“မစွဲစကောင်း ……….စွဲစကောင်း………………”(တရားရုံးရဲ့အကြောင်း)
“မစွဲစကောင်း ……….စွဲစကောင်း………………”(တရားရုံးရဲ့အကြောင်း)
ပြီးခဲ့တဲ့ဥပုဒ်နေ့က ကိုအောင်မောင်းနဲ့ လက်ဖက်ရည်ဆိုင်ထို်င်ဖြစ်ကြပါတယ်။
မတွေ့တာကြာတော့လဲအကြောင်းအရာစုံပြောမကုန်နိုင်ပေါ့။
ပြောကြရင်းနဲ့ ကိုအောင်မောင်းက သူတို့လုပ်ငန်းတင်မှာမကဘဲလုပ်ငန်းတော်တော်များများ
မှာ အကြွေးတောင်းမရတာတွေ အကြွေးဆုံးတာတွေ ဆိုင်ပိတ်ပြေးတာတွေ ပိုပိုများများလာ တာကိုပြောပြပါတယ်။
လက်ရှိအနေအထားအတိုင်းပြောရမယ်ဆိုရင် ကျနော်တို့မန်းလေးမှာရောင်းကြဝယ်ကြတာအားလုံး အကြွေးစနစ်တွေချည်းပါဘဲ။
မြို့ထဲကဆိုင်တွေရော နယ်သမားရော အကြွေးချပေးမှရောင်းရတာပါ။.
လက်ငင်းဆိုတာ စူပါမတ်ကက်ကြီးတွေဘဲ ရပါတယ်။
ရပ်ကွက်ထဲက လက်လီဆိုင်လေးတွေတောင်မှ ထိုက်သင့်သလောက်အကြွေးပေးရပါတယ်။
ပစ္စည်းတစ်ခုထဲကို ထုတ်လုပ်တဲ့ကုမ္ပဏီတွေပေါလာတော့ ဈေးကွက်လုတဲ့တိုက်ပွဲက
ပိုမိုပြင်းထန်လာပါတယ်။
အဲတော့ အပြိုင်အဆိုင်ဈေးလျော့ပြီး အလုအယက် အကြွေးပေးကြပါတယ်။
ကုန်ကြွေးကို တစ်ပတ်ဆယ်ရက်ကနေ အရေအတွက်များများယူရင် လနဲ့ချီပြီးပေးထားကြပါတယ်။
ရောင်းသူတွေက ဝယ်သူတွေကို အဲဒီလို အလိုလိုက်တော့ “ဘာဝယ်ဝယ်အကြွေးရမှ “ဆိုတဲ့စနစ်
ကြီးက အလိုလိုအတည်ပြုပြီးသားဖြစ်သွားပါတော့တယ်။
@@@@@@@@@@@@@@@ @@@@@@@@@@@ @@@@@@@@@@@@
အဲလို အကြွေးလွယ်လွယ်ယူလို့ ရတယ်ဆိုတော့ကုန်သည် တော်တော်များများကလည်း ငွေကိုလှည့်သုံးတတ်လာကြပါတယ်။
ရောင်းလို့ရတဲ့ရောင်းကြေးထဲကနေ သူများအကြွေးကို မဆပ်သေးဘဲ
ပေးရမယ်လို့ သတ်မှတ်ထားတဲ့ရက်မရောက်မခြင်း လှည့်သုံးပါတော့တယ်။
အဲလိုလှည့်မသုံးတဲ့လူဆိုရင် “ လူနုံ လူအ”စာရင်းထဲမှာပါနေသလိုလို ။
တစ်ချို့ကတော့ အကြွေးလွယ်လွယ်ယူပြီး သူများကို အကြွေးလွယ်လွယ်ပြန်ချပေးပါတယ်။
(ကိုယ်တစ်ဆင့်ပြန်ပေးတဲ့လူက မပေးတော့ ကိုယ်ကလဲစိုက်မပေးနိုင် အဲတော့ပင်ရင်းစပေးတဲ့လူက အနစ်နာခံပေါ့)
တစ်ချို့ကတော့ လုပ်ငန်းအသစ်တွေချဲ့ပြီး အပုံပြောင်းကြ
(မအောင်မြင်တော့ သုံးထားတဲ့ငွေက ပြန်ထွက်မလာ)
တစ်ချို့ကတော့ ရွှေဝယ်လိုက် အိမ်ဝယ်လိုက် ကား ဝယ်လို်က် သူများပိုက်ဆံနဲ့
အလုပ်တွေဖြစ်နေကြပါတော့တယ်။
ဒီအထဲမှာ ဘုရားအမကျောင်းအမအမည်ခံလို့ လှုဒါန်းသူကလဲရှိပြန်ပါသေးတယ်။
သူများပိုက်ဆံနဲ့ပေါ့။
တစ်ချု့ိကတော့သူများအကြွေးကိုမပေးဘဲ သူများကိုငွေတိုးနဲ့တစ်ဆင့်ပြန်ချေးတာတို့
စုကြေးလိုက်တာတို့ ၊တက်မယ်ထင်တယ့်ပစ္စည်းဝယ်လှောင်တာတို့၊
ဈေးတက်မယ်ထင်တဲ့ မြေကွက်တွေဝယ်ပြီးဥထားတာတို့စိတ်ကူးပေါက်သမျှ
လျှောက်လုပ်ထားကြပါတော့တယ်။
တစ်ချို့တော့ လဲ လောင်းကစားဘက်မှပုံအောပါတယ်။
အဲဒါတွေရဲ့အကျိုးဆက်ကတော့ တစ်နေရာရာမှာထစ်သွားပြီဆိုတာနဲ့
လုပ်ငန်းလည်ပါတ်မူ့တွေရပ်ဆိုင်းသွားပါတယ်။
အဲဒီအခါမှာတော့ရစရာရှိသူနဲ့ပေးစရာရှိသူကြားမှာ ပြဿနာတက်ပါတော့တယ်။
အဲလိုဖြစ်လို့ကတော့အပြင်မှာ လူမူ့ရေးအရပြေလည်အောင် တိုးတိုးတိတ်တိတ် ကြိတ်လို့အရင်ညှိကြပါတယ်။
