ခွေးကတက် တစ်ခုရဲ့ခံစားချက်
ခွေးကတက် တစ်ခုရဲ့ခံစားချက်
ကျနော်က ခွေးကတက်တစ်ခုပါ၊ ခွေးကတက်ဆိုလို့ ဘာမှန်းမသိဖြစ်နေသလား၊ တချို့လည်းသိမှာပါ။ တချို့နေရာတွေမှာ အခေါ်အဝေါ်မတူလို့ တမျိုးဖြစ်ရင်ဖြစ်နေပါလိမ့်မယ်။ ခွေးကတက်ဆိုတာ ကျေးလက်က ဝါးအိမ်၊သစ်သားအိမ်ငယ်လေးတွေ မှာ တွေ့ရတတ်တဲ့ အိမ်ရဲ့ အနိမ့်ဆုံး အစိတ်အပိုင်းတစ်ခုပေါ့။ သစ်သားအိမ်ဆိုတော့မြေပြင်ကနေ ဖိနပ်ချွတ်ကိုတက်ဖို့ လှေကားထစ်လေးတွေလိုလုပ်ထားတာမဟုတ်ဘူး။ အိမ်ရှေ့တံခါးမကြီးရဲ့အဝမှာလေးတိုင်စဉ်လေးကို အနောက်မှာ ဖိနပ်ချွတ်နဲ့ တွဲပြီး အရှေ့ကို ခပ်ဆိုင်းဆိုင်းလေးလုပ်ထားတာလေ။ ကျနော့ပေါ်မှာ ခွေးတွေ အိပ်ပြီးညစောင့်တတ်လို့ လူတွေက ခွေးကတက်လို့ခေါ်တာဖြစ်မယ်။ အံမယ် နိမ့်တယ်ဆိုပြီး အထင်တော့မသေးလိုက်နဲ့ ၊ကိုယ့်ကိုယ် ကို ကြံဖန်ပြီး ဂုဏ်ယူရမယ်ဆိုရင် အိမ်တစ်အိမ်မှာ ကျနော်က အရှေ့ဆုံးမှာရှိပြီး ထင်သာမြင်သာဆုံးပေါ့၊ အဲဒီအိမ်ကို အိမ်ရှေ့ပေါက်ကဝင်မယ်ဆိုရင် ကျနော်ကိုဖြတ်ကျော် နင်းတက်ပြီးမှ သွားရမှာလေ။
ကျနော်အကြောင်းပြန်ပြောရရင် ကျနော်က လေးပင်သုံးခန်း သစ်သားအိမ်လေးရဲ့ ခွေးကတက်တစ်ခုပါ။ အိမ်ကတော့ ရာသီဥတုရဲ့ အထုအထောင်းကိုခံခဲ့ရတော့ ယိုင်လဲလို့နေခဲ့ပါတယ်၊ အိမ်ကြီးကတော့ ခေါင်းရင်းဘက်နဲ့ အိမ်ရှေ့ဘက်ကိုယိုင်တာပေါ့။ ဒါတောင် ခေါင်းရင် က သရက်ပင်ကြီးရဲ့ ကိုင်းတစ်ခုနဲ့ ထောက်နေလို့ ဘုံးဘုံးလဲမသွားတာ။ အမိုးတွေလည်း ပေါက်ပြဲနေပြီး တချို့နေရာတွေမှာ အမိုးစလေးတွေ လန်နေတာပေါ့။ အိမ်ကယိုင်ပြီးဖိတော့ ကျနော်ကိုယ်တိုင်တောင် ရွဲ့စောင်းလို့နေပါတယ်။ ဘယ်လောက်ရွဲ့သလဲဆိုရင် ခေါင်းရင်းပိုင်းဟာ အိမ်နဲ့ ကင်းကွာနေပြီး ခြေရင်းပိုင်းမှာ သာထိမယောင်ဖြစ်နေတာပါ၊ဒါ့အပြင် ခြေရင်းဘက်ကိုလည်း ယိုင်နေပါသေးတယ်၊ ဒါကြောင့် စောင်းယုံတင်မဟုတ်ပဲ ရွဲ့နေတယ်လို့ပြောရတာပါ။ လူတွေက အိမ်ရှေ့က ဖြတ်သွားကြရင်း “အို…အိမ်ကလည်း ဟောင်းနွမ်း ရွဲ့စောင်းနေတာပဲ၊ အမိုးတွေကလည်း လန်ပျံထွက်နေတယ်၊” လု့ိပြောသွားကြတယ်၊ အဲဒီအချိန်တုန်းက ကျနော်ကိုတော့သိပ်သတိမထားမိဘူးထင်တယ် ဘာမှမပြောဘူးဗျ၊ ကျနော် ကအိမ်ကြီးနဲ့ ယှဉ်လိုက်တော့ သိပ်မပေါ်လွင်လို့ထင်တယ်။
လူတွေက အပစ်သာပြောသွားကြတာပါ ဘာမှ အကူအညီမရပါဘူး၊ လမ်းကနေ ဝေဖန်သွားယုံ သက်သက်ပါ။ တချို့ဆို ခြံစည်းရိုးက ပြုတ်ကျနေတဲ့ ဝါးလုံးတောင် ဆွဲသွားသေး။ တချို့ ကလည်းကျနော့်အိမ်ရှင်ကို “အိမ်လေးပြန်ပြင်လိုက်ပါလား၊ လိုအပ်တာရှိရင်ပြောနော် ကူညီပေးမယ်” လို့ဝင်ပြောဖော်ရသေးတယ်။ တချို့ကြတော့လည်း “အရပ်ထဲမှာမြင်မကောင်းပါဘူးဗျာ၊ အမြန်ပြင်လိုက်ပါ ” ဆိုပြီး တိုက်တိုက်တွန်းတွန်းလုပ်ပါတယ်။ ဒါနဲ့ ကျနော့အိမ်ရှင်လည်း အိမ်လေးကို ပြင်ဖို့ ကြိုးစားပါတော့တယ်။ ယိုင်နေတဲ့ အိမ်ကိုပြန်တည့်၊ ဆွေးနေတဲ့တိုင်တွေ၊ ထုတ်တန်း၊ယောက်တန်းတွေ အစားထိုး ပြန်လဲတာတွေလုပ်ပါတယ်၊ အစားထိုးတယ်ဆိုပေမဲ့ သိပ်အကောင်းကြီးတော့ ဘယ်ဟုတ်ဦးမှာလဲ။ ရတာလေးနဲ့ အရင်လုပ်ရတာပေါ့၊ နောက်တော့လန်နေတဲ့ အမိုးတွေ အရင်ဆုံး ပြန်လုပ်၊ အပေါက်တွေ ဖာပေါ့၊ ဟုတ်တယ်လေ အမိုးကိုအရင်ပြင်မှ နေပူပူမိုးရွာရွာ ကျန်တဲ့အပိုင်းတွေကို အမိုးအောက်မှာ အေးအေးဆေးဆေးပြင်လို့ရမှာပေါ၊ အမိုးမှ မလုံရင် အောက် မှာအလုပ် လုပ်ရင်းနေပူရင်ပင်ပန်း၊ မိုးရွာရင် အလုပ်ပျက်မှာပေါ့။
အဲ ပြဿနာက အဲဒီမှာစတာပဲ၊ အိမ်က ပြန်တည့် သွား၊ အမိုးတွေကောင်းသွားတော့၊ ဖြတ်သွားဖြတ်လာတွေ မြင်သာထင်သာဖြစ်နေဆုံးကျနော်က ရွဲ့စောင်းနေတုန်းလေ၊ ဟိုတချိန်တုန်းက အိမ်ကြီးက ယိုင်ပြီးပိနေတော့ ကျနော့်ကို သတိမထားမိပေမဲ့ အခုကျတော့ အိမ်ကတည့်သွားတော့ ကျနော်က ကျန်နေခဲ့တယ်။ မြင်သာထင်သာဖြစ်နေတယ်၊ အိမ်ရှေ့ဖြတ်သွားတဲ့သူတွေက ကျနော်ကိုပဲ လှမ်းပြီး အပစ်ပြောသွားကြတယ်၊ အိမ်ကိုလာတဲ့ သူတွေကလည်း အိမ်ပေါ်တက်ဖို့ ကျနော်နဲ့ အရင်ဆုံးတွေ့နေရတော့ ဘယ်အဆင်ပြေမလဲ၊ ဆဲဆို ကြိမ်းမောင်းကြတာပေါ့၊တချို့ဆို ဓါတ်ပုံတောင်ရိုက်သွားသေး။
