“ခမ်းဟွမ် -အပိုင်းနှစ်” (ဝေးလွင့် ဝေသီ…………………..)
“ခမ်းဟွမ် -အပိုင်းနှစ်”
(ဝေးလွင့် ဝေသီ…………………..)
“ကိုးကိုး နက်ဖြန် မန်းလေးတောင်ကိုသွားရအောင် မရောက်တာကြာပြီလေ”
“ညနေပိုင်းမှသွားမယ်လေ မနက်ပိုင်းသွားရင်အပြန်ဆိုအရမ်းပူမှာ”
“ ကိုးကိုး ဘယ်သူမှ မခေါ်ခဲ့နဲ့နော် ငေါတိုင်ပင်စရာရှိတယ်”
“အေးပါ ဒါဆို ညနေခြောက်နာရီလောက်လာခေါ်မယ်လေ”
ညနေခြောက်နာရီလောက်ရောက်တော့ သူ့ကိုဝင်ခေါ်ပြီးတော့ မန်းလေးတောင်ကို
ဆိုင်ကယ်နဲ့တက်လာခဲ့ကြပါတယ်။
နွေအခါဆိုတော့ ညနေခြောက်နာရီကျော်တာတောင်မှ အပူရှိန်သိပ်မကျ အလင်းရောင်လဲမပျောက်သေး။
တောင်တက်လမ်းမှာလဲကျန်းမာရေးအတွက် ခြေလျင်တောင်တက်နေသူတွေကလဲ တစ်လမ်းလုံးမပြတ်ပါဘူး။
မတ်စောက်တဲ့တောင်တက်လမ်းဖြစ်တော့ ဆိုင်ကယ်ကို ဂရုတစိုက်မောင်းလို့လာခဲ့ပါတယ်။
ခါတိုင်းဆိုရင် ပေါက်ပေါက်ဖောက်သလို တစ်လမ်းလုံး စကားပြောတတ်တဲ့ “ဘေဘေး”က
ထူးထူးခြားခြား စကားတစ်ခွန်းမှမပြောဘဲ ငြိမ်ကုတ်လို့လိုက်လာပါတယ်။
ဒါနဲ့ဘဲတောင်ထိပ်ရောက်တော့ ဓါတ်လှေကားအခြေနားမှာ ဆိုင်ကယ်အပ်။
ပြီးတော့မှ ကျနော်တို့ထိုင်နေကျ တောင်မကြီးရဲ့ အရှေ့ဘက်အခြမ်းက စေတီအသစ်လေးဆီကို ဆင်းလာခဲ့ပါတယ်။
ဒီစေတီလေးအသစ်လေးရဲ့ ပုရဝုဏ်က ကျယ်ဝန်းတဲ့အပြင် လူလဲရှင်းပါတယ်။
နောက်တစ်ချက်က တောင်ရိပ်ကျထားတော့ ညနေခင်းမှာဆို ဒီနေရာလေးက အေးတဲ့အပြင်
အရှေ့ဘက်ခြမ်းကရှမ်းတောင်တန်းရဲ့အလှကို ခံစားနိုင်ပါတယ်။
ကျနော်တို့ရောက်တော့ အရှေ့မြောက်ဘက် ကခုံတန်းလေးမှာထိုင်လိုက်ပါတယ်။
၃၃လမ်း-၈၁လမ်းဒေါင့်“စန္ဒာမေဖက်ထုပ်ဆိုင်”က ဝယ်လာတဲ့ ဖက်ထုပ်ပေါင်းရယ်
ဆာတေး ကိုုထုတ်ပြီးကျနော်က သူကို့ခွံ့ကျွေးပါတယ်။
သူ့ကြည့်ရတာ ခါတိုင်းလိုမဟုတ်စားနေတာက စိတ်မပါလက်မပါ။
တွေတွေငေးငေး။
သိပ်မကြာခင်ဘဲ နေအလင်းပျောက်လို့အမှောင်ထုကဝင်ရောက်။
စကားမပြောဘဲ ထိုင်နေတာအတော်ကြာတော့…………….
