လွမ်းမောဖွယ်ရာ တက္ကသိုလ်နွေညများ ( နိဒါန်း )

လင်းဝေMay 9, 20121min49316

ဒီနေ့ နေ့လည် တက္ကသိုလ်ရိပ်သာလမ်းပေါ် တက္ကသိုလ်ဓမ္မာရုံရှေ့နဲ့ အဓိပတိအပေါက်နား မှာဖြတ်နေတုန်း အက်ဖ်အမ်ရေဒီယိုကနေပြီး ခိုင်ထူးနဲ့တွေ့ဆုံခန်းလုပ်နေတယ်။ ရုတ်တရက် ခိုင်ထူးက စစ်ကိုင်းလမ်းသီချင်းအကြောင်းပြောရင်း ကျောင်းသီချင်းတွေအကြောင်းဆက်ပြောနေတုန်း ကိုယ်လည်း သထုံလမ်းလေးကနေပြီး သထုံဆောင် ဘက်ကို လှမ်းငေးရင်း လွမ်းမိတယ်။ သထုံလမ်း ရဲ့အစ အဲဒီဘက်ခြမ်း လမ်းတိုလေး ဘေးတစ်ဘက်တစ်ချက်မှာတော့ သစ်တိုပင်ကြီးတွေ က အေးမြနေဆဲ။ ခိုင်ထူးက ကျောင်းသီချင်းတွေ အကြောင်းပြောတော့ တစ်ချိန်တုန်းက အဲဒီ သထုံလမ်းလေး ဘေးကွပ်လပ်မှာ သထုံဆောင် နှစ်လည်ညစာစားပွဲတွေလုပ်ခဲ့တာ။ အဆိုတော်ပေါက်စတွေ နဲ့ နာမည်ကြီးတွေ အလကား လာဆိုပေးကြတာ တွေက စလို့ တွေးမိရင်း တစ်ချိန်တုန်းက နွေရာသီကျောင်းပိတ်ရက်တောင် အိမ်မပြန်ဖြစ်ပဲ အဆောင်မှာ နေရင်း နွေညတွေကို ဖြတ်သန်းခဲ့ဖူးတာ ကို တမ်းတမ်းတတနဲ့ ဖြစ်လာမိတယ်။

လွမ်းမောဖွယ်ရာ တက္ကသိုလ်နွေညများ ဆိုတဲ့ ခေါင်းစဉ်ကတော့ ဆရာကြီးမြသန်းတင့် ရဲ့ ခေါင်းစဉ်ပါ။ Erich Segal ရဲ့ The Class ဝတ္ထုကို မြန်မာလူငယ်တွေ ဖတ်ဖို့ ဘာသာပြန်ပေး တုန်းက သုံးခဲ့တဲ့ခေါင်းစဉ်လေးပါပဲ။ တက္ကသိုလ်မတက်ခင် ကျောင်းပိတ်ရက်ရှည်ကြီးတွေမှာ ဖတ်ဖြစ်ခဲ့တဲ့စာအုပ်တွေထဲက စိတ်ထဲကို အမြဲစွဲထင်နေခဲ့တဲ့စာအုပ်ပါ။ ဒီစာအုပ်ဖတ်ပြီး ကိုယ်မဖြတ်သန်းရသေးတဲ့ တက္ကသိုလ်ကို စိတ်ကူးနဲ့ ရူးခဲ့ရပါတယ်။