ကျနော်လား တည့်ချင်တာပေါ့ဗျာ၊ ကျနော့ ကိုယ်ပိုင်အစွမ်းအစနဲ့ ဘယ်တည့်နိုင်ပါ့မလဲ။ ဖြတ်သွားတဲ့သူတစ်ယောက် ကိုလှမ်းခေါ်”ကျနော့ကို ပြင်ပေးပါဗျာ” လို့ပြောရအောင်ကလည်း ဘယ်မှာလဲ ကျနော့အတွက် သုံးမည့်သစ်၊ ရိုက်မည့်သံ။ အိမ်ရှင်ကလည်းကျနော်ကိုချက်ခြင်းပြင်မပေးသေးဘူးလေ၊ ကျနော်မပြောနဲ့ ကျနော်နဲ့ ကပ်လျက်က ဖိနပ်ချွတ်တောင် သိပ်မပြင်ရသေးဘူး။ ဟုတ်တော့ဟုတ်ပါတယ်၊ သူ့မှာလည်း ပြင်စရာတွေက အများကြီး၊ အိမ်ပေါ်ထပ်၊ အဲ….. အိမ်ပေါ်ထပ်ကတော့ လူမြင်ကွင်းသိပ်မဟုတ်တော့ အရေးမကြီးဘူး၊ မှေးထားလို့ ရတယ်။ လူတွေကလည်း ဖြတ်သွားဖြတ်လာလောက်နဲ့ အိမ်ပေါ်ထပ်ကိုတွေ့တာမှ မဟုတ်တာ၊ အိမ်ကိုလာတဲ့သူတွေကလည်း အပေါ်ထပ်ကို ထဲထဲဝင် မရောက်တော့မသိတော့ အိမ်ပေါ်ထပ်အကြောင်းကို သိပ်မပြောကြဘူးလေ…..ဟင်းဟင်း…… အများဆုံးအပြောခံရတာက ဖြတ်သွားလဲမြင်၊ အိမ်လာရင်လည်းမြင်ရတဲ့ ကျနော်၊ နောက်က ဖိနပ်ချွတ်၊ အသားလွတ်ကို ဖိပြီးအပြောခံနေရတာပါဗျာ။ အဲပြီးမှ အောက်ထပ်ပေါ့။
အောက်ထပ်လည်းပြင်နေပါပြီ၊ ဆွေးနေတဲ့ ပျဉ်တွေ ခွာပြီးလဲ၊ဆင့်တန်းတွေကို လဲသင့်တာလဲ၊အပေါင်ထည့်တာထည့် ကြမ်းပေါက်တွေ ကို ဆင့်တစ်ကန့်စာဖြတ်ထုတ်ပြီး ပျဉ်တိုလေးထဲ့တာ ထဲ့ပေါ့။ ပတ်တန်းတွေ၊ စရံထောင်တွေလဲသင့်တာလဲပေါ့၊ ပြီးမှ ဖိနပ်ချွတ်ကိုပြင်၊အဲနောက်ဆုံးကကျနော်ပေါ့ဗျာ။
