မြောက်စူးစူးသို့ ကိုးဆယ်ဒီဂရီ

introJune 2, 20101min860

၂ဝဝဝပြည့်နှစ် ဩဂုတ်လတွင် မြောက်ဝင်ရိုးစွန်း – North Pole သို့ ရေလမ်းခရီးထွက်ခဲ့ကြသည့် သိပံ္ပပညာရှင် တစ်စုက အပြန်ခရီး၌ မေးခွန်းတစ်ခု မေးခဲ့ကြသည်။ ”ရေခဲတောင်ကြီးတွေ မတွေ့ရဘဲ ရေပြင်ကြီးသာ တွေ့မြင်ရမဲ့ ၉ဝံ မြောက်ကို ရောက်ဖူးကြသလား”ဟူ၍ဖြစ်၏။
ဟုတ်ပါသည်။ သုတေသီ သိပံ္ပပညာရှင် အချို့သည် နော်ဝေပင်လယ် ပြင်ရှိ စဗဲလ်ဖတ်ကျွန်း – Svalbardမှနေ၍ မြောက်ဝင်ရိုးစွန်းသို့ ညူကလီး ယားစွမ်းအင်သုံး ရေခဲခွဲသင်္ဘော ယာမဲလ် Yamal ဖြင့် ခရီးထွက်ခဲ့ကြသည်။ ရေခဲခွဲသင်္ဘောသည် ရေလမ်းတစ်လျှောက် ခွဲစရာရေခဲများနှင့် သိပ်မတွေ့ခဲ့ရဘဲ မြောက်ဝင်ရိုးစွန်းသို့ ရောက်လာခဲ့သည်။ မြောက်ဝင်ရိုးစွန်းတွင် သူတို့ထင်သလို ရေခဲတောင်ကြီးများကို မတွေ့မြင်ကြရဘဲ တစ်မိုင်သာသာ ကျယ်ပြန့်သည့် ကြည်လင်ပြာလဲ့သော ရေပြင်ကြီးကိုသာ တွေ့လိုက်ကြရသဖြင့် အံ့ဩသွားကြသည်။
ထိုသတင်းသည် ကမ္ဘာတစ် လွှား ချက်ချင်းပျံ့နှံ့သွားခဲ့သည်။ ရှေးရှေးတုန်းက ပင်လယ်ပြင်ကျယ်ကြီးကို ဖြတ်သန်းပြီး စွန့်စားခရီး ထွက်ခဲ့ကြသည့် သင်္ဘောသားအချို့ ပြောပြသော ပုံပြင်ဒဏ္ဍာရီများကို ပြန်ပြောင်းအမှတ်ရ လာခဲ့ကြသည်။ အာတိတ်ဗမခအငခ ရေခဲပြင်ကြီးရဲ့ အခြားတစ်ဘက်မှာ ပင်လယ်ပြင် ကျယ်ကြီးရှိသတဲ့၊ အဲဒီပင်လယ်ကို လွန်သွားခဲ့ရင် လျှို့ဝှက်ဆန်းကြယ်တဲ့ မြောက်ဝင်ရိုးစွန်းရဲ့ အတ္တလနိ္တ Atlantis လို့ခေါ်တဲ့ တိုင်းပြည်ကြီး ရှိသတဲ့။ ဤကား ရှေးရှေးခေတ်က သင်္ဘောသားတို့၏ အပြောဖြစ်သည်။ ဟုတ်မဟုတ်မသိ။
သို့သော် ယနေ့ခေတ် ရေခဲပြင်ခွဲ Yamal သင်္ဘောပိုင်ရှင်များက လာဘ်မြင်ကြသည်။ နွေရာသီမြောက် ဝင်ရိုးစွန်း အပျော်စီးခရီး အကြိမ်ကြိမ် ပြေးဆွဲခဲ့ကြသည်။ အမြတ်အစွန်း မြိုးမြိုးမြက်မြက် ရှိခဲ့ကြသည်။ တကယ်တော့ အာတိတ်ရေခဲပြင်သည် ရွေ့လျားနေသော ရေခဲလွှာများဖြင့် ဖွဲ့စည်းဖန်တီးထားသောကြောင့် ရေခဲလွှာတစ်ခုနှင့် တစ်ခုအကြားတွင် အပေါက်အကြား ရှိနိုင်သည်။ ပြောစရာရှိသည်က အပေါက်အကြားတွေ များလာခြင်းပင် ဖြစ်သည်။
