နဂါးအကလေလား

Diamond KeyMarch 21, 20121min33510

ကျွန်တော် ငယ်ငယ်တုန်းက မြန်မာ တပ်မတော်သား (စစ်သား) တွေကို အတော်နှစ်သက်တယ်။   ဘာလို့လည်း ဆိုတော့ ကျောင်းစတက်တော့ စစ်သားဆိုတာ အမျိုးသား ဖခင်ကြီး၊ တပ်မတော်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက အသက်သွေးချွေးတွေနဲ့ စတင်ပေါ်ထွန်းအောင် စွမ်းဆောင်ခဲ့တဲ့ ပြည်သူ့တပ်မတော်က  ပြည်သူတွေကို ကာကွယ်ဖို့ စစပွဲတွေ ဝင်နေရတဲ့ ပြည့်သူ့သားကောင်း (စစ်သား) တွေလို့ သိထားလို့ပါ။ ဗိုလ်ချုပ်ကို ချစ်တယ်။ ဗိုလ်ချုပ် အသက်သွေးချွေးတွေနဲ့ တည်ထောင်ခဲ့တဲ့ တပ်မတော်ကြီးကိုရော၊ တပ်မတော်သား (စစ်သား) တွေကိုပါ သူတို့ရဲ့ ဖခင်ကြီးဗိုလ်ချုပ်နဲ့ အတူ ချစ်ပါတယ်။

ကျွန်တော် ငယ်ငယ်တုန်းက နယ်မြို့လေးတစ်မြို့မှာ နေခဲ့ရဖူးတယ်။ ကျွန်တော်တို့ နေတဲ့ အိမ်က မြို့ထိပ်မှာ ရှိတာရယ်၊ အိမ်ဝင်းကျယ်တာကြောင့် အဲဒီတုန်းက ရှေ့တန်းသွားရမယ် စစ်သားတွေ ကျွန်တော်တို့ ပတ်ဝန်းကျင်က အိမ်တွေမှာ ခေတ္တစခန်းချတော့ ကျွန်တော်တို့ အိမ်လည်း အပါအဝင်ပေါ့။

သူတို့တွေ ရောက်လာရင် ရှေ့တန်းမထွက်ခင် အချိန်လေးတွေမှာ လမ်းခရီးအတွက် ထမင်းတွေ ချက်ကြတယ်၊ အချိန်ရသေး၊ရင် ထမင်းတွေ စားကြတယ်။ ကျွန်တော်တို့ အမေဆိုရင် အိမ်မှာ ချက်ထားတဲ့ ဟင်းတွေ သွားပေးတယ်။ အိမ်မှာရှိတဲ့ အထားခံတဲ့ စားစရာတွေ ရှိရင် ရှေ့တန်းကို အမြဲထည့်ပေး လိုက်တတ်တယ်။

တစ်ခါတုန်းကဆိုရင် ကျွန်တော်တို့ မိသားစု ထမင်းစားဖို့ ထမင်းဝိုင်းပြင်ပြီး စားတော့မယ့်ဆဲဆဲအချိန်မှာ သူတို့တွေ တပ်စထွက်ဖို့ အမိန့်ရောက်လာတယ်။ သူတို့တွေ လမ်းခရီးအတွက် ထမင်းချက်နေတာတွေက မကျက်သေးဘူး။ ဒါပေမယ့် ချက်နေတာတွေ ချက်ချင်းရပ်ပြီး ခရီးစထွက်ဖို့ ပြင်နေကြရတယ်။ အဲဒါ ကျွန်တော်တို့ မိသားစုက စားတော့မယ့်ဆဲဆဲ ထမင်းနဲ့ ဟင်းတွေအားလုံးကို သူတို့ကို ထည့်ပေးလိုက်တယ်။ ကျွန်တော်မိဘတွေက “သူတို့က တောထဲတောင်ထဲ စစ်တိုက် သွားရတော့မှာ၊ တို့က အေးအေးဆေးဆေး ပြန်ချက်စားကြတာပေါ့ သားရယ်တဲ့”။ ကျွန်တော်တို့ကလည်း ဗိုက်ဆာနေတာတွေ အသာထားလို့ လိုလိုလားလား ထည့်ပေးလိုက်ပါတယ်။ သူတို့တွေ အောင်ပန်းဆင်နိုင်ဖို့ ဆုတောင်းတွေ ပေးကြပါတယ်။