ရန်ကုန်တက္ကသိုလ်ကြီးမှာ ကျောင်းသားအဆောင် (၇)ဆောင်ရှိပါတယ်။ ဗဟိုဆောင် ၅ဆောင်လို့ခေါ်တဲ့ အင်းဝ၊စစ်ကိုင်း၊ပင်ယ၊ပဲခူး၊သထုံ စတဲ့ ၅ဆောင်ရယ်၊ ဂျဒ်ဆင်ကောလိပ်အတွက်ရည်ရွယ်ခဲ့တဲ့ ရွှေဘိုနဲ့ဒဂုံ ၂ ဆောင်ရယ်ဖြစ်ပါတယ်။ အဆောင်တွေက E ပုံသဏ္ဍာန်ရှိတဲ့ အုတ်ခဲနီနီနဲ့ သုံးထပ်ဆောင်တွေပေါ့။ ကျနော်တို့ခေတ်မှာတော့ တစ်ဆောင်ကို ကျောင်းသား ၁၅ဝလောက်ရှိတယ်။ အဆောင်လခ ၄၅ဝ ပေးရတယ်။ မြန်မာငွေ ၄၅ဝကျပ်။ မိန်းကလေး ဆောင်တွေလည်း ဒီဈေးနှုန်းပဲ။ မိန်းကလေးဆောင်တွေကတော့ ရန်ကုန်တက္ကသိုလ်အတွက်ဆိုရင် သီရိဆောင်၊ရတနာ နဲ့ အင်းလျား ဆောင် ၃ဆောင်ပဲရှိတယ်။ နောက်တစ်ဆောင်ကတော့ လှိုင်နယ်မြေမှာရောက်နေတဲ့ အင်ကြင်းဆောင်။ အဆောင်နေခွင့်ရသူတွေက နယ်ကောလိပ်တွေမှာမသင်တဲ့ ဘာသာရပ်တွေနဲ့ အတန်းတွေမှာ တက်တဲ့ နယ်လိပ်စာနဲ့ ကျောင်းသား ကျောင်းသူများပါ။ ဝိဇ္ဖာဘက် ဘာသာတွေက ဆိုရင် မနုဿဗေဒ၊အရှေ့တိုင်းဘာသာ၊စိတ်ပညာ၊ဒဿနိက၊အင်္ဂလိပ်စာ၊ဥပဒေ စတာမျိုးတွေနဲ့ သိပ္ပံဘက်မှာတော့ ကုန်ထုတ်ဓါတု၊ဘူမိဗေဒ စတဲ့ကျောင်းသား ကျောင်းသူတွေ နဲ့ အခြားဘာသာရပ်များက ဂုဏ်ထူးတန်းတက်နေတဲ့ ကျောင်းသား ကျောင်းသူတွေ အဆောင်နေခွင့်ရပါတယ်။ ကိုယ်လည်း တကယ်တမ်းမှာ ဂုဏ်ထူးတန်းဝင်တာတောင် အဆောင်နေခွင့်မရနိုင်တဲ့ ရန်ကုန်လိပ်စာနဲ့ကျောင်းသားပါ။ အဆောင်နေချင်လွန်းလို့ အကြံထုတ်တော့မှ တစ်နှစ်ကျော်က အဖေ့ရဲ့ နယ်ပြောင်းမိန့် ကို အသုံးချလို့ရမှန်းသိသွားပါတယ်။ အဲသလိုနဲ့ ကျောင်းဖွင့်ပြီး တစ်ပတ်အကြာမှာ အဆောင်နေခွင့် ကျလာပါတယ်။ ကျောင်းသားရေးရာဌာန ကျောင်းဆောင် ကိုင်တဲ့ စာရေးက ပေးတဲ့အကြံပါပဲ။ အဆောင်နေခွင့်ရပြီဆိုတာ သိတဲ့နေ့လည်ဖက် ပျော်လို့ သူ့ကို လဘက်ရည်လိုက်တိုက်လိုက်သေးတယ်။ သထုံဆောင် အခန်းနံပါတ် (–) ဆိုပြီး တစ်ခါတည်း တန်းထွက်လာတာနဲ့ အဆောင်သွားကြည့်မယ်လုပ်တော့ ကျောင်းဖွင့်စ တစ်ပတ်အတွင်းမှာ ခင်နေတဲ့ အတန်းထဲက ရခိုင်သား သူငယ်ချင်းက အဲဒါ ငါ့အခန်းပဲ။ မင်းနဲ့ငါနဲ့ အခန်းဖော်ပဲကွ ဆိုပြီးပြောပါတယ်။ ကံကောင်းချင်တော့ ကိုယ်နဲ့ တစ်တန်းတည်း အတွဲညီတဲ့သူက သူ့အခန်းမှာ တစ်ယောက်တည်း ဖြစ်နေသေးတာအပြင် သူ့အခန်းကိုလည်း ကိုယ့်ကို ချထားပေးလိုက်တာပဲ။ ညနေ အတန်းဆင်းတော့မှ သူနဲ့အတူတူ အခန်းသွားကြည့်ရင်း ဘေးအခန်းက သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးပါတယ်။ သိပ်ချစ်ဖို့ကောင်းတဲ့ ဘေးအခန်းက သူငယ်ချင်းက ကိုယ့်ပစ္စည်းတွေလိုက်သယ်ပေးမယ် ဆိုလို့ သူတို့ ၂ယောက် အကူအညီနဲ့ ညတွင်းချင်း အဆောင်ကို ပြောင်းချလာဖြစ်သွားတယ်။ ၂ယောက်စလုံး ရခိုင်သူငယ်ချင်းတွေပဲ။ တစ်ယောက်က ကျောက်တော်က တစ်ယောက်က ကျောက်ဖြူက။ အဆောင်မှာ သူတို့ ၂ယောက်နဲ့ အဓိက အရင်းနှီးဆုံးသူငယ်ချင်းတွေလည်း ဖြစ်သွားတယ်။ အဆောင်မှာ နောက်ဆုံးနှစ်ကျောင်းသားကြီးတွေလောက်ပဲ တစ်ယောက်ခန်းနေခွင့်ရတယ်။ ကျန်တဲ့သူတွေကတော့ တစ်ခန်းကို နှစ်ယောက်နေရတယ်။ အခန်းလေး တစ်ခန်းတည်းမှာ ၂ယောက်အတူတူနေရတာဆိုတော့ အတွဲညီရင် သိပ်အဆင်ပြေတာပေါ့။ အတွဲမညီရင်တော့ သည်းခံပေတော့။