ညှိလို့မရရင် ဒါမှမဟုတ် မပေးဘူးလို့ ဘူးခံငြင်းနေရင်တာ့ တရားစွဲဘို့ပြင်ဆင်ကြပါတော့တယ်။
ဒီလိုတရားစွဲတယ်ဆိုတာလဲ တကယ့်ကိုနောက်ဆုံးအဆင့်ရောက်မှစွဲကြတာပါ။
မြန်မာပြည်မှာက “တရားရုံး”ဆိုတာကြီးကို တတ်နိုင်သလောက်မရောက်အောင်
ရှောင်ကြပါတယ်။
ရှေးအင်္ဂလိပ်လက်ထက်ကတည်းက အဲဒီကိုသွားဘို့ကြောက်ကြတာအခုထိပါဘဲ။
တရားရုံးဆိုတာက ခင်ဗျားတို့ ကျနော်တို့ သာမာန်လူတွေ နဲ့မသက်ဆိုင်တဲ့နေရာ၊
သာမန်နေ့စဉ်သုံးစကားတွေပြောလို့မရတဲ့နေရာလို့ ထင်မှတ်ထားကြပါတယ်။
ထင်လဲထင်လောက်စရာပါဘဲ။
တရားရုံးမှာပြောတဲ့စကားကလဲ ခန့်ငြားအောင်ပြောတာလား၊
ဒါမှမဟုတ်မျက့်စေလည်အောင်ဘဲတမင်ပြောတာလား တော့မသိဘူး။
နားထောင်လို့ခက်တာ သေချာနားမထောင်ဘဲ ဖြေလို်က်ရင် အမှန်ကနေအမှားဖြစ်သွား တာကတော့အမှန်ပါဘဲ။
အမူ့တစ်ခုဖြစ်ပြီဆိုရင် ရဲစခန်းသွားရ ရှေ့နေဆီသွားရ
ဟိုသွားရ ဒီသွားရနဲ့အတော်လေးအလုပ်ရှုပ်ပါတယ်။
အမူဆိုင်ပြီဆိုပြန်တော့လဲ ရုံးသွားရ စောင့်ရပြုရ နဲ့ အချိန်အတော်လေးပေးရသလို
ရှေ့နေခ ဘာခ ညာခနဲ့ ကုန်တာက လည်းမနည်းပြန်ပါဘူး။
အဲဒီနေ့ကတော့ ကိုအောင်မောင်းက အပြောသမား ကျနော်က နားထောင်သမား။
သူပြောပြသွားတဲ့အကြောင်းလေးကတော့……………………………..
??????????????? ???????????????????? ???????????????????? ???????????????
ကျနော်ကိုယ်တိုင်လဲ အကြွေးဆုံးတဲ့အမူ့တစ်ခုမှာ သက်သေအဖြစ်ပါဘူးတယ်လေ။
ဈေးထဲက ဆိုင်တစ်ဆိုင်က စီးပွားပျက်စအချိန်မှာ ရစရာရှိတာတွေကိုပေးဘို့ အကြိမ်ကြိမ်သွားတောင်းလဲမပေးဘူး။
ဒီနေ့တော့ဈေးရောင်းမကောင်းလို့ နောက်ရက်မှပေးမယ်တို့၊
ငွေလွှဲကမရောက်သေးလို့ ဘဏ်ကမထုတ်ရသေးလို့နဲ့
အကြောင်းအမျိုးမျိုးပြတာပေါ့။
စီးပွားပျက်ဘို့နီးလာပြီးဆိုတဲ့ဆိုင်တွေကို ကြည့်လိုက်ရင် ကတိပျက်တာက အရင်စတာဘဲ။
ပေးစရာရှိတာကို နေ့ရွှေ့ညရွှေ့လုပ်နေရင်သတိသာထားပေတော့။
မကြာခင်အဲဒီဆိုင် စီးပွားပျက်သွားတာဘဲ။
အကြွေးပေးစရာရှိတာတွေကို မပေးနိုင်တော့လူမူ့ရေးအရခေါ်ညှိဘို့ လုပ်ရပါတော့တာပေါ့။
အစက တော့ ဈေးရုံးဖြစ်ဖြစ် ရပ်ကွက်ရုံးမှာဖြစ်ဖြစ်ခေါ်ပြီး စကားပြောကြမယ်လို့သူတို့ကိုလှမ်းသတင်းပေးလို်က်ပါတယ်။
အဲတော့ အဲဒီဆိုင်ပိုင်ရှင် လူက” အဲလိုတော့မလုပ်ပါနဲ့ ခင်ဗျားတို့ရုံးမှာဘဲပြောကြရအောင်ပါ”
လို့တောင်းပန်တာနဲ့ဘဲ ကျနော်တို့ရုံးမှာဘဲ တွေ့ပြီးစကားပြောဘို့စီစဉ်လို်က်ရပါတယ်။
အမှန်ကတော့ ကျနော်တို့က အဲဒီလူကို ညှာလိုက်တာပါ။
ဒါပေမယ့် ချက်ခြင်းမလာပါဘူး။
သွားခေါ်လို်က်ရင်လာမယ်ပြောပေမယ့် မလာပါဘူး။
လေးငါးခြောက်ကြိမ် ပင့်မှ ကိုယ်တော်က ကြွလာပါတယ်.။
အဲတော့ လဲပြောကြညှိကြပေါ့။
သူ့ကို ပေးစရာရှိတာမှန်တဲ့အကြောင်း ဒီငွေကို ဘယ်နေ့နောက်ဆုံးထားပေးမယ်ဆိုတဲ့
အကြောင်းပါတဲ့ စာချုပ်တစ်စောင်ချုပ်ဘို့လုပ်ကြပါတယ်။
ဒါပေမယ့်သူက ဘယ်နေ့နောက်ဆုံးဆိုတာကိုတော့ လက်သင့်မခံဘူး။
သူ့အခုလက်ရှိဖွင့်ထားတဲ့ဆိုင်ရောင်းပြီးရင် အကုန်ပေးမယ်ဆိုပြောပြန်ပါတယ်။.
