သိုးမည်းတစ်ကောင်နှင့် နေဝင်နေထွက်ခြင်းများ
အမှောင်တွေ
ပုံသဏ္ဍာန်မဲ့
ဖြာထွက် ၊
နံရံလေးဘက်ထဲက
အရိပ်တစ်ခု
ဆန့်တန်းရုန်းထွက်လာခဲ့ ၊
စေးထန်းနေတဲ့
အလွမ်းတွေချန်ထား ၊
သမားရိုးကျ
အနာတရတွေချန်ထား ၊
အဲဒီနောက်
အခွံချည်းသက်သက်ပြန်ဖြစ်သွားတယ်…။
ဟောဒီမှာ!
နှုတ်ခမ်းတွေက ကုပ်ကုပ်ကွေးကွေး
သွေးညစ်တွေ အစွေးသားနဲ့
လူအရေခွံခြုံထားတဲ့
ခပ်ရိုင်းရိုင်း ဝံပုလွေတစ်ကောင် ..။
ဟောဒီမှာ!
ရလိုမှုတွေ အထပ်ထပ်နဲ့
မရောင့်ရဲတတ်တဲ့လူတွေထဲက
သွေးစုပ်တတ်တဲ့ တစ္ဆေတစ်ကောင် ..။
ဟောဒီမှာ!
စိတ်ကူးတွေ ဖွာလန်ကြဲနေတဲ့
အကြောလျော့ရုံပြုံးတတ်ဖို့
သင်လို့ကို မတတ်နိုင်တဲ့
ခပ်ကျဲကျဲလူတစ်ကောင် ..။
လူတွေအတွက်
မြို့ပြက မှော်ရုံဆန်ခဲ့သတဲ့…။
လူတွေအတွက်(ပဲ)
လူတွေက သားရဲဆန်ခဲ့သတဲ့…။
ဟွန်းသံကလွဲပြီး
အသံအားလုံးဆူညံနေတဲ့အထဲ
ငါလည်း
ပျောက်ဆုံးလွင့်ပါးသွားတယ်…၊
ခိုတစ်အုပ်သိတယ်..
လမ်းဘေးကုက္ကိုပင်အိုကြီးသိတယ်..
အနီးအပါးက လေထုသိတယ်..
လူတွေကတော့
မသိလိုက်မသိဘာသာနဲ့……။
အဓိပ္ပါယ်တွေပျောက်ဆုံးသွားဖို့
အဓိပ္ပါယ်တွေ ဖိသိပ်ထားတဲ့
သူငယ်ချင်းတစ်ယောက်ရှိတယ်..၊
ပညတ်တွေက လွတ်ဖို့
ပုံဖျက်ထားတဲ့ဝါကျတွေကို ယုံကြည်သတဲ့…။
(ခံစားမိတာပြောပါတယ်)
ပညာတတ်တစ်ယောက်
နှုတ်ခမ်းနာနဲ့…၊
အနာဂတ်အကြောင်း
ခေါင်းလောင်းထိုးတယ်..။
ပညာမဲ့တစ်ယောက်
လက်နှစ်ဘက်နဲ့…၊
တစ်ဘဝစာ
ရဲတိုက်ဆောက်တယ်…။
ပညာရှိတစ်ယောက်
မျက်လုံးကိုမှေးစင်း
ခပ်လေးလေး
သက်ပြင်းချတယ်…။
ခွေးတစ်ကောင်
အမြီးကောက်ကောက်
ဖြောင့်ဖို့မကြိုးစားဘူး..၊
မြူးထူးစွာ အူတယ်…။
သူရဲတစ်ယောက်
မြားတောင့်ကိုလွယ်
စစ်ဖိနပ်ကိုစီး
တိုက်ပွဲနဲ့နီးမှ
‘လေး’ ကျန်ခဲ့မှန်းသိတယ်…။
လတစ်စင်း
ကောင်းကင်မှာလင်းတယ်..၊
ကိုယ်ပိုင်မဟုတ်ပဲ
ကြွားတတ်တာကိုမုန်းတယ်…။
သီချင်းတစ်ကြော်ကြော်နဲ့
စမ်းချောင်းတွေ စီးဆင်းသွားကြ
ကိုယ့်လမ်းကိုယ်ဖောက်
ပြောင်မြောက်တဲ့ ခရီးသွားတွေပေါ့…။
အမှတ်တမဲ့ဧည့်သည်များ
အမှတ်တမဲ့ဧည့်သည်များ
အမှတ်တမဲ့ဧည့်သည်များ
ဘယ်နားမှာမှားသွားကြတာလဲ?