ထိုနှစ်နွေရာသီက အာတိတ်၌ ထူးထူးခြားခြား ရေခဲမရှိ ဖြစ်ခဲ့သည်။ စွန့်စွန့်စားစား စူးစမ်းလေ့လာရှာဖွေ နေကြသည့် သင်္ဘောသားများ ပြောဆိုခဲ့ကြသည့် အနောက် မြောက်ဘက် ရေလမ်းကြောင်းထွက်ပေါက် Northwest Passage ဖြစ်၏။ ထိုခေတ်ထိုအခါ စူးစမ်းလေ့လာ နယ်သစ်ရှာသူများက အရှေ့တိုင်းမှ ကျောက်မျက်ရတနာများကို စိတ်ဝင်စားခဲ့ကြသည်။ သို့ဖြစ်၍ အတ္တလန်တိတ် သမုဒ္ဒရာမှ ပစိဖိတ်သမုဒ္ဒရာသို့ ထွက်ပေါက်ရေလမ်းကြောင်း ရှာခဲ့ကြသည်။ ထိုသို့ထွက်ပေါက် ရှာဖွေရာတွင် အသက်ဆုံးရှုံးခဲ့ရသူ အများအပြားရှိခဲ့သည်။ ၁၈၄၅ ခုနှစ်က Sir John Franklin သည် သင်္ဘောသား ၁၂၈ ဦးနှင့်အတူ ရေခဲများ ဝါးမြိုခြင်း ခံခဲ့ကြရသည်။ သို့ရာတွင် ၂ဝဝဝ ပြည့်နှစ်က ကနေဒါ သင်္ဘောတစ်စင်း မှာ အနောက်မြောက် ထွက်ပေါက်ကို လွတ်လွတ်ကျွတ်ကျွတ် ဖြတ်သန်းနိုင်ခဲ့သည်။
အာတိတ် ရေခဲပြင်ကျယ်၌ ရေခဲများ ပျောက်ကွယ်လာခဲ့သည်မှာ နှစ်အတော် ကြာခဲ့ပေပြီ။ ဗြိတိသျှနှင့် အမေရိကန် ရေငုပ်သင်္ဘောများ၏ မှတ်တမ်းများက နွေရာသီနှောင်းပိုင်း အာတိတ်ရေခဲပြင်ကျယ်သည် ၁၉၅ဝ နှစ်များကထက် ၁၉၉ဝနှစ်များတွင် ပျမ်းမျှ ၄ဝ ရာခိုင်နှုန်း ပါးလွှာသွားခဲ့ကြောင်း ဖော်ပြခဲ့သည်။ လွန်ခဲ့သော ၂၅နှစ်လောက်မှစ၍ အာတိတ်ရေခဲပြင်ကို မှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့သည့် NASA ဂြိုလ်တုများကလည်း ဤအချက်ကို ထောက်ခံခဲ့သည်။ ကော်လို ရာဒို National Snow Ice Data Center မှ စိစစ်ရေးမှူးချုပ် Ted Sca- mbos ကနှစ်စဉ် သတင်းထုတ်ပြန်ရာတွင် အာတိတ်ရေခဲပြင်ကျယ်သည် နောက်ပြန်ဆုတ်လျက် ရှိကြောင်း ဖော်ပြခဲ့သည်။ ၂ဝဝ၅ခုနှစ် စက်တင်ဘာ လလယ်လောက်တွင် ရေခဲပြင်ကျယ်မှာ စတုရန်းမိုင်ပေါင်း နှစ်သန်းသာ ကျန်ရှိတော့ကြောင်းနှင့် ယင်းမှာ ရေခဲဖုံးလွှမ်းမှု အနည်းဆုံး အချိန်ဖြစ်ပြီး ၁၉၇၈ခုနှစ်ထက် ၂ဝရာခိုင်နှုန်း လျော့နည်းခဲ့ကြောင်း ထောက်ပြခဲ့သည်။
