Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မောင်သစ်မင်း ကို လွမ်းတဲ့ည

black chawJune 5, 20121min91441

ဒီရက်ပိုင်း ကွယ်လွန်သွားခဲ့ပြီးတဲ့ အနုပညာရှင် တစ်ယောက်အကြောင်းကို အမှတ်တရ ရေးချင်လွန်းလို့
ပြီးခဲ့တဲ့ တစ်ပတ်လောက်ကတည်းက ကြိုတင် အားထုတ်ခဲ့ပါတယ်။
အားလပ်တဲ့ အချိန်အနည်းငယ်လောက်ကို
ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်ထဲသွားပြီး မဂ္ဂဇင်းအဟောင်းတွေ ပြန်ရှာ၊ အချက်အလက်တွေ ပြန်စုဆောင်း၊
နည်းနည်း ခြင်းရေးနေခဲ့ရာက တော်တော် ကြီး ခရီးရောက်လာခဲ့ပြီးမှ ကျွန်တော့် လက်ပ်တော့ လေးက
ရောဂါ အမည်မဖေါ်နိုင်ပါပဲ ဆိုင်ပို့လိုက်ရပြန်တော့ ရေးခဲ့သမျှတွေ အားလုံး သဲထဲရေသွန် ဖြစ်ခဲ့ရပါတယ်။
ဒါပေမယ့် ကျွန်တော် အင်မတန်လေးစားခဲ့ရတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်တာမို့
ရေးလို့ရသလောက်လေးတော့ အမှတ်တရ ပို့စ်တစ်ပုဒ်အနေနဲ့ ရေးတင်လိုက်ပါတယ်ဗျာ..။
ကဗျာဆရာ တေးရေးဆရာ မောင်သစ်မင်း ကို ဆိုလိုတာပါ ဗျာ…။
ဒီနေ့ ၅-၆-၂၀၁၂ မှာ ဆရာ မောင်သစ်မင်း ကွယ်လွန်တာ တစ်နှစ်တင်းတင်း ပြည့်ခဲ့ပါပြီ…။
မောင်သစ်မင်းဟာ ကျွန်တော်တို့ ရဲ့ လေးလေးစားစား လွမ်းဆွတ်မှုနဲ့ ထိုက်တန်ပါတယ်။
မောင်သစ်မင်းအတွက် မတတ်တစ်ခေါက် ကဗျာလေးတစ်ပုဒ် ရေးတတ်သလောက် ရေးထားတာလေး
ဖတ်ကြည့်ပေးပါဗျာ။

မောင်သစ်မင်းကို လွမ်းတဲ့ ည
မောင်သစ်မင်းဆိုတာ
ကြိုးညှိ ဖို့ မလိုတဲ့
ဂစ်တာတစ်လက်…၊
ကာရန် မပါတဲ့
ကဗျာတစ်ပုဒ်….၊
ဇာတ်ညွှန်း မလိုတဲ့
အလွမ်းပြဇာတ်ရှည်…၊
တစ်နေ့မှာတော့
ဂစ်တာတစ်လက်
ကဗျာတစ်ပုဒ် နဲ့ အတူ
အလွမ်းပြဇာတ်ရှည်ထဲမှာ
ငါတို့ကို ထားရစ်ပြီး
အဝေးကြီးကို ထွက်သွားခဲ့…၊
မနေ့ညက
တစ်ပိုင်းတစ်စ
ငါ ကြားလိုက်ရတဲ့ သီချင်းသံ
ဘယ်တော့မှ မမေ့ဘူး… တဲ့
ဟုတ်တယ်
ငါတို့
မောင်သစ်မင်းကို
ဘယ်တော့မှ မမေ့ဘူး…။
ဘလက်ချော…။

မောင်သစ်မင်း ရေးခဲ့တဲ့ အထင်ကရ သီချင်းတွေက အများကြီးပါ။
ခိုင်ထူး ရဲ့ တေးမြုံငှက် တို့၊
ကျော်ဟိန်း စင်ပေါ်က သီချင်းများ တစ်ခွေလုံး၊ အဓိပ္ပါယ်ရှိသောလူ တစ်ခွေလုံး၊ ဟေမာနေဝင်း ခွင့်လွှတ်နော် တစ်ခွေလုံး၊
ကျွန်တော်တို့ ချာတိတ် ဘဝက အယ်လ်ခွန်းရီ ရဲ့ ကိုကိုက ရွှေမင်းသား ကျွန်မက စင်ဒရဲလား သီချင်းတို့၊ ရောမကျောက်ရုပ်တို့၊
အယ်လ်ခွန်းရီပဲ ဆိုပြီး ထွန်းအိန္ဒြာဗို ပြန်ဆိုခဲ့တဲ့ ဓါတ်ပြားဟောင်းတစ်ချပ်တို့၊
ကိုသန်းနိုင်ရဲ့ ကိုယ်အဖြူသူအမည်း၊ လူဟာလူပဲ၊ မိန်းမနဲ့ယောက်ျား၊ ၂၁ ရာစုလူသား သီချင်းတို့၊
စိုးပိုင်ကြီးရဲ့ အနီးဆုံးလူ တို့၊ အငဲရဲ့ မျှော်လင့်ခြင်းကွင်းပြင်တို့၊
အများကြီးပါဗျာ။ အဲဒီအထဲကမှ
မွန်းအောင်ဆိုခဲ့တဲ့ ပန်းစိုက်သူတို့ဝေဒနာ ဆိုတဲ့ သီချင်းလေးကို
စာသားနဲ့ အမ်ပီသရီး အမှတ်တရ ဖေါ်ပြလိုက်ပါတယ်ဗျာ။

ပန်းစိုက်သူတို့ ဝေဒနာ
ငါတို့ စိုက်ပျိုးလို့ဖူးပွင့်ခဲ့တဲ့ ပန်း ကလေးတွေကို
ငွေနဲ့ မလဲလှယ်ချင်
မရောင်းလိုပေမယ့် ရောင်းလိုက်ရတဲ့အခါ
ရင်ထဲ ဘယ်လိုရှိမယ် ကိုယ်ချင်းစာကြည့်ကွယ်
ဈေးခင်းထားတဲ့ ပန်းကလေးတွေကို
မြင်တိုင်း မျက်ရည်လည်…
ပန်းကလေးတစ်ပွင့်ရဲ့တန်ဘိုးဟာ
ငွေနဲ့ဆုံးဖြတ်လို့ မရနိုင်ပါ
ပန်းစိုက်သူတို့ ရင်ထဲမှာ
လူ့လောက ကမ္ဘာကြီး လှပဖို့စေတနာ…။
ငါတို့ ဘဝထဲက သွေးချွေးတို့နဲ့ ရင်းနှီးကာရယ်
တကယ်ပဲ နှမြောနေတယ်
မထိုက်တန်ပေမယ့် ပေးလိုက်ရတဲ့အခါ
ရင်ထဲ ဘယ်လိုရှိမယ်
ကိုယ်ချင်းစာကြည့်ကွယ် …
ဈေးခင်းထားတဲ့ပန်းလေးတွေကို
မြင်တိုင်း မျက်ရည်လည်…
ပန်းလေးတစ်ပွင့်ရဲ့တန်ဘိုးဟာ
ငွေနဲ့ဆုံးဖြတ်လို့ မရနိုင်ပါ
ပန်းစိုက်သူတို့ ရင်ထဲမှာ
လူ့လောကကမ္ဘာကြီး လှပဖို့ စေတနာ…