“ဘေဘေး ……….ဘာပြဿနာဖြစ်လာလဲဟင်……………”
ပထမတစ်ခါမေးတာမဖြေပါဘူး.။
နောက်တစ်ခွန်းထပ်မေးတာတောင်အဖြေမရတော့ ကျနော်ဘက်ကိုဆွဲလှည့်လိုက်တဲ့အခါ
မျက်ဝန်းထဲမှာမျက်ရည်တွေအပြည့်။
ကျနော့်ကို မဖက်စဘူး တင်းတင်းကျပ်ကျပ်ဖက်ထားရင်း ကျနော်ရင်ခွင်ထဲကို ခေါင်းထိုးဝင်
လို့ တသိမ့်သိမ့်နဲ့ ငိုနေပါတယ်။
“ငေါကို လာတောင်းတဲ့သူနဲ့ အိမ်က လက်ထပ်ခို်င်းနေပြီ”လို့ဘလုံးဗထွေးပြောပါတယ်.။
အဲဒီအခါမှ ကျနော်လဲသူ့ခေါင်းလေးကိုဆွဲမော့ပြီး မျက်ရည်စတွေစီးကျနေတဲ့
ပါးပြင်လေးကို မထင်မှတ်ဘဲနမ်းမိပါတယ်။
အဲလိုနမ်းမိလိုက်မှ “ဘေဘေး”ကျနော်ကိုဖက်ထားတာက ပိုတင်းကျပ်လို့လာသလိုပါဘဲ။
တိတ်ဆိတ်နေတဲ့နေရာလေးမို့ကျနော်တို့နှစ်ယောက်ရဲ့မြန်ဆန်လာတဲ့ရင်ခုန်သံကိုတောင်
အကျယ်ကြီးကြားနေရသလို။
“ဘေဘေး သဘောကရော”
“အခုမှ ကိုးကိုးကို မခွဲနိုင်တာ ချစ်နေတာကို သိလာမိတယ်”
“အဲဒါဆို ငြင်းလိုက်ပေါ့”
“ငေါ မှားသွားတယ် ကိုးကိုးရယ် အိမ်က ငေါတို့နှစ်ယောက်ကြိုက်နေပြီလား လို့
မေးတုန်းက မဟုတ်ဘူးလို့ ပြောခဲ့မိတယ်၊တကယ်လဲမဟုတ်သေးဘူးလေ အဲဒီတုန်းက”
“အော်…………….”
“ကိုကိုး ကလဲ ငေါကို ဖွင့်မှ မပြောသေးတာကို”
“ဒီလိုဖြစ်လာမယ်လို့ မထင်မိဘူးလေ……….ကိုယ်တို့နှစ်ယောက်ကလဲ ………..”