နောက်မှတ်မိတာလေးက တပ်တွေ ရှေ့တန်းပြန်လာပြီဆိုရင် တစ်မြိ့လုံးမှာ ရှိတဲ့ သူတွေက ဘယ်သူမှ မဖိတ်ခေါ်ရပဲ တပျော်တပါး ကြိုကြတယ်။ ကျွန်တော်တို့ ကလေးတွေက ဆံပင်ရှည်ကြီးတွေ၊ မုတ်ဆိပ်မွေးတွေနဲ့ စစ်သားကြီးတွေကို လက်ပြကြိုခဲ့ကြတယ်လေ။ ပြည်သူတွေ ချစ်တဲ့ စစ်သားတွေပေါ့။

ဒီလိုနဲ့ နှစ်တွေကြာကာ ကျွန်တော်တို့ တွေလည်း မြို့ကြီးတွေမှာ ရောက်နေလို့ ဒီလို ရှေ့တန်းထွက် တပ်မတော်သားတွေနဲ့ ဝေးခဲတာလည်း အတော်ကြာခဲ့ပြီလေ။

မနေ့က Facebook ထဲမှာ မိတ်ဆွေတစ်ယောက်က “ကျွန်တော် ၏ နိုင်ငံခြားခရီးသွားများအား တင်ဆောင်သော မော်တော်ယာဉ် ရှေ့လေကာမှန်မှာ ကပ်ထားသည့်  ဗို်လ်ချုပ်အောင်းဆန်း ဓါတ်ပုံအား နန်းတွင်းအရှေ့ပေါက်မှာ စောင့်နေသောစစ်သားများက အတင်းဆွဲခွာသွားပါကြောင်း ၊ ယနေ့(18.3.2012) ညနေက ဖြစ်ပါသည်။” ( https://myanmargazette.net/109368/economic-news-international-news-news-industry-people-in-the-news-us-news-news/myanmar-burma-burmese-bama-myanmarian-myanma-news ) လို့ ရေးထားတာ တွေ့ရလို့ ရေးထားလို့ အံ့ဩောတကြီး ဖြစ်မိပါတယ်။ ကျွန်တော်တို့ တစ်နိုင်ငံလုံးက မြန်မာပြည်သူပြည်သားတွေ အားလုံးချစ်ကြတဲ့ အမျိုးသားလွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်ပုံကို သူတည်ထောင်ပေးခဲ့တဲ့ တပ်က စစ်သားတွေက တစ်ကယ် ဒီလို လုပ်နေလေလား။ တစ်ခုခုများ မှားနေပြီလား။

တစ်ခုခုများ မှားနေပြီလားလို့ တွေးမိတော့ နဂါးအကလေးကို သတိရမိပါတယ်။ နဂါးအကမှာ ခေါင်းနေရာမှာ ဝင်ကနေသူက နဲနဲလေး လှုတ်လိုက်ရင် အမြီးနေရာဖက်က သူတွေမှာ အတော်ကို အပြေးအလွားနဲ့ ဝေးဝေးသွားရပါတယ်။ အပေါ်က နဲနဲလှုတ်၊ အောက်ဖက်က များများပေါ့လေ။ ဒီကိစ္စမှာလည်း ဒီလိုတွေများ ဖြစ်နေလေသလား။ ဒါမှမဟုတ် ကျွန်တော်တို့ တစ်နိုင်ငံလုံးက မြန်မာပြည်သူပြည်သားတွေ အားလုံးချစ်ကြတဲ့ အမျိုးသားလွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်ကိုပဲ တစ်ကယ်လက်မခံနိုင် ဖြစ်နေကြတာလား။