တစ်ခါက နွေကျောင်းပိတ်ရက် အိမ်ပြန်မနေပဲ အဆောင်မှာနေဖြစ်တယ်။ နွေကျောင်းပိတ်ရက်ဆိုရင် ကျောင်းသားအချို့ကျောင်းမှာ ဆက်နေလေ့ရှိတယ်။ အိမ်ပြန်ဖို့ ဝေးတာတို့၊ မိဘတွေရန်ကုန်လာမှာမို့တို့၊ အိမ်ကို ခဏပဲပြန်ပြီး ရန်ကုန်သင်္ကြန်ကဲမှာတို့အတွက် အဆောင်မှုးဆီ ခွင့်တောင်းပြီးနေကြရတယ်။ အဲသလိုနေရရင် ကိုယ့်အခန်းကိုယ်နေရတာမဟုတ်ပဲ အဆောင်နောက်ဖက်ခြမ်းမှာ ယာယီအခန်းဖော်တွေနဲ့တွဲပေးထားပြီးနေရတယ်။
မှတ်မိတဲ့နွေ မှာ အခန်းဖော်တစ်ယောက်က အခု အမေရိက ရောက်နေတဲ့ ပန်းချီဆရာတစ်ယောက်ဖြစ်သွားတဲ့ ဖလော်ဆော်ဖီက ကျောင်းသားပါ။ သူ့အခန်းကို လာလည်တဲ့ ကျနော်အတွက် စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ ဖလော်က ဆရာတစ်ယောက်လည်း သူ့ဆီလာပါတယ်။ အဲဒီ ဆရာကတော့ အခုကွယ်လွန်သွားရှာပြီဖြစ်တဲ့ နန္ဒာသိန်းဇံ ပါ။

(ဆက်ပါဦးမည်)

16 comments

  • nozomi

    May 9, 2012 at 5:28 pm

    ဖတ်ရင်းနဲ့ စိတ်ပျိုသွားစေတာတော့ အမှန်ပဲ ကိုလင်းမြွေရေ

    နောက်တစ်ပုဒ်ကျရင်တော့ အဆောင်သူလေးတွေ အကြောင်း၊ အဆောင်မှာဖဲရိုက်ကျတဲ့အကြောင်းလိုမျိုးလေးတွေ ရေးပါဦး
    ဲဖြူစင်တဲ့ ကျောင်းသားဘဝ မေ့မရတဲ့ ကျောင်းသားဘဝ အမှတ်တရလေးတွေပေါ့

    • Inz@ghi

      May 9, 2012 at 5:34 pm

      တိန် …ဖြူစင်တုန်းကတောင် စော်ရှိတ် ..ဖဲရိုက်တဲ့ …
      ခု မဖြူစင်တော့ဘူး ဆိုတော့ တွေးတောင် မတွေးရဲတော့…
      ဒီလူဂျီးဗျာ…

      (သည်တခါ ဘဘဘလက်ဘက်က ကောင်တာ ပြန်ဖောက်ပေးရင်း ကြည်စားသွားပါသည်.)