အာတိတ်ဒေသတွင် တစ်ဝက်တစ်ပျက် အတိုင်းအတာဟူ၍ မရှိပေ။ ရေနှင့် ရေခဲတို့အကြား အလယ်ဆုံရပ်ဟူ၍လည်း မရှိပေ။ အရည်ပျော်မှုနှင့် အေးခဲမှုမှာ တစ်ဆက်တည်း ဖြစ်စဉ်များဖြစ်သည်။ အရည်ပျော်ရန်အတွက် နေစွမ်းအင် အတော်များများ အသုံးပြုရသည်။ အရည်ပျော်မှု ပြီးစီးသွားသည်နှင့် နေသည် လွတ်လွတ်လပ်လပ် ကျန်ရစ်သည့့် ရေကို ပူနွေးအောင် လုပ်ဆောင်သည်။ ထိုရေသည် နက်မှောင်လွန်းသည်။ မည်းနက်သောရေသည် နေစွမ်းအင်ကို ပိုမိုစုပ်ယူနိုင်ပြီး နီးနားဝန်းကျင်မှ လေကို ပူနွေးစေသည်။ အဆိုပါ ဖြစ်စဉ်က ရေခဲလွှာတစ်ခုလုံးကို ရွေ့လျားအား ဖြစ်ပေါ်စေသည်။ သို့ဖြစ်၍ ကမ္ဘာကြီး ပူနွေးလာမှုကြောင့် ရေခဲများ တဖြည်းဖြည်း အရည်ပျော်လာသည်ဆိုသော အယူအဆမှာ မမှန်ကန်ကြောင်း University College London မှ ဥတုရာသီဆိုင်ရာ ရူပဗေဒ ပညာရှင် Seymour Laxon ကဆိုသည်။ အမှန်တကယ်တွင် ယင်းဖြစ်စဉ်မှာ အလွန်အပြောင်းအလဲမြန်ပြီး နွေရာသီ တစ်ခုစီ၏ အပူချိန်ပေါ်၌ လုံးလုံးလျားလျား တည်မှီလျက်ရှိကြောင်း သူကထောက်ပြသည်။
၂ဝဝ၅ခုနှစ် အာတိတ်ဆောင်းရာသီ၌ ရေပြန်လည် အေးခဲလာမှုသည် ပြည့်ပြည့်ဝဝ ဖြစ်ပေါ်ခဲ့ခြင်း မရှိသော်လည်း နွေဦးအရည်ပျော်မှုသည် စောစီးစွာ ဖြစ်ပေါ်ခဲ့သည်။ မည်းမှောင်ပြီး ဟင်းလင်းဖြစ်နေသော အာတိတ်ပင်လယ်တွင် အပူ Heat သိုလှောင်မှု တိုးတက်လာသည်။ အာတိတ်သည် ယခင်အခါများနှင့် မတူဘဲ တစ်မျိုး တစ်ဖုံပြောင်းလဲသွားသည်ဟု Scambos  ကဆိုသည်။
အာတိတ်၌ ရေခဲအရည်ပျော်ရ သည့် အဓိကအကြောင်းရင်းသည် လေထုအပူချိန်လွန်ခဲ့သော နှစ်ပေါင်း ၃ဝကာလအတွင်း သုံးဒီဂရီဖာရင် ဟိုက်မှ ငါးဒီဂရီဖာရင်ဟိုက်မြင့်တက် ခဲ့သောကြောင့် ဖြစ်သည်။ ယင်းမှာ ကမ္ဘာ့ပျမ်းမျှအပူချိန်ထက် အဆပေါင်း များစွာ မြင့်မားသည်။ ထို့ကြောင့် ဂလိုဘယ်ပူနွေးမှုသည် အာတိတ်ဒေသ၌ ပုံကြီးချဲ့သလို ဖြစ်နေရခြင်း ဖြစ်သည်။ ထိုသို့ဖြစ်ရခြင်းမှာ တစ်စိတ်တစ်ဒေသအားဖြင့် ရေခဲအရည်ပျော်မှု၏ တုံ့ပြန်ချက်သည် ဒေသတွင်းပူနွေးမှုကို တိုးတက်ဖြစ်ပေါ်စေခြင်းကြောင့် ဖြစ်၏။