အဲဒါနဲ့ဘဲညှိကြရတာပေ့ါ။
နောက်ဆုံးတော့ ဆိုင်ခန်းရောင်းရလို့ဘဲဖြစ်ဖြစ် ဒီပြင်နေရာက ပိုက်ဆံရရင်ဘဲဖြစ်ဖြစ်
ပေးပါမယ်ဆိုတာကို သဘောတူလိုက်ပါတယ်။
လက်မှတ်ထိုးပေးပြီးလို့နှစ်သာကုန်သွားတယ် တစ်ပြားတစ်ချပ်မှလဲမရ
လူလည်းမလာဆိုတော့ ရှေ့နေကနေတစ်ဆင့် တရားစွဲဘို့ပြင်ရပါတယ်။
တိုတိုပြောရရင် တရားရုံးက ဒီအမူ့ကိုလက်ခံလိုက်တယ်ဆိုပါစို့။
အဲဒါနဲ့ဘဲ တရားရုံးတော်ပေါ်မှာ ရင်ဆို်င်ကြဘို့ အသင့်ပြင်ကြရပါတော့တယ်။
$$$$$$$$$$$$$$$$$ % $$$$$$$$$$$$$$$$$ %$$$$$$$$$$$$$$$$%
တစ်ရက်တော့ ရှေ့နေက လာမယ့် တနင်္လာနေ့မှာရုံးချိန်းရှိတယ် တရားရုံးကို မနက်ဆယ်နာရီ
ရောက်အောင်လာခဲ့ပါပြောပါတယ်။
မသွားခင်ညကတော့တရားရုံးမှာရင်ဆိုင်ရမယ်ဆိုတော့ ရုပ်ရှင်ထဲမှာမြင်ဘူးတဲ့
တရားခွင်တွေကို ပြေးမြင်မိပါတယ်။
အထူးသဖြင့် ကုလားကားနဲ့ အင်္ဂလိပ်ကားတွေမှာပါတတ်တဲ့ တရားခွင်တွေကိုပေါ့။
တရားသူကြီးကလဲ ခန့်ခန့်ကြီးစင်မြင့်ထက်မှာထို်င်နေ။
ဂျူရီလူကြီးတွေကလဲ တသီတစ်တန်းကြီး။
နှစ်ဖက်ရှေ့နေတွေကလဲ မာန်အပြည့်နဲ့ ထိုင်နေ.။
လာနားထောင်တဲ့ဧည့်ပရိသတ်နဲ့ပါတ်သက်သူတွေကလဲ ရုံးခန်းနဲ့အပြည့်။
ရှေ့နေတစ်ယောက်က ဟန်ပါပါနဲ့မေး။
တစ်ဘက်ရှေ့နေက ကန့်ကွက်။
ငြင်းလိုက်ခုန်လိုက်ကြတာကလဲ ကိုယ်ဟန်အမူအယာမျုးိစုံနဲ့ပေါ့။
တရားသူကြီးကလဲသေချာနားထောင်ပြီးခေါင်းလေးတငြိမ့်ငြိမ့်ဆုံးဖြတ်
တစ်ခါတစ်ရံ ပြောလိုက်တာသဘောကျလို့ဖြစ်ဖြစ် သဘောမကျလို့ဘဲဆိုဆို
တရားရုံးထဲမှ နည်းနည်းလေးအုံးအုံးကျွက်ကျွက်ဖြစ်သွားရင် ငြိမ်သက်ဘု့ိ မဆူဘို့အတွက်
တူကလေးကို ဟန်ပါပါနဲ့ထု။
ဒါကတော့ ရုပ်ရှင်ထဲမှာပါတဲ့ တရားခွင်ပါ။
????????????? ???????????????? ???????????????? ?????????????