      တော်သေးဘီ
      ခင်တဲ့
      ဂီ

      အာဟိ ဒက်ဂလောက်

  • ဗိုက်ကလေး

    May 9, 2012 at 5:40 pm

    အူးလေးတို ့လို စီနီယာကြီးတွေ ရေးပြမှ တားတားတို ့လည်း
    အရင်တက္ကတို ကျောင်းသားဘဝရဲ့ ပုံရိပ်လေးတွေ ပြန်မြင်နိုင်မှာမို ့
    အူးလေးရေ….
    များလေကောင်းလေ များများလေး ရေးပေးစေလိုပါကြောင်း ခင်ဗျ

  • manawphyulay

    May 9, 2012 at 6:54 pm

    ဂျပ်ဆင်ထိပ်က လရိပ်ပြာရယ်… လွမ်းမိတယ်…

    ပုဂံလမ်းက စောင့်နေမယ်….

  • windtalker

    May 9, 2012 at 7:09 pm

    စောင့်ဖတ်ကြည့်ရမည့် မြွေကြီး၏ လွမ်းဒိုင်ယာရီ ။

  • မဟာရာဇာ အံစာတုံး

    May 9, 2012 at 7:58 pm

    ကျနော်တို့ကတော့ ..
    အဲဒီ တက္ကသိုလ်ကြီးကို မှီလိုက်ရဘူးဗျာ …
    ပုဂံလမ်း ဆိုတာတောင် သူများ ပြောမှ သိရတဲ့ ဘဝပါ ..
    အူးလေးရေ … ကိုဗိုက်ကလေး ပြောသလိုပါပဲလို့ ….

  • weiwei

    May 9, 2012 at 8:52 pm

    ကျွန်မကတော့ သီရိဆောင်ကိုသတိရမိတယ် … ချောင်းပေါက်အောင် သွားခဲ့ရတဲ့ အဆောင်မို့လို့ပါ … ညီမလေးက သီရိဆောင်မှာ … သန်လျင်ကနေ သီရိဆောင်နေလို့ရအောင် ကြံဖန်ခဲ့တာလေး ပြောပြအုန်းမယ် … ပုံမှန်ဆိုရင် သန်လျင်ကကျောင်းသူကို အဆောင်မပေးပါဘူး … အကြံပေးတဲ့သူက နှလုံးရောဂါကို အကြောင်းပြခိုင်းပြီး လျှောက်ခိုင်းပါတယ် …. အသိဆရာဝန်ကြီးတစ်ယောက်ဆီမှာ နှလုံးရောဂါရှိကြောင်း ထောက်ခံစာသွားယူပြီး ကျောင်းဆောင်လျှောက်ခဲ့တာ … 😛
    သီရိဆောင်ဒင်နာတွေကို နှစ်တိုင်းတက်ခဲ့ဖူးတယ် …

  • zaw min

    May 10, 2012 at 1:24 am

    အဆောင်သူ..အဆောင်သူ..အဆောင်သူ အလွှမ်းပြေ…အဆောင်သူ အလွှမ်းပြေ..ရောက်လာတယ်…
    အဆောင်သူရယ်…ကျောင်းကြီးပိတ်လို့ ခွဲရတော့မယ့် အချိန်အခါဝယ်…ကန့်ကော်ပွင့်တို့ကို နုတ်ဆက်ကာ..ဂျက်ဆင်အိုကို ကျော်ခိုင်းခွါ..ခုံတန်းလျားကို လှည့်ကြည့်ပါ…မနှင်လဲခွါ..နှင်လဲခွါ..ငါ့ အားထားရစ်ခဲ့ပါ…သံယောဇဉ်ကြိုး ..ဖြတ်ခဲ့ပါ…
    ယနေ့ အချိန်ထိ ရင်ထဲမှာဆွဲနေသေးတဲ့ သီချင်းလေးတွေပါ။

  • surmi

    May 10, 2012 at 1:57 am

    အဆိုတော် အောင်နိုင်ရဲ. “မောင်.သီရိမေ” သီချင်းနဲ.တခေတ်တည်းလို.ထင်မိတယ် …….
    ဒီပို.စ်လေးကိုဖတ်ပြီး “၈/၈၂ အင်းလျား” နဲ. “မောင်.သီရိမေ “သီချင်းတွေကိုသတိယလာမိတယ် ။