နောက်တစ်စိတ်တစ်ဒေသ တစ်ခုမှာ အာတိတ် လေလှည့်ပတ်စီးမှု အပြောင်းအလဲ Arctic Oscillation ကြောင့်ဖြစ်သည်။ ဤသည်မှာ သဘာဝ ဖြစ်ရပ်တစ်ခုဖြစ်သော်လည်း ပူနွေးသောလေကို မြောက်ဘက်အာ တိတ်အထိ ယူဆောင်လာခဲ့၏။ သို့သော် ယင်းဖြစ်ရပ်သည် ကမ္ဘာ ကြီးပူနွေးလာမှုကြောင့်လည်းဖြစ်နိုင် ပေသည်။
အာတိတ်ရေခဲ အရည်ပျော်ရမှုနှင့် ပတ်သက်၍ အခြားတစ်ချက် ရှိသေးသည်။ ဤအချက်သည်လည်း ကမ္ဘာကြီး ပူနွေးလာမှုနှင့် ပတ်သက်နိုင်သည်။ ရေခဲပြင်ပေါ်မှ ပို၍ပူနွေး သောလေသည် ရေခဲပြင်အောက်မှ ပို၍ပူနွေးသော ရေနှင့်အတူ ရောက်ရှိလာခြင်းဖြစ်၏။ အလာစကာရှိ International Arctic Research Center မှ Igor Polyakov က သူခြေရာခံလိုက်ခဲ့သော ဧရာမ စဉ်ဆက်မပြတ် တရွရွလှုပ်ရှားနေသော ပူနွေးသော ရေထုသည် ၁၉၉၉ ခုနှစ်တွင် အာတိတ်သို့ ရောက်ရှိလာခဲ့ကြောင်း သတင်းပို့ခဲ့သည်။
ထိုပူနွေးသော ရေထုသည် Greenland နှင့် Svalbard ကျွန်းနှစ် ခုကြားရှိ ရေနက်ပိုင်း Fram Strait ရေလက်ကြားမှတစ်ဆင့် ထိုးဖောက် ဝင်ရောက်လာခဲ့ခြင်းဖြစ်၏။ ဤရေ လက်ကြားသည် ဂရင်းလန်းပင်လယ်နှင့် အတ္တလန်တိတ်ကို အာတိတ် သမုဒ္ဒရာနှင့် ဆက်စပ်ပေးသည့် နေရာဖြစ်သည်။ ထိုအချိန်မှစ၍ အဆိုပါ ပူနွေးသော ရေထုသည် အာတိတ်ပင်လယ်အား ဝိုင်းရံထားသည့် တိုက်ကြီးများ၏ ကမ်းဦးရေတိမ်ပိုင်းတွင် တဖြည်းဖြည်း စီးဆင်းနေခဲ့လေသည်။
၂ဝဝ၄ခုနှစ် ဖေဖော်ဝါရီလ နေ့တစ်နေ့တွင် တရွရွလှုပ်ရှား စဲးဆင်းလျက်ရှိသော ထိုပူနွေးသော ရေထုသည် ဆိုက်ဘေးရီးယား၏ မြောက်ဘက် လက်ပ်တပ်ပင်လယ် Laptev Sea ရှိ ရေကြောင်းပြ ဗော်ယာ buoy တစ်ခုသို့ပင် ရောက်လာခဲ့သည်။ ဗော်ယာ၌ ချိတ်ဆွဲထားသော သာမိုမီတာက ရေ၏အပူချိန်ကို တိုင်းတာ ပြခဲ့သည်။ ရေအပူချိန်သည် ဒီဂရီ တစ်ဝက်ခန့် မြင့်တက်သွားခဲ့သည်။ ထိုနာရီအနည်းငယ်အတွင်း ပူနွေးသော ရေထုသည် ဆက်လက်ပြီး ရှိနေခဲ့သည်။ လက်ပ်တပ်ပင်လယ်ပြင်သည် တစ်စတစ်စ ရေခဲကင်းမဲ့ သွားခဲ့လေတော့သည်။