ပြောနေရင်းက ကျနော်အသံကတိမ်ဝင်လို့ဘာဆက်ပြောရမှန်းမသိ။
သူကတော့ ကျနော်ရင်ခွင်ထဲကို တိုးဝင်လို့ ငြိမ်သက်။
နှလုံးခုန်နူန်းတွေက သာမန်ထက်ပိုမြန်နေပါတယ်။
ခုနှစ်နာရီခွဲကျော်တော့ မှောင်လဲအတော်မှောင်လာပါပြီ။
ပြန်ကြစို့လို့ ပြောလိုက်တော့မှ
“ ကိုးကိုး ငေါကို အရေးကြီးတာ မပြောသေးဘူး နော်“လို့ဆိုလာတဲ့အခါ
“ကိုးကိုး ကလဲ ဘေဘေးကိုချစ်နေတာ ကြာပေါ့”လို့ပြောမှ ပြုံးလာပြီး ကျနော်ပါးကို သူကနမ်းပါတယ်။
ညင်ညင်သာသာလေး ထိတယ်ဆိုရုံ။
ကျနော်မှာ သူများတွေမြင်သွားမလားဆိုပြီး လှမ်းကြည်တော့ အနီးအနားမှာဘယ်သူမှမရှိ။
ကျနော်တို့ပြန်အဆင်းလမ်းမှာတော့ သူ့ကျနော်ကို ဖက်ထားတာက ခါတိုင်းနဲ့မတူသလို
ပိုပြီးနွေးထွေးသလိုလို။
“သူများနဲ့လက်ထပ်ရမယ်ဆိုမှ ငေါ ချစ်တာ ကိုးကိုး ကိုဆိုတာပြတ်ပြတ်သားသားသိလာမိတယ်”
လို့ နွှမ်းလျှတဲ့လေသံနဲ့ပြောပါတယ်.။
************************ *******************************
အဲဒီရက်လွန်မြောက်တဲ့နောက်ပိုင်းကတော့ အလွမ်းဇာတ်လို့ပြောရင်ရသလိုပါဘဲ။
တစ်ယောက်နဲ့တစ်ယောက် ချစ်နေပြီဆိုတာ သိတော့ အရင်ထက်တောင်ပိုချစ်လာသလိုပါဘဲ၊
နောက်တစ်ယောက်နဲ့တစ်ယောက်ဝေးကွာသွားမှာလဲ စိုးရိမ်လာပါတယ်၊
နှစ်ဦးကြားမှာ ဝင်လာမယ့်သူ ရှိလာတာကြောင့်လဲပါမယ်ထင်ပါတယ်။
ဒါပေမယ့် ကျနော်တို့နှစ်ယောက်အရင်လောက် တော့မတွေ့ကြရတော့ပါဘူး၊
ဘေဘေး ဘက်က တင်းကျပ်လာလို့ပါ။
ကျနော်တို့နှစ်ယောက် အရင်လိုမုန့်တွေဘာတွေစားလို့မှမကြာသေးဘူး
ဘေဘေး အိမ်က ဖုန်းလာတယ်ဆိုတာနဲ့သူအိမ်ပြန်ပြေးရပါတယ်။
ခါတိုင်းလို့တွေ့ဘို့ခေါ်လိုက်ရင် သူမအားတဲ့ရက်တွေများများလာပါတယ်။
“ဘေဘေး”ကိုအရင်လို ကျောင်းအကြိုမခိုင်းတော့ ပါဘူး။
အဲတော့ ခါတိုင်းမနက်တွေလုို နေ့စဉ်တွေ့ကြဘို့အခွင့်အရေးမရ။
ကျနော်တို့ နှစ်ယောက်ကြားထဲမှာ တစ်စထက်တစ်စ တစ်ရက်ထက်တစ်ရက် ပိုဝေးကွာသွားသလိုပါဘဲ။
တစ်ရက်မှာတော့ သူရယ်ကျနော်ရယ် ကန်တော်ကြီးပါတ်လမ်းက ချစ်သူတွေထိုင်တတ်တဲ့