  • Khin Latt

    May 10, 2012 at 5:16 am

    ဘာမှတော့ မဆိုင်ဘူး။
    ဒီတစ်ခေါက် အိမ်အပြန် စူပါမာ့ကက် တစ်ခု မှာ ဖွင့်ထား တဲ့ သီချင်း ကို ကြားဘူးပြီး နား ယဉ် နေပါတယ် လို့ တွေးမိခဲ့တာ။
    “တက္ကသိုလ် ကျောင်းသူ ဖြစ်တာ ကြာတော့ အသဲခွဲ တတ်ပြီပေါ့၊ မင်းစာတတ်တာ ငါသိပြီ” က စလို့ “အသဲခွဲ တဲ့ မေဂျာ” တို့ ဘာတို့ နဲ့မို့ စုံစမ်းကြည့် လိုက်တော့ မာရဇ္ဇ ဆိုတာတဲ့။
    လွန်ခဲ့တဲ့ နှစ်ပေါင်း ၃ဝလောက်က မင်းအောင် ဆိုထားတာပါ။
    ဟိုးအရင်ကတော့ ၁ဝတန်းမအောင်ဘဲ တစ်ဖုန်းဖုန်း ကျ နေတဲ့ ကိုယ်တော်တွေ အများသား ကလား။
    ဒီတော့ ဒီလို သီချင်းက အရင် ခေတ်မှာတော့ အံဝင်ခဲ့ပေမဲ့ ဒီနေ့ခေတ် လို ကျသူမရှိ လူတိုင်း တက္ကသိုလ် တက်နေတဲ့ ကာလကြီးမှာ ဒီသီချင်း က အံမှမဝင်တော့ ဘဲ။
    ဒါကိုဘဲ ပြန် ဆိုနေတာ အံ့ပါရဲ့ တော်။

    ကိုမြွေရေ – ဇာတ်လမ်းလေးကို စောင့်ဖတ်နေပါတယ်။
    ခေါင်းစဉ် အရကတော့ မှန်းကြည့်ရရင်
    မျက်ရည်တွေ “တွေတွေ” စီးကျပြီးတော့ ရှိုက်ကြီးတငင် နဲ့များ ရေးနေလေရော့ သလား။ အဟိ 😀
    ဆက်ရေးနော်။ နောက်တာ။ jk 😉

  • Thel Nu Aye

    May 10, 2012 at 10:37 am

    နိဒါန်းဆိုတဲ့အတိုင်း အမြီးလေးမှတကယ်အမြီးလေးပဲ။ အသားတွေ အနှစ်တွေစောင့်မျော်နေပါ၏။

  • လင်းဝေ

    May 10, 2012 at 3:54 pm

    ဒါလေးရေးရတာ တကယ်ဖီလင်လာပြီး တကယ်စိတ်ထဲမှာ တွေးမိနေမှ ရေးလို့ကောင်းတာမို့ ဖြည်းဖြည်းချင်းသာ ရေးပါရစေခင်ဗျာ။

  • marblecommet

    May 11, 2012 at 12:27 am

    စောင့်ဖတ်နေပါ့မယ်ဗျာ

  • ဆူး

    May 11, 2012 at 8:52 am

    ဆူး တော့ အဲဒီခေတ် ကို မမှီတော့ဘူး ဆိုတော့.. ဖတ်ပြီး အပျော်တွေ ကူးစက်သွားပါတယ်။

  • ကိုလင်းဝေ့ သူငယ်ချင်းတွေက ရခိုင်ကပေါ့နော်။
    ရန်ကုန် တက္ကသိုလ်ဆိုတာ ကျနော်တို ့ကလေးတွေ
    ့အတွက် မရောက်ဖြစ်တော့တဲ့နေရာပါဗျ။

  • htet way

    May 12, 2012 at 8:38 pm

    နွေကျောင်း ပိတ်ရက် သူပြန်မလာနိုင်ပြီ ပဲ …………….
    ကျောင်းအကြောင်းရေးတော့ လွမ်းမိသေးတယ် ဆရာ ဆက်ရေးပါ
    အားပေးပါတယ်ဗျာ

Leave a Reply