ချိန်းထားတဲ့နေ့ရောက်တော့ မနက် ဆယ်နာရီမထိုးခင်တရားရုုံးကိုအရောက်သွားလိုက်ပါတယ်။
ကျနော်ရုံးရောက်တော့ ရုံးခန်းတွေတံခါးဖွင့်ထားတာမြင်ပေမယ့် ကျနော်ဘက်ကရှေ့နေလဲမတွေ့ပါဘူး။
ဟိုရုံးဒေါင့်နားကခြံစည်းရိုးနား မှာတော့ လူစုစု။
မေးကြည့်တော့ ဒီနေရုံးထုတ်ရှိတယ်ပြောပါတယ်။
ရုံးထုတ်မှာ ပါတဲ့ အချုပ်ကျတွေရဲ့ မိသားစုတွေကလာတွေ့ဘို့စောင့်နေကြတာလို့ပြောပါတယ်။
ကျနော်လဲဟိုကြည့်ဒီကြည့်နဲ့သွားရင်းရုံးအပြင်ဘက်နားမှာတွေ့တဲ့
လက်ဖက်ရည်ဆိုင်ဝင်ထိုင်လို်က်ပါတယ်။
ကျနော်ဝင်ထိုင်တဲ့စားပွဲနဲ့မျက်စောင်းထိုးလောက်မှာတော့အကျီအဖြူဝတ်ထားတဲ့လူသုံးယောက်
ထိုင်နေပါတယ်။
ဟိုနေ့ညက မန်ယူရှုံးသွားတဲ့ပွဲအကြောင်းကိုစားမြုံ့ပြန်နေကြတာပါ။
ဆေးလိပ်မီးခိုးထောင်းထောင်းထအောင်ဖွာသလိုကွမ်းကလဲတဗျစ်ဗျစ်နဲ့ပါဘဲ။
သိပ်မကြာခင် ကျနော်တို့ဘက်ကလိုက်မယ့်ရှေ့နေအဖွဲ့ရောက်လာပါတယ်။
သူတို့က ဒီလက်ဘက်ရည်ဆိုင်ထဲမဝင်ဘဲနောက်တစ်ဆိုင်ပြောင်းဘို့ပြောပါတယ်။
ဒီဆိုင်နဲ့သိပ်မဝေးတဲ့ဆိုင်လေးကိုပြောင်းထိုင်တော့ ရှေ့နေက ကျနော့်ကိုဘယ်လိုဖြေရမယ်
ဆိုတာသင်ပေးပါတယ်။
ဟိုဘက်ရှေ့နေက မေးတာကို သေချာနားထောင်ပြီးမှဖြေဘို့။
နောက်ကျနော်တို့အမူ့ကိစ္စနဲ့ပါတ်သက်ရင် ဘယ်လိုဖြေရမယ်ဆိုတာကို သင်ပေးပြန်ပါတယ်။
သူသင်ပေးလို့အားရတော့ တရားရုံးထဲကိုဝင်ကြပါတယ်။
တရားရုံးထဲဝင်တော့ နေရာတော်တော်များများမှာ “ဆေးလိပ်မသောက်ရ ကွမ်းမစားရ “
ဆိုင်းဘုတ်တွေကတော့ နေရာတော်တော်များများမှာချိတ်ထားတာတွေ့ရပါတယ်။
အပြင်မှာတော့ အမူ့ဆိုင်မယ့်သူတွေရော ချိန်ဘာဆင်းမယ့်သူတွေရော အတော်မျာများက
တော့ ရောက်နေပါတယ်။
ကလေးတုံးကဖတ်စာလေးတောင်ပြေးသတိရလိုက်ပါသေးတယ်။
“မီးရထားက မလာသေး ခရီးဝေးသွားမည့်သူလဲပါသည်”
အတော်လေးနေတော့မှ ကျနော်ရှေ့နေက
“ ဟောတရားသူကြီးလာပြီ”ဆိုလို့ကြည့်လိုက်တော့ စေ ာစောက လက်ဖက်ရည်ဆိုင်မှာတွေ့
ခဲ့တဲ့သူထဲက တစ်ယောက်ဖြစ်နေပါတယ်။
လက်ထဲမှာတော့ စီးကရက်မီးခိုးလေးက တလူလူ။
ပျစ်ကနဲကွမ်းလှမ်းထွေးလိုက်ပုံလေးကလဲ လှမှလ
အဲဒီမှာသဘောပေါက်လိုက်တာက ချိတ်ထားတဲ့ဆိုင်းဘုတ်က ကျနော်တို့လိုခဏလာသူအတွက်သာ
ရည်ရွယ်တယ်ဆိုတာကိုပါ။
နာရီကြည့်လိုက်တော့ ဆယ့်တစ်နာရီထိုးခါနီးနေပါပြီ။
သူရောက်ပြီးခဏနေတော့ ကျနော်တို့အမူတွဲအရင်တင်မယ်ပြောပါတယ်။
ကျနော်အစစ်ခံရတဲ့အလှည့်ရောက်တော့ ကျမ်းကျိန်ရတာပေါ့ဗျာ။
အဲဒီကျမ်းကျိန်လွှာထဲပါတဲ့စာတွေကို စားပွဲခုံပေါ်မှာကပ်ပေးထားပါတယ်။
ဒါပေမယ့် စုတ်နေတော့ အားလုံးကိုတော့ ဖတ်လို့မရပါဘူး။
သေချာတာတစ်ခုကတော့ အတော်လေးကို ပက်ပက်စက်စက် ကျိန်စာတိုက်ထားတာ
ကတော့သေချာပါတယ်။
လိမ်ညာပြောရင် အရလာမယ့် အပြစ်တွေကများများ မှန်မှန်ကန်ကန်ပြောလို့ရလာမယ့်
အကျိုးကတော့ခပ်နည်းနည်း။
ရှေးကတည်းက သုံးလာတာ အခုထိဆိုတော့ ခေတ်မမီတော့ဘူးလို့ပြောရင်လဲရပါတယ်။
တရားခွင်စပြီဆိုတော့ တစ်ဖက်ရှေ့နေက ထုံးစံအတိုင်း နာမယ်တွေဘာတွေမှတ်ပုံတင်
တွေ စပြောရတော့တာပေါ့။
ကျနော်တို့ပြောတာကို လက်နှိပ်စက် တစ်ဖျောက်ဖျောက်ရိုက်ပြီးမှတ်တမ်းတင်ပါတယ်။
စာရွက်တစ်ရွက်ကုန်သွားလို့နောက်တရွက်လဲရင်ခဏစောင့်ပေါ့။
(ကွန်ပြူတာနဲ့သာရိုက်ပြီးမှတ်တမ်းတင်မယ်ဆိုရင် အတော်ကောင်းမယ်လို့တွေးမိပါရဲ့)
ရှေ့နေမေးတဲ့မေးခွန်းတွေက ကျနော်အတွက် မနည်းနားထောင်ပြီးဖြေရတာလဲ