သို့ရာတွင် ဖရမ်းရေလက်ကြားကို ဖြတ်သန်းရောက်ရှိလာခဲ့သော ပူနွေးသော ရေထုသည် အာတိတ်တွင် ဖြစ်ရိုးဖြစ်စဉ် ဒေသ၏ အင်္ဂါရပ်တစ်ခု ဖြစ်ဖွယ်ရှိသည်။ အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သော ရာစုနှစ်တစ်ခုလောက်ကပင် ဤဖြစ်ရပ်ကို နော်ဝေသား နယ်မြေသစ် ရှာဖွေသူလည်းဖြစ် အဏ္ဏဝါဗေဒ ပညာရှင် Oceanogra-pher တစ်ဦးလည်းဖြစ်သည့် Fridtjot Nansen ကသိရှိခဲ့ပြီးဖြစ်၏။ ထိုစဉ်က Nansen သည် အထူးခိုင်ခံ့စွာ တည်ဆောက်ထားသည့် Fram ဟု အမည်ပေးထားသော သင်္ဘောတစ်စင်းကို ရေခဲတုံးကြီးများနှင့်အတူ မျောပါစေပြီး အချက်အလက်များကို လေ့လာမှတ်သား တိုင်းတာကြည့်စေ ခဲ့သည်။
ယခုအခါ အတ္တလန်တိတ် ကိုယ်နှိုက်က ပိုမိုပူနွေးလာခဲ့သည့် အတွက် ပူနွေးသော ရေထုသည် ကြီး မားကျယ်ပြန့်လာခဲ့ပြီး ထိုဖြစ်စဉ်၏ ရိုက်ခတ်မှုကြောင့် အာတိတ်ဒေသ၌ပါ ပူနွေးမှု ကြီးထွားလာခဲ့ခြင်း ဖြစ်သည်။ အခြားသော သီအိုရီတစ်ခုက ဂရင်းလန်းပင်လယ်ပြင်ရှိ ဒေါင်လိုက်အက်ကွဲနေသော ကျောက်ဆောင်ကြီးများ chimneys အတွင်းသို့ တိုးဝင်ငုပ်လျှိုး ပျောက်ကွယ်သွားသည့် ရေထုသည် ဝေးလံသော မြောက်ဘက်အာတိတ်သို့ ရောက်ရှိလာခြင်းလည်း ဖြစ်နိုင်သည်ဟု ဆိုသည်။
Igor Polyakov  က အာတိတ် သမုဒ္ဒရာသည် ပိုမိုပူနွေးသော အခြေ အနေသစ်တစ်ရပ်သို့ ကူးပြောင်းနေဆဲ ဖြစ်သည်ဟု မှတ်ချက်ပြုခဲ့သည်။ ၂ဝဝ၅ခုနှစ် နှောင်းပိုင်းကာလတွင် American Geophysical Union မှ ထုတ်ဝေသည့် Eosဂျာနယ်၌ ရေခဲခေတ် သုတေသီပညာရှင် တစ်စု Glaciologists က အာတိတ်အခြေ အနေနှင့် ပတ်သက်၍ ထိတ်လန့်တ ကြီး ရေးသားတင်ပြခဲ့ကြသည်။
သူတို့က အာတိတ်စနစ်သည် အခြေအနေသစ် တစ်ရပ်ဆီသို့ ရွေ့လျားလျက်ရှိကြောင်း၊ ကမ္ဘာမြေသ မိုင်း၏ ဖြစ်စဉ်အတွင်းဖြစ်ပေါ်ခဲ့သော ရေခဲခေတ် Glacial Period နှင့် ရေခဲခေတ် နှစ်ခုအကြားကာလInter-glacial တို့အကြား ပြောင်းလဲမှုများ၏ အပြင်ဘက်တွင် ရောက်ရှိကြောင်းနှင့် မကြာမီအတောအတွင်း အာတိတ်နွေရာသီ၌ ရေခဲရှိတော့မည် မဟုတ်ကြောင်း ရေးသားဖော်ပြခဲ့ကြသည်။ ဆက်လက်၍ သူတို့က ဤသို့ ဖြစ်လာရခြင်းသည် ကမ္ဘာကြီး ပူနွေးလာမှုကြောင့် ဖြစ်ရသည်ဟု အပ်ကျမပ်ကျ ဆိုခဲ့ကြ၏။