အခုတော့ …… လားပေါင်းများစွာ နဲ့ ကျွန်တော်မှာ ………………………………….. တစ်ချိန်က ကိုယ်စားခါနီး ထမင်းဟင်းတွေကို ဆာနေပေမယ့် လိုလိုလားလား ထည့်ပေးလိုက်တာလေး ကိုသာ ပြန်မြင်ယောင်နေမိပါတော့တယ်လေ။    ။

10 comments

  • manawphyulay

    March 21, 2012 at 11:26 am

    ဟုတ်တယ်။ အတော်များများ ပြောနေကြတယ်။ ဗိုလ်ချုပ်ကို နန်းတွင်း ပေးမဝင်ဘူးဆိုတဲ့အကြောင်းတွေပေါ့။ ဗိုလ်ချုပ်အောင်ဆန်းကြောင့် ဒီနေ့လို ဒီနေရာမှာ ရှိနေတယ်ဆိုတာ လူတိုင်းရင်မှာ ရှိထားသင့်ပါတယ်။

  • Khaing Khaing

    March 21, 2012 at 12:05 pm

    ကိုစိန်သော့ရေ …. နဂါးအကတဲ့လား တင်စားထားတာတစ်ကယ်ကောင်းတယ် အခုတိုက်တိုက်ဆိုင်ဆိုင် တပ်မတော်နေ့နီးလာပါပြီး တပ်မတော်နေ့ကို ဘယ်သူစခဲ့တာလဲ ?… ဘယ်နေရာမှာလဲ ?… အခုတပ်မတော်နေ့ကို ဘယ်နေရာမှာ ခမ်းနားစွာကျင်းပနေပါသလဲ? ဘယ်သူတွေအတွက်ကျင်းပနေပါသလဲ?
    အရင်ကဆိုတပ်မတော်နေ့ရောက်ရင် ရန်ကုန်မြို့တော်လှန်ရေးပန်းခြံမှာကျင်းပတာ တော်တော်လေးကိုပျော် စရာကောင်းပါတယ် …. ညဘက်ဆို မီးပန်းတွေဖောက်တယ် ရွှေဂုံတိုင်မှာနေတဲ့ကျွန်မကအဲသည်မီးပန်းတွေ ကို ကလေးဘဝက ကြည့်ပြီးပျော်ခဲ့ရတယ် … တပ်မတော်သားကြီးတွေကို ပန်းကုံးစွပ်ဖို့ မိုးမလင်းသေးဘူး တော်လှန်ရေးပန်းခြံကိုသွားရတာအမော သူတို့တွေကားတွေနဲ့ပြန်ရင်လည်း ကားလမ်းဘေးက လက်ပြနှုတ် ဆက်ရတာအမော …. အခုတော့ သွားချင်တိုင်းတောင်သွားပြီး ပန်းကုံးစွပ်လို့မရတဲ့ဘဝ စွပ်လည်းမစွပ်ချင် တော့ပါဘူး … အိပ်ရေးပျက်ခံပြီးတော့ ….

  • စိန်ပေါက်ပေါက်

    March 21, 2012 at 12:49 pm

    များများ လှုပ်ချင်တဲ့ကောင်တွေ မှတ်ထားပြီး တစ်ယောက် တစ်ချီဝိုင်းချရအောင်

  • kyeemite

    March 21, 2012 at 1:56 pm

    တစ်ကယ်တော့ တပ်မတော်နေ့မဟုတ်ပါဘူး..
    အစက တော်လှန်ရေးနေ့ပါ…
    အူးနေဝင်းလက်ထက်မှာ “တော်လှန်”ဆိုတဲ့စကားကို
    မကြားရဲလို့..တပ်မတော်နေ့လို့ပြောင်းပစ်တာ..
    ပညတ်သွားရာဓါတ်သက်ပါဆိုသလို
    ပြောင်းလိုက်ပီးကတည်းက“မတော်တဲ့တပ်” ဖြစ်သွားတာဘဲ..