တစ်သံသရာလုံးပဲ ထင်ရဲ့….။
လွှတ်ချထားတဲ့
အမှန်တရားအစုအပုံများ…။
စာအုပ်ဟောင်းတွေထဲက
ကိုယ်ကျင့်တရားများ…။
စားသုံးသူမဲ့
မေတ္တာတရားများ…။
အမှတ်တမဲ့ဧည့်သည်များ
အမှတ်တမဲ့ဧည့်သည်များ
အမှတ်တမဲ့ဧည့်သည်များ
ဘယ်နားမှာမှားသွားကြတာလဲ?
သလုံးသားတွေဟာ
ခေတ်မဟုတ်ဘူး
ဒါပေမယ့်
သူတို့ဝတ်ဆင်ထားကြတယ်…။
အယ်လ်ကိုဟောက
ခေတ်မဟုတ်ဘူး
ဒါပေမယ့်
လူကြိုက်များများလာတယ်…။
ပါးကွက်ကြားလေးတွေကို
တန်ဖိုးကြီးဓါတုပစ္စည်းများက
သတ်ဖြတ်သွားကြတယ်…။
လူအများစုရဲ့ စံတန်ဖိုးက
ဒုတိယဘုရားသခင် ဖြစ်သွားတယ်…။
အမှတ်တမဲ့ဧည့်သည်များ
အမှတ်တမဲ့ဧည့်သည်များ
အမှတ်တမဲ့ဧည့်သည်များ
ဘယ်နားမှာမှားသွားကြတာလဲ?
ဒီလိုနဲ့ပဲ..
ဖြတ်သန်းသွားကြ ၊
တိုးဝှေ့သွားကြ ၊
တိုက်ခတ်သွားကြ ၊
လှည့်ကြည့်သွားကြ ၊
ကျောခိုင်းသွားကြ ၊
ပွေ့ဖက်ကြ ၊
နှုတ်ဆက်ကြ ၊
ပြုံးကြ ၊
မဲ့ကြ ၊
……..ကြ ၊
……..ကြ ၊
……..ကြ ၊
……..ကြ ၊
ဖြစ်တည်မှုတစ်ခုရဲ့ အဆုံးသတ်ဆီ
နေဝင်နေထွက်ကြ…..။ ။
လင်းစက်ရာ
4 comments
Gipsy
January 30, 2012 at 12:15 pm
နုငယ်စဉ်မှ ၊ ခုချိန်ထိအောင်
ကြိမ်ကြိမ်ဖြတ်သန်း၊ ကြုံရများစွာ
မြင်တွေ ့ဘူးရ၊အတုအစစ်
… အယုအယ၊ဘဝများစွာ
ကြုံလာခဲ ့လည်း၊သည်းထဲအူလှိုက်
တရှိုက်မက်မက်၊ တွေ့ရက်ကြာရှည်
တွေဝေငေးမော၊နှုတ်ပြောမရွှင်
မမြင်လွမ်းတတ်၊ဒီဇတ်ကြမ်းမျိုး
ဘယ်ခါရင်ဆိုင်မတိုးခဲ ့…..။
ခုတော့ လဲကွယ်
ဘယ်ကဘယ်ပုံ
ဘယ်လို ဘယ်ညာ
သာရကာပေါင်းများစွာ
ရှိစေအံ့နည်း ။
ဖိုးအာလူး
January 30, 2012 at 12:46 pm
လက်နက်သခင်…
အရှင်၏….
ပလ္လင်အောက်က…
တွေ့ရှိရသည်
နိုးထသူတို့ ခေါင်းခွံများ…. ဟူ၏
windtalker
January 30, 2012 at 3:10 pm
အမှတ်တမဲ့ ဧည့်သည်များ
တစ်ခုခုထားသွားပါရဲ ့လား
လူကြိုက်များတဲ့ အဝေရာ လား
တန်ရင် လွန်စွာတစ်အား
လူတွေဆိုတာ မတူရင်မှား
နီတိ ကိုင်ကာ သွား
…….
ပုံ
မေပေါင်
kokothandar
January 31, 2012 at 12:21 pm
တော်တယ်ဗျာ သီချင်းသိပ်ဆိုချင်တယ် သံစဉ်မမှန်တော့ ရပ်ထားရတယ် ကဗျာလဲရေးချင်တယ် ဒီလိုမျိုး မရေးတတ်တော့
လက်လျော့ရပြန်ရော ဒီတော့ သူများရေးပြီးသားလေးဖတ်ပြီး ခံစားပေးတာ အုံးစားသက်သာတယ် ကျေး ဇူးပါ