ပျောက်ဆုံးသော စာကြည့်တိုက်နှင့်တရားခံ(၂)
ဗဟုသုတရှာမှီးရန်အလို့ငှာ ယခင်က စာကြည့်တိုက်ကို အားထားခဲ့ရသည်။ ယခုမူ စာကြည့်တိုက်သည် အားထားရန်အတွက်မရှိတော့ပြီ။ အများစုသော ဝန်ထမ်းများကမူ မည်သို့မျှ မခံစားရ။ စာဖတ်သော သူများကတော့ နှမြောတသဖြစ်ကြရသည်။ စာရေးသူတို့ရသော တစ်လ လစာထဲမှာ စာအုပ်ဖတ်ရန်အတွက် ဖဲ့သုံးလာရသည်။ ယခင်တုန်းကတော့ စာအုပ်ဖတ်ရန်အတွက် ငွေကုန်ခြင်းမမရှိခဲ့ပေ။ ကုမ္ပဏီမှာ အခမဲ့ငှားရမ်း၍သောကြောင့် စိတ်လက်ချမ်းသာစွာ ဖတ်ရှုခွင့်ရခဲ့သည်။
ယနေ့တွင် စာအုပ်ဈေးသည်ပင် ခေါင်ခိုက်နေသည်။ အပျော်ဖတ်စာအုပ်များမှစ၍ တက်ကျမ်းများအထိ ပေးဝယ်ရသည့်ဈေးမှာ ထောင်ဂဏာန်းအထက်မှ သောင်းကျော်ထိပေးဝယ်လာရသည်။ လခစား ဝန်ထမ်းများအဖို့ တစ်လ တစ်အုပ်ဝယ်ဖတ်ရန်ပင် မလွယ်ကူချေ။
အချို့သော ဘာသာရေးဆိုင်ရာစာအုပ်များသည် ဓမ္မဒါနအလို့ငှာ ဖြန့်ဝေသောကြောင့် တစ်ထောင်ကျပ်ကျော်ကျော်ဖြင့် ဝယ်ယူ၍ရလာသည်။ ကျေးဇုူးတင်ရမည်မှာ အမှန်ပင်ဖြစ်သည်။ နာမည်ရ ရဟန်းစာဆိုတော်များ၏ စာအုပ်များသည် ဈေးသက်သက်သာသာနှင့် ဝယ်ယူ၍ရနေသည်။ ဖတ်ရှုရသူမှာလည်း ကျေနပ်စရာကောင်းနေတော့သည်။
မေတ္တာရှင်(ရွှေပြည်သာ)၊ ရဝေနွယ်(အင်းမ)၊ ဆရာတော် အရှင်ဆန္ဒာဓိက စသော နာမည်ကြီး ဆရာတော်များ၏ ဘာသာရေးဆိုင်ရာ စာအုပ်များသည် ဖတ်ရှုရသည်နှင့်တန်အောင် ဈေးပေးဝယ်ရသည်မှာ ကောင်းလှပေသည်။ လူငယ်ထုအပါအဝင် လူကြီးများအထိ ထိရောက်သော စာပေများဖြစ်သဖြင့်လည်း ဂုဏ်ယူရပေမည်။
ဘာသာရေးဆိုင်ရာ စာအုပ်များကို ယခင်က စာရေးသူသည် အဖတ်ကျဲသည်။ ထိုထိုသော ဆရာတော်ကြီးများ၏ ကျေးဇုူးကြောင့် ဘာသာရေးစာပေများနှင့်ရင်းနှီးလာရသည်။ စာအုပ်များက ခပ်ပါးပါးပင်ဖြစ်သော်လည်း အနှစ်သာရရှိသော စာပေများပင်ဖြစ်သည်။ သာမာန်လူငယ်များ နားလည်လက်ခံလာနိုင်အောင် ရေးစွမ်းနိုင်သော ကြောင့်လည်း ကြိုက်နှစ်သက်မိသည်။ ယခင်က ဘာသာရေးဆိုင်ရာစာအုပ်များကိုဖတ်ရှုရာတွင် ဖတ်တစ်ရက် မဖတ်တစ်ရက်ရှိခဲ့သော်လည်း ယခုမူ အစမှအဆုံးသို့ တစ်ထိုင်တည်းဖတ်လာနိုင်တော့သည်။