ဟုတ်တော့ဟုတ်တယ်ဗျ။ ဘယ်အိမ်ရှင်ကမှ ခွေးကတက် ကိုအရင်မပြင်ဘူး၊ ဘာဖြစ်လို့လည်းဆိုတော့ အပေါ်ကပိနေတာကိုအရင်တည့်ရဦး မှာလေ၊ တည့်သွားတော့လည်း ဖိနပ်ချွတ်ရဲ့ အပေါက်ဝနဲ့ အံကျဖို့လည်းလိုသေးတယ်။ နောက်ပြီး ကျနော့်ကို အရင်ပြင်ရင် သစ် အကောင်း၊အရှည်ကို အရင်ဆုံးဖြတ်ပြစ်ရမယ်၊ အဲလိုဆို သစ်တွေဆုံးရှုံးပြီး အရှည်သုံးရမဲ့နေရာအတွက်အခက်အခဲဖြစ်သွားမယ်လေ။ အပေါ်ကို အရင်တဆင့်ပြီးတဆင့် ပြင်ပြီးထွက်လာတဲ့သစ်တိုသစ်စနဲ့ မှ ကျနော့ကို ပြင်ကြတာပေါ့။ ဒါသဘာဝကျပါတယ်။
အပေါ်ထည်တွေ အကုန်ပြင်မပြီးသေးတဲ့ အချိန်မှာတော့ ကျနော်က ဓါးစာခံပေါ့ဗျာ၊ မြင်သူ၊ တွေ့သူတိုင်းက မေးငေါ့ပြီး မဲ့ရွဲ့၊ ဆဲဆို၊ ကြိမ်းမောင်း၊ ပြစ်တင် တာကိုခံနေရဦးမှာပါ။ ထိတွေ့တဲ့သူတိုင်းက အဆင်မပြေလို့ တံတွေးနဲ့ထွေး၊ ဖိနပ်နဲ့ တက်နင်းမိလာတဲ့ခွေးချေးနဲ့ သုတ်၊ ရွဲ့နေတဲ့ ကျနော့်ကို ခြေထောက်နဲ့ဆောင့်ကန် အမျိုးမျိုးလုပ်တာကိုခံနေရတာပါ။ ကျနော့ကို ဓါတ်ပုံရိုက်၊ အများတကာတွေရှေ့ ဟားတိုက်လှောင်ပြောင်တာကိုလည်းခံနေရမှာပါပဲ။ ကျနော်က ဘာပြန်လုပ်လို့ ၊ဘာပြန်ပြောလို့ရမှာလဲ၊ အဆင့် မရှိ အဖြစ်မရှိတဲ့သူပဲလေ။
ဘိုးဘိုး၊ဘွားဘွား၊ ဦးဦး၊ဒေါ်ဒေါ်၊ကိုကို၊မမ၊ ညီလေး၊ညီမလေးတို့ရယ်………………………….. လုပ်သမျှ ခေါင်းငုံ့ခံနေရမဲ့ ကျနော့်ကို နဲနဲတော့ သနားကြပါ၊ အပေါ်ထည်တွေကောင်းသွားတဲ့အခါ ကျနော်ဆိုတဲ့ ခွေးကတက်လေးဟာ အလိုလိုကို ကောင်းသွားမှာပါ၊ ဒီတိုင်းနေ နေလို့ကို မရတော့ပါဘူး၊ အဲဒီအချိန်မှာ မင်းပြန်မတည့်နဲ့၊ ဒီအတိုင်းရွဲ့နေလို့ပြောရင်တောင်ရမှာ မဟုတ်ပါဘူး၊ အခြေအနေအရ၊ လိုအပ်ချက်အရ အိမ်ရှင်ကြီးက အတင်းပြင်လို့ ကျနော်တည့်သွားမှာပါ၊ အခုအချိန်လေးမှာ ခဏလောက် သီးခံစောင့်ပေးပါ၊ ယိုင်နဲ့စွာ ရပ်တည်နေရတဲ့ ကျနော့ ဘဝလေး ပျက်စီပြီးမြေပြင်ပေါ် ပုံလဲသွားအောင် တော့ ရိုက်ဖျက်၊ဆောင့်ကန်၊ နင်းခြေပြီး မဖျက်စီးလိုက်ကြပါနဲ့လို့ အနူးအညွတ် မေတ္တာရပ်ခံတောင်းပန်အပ်ပါတယ်ခင်ဗျာ။ ။
အားလုံးကိုလေးစားစွာဖြင့်
ကြောင်လတ်လေး။
4 comments
ဦးဦးပါလေရာ
January 26, 2012 at 10:53 pm
မှန်တယ် ကိုကြောင်လတ်..