ဒီတော့ အာတိတ်ဒေသမှာ ရေခဲတွေမရှိတော့ ဘာဖြစ်လာနိုင်သလဲ မေးခွန်းထုတ်စရာရှိ၏။ စီးပွားရေး သမားများ ဤအကွက်ကို ချောင်းနေခဲ့ကြသည်မှာ ကြာပြီ။ ရေနံနှင့် သတ္တုသိုက်တူးသူများနှင့် ခရီးသည်တင် ကုန်စည်တင်ပို့ သင်္ဘောလုပ်ငန်း ရှင်ကြီးများ ယခုအချိန်လောက်ဆိုလျှင် လုပ်ငန်းအတွက် ကြိုတင်ပြင် ဆင်ရေးများ လုပ်နေကြလောက်ပြီ။ အာတိတ်ကိုဖြတ်ကျော်ပြီး Bering Strait ရေလက်ကြားမှတစ်ဆင့် ပစိဖိတ်သမုဒ္ဒရာသို့ တိုးလျှိုပေါက် ကူးသန်းသွားလာနိုင်မည် ဖြစ်သည်။ အာတိတ်ဒေသတွင် မြို့ ကြီးပြကြီးများ ထွက်ပေါ်လာမည် ဖြစ်၏။
သို့သော် အာတိတ်ရေခဲပြင်ကျယ်များ ကင်းမဲ့သွားသည့်အတွက် ဝင်ရိုးစွန်း ဝက်ဝံဖြူများကို တွေ့ရတော့မည် မဟုတ်ပေ။ ထို့အတူ ရေခဲပြင်၌ ကျက်စားသည့် ပင်လယ်ဖျံများကိုလည်း တွေ့မြင်ကြရတော့မည် မဟုတ်ချေ။ မြောက်ဝင်ရိုးစွန်း၌ နေထိုင်ကြသည့် အင်နွတ်အက်စကီ မိုးလူမျိုးတို့လည်း ပျောက်ကွယ်သွားနိုင်ပေသည်။
အာတိတ်ဒေသ ပြောင်းလဲမှု သည် ကမ္ဘာကြီးတစ်ဝန်းလုံးသို့ ပျံ့နှံ့လာနိုင်သည်။ ရေခဲဒိုင်း အကာအရံ ကင်းမဲ့သွားသည့်အတွက် ကမ္ဘာကြီး တစ်ခုလုံး ပူနွေးမူ ဒီဂရီမြင့်တက်လာ မည်ဖြစ်သည်။ ဝင်ရိုးစွန်းဒေသနှင့် အပူပိုင်းဒေသအကြား အပူချိန်ကွာ ခြားမှုကြောင့် လှည့်ပတ်စီးဆင်းနေသော သမုဒ္ဒရာနှင့် လေစီးကြောင်းများ တုံ့ဆိုင်းသွားနိုင်သည်။ ကုန်းမြေပေါ်၌ အောက်ခြေရေခဲလွှာများ Permafrost အရည်ပျော်ရာမှ ဖောက်ထွက်လာမည့် မီသိန်းဓာတ်ငွေ့ Methane နှင့် အခြားဓာတ်ငွေ့များကြောင့် အပူချိန်မြင့်တက်လာမည် ဖြစ်၏။
ကုန်းမြေပေါ်မှ ထာဝရရေခဲဖုံး လွှမ်းထားသည့် Ice caps နေရာများ၌ အရည်ပျော်လာသည့်အတွက် ပင်လယ်ရေမျက်နှာပြင် အတော်ပင် မြင့်တက်လာမည်ဖြစ်သည်။ ထို့ကြောင့် အချို့သော ကျွန်းစုများ မြို့ရွာများ ရေမြုပ်သွားပြီး ရွှေ့ပြောင်းနေထိုင်ရေး ပြဿနာ ရှေ့တန်းတက်လာမည်ဖြစ်သည်။
အကယ်၍ ဥတုရာသီ အပြောင်း အလဲကြောင့် အာတိတ်၌ ထိလွယ်ခိုက်လွယ် အခြေအနေ ဖြစ်ပေါ်လာခဲ့လျှင်၊ ကမ္ဘာဂြိုလ် တစ်ခုလုံးသည်လည်း အာတိတ်ဒေသ အပြောင်းအလဲကြောင့် ထိလွယ်ခိုက်လွယ် ဖြစ်လာတော့မည်ဖြစ်၏။ ။

Ref: Frend Pearce:”Ninety Degrees North”