ဆောင်းပါးများ၊ တက်ကျမ်းများ၊ သုတ/ရသ စာအုပ်များသည် ဘာသာရေးဆိုင်ရာ စာအုပ်များထက် ဈေးပိုသည်။ တစ်လ တစ်လ စာအုပ်ဝယ်ရန်အတွက် စာအုပ်ဆိုင်သို့ရောက်သောအခါတွင် ရွေးချယ်ဝယ်ယူရန်ကြည့်လိုက်မိသည်နှင့် လက်များတွန့်တိုသွားရသည်။ ထို့ကြောင့် စာကြည့်တိုက်ကို လွမ်းမိရသည်။
စာဖတ်ခြင်း၏ အကျိုးကျေးဇုူးဖြင့် စာရေးသူတို့ လူရည်ဆန့်လာသည်။ လူရာဝင်လာသည်။ ပြောရဲဆိုရဲရှိလာရသည်။ ဝေဖန်ပိုင်းခြားတတ်လာသည်။ တစ်ဆင့်ပြန်လည် အသိပေးဝေလာနိုင်သည်။ ယုတ်စွအဆုံး ကာတွန်းစာအုပ်ကလေးတစ်အုပ်ကပင်လျှင် ယူတတ်လျှင် ပညာရပါသည်။ စာရေးသူတို့ဖတ်သော စာအုပ်များသည် ဘဝအတွက် ဆရာကောင်းတစ်ဆူပမာ အရေးပါလှသည်။
သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများအပြင် စာအုပ်များသည်လည်း အာစရိယ ဂိုဏ်းဝင်ဆရာတစ်ဆူအဖြစ် သတ်မှတ်သင့်ပေသည်။ စာမဖတ်လျှင် ထုံထိုင်းဉာဏ်နဲ့နိုင်သည်။ မသိ ၊ မတတ်သော အရာများကို စာဖတ်ခြင်းမှ လေ့လာသင်ယူရသည်။ ကျောင်းတော်မှ သင်သောပညာရပ်များတွင် ပြင်ပဗဟုသုတ မပါဝင်ခဲ့ပေ။ ထို ပြင်ပ ဗဟုသုတများကို မိမိဖာသာ လေ့လာလိုက်စားမှသာလျှင်ရနိုင်သည်။ မိမိက စာမဖတ်၊ ပေမဖတ်လျှင် သိမည် ၊ တတ်မည်မဟုတ်။
ထိုထိုသောစာအုပ်များ၏ ကျေးဇူးကိုမသိခြင်းဖြင့် စာကြည့်တိုက် လုံးပါးပါးရသည်မှာ မဆန်းပေ။
စာရေးသူတို့သည် စာကြည့်တိုက် ပိတ်လိုက်ကတည်းက မိမိတို့ လစာဝင်ငွေထဲမှာ ဖဲ့၍ တစ်လ တစ်အုပ်တန်သည် နှစ်အုပ်တန်သည် ဝယ်ယူစုဆောင်းလာရသည်။ စာရေးသူတို့ဖတ်သော စာအုပ်များအား အများသူငါ သူငယ်ချင်းများအားလည်း သိစေလိုရာ ငှားရမ်းဖတ်ရှုုခွင့်ပြုခဲ့သည်။ အပတ်စဉ်ထုတ်သော သတင်းဂျာနယ်များအား အခါအားလျော်စွာ ဝယ်ယူသည်။ ပြီးနောက် အများအား ဖတ်ရှုစေသည်။ စာကြည့်တိုက်မရှိသောကြောင့်လည်း အားလပ်ချိန်များတွင် ပျင်းရိနေကြမည်ကို ကိုယ်ချင်းစာသောကြောင့်လည်း ပါပါသည်။ သို့သော် ထို စာအုပ်ဌားသူများသည် စိတ်ပျက်ဖွယ်ရာကောင်းလာတော့သည်။