မွန်းအောင် – ပန်းစိုက်သူတို့ဝေဒနာ(မောင်သစ်မင်း)

ပန်းစိုက်သူတွေရဲ့ ရင်ထဲက ပန်းတစ်ပွင့်အပေါ်ထားတဲ့ ခံစားချက်လေးကို ရေးဖွဲ့ထားတာပါ။
သီချင်းနဲ့ တွဲနားထောင်ရင် ပိုပြီး အဆင်ပြေမှာပါ။
မောင်သစ်မင်း ကွယ်လွန်ခြင်း တစ်နှစ်ပြည့် အမှတ်တရပို့စ်ကို ကျွန်တော့်အနေနဲ့ ဒီထက်ပိုပြီး
ခမ်းနားချင်ပေမယ့် ဒီလောက်နဲ့ပဲ ကျေနပ်လိုက်ပါတယ်။
ခင်ဗျားတို့အနေနဲ့လည်း မောင်သစ်မင်းအတွက် အမှတ်တရ စာလေးတွေ ရေးပေးကြဖို့ တောင်းဆိုပါတယ်ဗျာ။

မောင်သစ်မင်းရေးပြီး အငဲ ဆိုခဲ့တဲ့ မျှော်လင့်ခြင်းကွင်းပြင် သီချင်းလေးကို ဖေါ်ပြလိုက်ပါတယ်။ ကျေးဇူးပါဗျာ။

41 comments

  • water-melon

    June 5, 2012 at 12:14 pm

    မောင်သစ်မင်းဆိုလို့ လန့်သွားတာဘဲ
    ရွာထဲကထင်နေတာ
    ပြီးတော့မှ အဆိုတော်ဆိုတော့
    အဟီ
    ဆရာသစ်ရော ဘယ်ရောက်နေလဲဟင်

    • tunlinaung

      June 7, 2012 at 10:06 pm

      တေးမြုံငှက်ပါဆို အဆိုတော်လုပ်နေပြန်ပါပြီး။ တေးရေးဆရာပါဗျာ။ သိဘူးလား။ တေးမြုံငှက်နှစ်ငါးဆယ်ဆို
      တဲ့အခွေလေ။
      ကျော်ဟိ်န်းဆိုတဲ.ဒသနသီချင်းတွေရေးပေးခဲ့သလို၊ အချစ်သီချင်းချိုချိုလေးတွေလည်းရေးပေးခဲ့ပါသေးတယ်။.

    • Pauk Sah

      July 11, 2012 at 11:11 pm

      ဟေ့ဖရဲသီး…တက်နေတဲ့ ဖီးလေး ပြန်ပေး

  • TTNU

    June 5, 2012 at 1:00 pm

    ကိုချောရေ…
    ဟုတ်ပါ့၊ ဖရဲ ပြောသလိုပဲ တီချာလည်း ဆရာသစ်ကိုပြောတာမှတ်နေတာ။
    ကိုချော အားရပါးရရေးထားတာတွေ ပျက်သွားတာ နှမြောလိုက်တာ။
    Memory Stick ထဲတို့ ဘာတို့ ကူးမထားတာလား။

    မောင်သစ်မင်းကို Milestone ပြတုန်းက နွဲ့ယဉ်ဝင်းနဲ့ presenter တွဲလုပ်သွားတာ
    ကြည့်လိုက်ရတယ်။ ကိုချောရေးထားတဲ့ မောင်သစ်မင်းအတွက်ကဗျာလေးကိုဖတ်ပြီး
    ခံစားမိတယ်။ အနုပညာသမားတစ်ယောက်ကို သူ့ပရိတ်သတ်ကလွမ်းတာမျိုးထက်
    ပိုလေးနက်ပါတယ်။

    အယ်ခွန်းရီရဲ ့ သီချင်းတွေကို တီချာတို့ ကျောင်းတုန်းက သိပ်ကြိုက်ခဲ့တယ်။ သူကလည်း
    ကိုယ့် B.Ed ကပဲမို့လို့လေ။ ငယ်ငယ်တုန်းကတော့ မောင်သစ်မင်းရေးတာတွေလားဆိုတာ
    မသိခဲ့ဘူးတော့။ အဆိုတော်ကိုသာ မဲတင်းကြတာလေ။

    မေတ္တာဖြင့်
    တီချာ

  • Shwe Tike Soe

    June 5, 2012 at 2:02 pm

    ဦးဘလက်ရယ် လက်ပကျွတ်ပျက်တာများ ကျွန်တော့်ပြောရောပေါ့… ပြင်ပေးမှာပေါ့…
    လိုတာရှိဖုန်းဆက်ပါ ကွန်ပျူတာနဲပက်သတ်ပြီး…….. အော်အော် ဘီယာသောက်လဲ ဆက်နော်…ဟီးဟီးဟီး

  • kai

    June 5, 2012 at 2:08 pm

    တေးမြုံငှက်ဆိုတဲ့.. စာသားလေးတခုထဲနဲ့..သူဟာ.. လေးစားမိတဲ့.. အနုပညာသည်ဖြစ်သွားတယ်..။
    =

    တေးမြုံငှက်

    မိုးကောင်းကင် ငွေတိမ်ပွင့်တွေကြားမှာ တေးဆို မပျော်ပါးနိုင်အားပါ

    ကမ္ဘာထောင့်ကြား. နေရာလေးမှာ လောကကိုငေးမောကြည့်နေသလို

    အာခံတွင်းထဲ ငုံကာထားတဲ့တေးတစ်ပုဒ်တော့ ရှိမယ်ထင်ရဲ့…….

    ၊ပျော်ရွှင်ခြင်းလား ငိုယိုခြင်းလား ကြင်နာခြင်းလား နာကျဉ်ခြင်းလား အိုဘယ်. အို တေးမြုံငှက်

    တခြားငှက်တွေလေဟုန်စီးနေဆဲ၊ အများနှယ် မပျံဝဲပါလားကွယ်
    အမှောင်ရိပ်ထဲ ခိုဝင်နားကာ၊ သောကတွေကြိုးစားမေ့နေသလို
    အာခံတွင်းထဲငုံကာထားတဲ့တေးတစ်ပုဒ်တော့ ရှိမယ်ထင်ရဲ့
    မြိုသိပ်ခြင်းလား၊အိပ်မက်ခြင်းလား၊ငြိမ်သက်ခြင်းလား၊ထိမ်ဝှက်ခြင်းလား
    အို … ဘယ့် … အို .. တေးမြုံငှက်။