စိတ်အတော်ရှုပ်ပါတယ်။
သူတို့ပြောတဲ့မြန်မာစကားလုံးကို သာမန်နေ့စဉ်သုံးစကားလုံးဖြစ်အောင်ဘာသာပြန်ရတာကလဲ
အလုပ်တစ်ခုလိုဖြစ်နေတော့ စိတ်တင်းကျပ်တာပေါ့။
“ဒီရစရာ ရှိတဲ့ ငွေတွေကို ပေးပြီးတာ ဟုူတ်လား မဟုတ်ဘူးလား”လို့ တည့်တည့်မမေးဘဲ
စကားလုံးကို ရှုပ်အောင် ကွေ့ဝိုက်မေးနေတော့ မှားဖြေမိမှာလဲစိုးတာအမှန်ပါဘဲ။
အပြင်မှာဘယ်လိုမှန်မှန် တရားရုံးတော်မှာထွက်တဲ့ထွက်ချက်က အတည်ဖြစ်သွားမှာကိုး။
အဲတော့ မှားမဖြေမိအောင်သတိထားနေရတော့ စိတ်တင်းကျပ်တာပေါ့။
ကျနော်တို့အောက်ကသာမေးလိုက်ဖြေလိုက်လုပ်နေပေမယ့် တရားသူကြီးကြည့်ရတာ
ကျနော်စစ်ဆေးနေတာတွေ မေးမြန်းနေတာတွေကို စိတ်ဝင်စားပုံမရပါဘူး။
ထိုင်သာနေတယ် စိတ်တွေက အဝေးလွင့်နေသလိုပါဘဲ။
အဲဒါနဲ့ဘဲနာရီဝက်လောက်ပေးပြီးတော့ ပြီးသွားပါတယ်။
တကယ်အမေးအဖြေလုပ်တာက နာရီဝက်။
ကျနော်နောက်မှာ အမူစစ်မယ့်သူတွေအများကြီး ကျန်နေသေးတယ်လေ။
ဘယ်အချိန်မှ ပြီးမယ်မသိဘူး။
ခဏလေးနဲ့ပြီးရမယ့်အလုပ်တွေကို အချိန်တိကျအောင်မလုပ်တော့
အလုပ်ပျက်အကိုင်ပျက်နဲ့ အချိန်ကုန်လူပန်း။
အဲတော့လဲ ငွေကုန်တာ မကုန်တာ ပြန်ရတာ မရတာထက် အလုပ်လုပ်
ရမယ့်အချိန်တွေကို အလဟဿ ဖြုန်းတီးနေသလိုဖြစ်နေတာပေါ့။
ဒီတော့လဲ တစ်ခုခုဖြစ်လို့ တရားစွဲမယ်ကြံရင်အချိန်ကုန် ငွေပန်းဆိုတာကို
ကြောက်တော့ အပြင်မှာညှိဘို့ဘဲကြိုးစားပါတော့တယ်ဗျာ။
&&&&&&&&&&&& &&&&&&&&&&&&&& &&&&&&&&&& &&&&&&&&&&&
အဲဒါကတော့ ကိုအောင်မောင်းကြုံတာ။
ကျနော်တုံးကတော့ လဲ သိပ်မထူးပါဘူး။
ရုံးချိန်းဆိုတာနဲ့သွားလိုက် မနက်ကိုးနာရီခွဲအရောက်။
ရုံးရောက်တော့ဟိုနားထိုင် ဒီနားထိုင်။
လက်ဖက်ရည်ဆိုင် ကို လူတစ်အုပ်ကြီးနဲ့ထိုင်။
ရုံးဖွင့်ချိန်လဲရောက်ရော ဟိုဘက်ကလူကမလာနိုင်လို့ရက်ချိန်းယူ၊
တစ်ခါ ကိုယ့်ရှေ့နေက ရက်ချိန်းပြန်ယူ၊
ရုံးကအစည်းအဝေးဆိုပြီးရက်ချိန်းပြန်ယူနဲ့
သုံးလေးခါချိန်းမှ တစ်ခါလောက်သာအမူ့စစ်ဖြစ်ပါတယ်။
အဲတော့ တစ်နှစ်ကျော်ကြာလာတာတောင်အမူ့ကမပြီး။
စစ်ဖြစ်တဲ့နေ့ကြပြန်ရင်လဲ ပထမဆုံးတင်တဲ့အမူ့တွဲမပါရင်တော့
ကိုယ့်အလှည့်မရောက်မခြင်းစောင့်ပေတော့။
ထမင်းစားချိန်ရောက်လို့မှ မစစ်ရသေးရင် သွားပေတော့
ထမင်းဆိုင်လူတစ်အုပ်တစ်မကြီးနဲ့။
မနက်ကိုးနာရီလောက်ရောက်နေတာ ညနေသုံးနာရီလောက်မှ ပြီးတဲ့အခါပြီး။။
ကြာတော့လဲ ဒီလိုအမူ့ဆိုင်ရမှာ တကယ်ကိုကြောက်လာပါတယ်။
အမူ့ကဘယ်လိုနေမယ်မသိ ကုန်လိုက်တဲ့ပိုက်ဆံသောက်သောက်လဲ။
ဟိုအတွက်ဒီအတွက် တထွက်ထဲထွက်နေတာပါဘဲ။
အဲတော့လဲ တော်ရုံတန်ရုံ နစ်နာရုံလောက်နဲ့တရားမစွဲဘဲ
ကြီးသောအမူ့ငယ် ငယ်သောအမူ့ပျောက်အောင်လုပ်ရတော့တာပါဘဲ။
သူများတွေဆီမှာတော့ မရောက်ဘူးလို့ ဘယ်လိုတရားရင်ဆိုင်ကြတယ်ဆိုတာမသိပါဘူး။
ကျနော်တို့ဆီမှာတော့ ဒီအတိုင်းမို့ တရားရုံးသွားရမယ်ဆိုရင်
“သားသားကြောက်ကြောက်ပါဘဲ”
(ထစ်ကနဲ့ရှိ တရားစွဲလိုက်ပါလား ဟု တိုက်တွန်းတတ်သောအဝေးမှ မိတ်ဆွေအတွက်အမှတ်တရ)
ကိုပေါက်လက်ဆောင်အတွေးပါးပါလေး
(5-2-2012)
ကိုပေါက်လက်ဆောင် အတွေးပါးပါးလေး
(21-1-2012)
16 comments
ကိုပေါက်(မန္တလေး)
February 6, 2012 at 8:57 am
ကိုခိုင်ရေ
ကျနော်တို့ကိစ္စတစ်ခုဖြစ်ရင်ဘာကြောင့်တရားမစွဲချင်သလဲဆိုတာ သိအောင်ရေးပြတာပါ။
ဒါတောင် ပါးပါးလေးဘဲရှိသေးတယ်နော်။
kai
February 6, 2012 at 9:50 am
အင်း..