ဆိုင်လေးတစ်ဆိုင်မှာ အတူသွားဖြစ်ကြပါတယ်။
သူနဲ့ကျနော်အတူထို်င်နေကြပေမယ့် ခါတိုင်းနဲ့မတူဘဲစကားသံတွေတိတ်ဆိတ်။
ဘေဘေးက ကျနော်ပုခုံးပေါ်ကို ခေါင်းလေးအသာတင်ပြီး အသံတိတ်။
ဒီအချိန်မှာ ဆူဝေတဲ့စိတ်လဲပေါ်မလာမိတာလဲအမှန်။
ပျက်ယွင်းသွားတဲ့ အနေအထားအပေါ်မှာ ဝမ်းနည်းနေမိသလိုလို။
ပျော်ရွှင်စွာနေခဲ့ ရတဲ့အချိန်တွေကို သတိနေမိပါတယ်။
ညနေစောင်းတော့ ကျနော်တို့ပြန်လာခဲ့တဲ့အချိန်
ရှမ်းကလေးကျွန်းမရောက်ခင်လေးမှာ ကားအမဲကြီးတစ်စီးက ကျနော်တို့ဘေးက ကျော်သွားပြီးမှ
ဘရိတ်အကျယ်ကြီးအုပ်လို့ ရပ်လိုက်ပါတယ်။
ကားတံခါးဖွင့်လို့ လူနှစ်ယောက်ဆင်းလာတာကိုမြင်လိုက်တဲ့ခဏ
“သေပြီ…………….”ဆိုတဲ့အသံလေး ဘေးဘေးဆီက ထွက်လာပါတယ်။
အဲဒီနှစ်ယောက်က ဆိုင်ကယ်ရပ်ဘို့လက်ပြတော့
“ကိုးကိုး ရပ်ပေးလိုက် အဲတာ ငေါဦးလေးတွေ”လို့ဆိုတာနဲ့ရပ်ပေးလိုက်ရပါတယ်။
“ညီလေးက ရဲထွဋ် လား” ဆိုပြီး တစ်ယောက်ကမေးပါတယ်။
ကျနော်ပြန်မဖြေခင်မှာဘဲ
“ဘေဘေး ငါတို့နဲ့ပြန်လိုက်ခဲ့တော့ “ ဆိုပြီးခေါ်သွားပါတယ်။
“မင်းသူငယ်ချင်းဘေဘေးက အိမ်ကသဘောတူထားတဲ့သူနဲ့ လက်ထပ်တော့မှာ”
လို့ကားပေါ်မတက်ခင်ပြောသွားပါသေးတယ်။
အဲဒီနေ့က ကျနော်တို့နှစ်ယောက်လူချင်းတွေ့ရတာ နောက်ဆုံးအကြိမ်ပါဘဲ။
အဲဒီနောက်မှာတော့……………….
“ဘေဘေး”တစ်ယောက်ထဲဆိုရင်လဲ အပြင်ကို လုံးဝမထွက်ရ။
နောက်ခါတို်င်းလို ညနေပိုင်းသွားခေါ်ရင်လဲပေးမလွှတ်။
သူငယ်ချင်းတွေက ကူညီလို့ ခေါ်ထုတ်ပေးပြီး အပြင်မှာတွေ့ဘို့ကြံပြန်ရင်လဲ သူတို့အိမ်ကလူတစ်ယောက်ကအမြဲပါ။
အရင်ကတွေ့တွေ့ချင်သလိုတွေ့နေရာကနေ အခုလိုကန့်သတ်လိုက်တော့ စိတ်ထဲမှာပိုတွေ့ချင်မိပါတယ်။
“ဘေဘေး”နဲ့ကျနော်ရဲ့ ဆက်သွယ်ရာလမ်းကြောင်းကတော့ တယ်လီဖုန်းဘဲရှိပါတယ်။
နေ့ဆိုရင်တော့ ကျနော်လဲ အလုပ်ရှုပ် သူလဲအလုပ်ရှုပ်ဆိုတော့ မပြောဖြစ်။
အဲတော့ ညပိုင်းမှာသာ အေးအေးဆေးဆေးတွေ့ဖြစ်ပါတယ်။