    ပန်းပွင့်တွေ အန်ထုတ်ပေးကာဘဲ၊ ဘဝကိုဖန်ဆင်းနေမြဲသာ
    ရာသီစက်ဝိုင်း အချိန်တိုင်းမှာ၊ မျိုးဆက်ကို ထိန်းသိမ်းထားနေသလို
    အာခံတွင်းထဲ ငုံကာထားတဲ့ တေးတစ်ပုဒ်တော့ ရှိမယ်ထင်ရဲ့
    ရင်ခုန်ခြင်းလား၊ကြေနပ်ခြင်းလား၊ရှာဖွေခြင်းလား၊ ရှောင်ဖယ်ခြင်းလား
    အိုဘယ့် …. ၊ အို …. တေးမြုံငှက်

  • ahnyartamar

    June 5, 2012 at 2:30 pm

    ကိုဘလက်ရေ…မောင်သစ်မင်းရဲ့သီချင်းတွေနဲ့ပဲ ကြီးပြင်းခဲ့ရတာဆိုတော့ သီချင်းဟောင်းတွေပြန်နားထောင်တိုင်း မောင်သစ်မင်းကို သတိရပါ၏။ အထူးသဖြင့် ခိုင်ထူး၊ ကိုတိုးကြီး နဲ့ မွန်းအောင် တို့သီချင်းတွေကို ပြန်နားထောင်ဖြစ်တိုင်းပေါ့။ ဒါပေမယ့် အိမ်က ကလေးတွေက အဲဒီသီချင်းတွေဖွင့်ရင် မုန့်ဖိုးပိုပေးရတယ်၊ သူတို့ကြိုက်တဲ့သီချင်းနားမထောင်ရလို့တဲ့ဗျာ။

  • blackchaw

    June 5, 2012 at 3:14 pm

    ကိုအညာတမာရေ။
    လေးဖြူပြန်ဆိုတဲ့ ဂျက်မြသောင်းရဲ့ ရာဇဝင်ရိုင်းတယ်၊
    ိဝိုင်ဝိုင်းပြန်ဆိုတဲ့ ဂျက်မြသောင်းရဲ့ ရင်ဖွင့်ပြချင်တယ်
    အငဲပြန်ဆိုတဲ့ ခင်မောင်ထူး ရဲ့ ဇာတ်တော်ထဲမှာ အလွမ်းဆုံး
    အငဲပဲ ဆိုခဲ့တဲ့ ကိုယ်ရေးရာဇဝင်
    သီချင်းတွေကလည်း မောင်သစ်မင်းရဲ့ ထင်ရှားတဲ့ သီချင်းတွေပါဗျာ။

  • TTNU

    June 5, 2012 at 3:14 pm

    ကိုချောရေ..
    တီချာမနက်တုန်းက မန်းထားပြီးသားကြီး မရှိတော့ဘူးတော့။
    ဖရဲ မန့် ပြီးနောက်ဆက်တိုက်ရေးခဲ့တာ။ ပေါ်လာပြီးဖတ်ပြီးသားတော့။
    How come????

  • pooch

    June 5, 2012 at 3:14 pm

    ကိုဘလက်ရေ မျှော်လင့်ခြင်းကွင်းပြင်ဆိုတာ တိုက်ဆိုင်မှုတွေ ရှိလို့ တခါတခါမှာ နားထောင်နေတုန်း မျက်ရည်ဝဲဖူးပါတယ်။ ဒါပေမဲ့ ကိုုဘလက်ရေ မျက်ရည်က အမြဲတစေ ဝဲရုံပဲ ဝဲပြီး မကျတတ်ခဲ့လို့ အသဲတွေများ မာနေသလားတောင် ထင်မိပါတယ်။

  • blackchaw

    June 5, 2012 at 4:04 pm

    မေ့သွားလို့ ဗျို့။
    မျှော်လင့်ခြင်းကွင်းပြင် သီချင်းစာသားကို
    http://www.mmlyrics.com က ကူးယူတဲ့ အကြောင်း
    လေးလေးစားစား အသိပေးပါတယ်ဗျာ။

  • ဗိုက်ကလေး

    June 5, 2012 at 4:09 pm

    အူးလေးကျောင်းဒဂါဆရာချောရေ
    ကျနော်က အဆိုတော်သာသိတာ
    ရေးတဲ့သူကိုမသိဘူးရယ်..
    အခုရေးပြမှ မာင်သစ်မင်းဆိုတာ ဒီသီချင်းရေးသူပါလားဆိုပြီးသိရတာကလား..
    ကျနော် သိပ်ကြိုက်တဲ့ သီချင်းလေးရေးခဲ့ဒါကိုးဗျာ..

  • marblecommet

    June 5, 2012 at 4:17 pm

    ကိုဘလက်ရေ့……
    ဦးသစ်က…အရက်မသောက်
    ဆေးလိပ်မသောက်
    ကွမ်းမစား ဘဲနဲ့ကို
    တေးမြုံငှက်ကြီးလုပ်သွားတာ
    သိပ်လေးစားဖို့ကောင်းပါတယ်
    ……
    မှတ်မှတ်ရရဗျာ
    ဦးသစ်မဆုံးခင်
    တုန်းက သူ့အိမ်မှာ
    သူမွေးထားတဲ့ ငှက်တွေအများကြီးထဲက
    ကြက်တူရွေးလေးကို
    ခိုင်မာလာနှင်းဆီ သီချင်း ဆိုပြလိုက်စမ်းဆိုပြီး
    ခိုင်းတော့
    ငှက်ကလေးက ကျွန်တော့်ကို
    အဲဒီသီချင်းအလိုက်ကို
    လေချွန်ပြီး ဆိုပြဘူးတယ်ဗျာ
    လွမ်းဝမ်းနည်းလိုက်တာ ကိုဘလက်ရေ့……
    အမှတ်တရရှိပေးတဲ့အတွက်လည်း
    ကျေးဇူးတင်လေးစားမိပါရဲ့…

  • blackchaw

    June 5, 2012 at 4:21 pm

    ညီလေး ကမ်းကြီးရေ။
    ညီလေး က ဆရာသစ်နဲ့ နီးနီးစပ်စပ်
    အလုပ်တွဲလုပ်ဖူးခဲ့တာဆိုတော့
    အမှတ်တရလေးတွေ အများကြီးရှိခဲ့မယ်လို့ထင်ပါတယ်။
    ကြုံလို့ အချိန်ရရင် ပို့စ် ရေးတင်ပါဦးလို့
    လေးလေးစားစား တောင်းဆိုပါတယ်ဗျာ။

  • မဟာရာဇာ အံစာတုံး

    June 5, 2012 at 5:07 pm

    ရော့ကာကြီး အငဲ ဆိုထားတဲ့
    မျှော်လင့်ခြင်းကွင်းပြင် ကို ရေးတာ ဦးသစ်မင်း ကိုး …
    အဲဒီ သီချင်းက ကျနော် သိပ်ကြိုက်တဲ့ သီချင်းတစ်ပုဒ်ပေါ့ ..
    ဒီသီချင်းကို ဖန်တီးခဲ့တဲ့ ဦးသစ်မင်းကို လေးစားပါတယ် ဆိုတာ ပြောလိုက်ပါတယ်ဗျာ ..

