောင်းတာပဲ သိတယ်။ အခု ကိုဘလက် ရဲ့ ပို့စ်ကို ဖတ်လိုက်ရတော့မှပဲ .. အော် .. သူတို့လည်း မောင်စိန်ဝင်း အားကိုးနဲ့ ချဲခဲ့ကြတာပဲဆိုတာ သိတော့တယ်ဗျို့ …….. 😀
comegyi
January 19, 2012 at 2:12 pm
ဆရာမောင်စိန်ဝင်း ကဗျာတွေကို
ကျွန်တော်တို့လည်း ကြိုက်ခဲ့ကြိုက်နေဆဲပါ
ကိုဘလက်ရေ့……..
ကျောင်းတုန်းကတော့ ကဗျာတွေကို
ရည်းစားစာထဲ ထည့်ရေးတာထက်
မုန့်ဖိုးလေးနဲ့ ကဗျာစာအုပ်ထုတ်
ကျောင်းထဲပတ်ရောင်း ခဲ့ကြတဲ့.
….ဘဝတွေကတော့
လွမ်းစရာကောင်းလိုက်တာဗျာ…..
zarlay
January 19, 2012 at 2:35 pm
အင်း ဘာပဲပြောပြော အခုခေတ် ကောင်လေးတွေနဲ့စာရင်တော့ အများကြီးသာပါတယ် အခုခေတ်က တပြိုင်တည်းကို အနည်းဆုံး ရည်းစားနှစ်ယောက်လောက်ကို ထားနေကြတာဆိုတော့
ဇွဲမာန်(အင်းဝ)
January 19, 2012 at 3:55 pm
သမုဒယ အနွယ်ကလေးတွေနဲ့
လူ့ဘဝကို အလွယ်တွေးပြီး
ဝေးရမှာကြောက်
ဆွေးရမှာကြောက်တာနဲ့
နှစ်ယောက်အတူနီးကြပါစို့အချစ်ရယ်
ဖြစ်လွယ်ပျက်လွယ်လောကထဲ…။
အထင်အရှား
လင်မယားရယ် အိမ်ထောင်ပြုကာမှ
လူ့ဘဝရေဆန်လမ်းမှာ
ပန်းများလည်း မဝေပါလား
အနမ်းများလည်း မခြွေသာအား…။
ကျွန်တော်အကြိုက်ဆုံးကဗျာဆရာပါ အနှစ်သက်ဆုံးတွေပဲ
မောင်စိန်ဝင်း(ပုတီကုန်း) ကိုလည်းလေးစားသူလို့မှတ်ယူပါတယ်..။
blackchaw
January 19, 2012 at 4:29 pm
nozomi – ကိုနိုဇိုမိ။ တကယ်မတူတော့ဘူးနော်။ ခံစားမှု ဆိုတာ အရွယ်ပေါ်မှာလည်း မူတည်ပါတယ်။
အခုလို အချိန် ဆရာမ ဂျူးဆီက အမှတ်တရလို ဝတ္ထုမျိုး မထွက်လာနိုင်တော့ဘူးလေ။ သူကိုယ်တိုင် စာပေဟောပြောပွဲမှာ ပြောတာပါ။ ကျွန်တော်တို့ကိုယ်တိုင်လည်း ဆယ်ကျော်သက်အရွယ်က ကြိုက်ခဲ့တဲ့ တချို့ အနုပညာတွေကို ဒီအရွယ်မှာ မခံစားနိုင်တော့တာတွေရှိတယ်နော်။
ကိုပေါက် – နှလုံးသားသစ်ပင်အိုလေးကို ရေလောင်းကြည့်တာပါဗျာ။ အရွက်အခက်လေးများ ပြန်ထွက်လာ မလားလို့ပါ။
ကိုပေ – ငါးဖယ်ခြစ်တွေရော ဝယ်နှစ်တွေရော ငါးညှီနံ့တောင် ရလာတယ်ဗျာ။
Anzertone – ကြုံရင် ကဗျာဆရာတွေလုပ်သလို ကဗျာရွတ်ပွဲလုပ်ကြရအောင်။
comegyi – လွမ်းရင် ကဗျာရေးဗျာ။ ခင်ဗျားကဗျာကို ကိုနေဝန်းနီကတော့ ကောင်းကောင်း ခံစားပြထားတာ၊ ဂုဏ်ယူပါတယ်ဗျာ။
zarlay – အော် ရည်းဇားနှစ်ယောက်လောက်ထားတာ ခေတ်နဲ့ မဆိုင်ပါဘူးဗျာ။ အဲဒါ ဆော်ကြည်ဘဲတွေမှ လုပ်နိုင်တာဗျ။ ဆော်ကြည်ဘဲတွေက ခေတ်အဆက်ဆက် ရှိခဲ့တာပါ။ ဟေးဟေး။ မယုံ ကိုပေါက်ကြီးမေးကြည့်ဗျာ။ သူ့ခေတ်မှာတော့ သူက ဆော်ကြည်ဘဲဗျ။
ဇွဲမာန် – ကျေးဇူးတင်ပါတယ် ကိုဇွဲမာန်ရေ့။
“ဘီလူးကြီး”ogre
January 19, 2012 at 8:22 pm
ကိုဘလက်ချော
မန်ဂေးဇက်ကလူတွေ..ဘီလိုဒွေဖစ်ပြီး ..နာမြည်တွေပြောင်းထားကြတာလဲဗျ
ဒီနေမှ ဝင်ဖတ်ဖြစ်တယ် မျက်စိတွေကိုလယ်လို့
အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂမဟာသီရိသုဓမ္မ၊ သီရိပျံချီ KING
January 19, 2012 at 8:36 pm
ကိုဘလက်ဗျာ
အနာဟောင်းကို တုတ်နဲ့ဆွတယ်ဗျာ………….