ယူအက်စ်မှာလည်း.. တရားတဘောင်ဖြစ်ရင်.. လွယ်တာတော့ မဟုတ်ပါဘူး..။
အချိန်ကုန်..ငွေကုန်တာ သောက်သောက်လဲပါပဲ..။
ဒါပေမဲ့…
justice တရားမျှတမှုနဲ့.. အဆုံးအဖြတ်ပေါ်ကို တင်ရတဲ့အထိ ဖြစ်လာရင်.. တင်ရမှာပါပဲ..။
ဒါဟာ.. လူသားနဲ့လူ့အသိုင်းအဝိုင်းအတွက်လိုအပ်မှုတခုဖြစ်ပြီး.. ကိုယ့်ရဲ့သမိုင်းအတွက်လည်း လိုအပ်မှုတခုသာဖြစ်ပါတယ်..။
(အထူးသဖြင့့်) ခရစ်ယန်တွေအတွက်.. နောင်တခါ.. ဘုရားသခင်ဆီမှာ.. အဆုံးအဖြတ်ခံယူရင် အပြစ်ကင်းကြောင်း သက်သေလိုအပ်ချက်တခုဖြစ်တာမို့.. အထူးကို သတိထားလုပ်ကြတယ်လို့ထင်နေမိတယ်..။
ကြီးကြီးမားမား..ချဲ့ပြောပြရရင်..
ဂျူးတွေကိုဟစ်တလာကသတ်ခဲ့ပြီးနောက်..ကမ္ဘာစစ်ပြီးတော့. ဂျူးတွေဟာ.. သူတို့ဇာတိနွယ်တွေကိုသတ်ခဲ့တဲ့နာဇီတွေနောက်ကို… ပြန်လိုက်ကြရာမှာ.. လက်စားချေဖို့ထက်.. လူမျိုးနွယ်တခုအတွက်.. တရားမျှတမှုနဲ့.. သမိုင်းမရိုင်းစေဖို့ ရည်ရွယ်ပြီး.. ရေဆုံးမြေဆုံး လိုက်ခဲ့ကြတာဖြစ်တယ်လေ..
တရားခံကို ဖမ်းမိရင်လည်း.. အသက်မသေဖို့စောင့်ရှောက်ပြီး.. တရားရေးပေါ်တင်.. အဆုံးအဖြတ်ကိုကမ္ဘာကိုအသိပေးတာဟာ.. တရားရေးနဲ့.. မျှတမှုကို ဘယ်လိုမြင်တယ်..လေးစားတယ်ဆိုတာ.. ပြသဖို့သာဖြစ်ပါတယ်..။
=
မြန်မာတွေအတွက်ကတော့… အများကြီးပြုပြင်ရဦးမယ်..။
ဘာသာရေးအတွေးအခေါ်တွေနဲ့.. ရိုးရာဓလေ့တွေ ခေတ်မှီလာအောင်ပြင်ယူရင်း… တရားရေးမဏ္ဍိုင်ကို.. မွန်းမံရမှာပေါ့..။
.. တရားသူကြီးတယောက်က.. စည်းကမ်းဆိုင်းဘုတ်ကို မလိုက်နာပဲ.. ပြုမှုလုပ်ကိုင်တာကို.. မီဒီယာက လူထုသိအောင်လုပ်ပေးလိုက်ရင်.. မီဒီယာကတာဝန်ကျေပါတယ်..။
ဒီကျေတဲ့တာဝန်ဟာ.. လူအများကြီးအတွက်.. ကောင်းတာဖြစ်လာစေတာမို့.. ဘယ်လောက်မွန်မြတ်တဲ့အလုပ်လည်း..တွေးကြည့်နိုင်မှာပါ…။
ဒီလိုတွေအတွက်.. အောက်ခြေပိုင်း.. တကယ်ဖြစ်နေတာတွေကို.. မီဒီယာပေါ်တင်ရေးပေးတာမျိုးက ..အထူးလိုအပ်မှာပါ..။
.. ကုသိုလ်အင်မတန်ရပါတယ်လို့…။ 🙂
ဦးဦးပါလေရာ
February 6, 2012 at 10:11 am
ဒီနိုင်ငံမှာ လူလိမ်လူကောက် ကတိပျက်သူတွေ ဆထက်ထမ်းပိုးတိုးပွားလာတာဟာ
ပြည်သူတဦးစီရဲ့ ပိုင်ဆိုင်မှု့ ပိုင်ဆိုင်ခွင့်တွေကို ဖိဖိစီးစီးအကာအကွယ်မပေးလို့ ဖြစ်ရတာလို့ယူဆပါတယ်။
ကြွေးမပေးလို့ ကတိပျက်လို့သာ-
ဒုက္ခရောက်မယ်၊ ထိထိရောက်ရောက်ပြစ်ဒါဏ်ခံရမယ်ဆိုရင်
လူကောင်းတွေက လွယ်လွယ်နဲ့ လူလိမ်ဘယ်ဖြစ်သွားတော့မလဲ။
အခုတော့ …. ဒီဥပဒေ ဒီလုပ်ထုံးလုပ်နည်းတွေနဲ့တော့ ….. အေး..ဆေး……။
စိန်ပေါက်ပေါက်
February 6, 2012 at 12:11 pm
တရားရုံး၊ရဲစခန်း၊ရပ်ကွက်ရုံး၊ပြည်သူ ့ဆေးရုံ သများသွားရမှာ သိပ်သိပ်ကြောက်ပဲ..