  • သားဦး၊မြေးဦး

    June 5, 2012 at 5:54 pm

    ကျနော်ကတော့ ကိုဘလက်ချောကြီး အစဖော်ပေးလို ့ သွားသတိရမိတာလေးက
    တေးမြုံငှက်နဲ ့နှစ်(၅၀) (၁/၂)ပါ။

  • rain pricess

    June 5, 2012 at 6:06 pm

    မျှော်လင်.ခြင်းကွင်းပြင်
    မိုးသိပ်ကြိုက်တဲ.စာသားတွေနဲ. ရေးစပ်ထားတဲ.သီချင်းတစ်ပုဒ်ပဲ
    ဆရာ ရဲ. သီချင်းတွေထဲက အကြိုက်ဆုံးတစ်ပုဒ်ပါ။
    တေးရေးဆရာ မောင်သစ်မင်း အား ဂါဝရပြုပါ၏။
    ကောင်းရာဘုံကို ရောက်ပါစေ။

  • aye.kk

    June 5, 2012 at 6:19 pm

    “ကိုသစ်မင်း”အမှန်သေသော်လည်း..
    ကျန်ရစ်သူရင်ထဲမှာတော့“ကိုသစ်မင်း”ဆိုတာ
    ရှင်သန်နေဆဲ၊ရှင်သန်နေလျှက်ပါ…
    ဩကာသလောကကြီးအတွက်တော့….
    ကိုသစ်မင်းဆိုတဲ့သူက….
    ထာဝရအမြဲရှင်သန်နေလျှက်၊အမြဲနေမှာပါဘဲဆိုတာလေး..
    ပြောပြလိုက်ပါရစေနော်…။။။

  • Shwe Ei

    June 5, 2012 at 8:55 pm

    ဦးဘလက်ပို့စ်နဲ့စပ်ပြီး တွေးမိတာတခုရှိတယ်။ မြန်မာပြည်မှာ ကွယ်လွန်သွားတဲ့တေးရေးတွေအတွက် အမှတ်တရပွဲ သိပ်မလုပ်ကျဘဲ ကွယ်လွန်သွားတဲ့ အဆိုတော်တွေအတွက်ပဲ ပွဲလုပ်ကျတာများသလားလို့ 😕

  • မောင်ပေ

    June 5, 2012 at 9:54 pm

    ကျုပ်ကို ဒီသီချင်းလေးနဲ ့လွမ်းခွင့်ပြုဗျာ
    “ ငါ့ရဲ ့ကြမ်းတမ်း ရုပ်သွင်ပြင်နဲ ့အရေပြားအောက်မှာ
    အလွန်သိမ်မွေ ့တဲ့ ကြည်လင်နုနယ် နှလုံးသား တစ်ခုဟာ တည်ရှိခဲ့…
    မင်းလေး မသိလို ့မုန်းချင်တာလား..
    အမှန်တွေကိုလေ မင်းသိအောင်…
    ငါဘယ်လို ဖော်ပြမလဲကွယ်… ”

  • ဦးဦးပါလေရာ

    June 5, 2012 at 11:34 pm

    သီချင်းဆိုတော့ ကိုယ်နဲ့ဝေးလို့ မန့်ဘို့ မရဲဘူး…..
    ဒါပေမယ့် တကယ့် သီချင်းကောင်းတွေ ပေါက်သွားတဲ့သီချင်းတွေ ရေးခဲ့တဲ့
    တေးရေးဆရာ မောင်သစ်မင်းကို အရင်ကတည်းက လေးစားချစ်ခင်မိပါတယ်။

  • အရီး Khin Latt

    June 6, 2012 at 5:39 am

    “သူဟာ တကယ်ဘဲ မင်းဘဝ မှာ အကောင်းဆုံး လူသား ဖြစ်ခဲ့ရင်၊
    စည်းဝိုင်း အပြင်ဘက် ထွက်ပေးလိုက်ပါ့မယ်”
    ဆိုသူ အတွက်
    မြင့်မြတ်တဲ့ နေရာမှာ ပြန်လည်ရှင်သန်နိုင်ပါစေ။

  • Foreign Resident

    June 6, 2012 at 6:09 am

    ကို ဘလက်ရေ ။
    ကိုသစ်မင်းက ကျောက်ကပ် ရောဂါနှင့် ဆုံးတာထင်တယ် ။
    ဟိုတစ်ခါက အင်္ဂလန်က သူ့တူမ ပုံတွေလဲ အင်တာနက်မှာ
    တော်တော်ပြန့်သွားသလားလို့ ။

  • htet way

    June 6, 2012 at 10:36 am

    ကို ဘလက်ရေ
    ကျွန်တော် ဖတ်သွားတယ်ဗျာ
    ရေးသင့်တဲ့ ဆောင်းပါး တစ်ပုဒ်ပါ
    “ ပန်းစိုက်သူတို့ ဝေဒနာ “ ကို ကျွန်တော် နှစ်သက်ခဲ့ပါတယ်။
    ကျေးဇူးပါဗျာ

  • kyeemite

    June 6, 2012 at 2:11 pm

    ရဲဘော်ဘလက်ရေ…ကြီးမိုက်လည်း ဆရာသစ်မင်းကို
    လေးစားနှစ်သက်ခဲ့သူတစ်ယောက်ပါဗျာ..သူ့သီချင်း
    တွေက ဘဝဒသနတွေပါလို့ တမူထူးခြားနေပါတယ်..
    ဒီလိုလူမျိုး ပေါ်ပေါက်ဖို့ ခက်လှဘိတောင်း…
    ကိုဘလက်ကိုလည်း ပြန်တူးဆွပေးလို့ ကျေးကျေး။

  • ahnyartamar

    June 6, 2012 at 2:12 pm

    ကိုဘလက်ရေ….ခိုင်ထူး၊ ကိုတိုးကြီး၊ ကိုထီး၊ သားထွေး၊ အောင်နိုင် နဲ့ မွန်းအောင် တို့သီချင်းတွေကို ဟိုးတုန်းကအတိုင်း CD ဘယ်မှာဝယ်လို့ရနိုင်လဲဗျို့ သိရင်ပြောပေးပါလားဗျာ။

  • Sonny

    June 6, 2012 at 9:45 pm

    ကို်ဘလက်ချောရေ..
    မျှော်မဆုံးသောကွင်းပြင်အရင်အတိုင်းလျှောက်ရအောင် ဆိုတဲ့ စာသားလေးကို
    အမြဲဆိုနေကျဗျ။
    နေကောင်းနော်…ကိုဘလက်ရဲ့ကဗျာထဲက လို ကြိုးညှိဖို့မလိုတဲ့ဂစ်တာတစ်လက်လို
    နေတတ်ရင်ကောင်းမှာနော်
    ချစ်ခြင်းအားဖြင့်..ကိုဆန်နီ…