စာအုပ်များအား ဖတ်ရှုပြီးပါက ပြန်လည်၍ မပေးခြင်း။ ဖျောက်ပစ်ခြင်း။ မသိသလို မေ့မေ့လျော့လျော့နေလိုက်သောကြောင့် စာရေးသူတို့ စာအုပ်များပျောက်ဆုံးလာရတော့သည်။ အသိအမြင်ကျယ်လာစေရန် ရည်ရွယ်ချက်သည် သဲထဲ ရေသွန်သလိုဖြစ်သွားရတော့သည်။
ထို့ထက်ဆိုးသည်က ပိုင်ရှင်မသိခင် ယူဆောင်သွားခြင်း၊ ခွင့်တောင်းခံခြင်းမရှိခြင်းများကြောင့်လည်း ပိုမို စိတ်ညစ်လာရသည်။ စာကြည့်တိုက်မှ စာအုပ်များပျောက်ဆုံးရခြင်းနှင့် အလား သဏ္ဍာ န်တူလာချေပြီ။ ထို့ကြောင့် စာရေးသူလည်း ရင်းနှီးသော သူငယ်ချင်း မိတ်ဆွေများမှလွဲ၍ စာအုုပ်ငှားရမ်းခြင်းမပြုတော့။ သေတ္တာထဲ ထည့် သော့ခတ်ထားခြင်းဖြင့် စာရေးသူ မြတ်နိုးသောစာအုပ်များကို ထိန်းသိမ်းထားလိုက်ရတော့သည်။
စာကြည့်တိုက် အသေးစားလေးပမာ ဖြစ်နေသော စာရေးသူ၏ အခန်းလေးတွင် စာအုပ်များ ခပ်ကျဲကျဲသာ ထားလိုက်တော့သည်။ ထို့အတွက်လည်း စိတ်မကောင်းပေ။
ယခင် စာကြည့်တိုက်မှ စာအုပ်များနီးတူ ဆုပ်ပြဲခြင်းအလျဉ်းမရှိ၍သာ တော်သေးသည် ဟုပြောနိုင်သည်။ စာအုပ်ဟူသည် သော့ခတ် သိမ်းဆည်းရန်အတွက် ထုတ်ဝေခြင်းမဟုတ်ဟု ထင်ပါသည်။
အများပြည်သူများအတွက် သိသင့် သိထိုက်သော ပညာများ၊ ဗဟုသုတများ၊ အတတ်ပညာများ၊ နည်းပညာများ၊ သုတများ၊ ရသများကို ဖြန့်ဝေရာ ဟင်းလေးအိုးကြီးဖြစ်သည်။ သို့သော် စာကြည့်တိုက်ကြီး ပျောက်ဆုံးရလေပြီ။ တရားခံများ သည် မည်သူတို့နည်း….?
သော်ဇင်(လွိုင်ကော်)
Date-20th-March-2012
Time- 7:06Pm
2 comments
Khin Latt
March 21, 2012 at 4:33 am
တရားခံ ကတော့ တန်ဖိုး ဆိုတာကို မသိတဲ့ အသိဉာဏ်ခေါင်းပါးမှု လို့ ထင်တာပါဘဲ။
kyeemite
March 21, 2012 at 11:36 am
အသိပညာနဲပါးသောပါတ်ဝန်းကျင်တွင်တွေ့ရတတ်သော
အခက်အခဲတွေပေါ့..ဒါတွေထက်ဆိုးတာက ပညာတတ်များတဲ့
အသိုင်းအဝိုင်းဝန်းကျင်မှာတောင်စာပေတန်ဘိုးနားမလည်တာ
ဘောလုံးအားကစား စာစောင်ကလွဲလို့ ဘာမှမဖတ်တာတွေတောင်
အများကြီးပါ…