  • TTNU

    March 21, 2012 at 2:14 pm

    ကိုစိန်သော့ရေ…
    တီချာလည်း ရထားပေါ်မှာဆာနေတဲ့ စစ်သားတစ်ယောက်ကို
    ကိုယ်စားမဲ့ ကြာဇံကြော် ပေးကျွေးလိုက်ဖူးတယ်။
    အခုလိုအခါဆိုရင်…ဟွန်းဝေးသေး :mrgreen:

  • chel gyi

    March 21, 2012 at 3:59 pm

    ဒီလိုမျိုးသာရှေ့ဆက်မယ်ဆိုရင်တော့….မလွယ်ရေးချမလွယ်ပါ…

  • blackchaw

    March 21, 2012 at 4:51 pm

    ကိုသော့ရေ။
    ကျွန်တော်တို့အဖေတွေ ခေတ်တုန်းက
    စစ်သားဆို ပြည်သူလူထုက တော်တော် ချစ်ကြတာ သတိရတယ်ဗျ။
    အရေးအခင်းနောက်ပိုင်း စစ်သားတွေက ပြည်သူတွေနဲ့ တော်တော်ဝေးသွားတယ်လို့
    ခံစားရပါတယ်။
    ဒီလိုပဲ တဖြည်းဖြည်းတော့ ပြောင်းလဲလာလိမ့်မယ်လို့ ယူဆရတာပါပဲဗျာ။
    :mrgreen:

  • နတ်ဆိုးလေး

    March 21, 2012 at 5:04 pm

    အနော် မန်းလေး ဆေးရုံကြီးမှာ တွေ့ခဲ့တာက တော့ တပ်သားလေးတစ်ယောက် ရထားကြိတ်ခံရတာ လက်နှစ်ဖက်က ခန္ဓာကိုယ် က တိတိကြီးပျက်သွားတယ်။ ခြေထောက် နှစ်ဖက်ကလဲ မရှိတော့ဘူးဗျာ။ ဒါကို သူတို့ အရာရှိကြီးတွေလာတော့ သတိဆွဲတဲ့ ပုံ ပေါက်အောင်လုပ်နေတယ်ဗျာ ။ သူတို့မှာတော့ ယူနီဖေါင်း ခေါက်ရိုးကြိုးနဲ့ ရိုးအပြည့် ရထားကြိတ်ခံရတဲ့အကြောင်းကို မေးတာများ ၃ နာရီလောက်ကြာတယ် နောက်ပိုင်းပြောသွားတာက ငါဘာသာ ငါ အဆင်ပြေသလို့ အထက်ကိုတင်လိုက်တော့မယ်တဲ့ ကဲ။ အောက်လက်ငယ်သားထက် ဟိုမရောက် ဒီမရောက်တွေက ပိုဆိုးတယ်လို့ ထင်ပါတယ်လေ။

  • pooch

    March 21, 2012 at 7:57 pm

    အဲ့ဒီအကြောင်းကို အိမ်က မောင်လေးကလည်း ကျိတ်မနိုင်ခဲမရနဲ့ ပြောနေတာ။ ဘာကြောင့်လဲ ??????????
    တော်တော်လေးကို စိတ်ဓာတ်သိမ်ငယ်တဲ့ လုပ်ရပ်ပါ။ အံ့ဩလွန်းလို့ပါ။ ဒီအချိန်မှာတောင် စိတ်ဓာတ်က ဟိုးအောက်ဆင့်ကနေကို တက်မလာနိုင်သေးတာ ။ ခက်တော့ ခက်နေပါပြီ။