  • ကိုရင်စည်သူ

    June 6, 2012 at 11:46 pm

    ဦးဘလက်ရေ… Melody World တေးဆိုပြိုင်ပွဲမှာ ဒိုင်လုပ်ကတည်းက ဦးသစ်မင်းကို
    သေချာမြင်ဖူးတာ… လုံးဝတေးရေးဆရာစစ်စစ် ပီသတဲ့သူကြီး…။
    မျှမျှတတနဲ့လည်း အမှန်အကန် ဆုံးဖြတ်ပေးတာတွေ့ရတယ်…
    (စကီလေးတစ်ယောက် အဲ့ဒီမှာ သွားပြိုင်တုန်းက လိုက်အားပေးလို့ မြင်ဖူး သိဖူးခဲ့တာပါ :))
    ဆရာက ဦးသစ်မင်းကောင်းရာသုဂတိမှာ ရှိနေပါစေလို့ ဆုတောင်းမေတ္တာပို့လိုက်ပါတယ်။
    စကားမစပ်ပါ …. ရွာထဲက ပညာရှိသုခမိန် ကိုသစ်မင်းလဲ… အထုတ်ကြီးကြီးပိုက်ပြီး
    ရွာထဲက ကလေးဆိုးကြီး ကိုရင်တို့ကို ဆုံးမမယ့်အချိန်ကို မျှော်နေပါ့မယ်… 🙄 🙄

  • Azzurri

    June 7, 2012 at 1:49 pm

    ခုချိန်ထိ ခနခန ကြည့်ဖြစ်နေသေးတဲ့
    ကိုငှက်ချစ်ခြင်းအားဖြင့် ဒီဗီဒီ ထဲက
    သူ့အင်တာဗျူးကို ကြည့်မိတိုင်း….
    အနုပညာသမား တယောက်က အနုပညာသမား တယောက်ပေါ်ထားတဲ့
    (ကိုငှက်က ငယ်ပေ ဂျူနီယာ ဖြစ်ပေမယ့်) လေးစားစိတ်
    ကိုမှ လေးစားမိကြောင်းရယ်ပါ….။

    သူ့စာသားတွေ အကြောင်းကတော့ အထက်က ရွာသူားတွေ ရေးပီးဖြစ်လို့
    ကွန့်ရရင်ဖြင့် .. ကိုယ်ရေးရာဇဝင် ထဲက
    နံရံမျက်နှာကျက်နဲ့ ကြမ်းပြင်ကြား ဆိုတဲ့ သူ့စာသားကို
    ဟို အာပျိုဂျီး အကြိုက် အင်္ဂ ါနာမ် နာမည် ၄လုံး (ရေလည် ဂွမ်းတဲ့ ငတိ)
    အတိအကျ ကြီး ယူသုံးတာတောင်
    ထည်ဝါမှု ဂုဏ် ပြောင်မြောက်မှု ဂုဏ် အထားအသို နဲ့ စီးမျောမှု
    လေးဘီး ကားနဲ့ မာစီဒီးစ်
    နံသာဆီ နဲ့ – ီး လို ကွာကြောင်း…
    တခုတ်တရ သတိထားမိပါတယ်…

  • ကိုသစ်မင်းကို စာရေးဆရာတစ်ယောက်အဖြစ်နဲ့လဲလေးစားပါတယ်။
    ငရဲ၌သစ်ငုတ်ဖြစ်စေ တေးမြုံငှက် ကျနော်ကျောင်းသားဘဝက လေးစားစွာအားကျစွာ
    နှစ်သက်စွာဖတ်ခဲ့ရတဲ့စာအုပ်လေးတွေ။
    မူရင်း ရေးသူမသိ ဆိုသူ မသိ အိမ်ဘေးနားက အကိုကြီးတစ်ယောက်ဆိုငြီးခဲ့တဲ့
    “ကမ္ဘာဒေါင့်ကြားနေရာလေးမှာ လောက ကိုငေးမောကြည့်နေသလို………………”ဆိုတဲ့စာသားလေးကို
    နားထောင်ရင်း ဟတ်ထိခဲ့ဘူးတယ်ဆိုရင် ………………………….
    သွားလေသူ ကိုသစ်မင်းကို တကယ်သတိရပါ၏။

  • blackchaw

    June 7, 2012 at 4:17 pm

    @ water-melon ;
    ညီလေးဖရဲရေ။
    မောင်သစ်မင်း ဆိုတာ အဆိုတော်လည်းမဟုတ်ပါဘူးကွယ်။
    သီချင်းရေးဆရာ ကဗျာဆရာ တစ်ယောက်ပါ။
    ကွန်းမန့်လေးအတွက် ကျေးဇူးပါဗျာ။

    @ Shwe Tike Soe ;
    ကဲ ကောင်းအောင်သာပြင်ပေးဗျာ။ မနက်ဖြန် ည
    ညီလေး လက်ထဲ အရောက်ပို့ပေးမယ်။
    မကောင်းတော့ရင် အသစ်ပြန်ဝယ်ပေးရမယ်နော်…။
    🙂

    @ kai ;
    ခိုင်ထူး ဆိုခဲ့တဲ့ တေးမြုံငှက် သီချင်းလေးနဲ့ ကွန်းမန့်လေး ချီးမြှင့်ပေးတာ
    ကျေးဇူးပါ သူကြီးရေ။
    ကျွန်တော်ကလည်း ဒီလိုအချိန်နဲ့ ကိုက်ညီမယ့်
    မောင်သစ်မင်း ရေးခဲ့တဲ့ သီချင်းလေးနဲ့ ပြန်မန့်မယ်ဗျာ။
    ကျော်ဟိန်းရဲ့ ကမ္ဘာသစ် တဲ့။

    ကမ္ဘာသစ်
    မှောင်သောညတွေပြီးရင်တွေ့မယ် ငြိမ်းချမ်းသော ကမ္ဘာသစ်ကြီး
    တေးသံကြားတယ် တို့လူသားတွေ သဘောထားတွေ ပြောင်းကြ
    ရန်ပွဲတွေရပ် ငြိမ်းချမ်းရေးကို မင်းမြင်လား
    ကောင်းကင်ထဲမှာ ချိုးဖြူငှက်များ ဝဲပျံသွားတွေ့လား
    လူ့စိတ်ရိုင်းတွေ အမုန်းစစ်ပွဲတွေ သီချင်းနဲ့ရပ်ပစ်စမ်း
    တို့တွေအားလုံး ရင်းနှီးစွာ တစ်ဦးကိုတစ်ဦးကို ချစ်ကြစမ်းပါ
    ဆင်းရဲချမ်းသာခွဲနေမှုတွေ မလိုအပ်ဘူး
    တို့လူသားတွေ ချစ်ခင်ကြဟေ့ စစ်မဖြစ်ရဘူး
    ရန်ပွဲတွေရပ်ပစ် အမုန်းများရပ်ပစ်
    ရန်ပွဲတွေရပ်ပစ် အမုန်းများရပ်ပစ်

    @ anyartamar ;
    ကျေးဇူးပါ ကိုအညာတမာရေ။
    ခင်မောင်တိုး ရဲ့ တံခါးဖွင့်ပါက ကိုသစ်မင်းရဲ့ စာသားခင်ဗျ။