တစ်ည တစ်ည မပြောဘူးဆိုရင် နာရီဝက်တစ်နာရီ။
လွမ်းသမျှ အတိုးချလို့ ပြောတတ်ကြပါတယ်။
ခါတိုင်းလိုကျနော်တို့တွေ့နေကျအချိန်မှာ ကျနော်တစ်ယောက်ထဲယောင်ချာချာ။
တစ်ရက်မှာတော့ ညပိုင်းသူငယ်ချင်းတွေနဲ့ ၃၃လမ်း-၈၂လမ်းဒေါင့့်က အသုတ်ဆိုင်မှာ
သွားထိုင်ဖြစ်ကြပါတယ်။
မျက်နှာခြင်းဆိုင်မှာရှိတဲ့ ပတ္တမြားကြေးအုးိဆိုင်ထဲက “ဘေဘေး”ရယ်လူတစ်ယောက်ရယ်
ပြုံးပြုံးရွှင်ရွှင်နဲ့စကားပြောရင်း ထွက်လာတာကို လှမ်းမြင်လိုက်ရပါတယ်။
ဟိုလူက “ဘေဘေး” လက်ကိုပိုင်စိုးပိုင်နင်းဆွဲထား။
ဒီမြင်ကွင်းကိုမြင်ရတော့ ရင်ထဲမှာဆူဝေလို့သွားပါတယ်။
သူတို့နောက်မှတော့ သူ့ဦးလေးရဲ့သားနဲ့သမီးပါလာတာကိုမြင်ရ။
ကျနော်ပိုင်ဆိုင်တာလေးတစ်ခု ရုတ်တရက်ပျောက်ဆုံးသွားသလိုခံစားရ။
ကျနော်ရင်ထဲကို မဖော်ပြနိုင်တဲ့ဝေဒနာလေးတစ်ခု ရောက်လာဘို့အစပြုတဲ့နေ့လို့ပြောနို်င်ပါတယ်။
ထုံးစံအတိုင်း ညကျနော်နဲ့သူစကားပြောကြတဲ့အခါ “ဘေဘေး” က ဒီအကြောင်းကိုထည့်မပြောပါဘူး။
ကျနော်အနေနဲ့သူ့ကိုဒီအကြောင်းစမေးဘို့ မရှိပါဘူး။
သူပြောတာကိုဘဲကျနော်နားထောင်မယ်လို့ စိတ်ဆုံးဖြတ်ထားလို့ပါ။
နောက်တစ်ပါတ်လောက်ကြာတော့ မိပန်တို့အဖွဲ့တွေပြင်ဦးလွင်ကိုတက်ကြပါတယ်။
“ငရဲ နင်လိုက်အုံးမလား”လို့လာမေးကြပေမယ့် ကျနော်ကတော့အလုပ်မအားဘူးလို့
အကြောင်းပြန်ပြီးနေခဲ့လိုက်ပါတယ်။
တကယ်သွားချင်စိတ်မရှိတာလဲ ပါပါတယ်။
နောက် “ဘေဘေး“မပါတာက အဓိကကျတယ်ဆိုရင်လဲဟုတ်ပါတယ်။
အဲဒီနေ့ညရှစ်နာရီလောက်မှာ မိပန် က ဒေါကြီးမောကြီးနဲ့ဖုန်းဆက်လာပါတယ်။
ဒီနေ့ပြင်ဦးလွင်သွားကြတာ မိပန်ရယ် ငြိမ်းမ ရယ်ပါသွားပါသတဲ့။
သူတို့က အရင် ကျနော်နဲ့ဘေဘေးတို့ သွားလေရာကို မငြင်းတမ်းလိုက်ခဲ့တဲ့သူတွေပါ။
ပွေးကောက်ရောက်တော့ သူတို့နဲ့ ဘေဘေးတို့ အုပ်စုဆုံပါသတဲ့။
ဘေဘေး နံဘေးမှာ လူတစ်ယောက်။
ဝတ်တာစားတာတော့ သေသေသပ်သပ်မျက်နှာပေးကတော့ခပ်ထည်ထည်။
ဘေဘေး ကလဲ သူ့လက်မောင်းကို တွဲပြီးလမ်းလျောက်လာသတဲ့။