  • ကြောင်ကြီး

    March 22, 2012 at 9:32 am

    အပေါ်ကနည်းနည်းလှုပ် အောက်ကများများလှုပ်ဆိုတာနဲ့ပတ်သက်လို့ အစာမကြေ ဖြစ်နေတာကြာလို့ ပြောချင်တယ်ဗျာ။ အဲဒီစကား မှန်ရဲ့လား စဉ်းစားကြည့်ပါအုံး။ ထိပ်ပိုင်းကလူတွေက သူတို့ဖြစ်ချင်တာဖြစ်ဖို့ ဖြစ်ခဲ့ရင်လည်း နောက်ကြောင်းရှင်းဖို့ ဟေ့ ကြည့်လုပ်လိုက်ကွာ၊ ရှင်းပစ်လိုက်ကွာ၊ နောက်ထပ် မကြားချင်ဘူး စတဲ့ ဝိနည်းလွတ် အမိန့်တွေနဲ့ လက်အောက်ငယ်သားတွေကို တာဝန်မဲ့ခိုင်းတယ်။ မလိုက်နာရင် စိတ်တိုင်းကျ မဖြစ်ရင် အမိန့်မနာခံမှုနဲ့ စွဲချက်တင်မယ်၊ အလုပ်မှတ်တမ်းမှာ အနှုတ်ပေးပြီး ဘဝတခုလုံး နစ်နာအောင်လုပ်မယ်။ ဒီတော့ နောက်လူများ သင်ခန်းစာယူပြီး သူ့ဆန်စားရဲရမယ်ဆိုတဲ့ ဖက်ဆစ်အတွေးအခေါ် ဝင်သွားတယ်။ ကိုယ့်နေရာ မပျောက်ဖို့ သူတပါးကို ရက်ရက်စက်စက် လုပ်ကြတော့တယ်။ ဘယ်သူမှာ တာဝန်ရှိသလဲ ခေါင်းရှိရင် စဉ်းစားကြည့်ပါ။ ရှေ့တန်းမှာ မိလာတဲ့သုံ့ပန်းကို အထက်ကနေ ဒီကောင့်ကိုကျွေးဖို့ ထမင်းမရှိဘူးလို့ ပြောရင် တပ်စုမှူးက ဘာလုပ်ရမလဲ။ လွှတ်ပေးလို့ရမယ်ထင်သလား၊ အဲဒါ တပ်တွင်းပုန်ကန်မှု နိုင်ငံတော် သစ္စာဖောက်မှု ဖြစ်သွားမယ်။ ဒီတော့ သတ်ပစ်ရတယ်။ ရွာပုန်းရွာရှောင်တွေကို မမြင်ချင်ဘူးလို့ အမိန့်ပေးရင် တောင်းတောင်းပန်ပန်နဲ့ ရွှေ့ခိုင်းမယ် ထင်သလား၊ မီးရှို့ဖျက်ဆီးပစ်ပါလို့ အဓိပ္ပါယ်ရတယ်။ ဖြစ်အောင်လုပ် ရေပါတာပဲ မြင်ချင်တယ် ရေဗူးပေါက်တာမလိုချင်ဆိုတာ အမိန့်နဲ့ရှင်သန်နေရတဲ့ စစ်တပ်လိုအဖွဲ့အစည်းတခုမှာ ဘယ်လောက်တာသွားသလဲ သိနိုင်ပါတယ်။ ဒါကြောင့်ပဲ မြန်မာစစ်တပ်ကို ဖက်စစ်စနစ်ရိုက်သွင်းထားတဲ့စစ်တပ်ဖြစ်တယ်၊ အဲဒီ ယဉ်ကျေးမှုကို မပြင်နိုင်သ၍ ဒီမိုကရေစီ မရှင်သန်နိုင်ဘူး။ အထက်အောက် နှစ်ဖက်စလုံးမှာ အပြစ်ရှိတယ်။

Leave a Reply