    ဒီတစ်ညတော့ မင်းရင်ခွင်မှာ အိပ်ဖို့ရောက်လာပြီ
    အချစ်ကလေးရယ် တံခါးဖွင့်ပါကွယ်

    @ TTNU ;
    တီချယ်ကြီးရေ။ ကွန်းမန့် ဘယ်ပျောက်သွားလဲ မသိဘူးနော့။
    နည်းနည်းတော့ ထူးဆန်းပါတယ်။
    ဘာပဲဖြစ်ဖြစ် တီချယ်ကြီးဝင်ဖတ်သွားတယ် ဆိုတာနဲ့တင်
    ကျေးဇူးတင် ကျေနပ်နေပါပြီခင်ဗျာ။

    @ pooch ;
    မျက်ရည်ဝဲ ရုံလေးနဲ့တော့ အသည်းမာတယ် မဆိုနိုင်ပါဘူး ဒေါ် ပုချ်ရယ်။
    ကိုငှက်သီချင်းတစ်ပုဒ်ရှိတယ်။
    မျက်ရည်ဝဲရုံ တဲ့။

    ရင်မှာ တိတ်တိတ် မျက်ရည်ဝဲရုံ ကြေကွဲသွားရုံလေး
    ရင်ခွင်ထဲ နွေးထွေးသွားရုံလေး အသည်းမှာ
    မင်းအကြည့်တွေ ရင်ခုန်ရုံလေး ချစ်နေမှာ

    ခင်ဗျားတို့လို အပျိုကြီး လူပျိုကြီးတွေနဲ့ ကီးကိုက်မယ်ဗျ။
    ဘာလို့လဲဆိုတော့ လူပျိုကြီး အပျိုကြီးတွေဟာ
    မျက်ရည်ဝဲရုံ ရင်ခုန်ရုံလေးနဲ့ ကျေနပ်နေတတ်ကြတယ် ကြားဖူးလို့ပါ။
    🙂

  • blackchaw

    June 7, 2012 at 4:29 pm

    @ ဗိုက်ကလေး ;
    ညီလေးရေ။ တေးရေးသူတွေဟာ ကန့်လန့်ကာ
    နောက်ကွယ်က နေရတဲ့လူတွေပါ။ သီချင်းတစ်ပုဒ်ကောင်းရင်
    အဆိုတော်သာ နာမည်ကြီးတတ်ပေမယ့် တေးရေးဆရာကတော့
    လူသိနည်းတတ်ကြပါတယ်။
    ဒီပို့စ်လေးက ကိုသစ်မင်းရဲ့ သီချင်းလေးတွေကို ရွာသူားတွေ (မသိသေးသူများ)
    သိစေချင်တဲ့ ရည်ရွယ်ချက်လည်းပါပါတယ်။
    ကျေးဇူးပါဗျာ။

    @ အံစာတုံး ;
    အဲဒါပဲဗျာ။ ညီလေးသိတ်ကြိုက်တဲ့ သီချင်းကို
    ဒီလူကြီးရေးခဲ့တယ်ဆိုတာ သေသွားလို့ တစ်နှစ်တိတိပြည့်မှ သိတယ်ဆိုတော့
    ရေးရကျိုးနပ်ပါတယ် အံစာရေ။ ကွန်းမန့်လေးအတွက်ကျေးဇူးပါဗျာ။

    @ မောင်သန်းထွဋ်ဦး ;
    တေးမြုံငှက် နှစ်ငါးဆယ် (၁၊ ၂) က ကိုသစ်မင်း နှစ်ငါးဆယ်မြောက်အနေနဲ့
    ကိုသစ်မင်းရေးခဲ့တဲ့ သီချင်းတွေကို အဆိုတော်တွေ ပြန်ဆိုကြတာပါ ညီလေးရေ။
    ဟုတ်ပါတယ်။ အဲဒီ စီးရီးတွေကလည်း ကိုသစ်မင်းရဲ့ မှတ်တိုင်တွေပါဗျာ။

    @ rain princess ;

    တေးရေးဆရာ မောင်သစ်မင်း အား ဂါဝရပြုပါ၏။
    ကောင်းရာဘုံကို ရောက်ပါစေ။

    ဆုတောင်းပေးတာ ကျေးဇူးပါ မိုး ရေ…။

    @ aye. kk ;
    ကွန်းမန့်လေးနဲ့ ဆုတောင်းပေးသွားတာ
    ကျေးဇူးပါ အစ်မအေးရေ။
    အစ်မပြောသလို ထာဝရ ရှင်သန် နေမှာပါ ခင်ဗျာ။

    @ ရွှေအိ ;
    အများအားဖြင့်ဆိုရင်တော့ ဟုတ်တယ်လို့ပြောရမှာပါပဲ ရွှေအိရေ။
    ဒါပေမယ့် စောဘွဲ့မှူး အမှတ်တရ ဆိုတာကတော့ တေးရေးတစ်ယောက်ရဲ့
    အမှတ်တရပွဲပါဗျာ။

  • blackchaw

    June 7, 2012 at 4:44 pm

    @ မောင်ပေ ;

    အပေါ်ယံချိုတာတွေ အများကြီးတွေ့တော့
    ဆုံးဖြတ်ရခက်လို့နေမယ်
    ငါ အရုပ်ဆိုးလည်းကွယ်
    နှလုံးသားလှအောင်နေတတ်ခဲ့…။

    ဂျက်မြသောင်းရဲ့ ရင်ဖွင့်ပြချင်တယ် ခေတ်ကတည်းက
    ကြိုက်ခဲ့တာပါ မောင်ပေရေ။
    ကွန်းမန့်လေးနဲ့ ဝင်လွမ်းပေးတာ ကျေးဇူးပါဗျာ။

    @ ကိုပါလေရာ ;

    တကယ့် သီချင်းကောင်းတွေ ပေါက်သွားတဲ့သီချင်းတွေ ရေးခဲ့တဲ့
    တေးရေးဆရာ မောင်သစ်မင်းကို အရင်ကတည်းက လေးစားချစ်ခင်မိပါတယ်။

    ကွန်းမန့်လေးအတွက် ကျေးဇူးပါ ကိုပါလေရာရေ။

    @ အရီးလတ် ;
    ဆုတောင်းကွန်းမန့်လေးအတွက် ကျေးဇူးပါ အစ်မရေ။

    @ Foreign Resident ;
    ဟုတ်မယ် FR ကြီးရေ။ ကိုသစ်မင်း တူမတော့ ကျွန်တော်မသိဘူးခင်ဗျ။
    ကွန်းမန့်လေး ချီးမြှင့်ပေးတာတော့ ကျေးဇူးပါ ဗျာ။

    @ Htetway ;
    ပန်းစိုက်သူတို့ဝေဒနာ ကို ခင်ဗျားကြိုက်မှာပေါ့ဗျာ။
    ကဗျာတစ်ပုဒ် လို ခံစားလို့လည်း ရနေတာကိုး။
    သီချင်းလေးလည်း ဒေါင်းပြီး နားထောင်ကြည့်ဗျာ။ ကြိုက်သွားမှာပါ။