မိပန်တို့က နုတ်ဆက်မလို့လုပ်တော့ မမြင်ချင်ယောင်ဆောင်သွားပါသတဲ့။
နောက်တစ်ခါ ကန်တော်ကြီးထဲရောက်တော့ ထပ်ဆုံပြန်တော့လည်း မမြင်ချင်ယောင်ဆောင်သွားပါသတဲ့။
အဲဒီမှာ မိပန်တို့အဖွဲ့က ဘေဘေးကို စိတ်တွေတိုပြန်လာကြပါသတဲ့။
ဒီသတင်းကြားတော့ ကျနော်လဲ ယိုင်သွားသလိုပါဘဲ။
ညမိုးချုပ်ချုပ်လောက်ကျနော်သူ့ဆီကို ဖုန်းဆက်တော့ စကားပြန်တော့ပြောပါတယ်။
“ဘေဘေး ဒီနေ့ အရမ်းပင်ပန်းလို့ အိပ်ချင်နေပြီ………….”ဆိုတဲ့စကားလေးနဲ့အတူ
ဖုန်းချသွားပါတယ်။
နောက်ရက်တွေ ကျနော်ဖုန်းဆက်တော့လဲ စကားပြောရတာအသက်မပါ။
ခါတိုင်းအမြဲတမ်းသွက်လက် မြူးကြွနေတဲ့ သူ့ဆီက စကားသံမကြားရဘဲ
အင်း အဲ လိုက်တာနဲ့ပြီးသွား။
သူနဲ့မတွေ့ရတာလဲ သုံးလေးလလောက်ရှိပြီဆိုတော့ သွေးအေးသွားပြီလို့ထင်မိပါတယ်။
နောက်သူငယ်ချင်းတွေနဲ့ဆုံပြန်ရင်လဲ “ဘေဘေး”ကိုဟိုမှာတွေ့တယ် ဒီမှာတွေ့တယ်
လို့ပြောပါတိုင်းတွေ့တဲ့အချိန်တိုင်းမှာလဲ သူနဲ့လက်ထပ်မယ်ဆိုတဲ့လူက အမြဲပါနေပါတယ်။
တစ်ရက်မှာတော့ သူနဲ့ဖုန်းပြောကြတဲ့အချိန်မှာ ကျနော်မြိုသိပ်မနေုနို်င်တော့လို့မေးမိပါတယ်။
“ဘေဘေး ကိုယ့်ကို တကယ်ချစ်ရဲ့လား”
“မဖြေချင်ဘူး ကိုးကိုးရယ်……………”
“ကိုယ်က ဘေဘေးကိုလက်ထပ်မယ်ဆိုရင်ကော”
“ မဖြစ်နို်င်တော့ဘူး ထင်ပါတယ် အိမ်ကပေးစားတဲ့သူနဲ့ဘဲ ယူရမှာ “
“ဘေဘေး မလွန်ဆန်နို်င်ဘူးပေါ့”
“………………………….”
သူ့ဆီက စကားပြန်မရတော့ပါဘူး ။
စကားမပြော ဖုန်းလဲ မချဘဲ ကျနော်တို့နှစ်ယောက်ကြားမှာ တိတ်ဆိတ်ခြင်းကစိုးမိုး။
အတော်ကြာတော့ သူကအရင်ဖုန်းချသွားပါတယ်။
ဖုန်းမချခင်မှာ ရှိုက်သံ သဲ့သဲ့တော့ ကြားမိသလိုလို……………
အဲဒီနေ့ကစလို့ ကျနော်သူ့ဆီဖုန်းလုံးဝမဆက်တော့ပါဘူး။
သူနဲ့ကျနော်သူငယ်ချင်းဘဝမှာ တစ်နှစ်နီးပါး။
ချစ်သူ့သက်တမ်းကတော့ခြောက်လလောက်အရောက်မှာခွဲခွာရဘို့ဖြစ်လာပါတယ်။
ကျနော်အလုပ် လုပ်တဲ့ ကုမ္ပဏီက တောင်ကြီးဘက်မှာရုံးခွဲထပ်ဖွင့်ပါတယ်။