မောင်စိန်ဝင်း ကဗျာလေးကြောင့် ရည်စားဦးတစ်ယောက် ရခဲ့တယ်
မေ့မရဘူး
ခက်တာက သူက အချစ်ဆုံး မဖြစ်ခဲ့ပြန်ဘူးဗျာ
အခုတော့ အခုတော့
ချမ်းရင်တောင် အနွေးဓာတ်ပေးနိုင်တဲ့ …………………….. ( ! _ ! )
Khin Latt
January 19, 2012 at 10:13 pm
ကိုဘလက် ရေ – ဆရာ မောင်စိန်ဝင်းကဗျာ လို့ ထင်တာပါဘဲ။
“သွေး ဆိုတာ လှေခါး အောက်ခြေမှာ ရဲရဲနီ ခဲ့ပြီး အမြင့်ရောက်လေ အရောင်လျှော့ ကျလေ နဲ့ အပေါ်ရောက် လာရင် သွေးက သိပ်မနီချင်တော့ဘူး” ဆိုတဲ့ သဘော နဲ့ ရေးထားတဲ့ ကဗျာ လေး ရှိသလားလို့။
သိပ်တော့မသေချာဘူး။ အကယ်၍ ဟုတ်လို့ ရှိခဲ့ရင် မျှပေးပါလား။
ရည်းစားဦးတွေ သတိရ နေကြချိန်မှာ ဆေးရိုးသည် ဝင်ရှုပ်သလိုများ ဖြစ်သွားရင် စောဒီး။ 😉
သူ့ ကဗျာတွေကို ငယ်ငယ်တုန်းက ဖတ်ပြီး အရမ်းသဘောကျ ခဲ့ဘူးတယ်။
မကြိုက်တဲ့သူရှိမှာ မဟုတ်ပါဘူး။
အခုတော့ နဲနဲမေ့နေပြီ။
ပြန်တူးဆွ ပေးတာ ကျေးဇူးပါဘဲ။
pooch
January 20, 2012 at 1:05 am
ကိုဘလက်ရေ ကဗျာလေးတွေကလည်း နုနေတာပဲ အဲ့ဒီစာအုပ် အခု ဝယ်လို့များရသေးလားမသိဘူးနော် ကျမလည်း ဝယ်သိမ်းချင်စိတ်ပေါက်သွားပြီ
သေချာတာကတော့ ကိုဘလက်က ဒီကဗျာလေးတွေနဲ့ မဒမ်ဘလက်ကို ခိုက်အောင် ပြုစားခဲ့တာပဲ နေမှာ 😛
Khin Latt
January 20, 2012 at 3:00 am
အခုမှ သတိထားမိတယ်။
မမ ရေ – ဒီမှာ ခေါင်းစဉ်ကို စစ်ပါဦး ဟေ့။ 😀
MaMa
January 20, 2012 at 7:07 am
မလတ်ရေ-
ကိုချောက အပေါ်မှာ အောက်ကအတိုင်း အကြောင်းပြပြီးသားဖြစ်နေတယ်။ 😛
ဒီအရွယ်ကြီး
ဒီကဗျာတွေနဲ့
ဒီအကြောင်းတွေပြန်ပြောနေကတည်းက
သတ်ပုံက မှားနေပြီးသားပါ။
blackchaw
January 22, 2012 at 3:02 pm
ဘီလူးကြီးရေ။
နာမည်ပြောင်းရင် ပြောင်းတယ်လို့ မှတ်ပါဗျာ။
ကိုကင်းရေ။
အချစ်ဦးမဟုတ်ခဲ့ရင်
အချစ်လယ်
အချစ်ဆုံး ဖြစ်ချင်ဖြစ်မှာပေါ့နော။
မလတ် (မလတ်လို့ ခေါ်ခွင့်ပြုပါနော့)ရေ။
ကျွန်တော် ရှာကြည့်ပါဦးမယ်။
ရှာတွေ့ခဲ့ရင် ပို့ပေးလိုက်ပါ့မယ်။
pooch ရေ။
ပြန်ရှာလို့ရရင် လက်ဆောင်ပို့ပေးလိုက်ပါ့မယ်ဗျာ။
အဲဒါကတော့ အမှန်ပဲဗျ။
အခုတောင် မဒမ်ဘလက် ရဲ့ သေတ္တာအဟောင်းထဲက
ထွက်လာတဲ့ ကဗျာစာအုပ်လေးတွေ့လို့ ဒီပို့စ်ကို
ရေးလိုက်တာဗျ။
အခု ကျွန်တော် ရေးလိုက်တဲ့ ကဗျာအပိုင်းအစလေးတွေက
စာအုပ်ထဲမှာ ကျွန်တော် မျဉ်းသားထားတာလေးတွေဗျ။ အာဟီး ရှက်ရှက်။
မမရေ။
အဲဒီသတ်ပုံလေးကို ကျွန်တော်ပြင်လိုက်လို့ရပါတယ်ဗျ။
ဒါပေမယ့် ဒီလိုနေရာမျိုးမှာ ရည်းဇား က ရည်းစားထက်
ပိုပြီး စည်းစည်းပိုင်ပိုင်နဲ့ ထိရောက်တဲ့ သဘောကိုတွေ့လို့
မပြင်လိုက်တာပါဗျာ။
အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂမဟာသီရိသုဓမ္မ၊ သီရိပျံချီ KING
January 22, 2012 at 4:17 pm
ရည်းစားတွေ ရည်းဇားတွေအစား
ဒီလိုလေးဆိုရင် လှမလားမသိ
ချစ်သဝဏ်လွှာထဲထည့်ရေးခဲ့သော ကဗျာ အပိုင်းအစများ။ ဆိုပြီးလေ …:D