    @ ကိုကြီးမိုက် ;
    ပြောနေဖို့ မလိုတော့ပါဘူး ကိုမိုက်ရယ်။
    ကျော်ဟိန်းကို ခိုက်တယ်ဆိုကတည်းက
    မောင်သစ်မင်း ကိုလည်း ခိုက်ပြီးသားဖြစ်မယ်ဆိုတာ။
    ကျေးဇူးပါဗျာ။

  • blackchaw

    June 7, 2012 at 4:54 pm

    @ sonny ;
    ကိုဆန်နီရေ
    ကြိုးညှိဖို့မလို တဲ့ ဂစ်တာတစ်လက် ဆိုတာကတော့
    တင်စားမှုတစ်ခုပါဗျာ။
    တစ်ကယ့်ဘဝတွေထဲမှာကျတော့ လိုအပ်သလို ချိန်ညှိ
    တီးခတ်နေရတာမျိုးပါ။
    ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်တော့်ကဗျာလေးကို
    ဖတ်တယ်လို့ ယူဆလို့ရတဲ့ ခင်ဗျားကွန်းမန့်လေးကို
    best comment ရွေးခွင့်ပြုပါဗျာ။

    @ ကိုရင်စည်သူ ;
    ကွန်းမန့်လေးအတွက် ကျေးဇူးပါ ညီလေးရေ။

    @ ဂီဂီ ;
    နောက်ကျမှ ရောက်လာတဲ့ ကွန်းမန့်လေးကို လှိုက်လှဲစွာကြိုဆိုပါတယ် ညီလေးရေ။
    ညီလေးနဲ့ ဖက်တီးကက်တို့ ကိုယ်ရေးရာဇဝင်ကို
    နှစ်ယောက်အတူဆိုခဲ့ကြတာ အခုထိမှတ်မိနေပါသေးတယ်။
    ညီလေးတို့လို လူတွေက ကိုသစ်မင်းရဲ့ တန်ဘိုးကို
    ပိုနားလည်ကြမှာပါဗျာ။

    @ ကိုပေါက် ;
    ကိုပေါက်က စာရေးဆရာ ကိုသစ်မင်း ကိုပါ သိနေတာ ဝမ်းသာပါတယ်ဗျာ။
    ကိုပေါက်ပြောတဲ့ သီချင်းက ခိုင်ထူးရဲ့ တေးမြုံငှက် သီချင်းပါ။
    ကိုသစ်မင်းကို ဝင်သတိရပေးတာ ကျေးဇူးအထူး ပါ ကိုပေါက်ရေ။

  • padonmar

    June 7, 2012 at 10:21 pm

    သူဆုံးခါစကလည်းရေးဖူးတယ်နော်။
    မှတ်မိတာတော့ အသည်းကင်ဆာထင်ပါတယ်။
    မိတ်ဆွေတွေကကုပေးကြလို့ ဘန်ကောက်မှာသွားပြတယ်လို့ဖတ်မိ။
    ကြုံတုန်းကြွားမယ်။ကျမမှာ တေးမြုှုံှငှက်နဲ့ ငရဲ၌သစ်ငုတ်ဖြစ်စေ ရှိတယ်။
    ကျမလည်း သီချင်းရေးတဲ့ မောင်သစ်မင်းထက် စာရေးဆရာမောင်သစ်မင်း ကိုပိုသိနေခဲ့တယ်။

    စကားအတင်းစပ် ကိုသစ်မင်းကြီးကိုလည်း သတိရပါတယ်။
    ကိုပေါက်စကားနဲ့ ရွာကိုပြန်လာပါဗျိုး။

  • metallic

    June 7, 2012 at 10:48 pm

    မရောင်းလိုပေမယ့် ရောင်းလိုက်ရတဲ့အခါ
    ရင်ထဲ ဘယ်လိုရှိမယ် ကိုယ်ချင်းစာကြည့်ကွယ်
    ဈေးခင်းထားတဲ့ ပန်းကလေးတွေကို
    မြင်တိုင်း မျက်ရည်လည်…
    (မွန်းအောင်ဆိုတာကို မမီလိုက်ပေမယ့် ခင်မောင်တိုးဆိုတာကို သိပ်သိပ်ကြိုက်ခဲ့ဘူးတယ်)

    အာခံတွင်းထဲငုံကာထားတဲ့
    တေးတပုဒ်တော့ ရှိမယ်ထင်ရဲ့
    မြိုသိပ်ခြင်းလား….
    အိပ်မက်ခြင်းလား…..
    ဲငြိမ်သက်ခြင်းလား…..
    ထိမ်ဝှက်ခြင်းလား…..
    အို … ဘယ့် … အို .. တေးမြုံငှက်။
    (မီမီဝင်းဖေရဲ့အသံလေးနဲ့ ကြားယောင်ဆဲ)

  • blackchaw

    June 8, 2012 at 9:06 am

    @ tunlinaung ;
    ကွန်မန့်လေး ဝင်ချီးမြှင့်ပေးတာ ကျေးဇူးပါ ကိုထွန်းလင်းအောင်ရေ။
    မတွေ့တာတောင် အတော်ကြာနေပြီနော်။ နေထိုင်ကောင်းပါရဲ့လားဗျာ။

    @ TTNU ;
    တီချယ်ကြီးရေ။ အခုကျွန်တော်ရေးပြထားတာ
    မောင်သစ်မင်းရဲ့ ၅ဝရာခိုင်နှုန်းလောက်သော အနုပညာတွေလောက်ပဲ
    ဖြစ်ပါလိမ့်မယ်။ အများကြီးကျန်နေပါသေးတယ်။
    ဥပမာ။ ရဲသွင် ကို ဖြစ်စေခဲ့သော နှင်းဆီလှိုင်းများအခွေထဲက
    အချစ်များရင်ထဲမှာ သီချင်းအပါအဝင် သီချင်း ငါးပုဒ်တိတိ၊
    တင့်တင့်ထွန်း နမ်းမှာလား စီးရီးမှာလည်း ဆိုဒ်အေရဲ့ ပထမဆုံးအပုဒ်

    တစ်နှစ်သုံး အခုကစ ခြေလှမ်းတွေပန်းတိုင်ရောက်အောင် ရှေ့ဆက်သွား
    ဘယ်တော့မှ စိတ်ညစ်စရာမတွေးနဲ့

    ဆိုတဲ့ သီချင်းကောင်းကောင်းလေးတွေ၊
    ကျန်အဆိုတော်တွေ ဆိုခဲ့တဲ့ သီချင်းကောင်းလေးတွေလည်းရှိဦးမှာပါ။
    အယ်လ်ခွန်းရီက တီချယ်ကြီးတို့နဲ့ ဘီအီးဒီ အတူတက်ခဲ့တယ်ဆိုတာသိရလို့
    အံ့ဩမိပါတယ်။ ကျေးဇူးပါ တီချယ်ကြီးရေ။