ကျနော်ကလဲ မန္တလေးမှာမနေချင်တော့တောင်ကြီးမှာ သွားရုံးထိုင်မယ်ဆိုပြီး စာတင်လိုက်ပါတယ်။
အဲဒီကို ပြောင်းသွားတယ်ဆိုတာကိုလဲ ဘေဘေး အပါအဝင် ဘယ်သူ့ကိုမှ မပြောဘဲပြောင်းလာခဲ့ပါတယ်။
စရောက်စကတော့ ဒေသသစ် လုပ်ငန်းသစ်တွေနဲ့ဆိုတော့ ဘယ်သူ့ကိုမှသတိမရနို်င်။
တောင်ကြီးကိုရောက်တာ လေးငါးလလောက်ကြာတော့လူကလဲနေသားကျသွား၊
အလုပ်တွေကိုလဲနို်င်နိုင်နင်းနင်းရှိလာတော့အချိန်တွေလဲပိုလာပါတယ်။
အဲဒီအခါမတော့ သတိရစိတ်တွေက တစ်စထက်တစ်စ ပိုမို။
စိတ်တွေထွေပြားနေခဲ့တဲ့အချိန်တုံးက သာ “ သူမရှိလဲဖြစ်တယ် “လို့ မာမာတင်းတင်းတွေးနိုင်
နေနိုင်ခဲ့ပေမယ့် အခုလို တိုင်ပင်ဖော်တိုင်ပင်ဖက်မရှိ၊စကားပြောဖော်မရှိတဲ့ဘဝအရောက်၊
အချိန်တွေကလဲပိုဆိုတော့ ရှေးဟောင်းနှောင်းဖြစ်တွေဆီကိုဘဲ စိတ်ကရောက်လို့သွားပါတယ်။
ဝေးတော့မှာပိုသတိရမိပါတယ်။
တစ်ရက်တော့ ကျနော့် “ဘေဘေး”ကိုအရမ်းသတိရလာတာနဲ့ သူ့ဆီဖုန်းဆက်လိုက်ပါတယ်။
ပြန်ဖြေတဲ့အသံက ကျနော်မကြားဘူးတဲ့အသံ
“ ဘေဘေး” ဒီမှာမနေတော့ တာကြာပြီ သုံးလေးလလောက်ရှိပြီ”
ဘယ်ကိုရောက်သွားလဲဆိုတော့
“ငေါလဲ ဒီကိုရောက်တာမကြာသေးတော့ မသိဘူး “ဆိုတဲ့အဖြေဘဲရလိုက်ပါတယ်။
အဲဒါနဲ့ အပေါင်းအသင်းတွေဆီ ကို ဖုန်းဆက်တော့ “ ဘေဘေး”ဒီမှာမရှိတော့တာကို
သူတို့ လဲမသိလိုက်ကြ။
မိပန် ကတော့ “အခုမှ တရေးနိုးလာတာလား “လို့ အငေါ်တူးတဲ့လေသံနဲ့မေးပါတယ်။
ငြိမ်းမ ဆီဖုန်းဆက်တော့ “ ရွှေလီကိုရောက်သွားပြီ”လို့ သူအမ က သတင်းပါးပါတယ်။
အဲတော့မှ ကျနော်“ ဘေဘေး”ကို စိတ်လုပ်ပြီး နေခဲ့မိတဲ့အချိန်တွေကို သတိရမိပါတယ်။
သူ့ဖုန်းမှန်းသိရင် ကျနော်မကိုင်ခဲ့ပါဘူး။
မသိလို့ကိုင်မိရင်လဲ သူ့အသံကြားတာနဲ့ဆက်နားမထောင်တော့ပါဘူး။
အကြိမ်ကြိမ်ဆင်ပေမယ့် ကျနော်က နာကျဉ်းစိတ်နဲ့ တစ်ဖက်သတ်အဆက်အသွယ်ဖြတ်ခဲ့ပါတယ်။
နောက်ဆုံးအကြိမ်မှာတော့ သူ့ငိုရှိုက်သံကို သဲသဲကွဲကွဲကြားလိုက်ရပါတယ်။
ကျနော်ကတော့ တင်းမာပြတ်သားဆဲပါဘဲ.။