ငွေ သောက်သောက်လဲ ကုန်မဲ့နေရာတွေ တားတားကြောက်ကြောက်..
အူးပေါက်လို မပြောတတ်လို ့.မပြောတာ…အူးပေါက်ပြောခဲ့တာထက် တော်တော်ဆိုးဆိုးတွေပဲလို ့ထောက်ခံပါ၏
windtalker
February 6, 2012 at 2:17 pm
ကျုပ်တို ့ဆီမှာ က ကြောက်တယ်ဆိုတာထက် ၊ ရွံ တယ် ဆိုတာ မျိုးလဲ ပါတာကိုး
ကျွန်တော် ငယ်ငယ်တုန်းက လိုင်စင်မရှိဘဲ ဆိုင်ကယ်စီးလို ့မော်တော်ပီကယ် က ဖမ်းတယ် ။ တရားရုံး ကို သွားခဲ့ရတယ် ။ အသက်ကလဲ မပြည့်သေးတော့ မိဘ ပါ ခေါ်သွားရတာပေါ့ဗျာ ။ တရားသူကြီး က အမျိုးသမီး ၊ အမှုနဲ ့မဆိုင်တဲ့ စကားတွေ နဲ ့စော်ကားတယ် ။ မိမဆုံးမ ၊ ဖမဆုံးမ ဘာလား ပေါ့ ၊ အမှန် က သူ ့မှာ အဲ့လို ပြောခွင့် ရှိရဲ ့လား ဆိုတာ ကို ၊ အဲ့တုန်းက နားမလည်ခဲ့လို ့၊ ပြန်မတုံ ့ပြန်နိုင်ခဲ့တာ ဝမ်းနည်း စရာ ပါဘဲ ။
ကိုပေါက်(မန္တလေး)
February 6, 2012 at 3:23 pm
ပြည်သူတွေကိုယ်တု်ိင်ကလဲစောင့်ထိန်း
လူတိုင်းကလည်း ဥပဒေကိုလည်းနားလည်
အကောင်အထည်ဖော်ရသူကလဲ တိတိကျကျ
ဆုံးဖြတ်ရသူကလဲ မှန်မှန်ကန်ကန်ဆိုရင်
အတိုင်းထက်အလွန်ကောင်းပေါ့ဗျာ။
kai
February 6, 2012 at 5:35 pm
တကယ်တော့.. ယူအက်စ်ကလူတဦးချင်းစီက.. တရားတဘောင်မှာ ပြတ်ပြတ်သားသားဖြစ်ကြစေချင်တာဟာ.. ငွေကြေးစံနစ်ရဲ့တွန်းအားတခုကလည်းပါမယ်ထင်ပါတယ်။
လူတွေကို.. ခရက်ဒစ်စကိုလ်းလို.. အမှတ်ပေးစံနစ်နဲ့.. ပေးထားဖြတ်ထားလို့ပါ…။
ဆိုတော့..
တရားရှုံးထားသူတဦးဟာ.. သူ့ဆီမှာ.. အမှတ်ပေးစံနစ်အရ အနှုတ်ပြနေမှာဖြစ်ပြီး.. ဒီကိန်းဂဏန်းက.. သူဘာလုပ်လုပ်.. ဒုက္ခပေးနေမှာပါ..။
… အိမ်ထောင်ပြုရင်.. အာမခံဝယ်ရင်.. ကားဝယ်ရင်.. အကုန်အဲဒါကိုပြန်လှန်ကြည့်လို့ဖြစ်ပါတယ်….။
မြန်မာပြည်မှာ.. အဲဒီအမှတ်ပေးစံနစ်တခုလုပ်သင့်တယ် ထင်တာပါပဲ..။
ကိုပေါက်(မန္တလေး)
February 6, 2012 at 5:54 pm
ကိုခိုင်ရေ
ဒီမှာက စာရင်းဇယား ထိန်းချုပ်မူ့အပိုင်း အဲဒီမှာလောက်စနစ်တကျမရှိတာရယ်။
ဌာနတစ်ခုနဲ့တစ်ခုအချိတ်အဆက်လဲ မမိကြဘူးလေ။
နေဝန်းနီ
February 6, 2012 at 6:43 pm
အချိတ်အဆက်မမိတာလည်းမပြောနဲ့လေ…….. သူတို့ အချင်းချင်းလည်း တစောင်းနဲ့မျက်ချေး သူ့ဆော်ရင်ကိုယ်လည်းဆော်မယ်…။ သူ့အလှည့်ကိုယ့်အလှည့်ဆိုတဲ့ စိတ်ကဖျောက်မှမဖျောက်တာကိုး……….. ။
nature
February 6, 2012 at 8:24 pm
ကိုပေါက်ရေ –
တရားရုံးမှာ လက်နှိပ်စက်နဲ့မှတ်တမ်းတင်တာကပိုကောင်းတယ်လို့ထင်တယ်ဗျ။ ကိုပေါက်စဉ်းစားသလိုမျိုး ကျနော်စဉ်းစားခဲ့ဘူးတယ်။ ကွန်ပြူတာက ဖျက်ရပြင်ရအရမ်းလွယ်တာ အားနဲချက်ပဲ ။ လက်နှိပ်စက်နဲ့ရိုက်တာက ပြင်ရင်သိသာတယ်။
တရားမမှုဆိုတာနဲ့ တရားစွဲမည့်သူက တီကောင်ဆားတို့သလို တွန့်သွားတတ်ပါတယ်။
မှန်းကန်မြန်ဆန်တဲ့ တရားဥပဒေ ရဲ့ အကာအကွယ်ကို အပြည့်အဝ ရရှိ ဖို့တရားသူကြီးတွေရဲ့ လစာနဲ့လုပ်ပိုင်ခွင့်အာဏာ အချိုးကျဖို့လိုမယ်ထင်ပါတယ်။ အာဏာကြီးပြီး စားဝတ်နေရေးမလုံလောက်သူတယောက်အဖို့ ဘာတွေလုပ်မယ်လု့ိ ထင်ပါသလဲ။
ကိုပေါက်(မန္တလေး)
February 6, 2012 at 11:14 pm
ဟုတ်တယ် ကိုနေချာရေ
ပါးစပ်ပါသော်ငြားလည်း ဗိုက်ဝနေရင် ထပ်စား ဘို့ စိတ်မပါမှာကတော့ တကယ်သေချာတယ်
kyeemite
February 7, 2012 at 8:31 am
မြန်မာတွေအတွက်ကတော့… အများကြီးပြုပြင်ရဦးမယ်..။ မှန်ပါတယ်..ပြင်ရမှာတွေတပြုံတမကြီးပါ…
အရေးအကြီးဆုံးတစ်ခုကတော့..အစိုးရရုံးတွေကဝန်ထမ်းတွေ အချိန်ကိုမလေးစား တန်ဘိုးမထားတာဘဲ..