အပေါ်ထည်တွေကောင်းသွားရင် ကျန်တာလဲ လိုက်သွားမှာပါပဲ။
ခက်တာက
လူတွေအများစုက မြင်သာတဲ့ လက်ငင်းထိတွေ့ရတဲ့ အောက်ပိုင်းအဆင့်တွေကိုပဲ
ဝေဖန် ပြစ်တင် တတ်ကြတာ……။
ကြောင်လတ်လေး
January 26, 2012 at 10:53 pm
ခွေးကတက် လေးတွေ နေရာကနေ ဝင်ခံစားပြီးရေးကြည့်တာပါခင်ဗျာ။
မှားယွင်းမှုပါရင် ခွင့်လွှတ်ဖို့တောင်းပန်ပါတယ်ခင်ဗျာ။
ကျနော်ကတော့ ဖိနပ်ချွတ်ပါခင်ဗျာ။
ကြောင်လတ်လေး
January 26, 2012 at 10:59 pm
ဦးဦးပါလေရာရေ ပထမဆုံးကွန်မန့်အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ၊
အပြုသဘောနဲ့ထောက်ပြကြတာလဲ ပြပေါ့၊ ဘဝပျက်သွားတာမျိုးတွေ ဖြစ်သွားနိုင်လို့ပါ။
ဦးဖက်ရဲ့ ဈေးမရောင်းရ ပုံပါတဲ့ ပို့လေးဖတ်ပြီး ခံစားမိလို့ပါ။
ဦးဖက် ရဲ့ထောက်ပြမှုကိုတော့ လက်ခံပါတယ်၊ ဒီထောက်ပြမှုတွေပေါ်မှာ အရေးယူတဲ့လူတွေ
ချင့်ချင့်ချိန်ချိန်လုပ်ကြဖို့ပါ။
Khin Latt
January 27, 2012 at 5:38 am
ခွေးကတက်လေးရေ
သိပ်တော့စိတ်မပူပါနဲ့။
မင်းမရှိရင် ဘယ်သူမှ အပေါ်ကို တက်မရပါဘူး။
အောက်ဆင်းမဲ့ သူလဲ မဆင်းနိုင်ပါဘူး။
ဒီတော့ မင်းကို သူတို့ မဖျက်စီးလောက်ပါဘူး။
မင်းဟာ မရှိမဖြစ်ပါဘဲ။
ဒီတော့ ကိုယ့်စွမ်းဆောင်နိုင်ခြင်း ကို သူတို့ အလေးထားထား၊ မထားထား ၊ မင်းကိုမင်းတော့ ဂုဏ်ယူနိုင်ပါတယ်။
အဲဒါအရေးအကြီးဆုံးပါဘဲ။
ကိုကြောင်လတ်လေး ရဲ့ စာနဲ့ အရီး မှတ်ချက် မကိုက်ရင် ခင် စောဒီး။
ခင်မင်စွာဖြင့်
အရီးလတ်
စကားမစပ်- ဘာလို့ “လတ်” နောက်မှာ ထပ် “လေး” ထားတာလဲ။ 😉