    @ anyartamar ;
    မူရင်းသီချင်းအဟောင်းတွေကတော့ တိပ်တို့ စီဒီတို့နဲ့ ရှာလို့ မလွယ်လောက်တော့ဘူး
    ကိုအညာတမာရေ။ mp3 လိုချင်ရင်တော့ myanmarmp3album ဆိုက်မှာ အလွယ်တကူ
    ဒေါင်းလို့ ရနိုင်ပါတယ်။ mp3 နဲ့သာ နားထောင်ပါဗျာ။ ဒေါင်းရခက်နေရင် လိုချင်တဲ့ သီချင်းပြောပါဗျာ။
    ကျွန်တော် ရှာပေးပါ့မယ်။

    @ padonmar ;

    ကြုံတုန်းကြွားမယ်။ကျမမှာ တေးမြုှုံှငှက်နဲ့ ငရဲ၌သစ်ငုတ်ဖြစ်စေ ရှိတယ်။

    ကြွားလောက်ပါတယ်အစ်မရေ။
    အဲဒီနှစ်အုပ်ကလည်းအခုတော့ ရှားပါးစာရင်းဝင်ဖြစ်နေပြီလေ။
    ဘာပဲဖြစ်ဖြစ်ပါ။
    အစ်မပေးတဲ့ ကွန်းမန့်လေးတစ်ခုနဲ့တင်
    ကျွန်တော် ဒီပို့စ်ကို ရေးရကျိုးနပ်ပါတယ် ဆိုတာလေး
    အတိသယဝုတ္တိ ခွင့်ပြုပါခင်ဗျာ။

    @ metallic ;
    မောင်သစ်မင်းကို ဝင်လွမ်းပေးတာ ကျေးဇူးအထူးပါဗျာ။

  • ba gyi

    June 8, 2012 at 4:53 pm

    အေး ဗျာ ကိုဘလက်ရေ–
    ပန်းတွေအများကြီး ပွင့်စေခဲ့ပေမည့်– ပန်းပေါင်းမစုံပဲ နောက်ဆုံးခရီးကိုတိတ်ဆိတ်စွာထွက်သွါးရှာတဲ့-
    ဆရာမောင်သစ်မင်း ရဲ့ဂုဏ်ပြု အမှတ်တရ လေးအတွက်၊ကျနော် သည်လိုတွေးမိပါတယ် —–၊
    စိတ်ထားပြည့်ဝပြီး၊တန်ဘိုးရှိတဲ့ သူတွေအပေါ် အမှတ်ရ၊တန်ဘိုးထာတတ်တဲ့ သူတွေရဲ့စိတ်ဓါတ်ဟာလည်း
    ပြည့်ဝပြီး၊ခွန်အားရှိတဲ့စိတ်ဓါတ်ပိုင်ရှင်တွေပါဗျား ။
    ရွာထဲမှာသည်လိုခွန်အားရှိသူတွေများလို့ အလွန်ဝမ်းမြောက်ရပါကြောင်း။

  • Victory

    June 8, 2012 at 6:37 pm

    မောင်သစ်မင်းဆိုတာ ကျော်ဟိန်းလျှမ်းလျှမ်းတောက်ချိန်မှာတောင် တလေးတစားတေးရေးပေးဖို့
    ကမ်းလှမ်းခံခဲ့ရသူဖြစ်လေတော့ လေးကြီးကြီး(ပေါ့သေးသေးမဟုတ်)ထဲကပေါ့ဗျာ။
    (ကိုစိန်ဗိုက်ဗိုက်)ဗိုက်ကလေးဆိုသူက
    သူကိုယ်တိုင်ဒီမှာဒီပို့စ်ကိုတင်ခဲ့ပြီး

    http://myanmargazette.net/50755/entertainment/celebrity-biographies-celebrity-commentary-celebrity-gossip-celebrity-lifestyles-trends

    ခုတော့ဒီလိုကော်မန့်ပေးတယ်ဗျာ။

    ————-
    ဗိုက်ကလေး says:
    အူးလေးကျောင်းဒဂါဆရာချောရေ
    ကျနော်က အဆိုတော်သာသိတာ
    ရေးတဲ့သူကိုမသိဘူးရယ်..
    အခုရေးပြမှ မာင်သစ်မင်းဆိုတာ ဒီသီချင်းရေးသူပါလားဆိုပြီးသိရတာကလား..
    ကျနော် သိပ်ကြိုက်တဲ့ သီချင်းလေးရေးခဲ့ဒါကိုးဗျာ..
    ————-
    မနောက်ပါနဲ့ဗျာ။(စိတ်မဆိုးနဲ့နော်…..ညီလေးမေ့နေတယ်ထင်လို့ပါ။)
    ————-
    အင်မတန်တော်သောသီချင်းရေးစရာတယောက်ကိုခုလိုတခုတ်တရဖော်ပြပေးတာဝမ်းသာမိပါတယ်။
    ဆရာသစ်မင်းကောင်းရာသုဂတိလားပါစေ။
    ————

  • myan mar

    June 8, 2012 at 7:28 pm

    ပန်းစိုက်သူတို့ ဝေဒနာ
    ငါတို့ စိုက်ပျိုးလို့ဖူးပွင့်ခဲ့တဲ့ ပန်း ကလေးတွေကို
    ငွေနဲ့ မလဲလှယ်ချင်
    မရောင်းလိုပေမယ့် ရောင်းလိုက်ရတဲ့အခါ
    ရင်ထဲ ဘယ်လိုရှိမယ် ကိုယ်ချင်းစာကြည့်ကွယ်
    ဈေးခင်းထားတဲ့ ပန်းကလေးတွေကို
    မြင်တိုင်း မျက်ရည်လည်…
    ပန်းကလေးတစ်ပွင့်ရဲ့တန်ဘိုးဟာ
    ငွေနဲ့ဆုံးဖြတ်လို့ မရနိုင်ပါ
    ပန်းစိုက်သူတို့ ရင်ထဲမှာ
    လူ့လောက ကမ္ဘာကြီး လှပဖို့စေတနာ…။
    ငါတို့ ဘဝထဲက သွေးချွေးတို့နဲ့ ရင်းနှီးကာရယ်
    တကယ်ပဲ နှမြောနေတယ်
    မထိုက်တန်ပေမယ့် ပေးလိုက်ရတဲ့အခါ
    ရင်ထဲ ဘယ်လိုရှိမယ်
    ကိုယ်ချင်းစာကြည့်ကွယ် …
    ဈေးခင်းထားတဲ့ပန်းလေးတွေကို
    မြင်တိုင်း မျက်ရည်လည်…
    ပန်းလေးတစ်ပွင့်ရဲ့တန်ဘိုးဟာ
    ငွေနဲ့ဆုံးဖြတ်လို့ မရနိုင်ပါ
    ပန်းစိုက်သူတို့ ရင်ထဲမှာ
    လူ့လောကကမ္ဘာကြီး လှပဖို့ စေတနာ…

  • ahnyartamar

    June 8, 2012 at 7:40 pm

    ကျေးဇူးပါ ကိုဘလက်ရေ mp3 အနေနဲ့ကရှိပါတယ်။

Leave a Reply