အစည်းအဝေးတစ်ခုများဖိတ်လို့သွာကြည့်…တစ်နာရီချိန်းရင်၂နာရီလောက်မှလူကြီး ဆိုတဲ့လူတွေလာတယ်..
လိုရင်းတိုတိုမပြော..အရှည်ကြီးလျှောက်ပြော…ဆိုတော့အလုပ်အကိုင်ပျက်တယ်ဗျာ..ဒါကြောင့်တန်ဘိုး
ရှိတဲ့အချိန်တွေ နှမျောကျလို့..အစည်းအဝေးဟေ့ ဆိုရင် တာဝန်ရှိလူကြီးအစား အောက်ခြေဝန်ထမ်းတွေ
ဘဲရွေးလွှတ်တော့တယ်…တရားရုံးတွေရဲ့ လပ်ပုံကိုင်ပုံတွေကတော့ အဆိုးတကာ့ ထိပ်ခေါင်ဘဲ..
Gipsy
February 7, 2012 at 10:36 am
ဆေးရုံသွား သတင်းမေးတာမှ ကုသိုလ်ရမယ် … ၊ တရားရုံးကိုတော့ သွားချင်ပါဘူးဗျာ…၊
အမှုဖြစ်ပြီဆိုတာနဲ့ ခရိုင်ရဲ ၊ မြိုနယ် ရဲ ၊ အမှုလိုက်ရဲ ၊ စီအာအို ၊ ဆွဲချ ( အစိုးရရှေ့နေ) ၊
နောက်ဆုံး တရားသူကြီး ပေ့ါဗျာ ..၊
အကုန်ကို တန်းစီပြီး ပေးရ တော့တာ ..၊ ပါးစပ်ပေါက် ကျယ်ကျယ်ကြီး ၊ လက်ဖြန့်တောင်းတဲ့
လက်ဝါးတွေက အကြီးကြီးနဲ့…၊
( ကျုပ်တို့ နယ် က အတွေ့ အကြုံ ပါ )
ကိုပေါက်(မန္တလေး)
February 7, 2012 at 2:36 pm
အခုလက်ရှိအနေအထားနဲု့ဆိုရင် ဗြုန်းကနဲပြောင်းမသွားတောင်
အားလုံးက လိုအပ်ချက်တွေ လွဲနေတာတွေဝိုင်းထောက်ပြမယ်ဆိုရင်
ဖြည်းဖြည်းခြင်းပြောင်းလို့ကောင်းသွားနိုင်ပါတယ်
ကောင်းသောခေတ်ကို မျှော်လို့ရနေပြီထင်ပါတယ်။
unclegyi1974
February 10, 2012 at 11:04 pm
ရုန်းဆိုတဲ့အတိုင်းလွတ်အောင်ရုန်းပေတော့ကိုပေါက်ရေ
တရာမမှုတွေများများလာတာတရားရုံးကိုကသူတို့အတွက်ကာဘာပေးသလိုဖြစ်နေလို့ပါ
တရားစွဲမဲ့သူကကြောက်နေတာလေ
တရားစီရင်ရေးစံနစ်ပိုမိုကောင်းမွန်လာရင်ဖြင့်အခုလိုအလွဲသုံးစားမှုတွေနည်းပါးသွားမယ်
လို့ထင်တာပါပဲဗျာ
ကိုပေါက်(မန္တလေး)
February 10, 2012 at 11:07 pm
ဟုတ်တယ်အန်ကယ်ဂျီးရေ
သူများပိုက်ဆံကို မတရားယူလိုက်ပေမယ့် ခံရသူက ပြန်လိုချင်လို့ တရားစွဲရင်
အချိန်တွေ ငွေတွေထပ်ကုန်မှာကြောက်တော့ မစွဲရဲပြန်ဘူး။
မတရားယူလိုက်သူကြပြန်တော့ အမူ့ရှုံးသွားရင်တောင်မှ ထိထိရောက်ရောက် အပြစ်ပေးတာ
မခံရတော့ လုပ်ရဲကြ လုပ်ရက်ကြပြန်ရော။
နေရာတကာမှာ လိုအပ်နေတာကတော့
“ထိထိရောက်ရောက်”ဆိုတာပါဘဲ.