ကျနော်မကြိုက်တာက ကျနော့်ကိုဖုံးကွယ်ထားတာကိုပါ။
သူသာပွင့်ပွင့်လင်းလင်းပြောပြထားခဲ့ရင် ကျနော်ဒီလောက်ထိ စိတ်ဆိုးမှာမဟုတ်ပါဘူး။
သူများပြောမှ ကျနော်သိရတာတင်မကဘဲ သူက ထပ်ဖုံးကွယ်ထားတော့ စိတ်ထဲမှာပိုနာကျဥ်းမိပါတယ်။
အခုတော့ သွေးအေးသွားတာဘဲလား အချစ်စိတ်တွေကဘဲပြန်နွေးလာလို့ လားတော့မသိ
အချိန်တိုင်းလောက်နီးနီးသတိရနေမိပါတယ်။
သတိရလေလေ အရင်က တင်းမာခဲ့မိတာကို နောင်တရလေလေ။
နောင်တရလေလေ သူ့ကိုချစ်တယ်ဆိုတာ သိလေလေပါဘဲ။
ဒါပေမယ့် နောင်တဆိုတာ လွန်ပြီးမှ ဆုံးရှုံးပြီးမှ သာ ရတတ်တာပါလားဆိုတာခုမှသိရပါတယ်။
သူ့ကို်ယ်တကယ်ဆုံးရှုံးရပြီဆိုတာသိတော့ ပိုပြီးတော့ နှမျောမိပါတယ်။
ဒီအချိန်မျိုးမှာမှ အဝေးကလွင့်လာတဲ့သီချင်းလေးတွေကလူကိုနှိပ်စက်တတ်ပြန်ပါတယ်။
“ဒီမှာငါ့တစ်ယောက်ထဲ အဖော်မဲ့လွမ်းခဲ့ရပြီ ညနက်ထဲ
နင့်အကြောင်းအမြဲတမ်းတွေးက အိပ်မရခဲ့…………………………
ငါ့ဘဝရဲ့မီးအိမ်ရှင်ပါ ငါ့ဘဝရဲ့ပဲ့ကိုင်ရှင်လေးပါ
ငါ့ဘဝရဲ့တန်ခိုးရှင်ပါ ………ငါ့ဘဝရဲ အားအင်ပေါ့ …….နင်ဟာလမင်းလေးပါ”
ငါ့ဘဝရဲ့တန်ခိုးရှင်ပါ ………ငါ့ဘဝရဲ အားအင်ပေါ့ …….နင်ဟာလမင်းလေးပါ
ငါ့ဘဝရဲ့မီးအိမ်ရှင်ပါ ငါ့ဘဝရဲ့ပဲ့ကိုင်ရှင်လေးပါ
နင့်အကြောင်းအမြဲတမ်းတွေးက အိပ်မရခဲ့…………………………
နင့်အကြောင်းအမြဲတမ်းတွေးက အိပ်မရခဲ့…………………………
နင့်အကြောင်းအမြဲတမ်းတွေးက အိပ်မရခဲ့…………………………
ဆက်လက်ဖော်ပြပါမည်။
ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး
18 comments
aye.kk
July 5, 2012 at 7:28 am
ကိုပေါက်…
ခံစားချက်ပေးစွမ်းနိုင်တဲ့..
အရေးအသားတွေကို..
စိတ်ထဲခံစားရင်း၊စွဲစွဲလမ်းလမ်းနှစ်သက်မိပါတယ်..
ဆက်မျှော်လျှက်ပါနော်..။။
ကိုရင်မောင်
July 5, 2012 at 8:18 am
ကိုပေါက်ရေ…
မရိုးနိုင်တဲ့အချစ်ဇာတ်လမ်းလေး
ဆက်လက်စောင့်မျှော်နေပါတယ်….
မောင်ပေ
July 5, 2012 at 8:58 am
ဟိုက်ရော
ဒီရက်ပိုင်းအတွင်း အချစ်ဇါတ်လမ်းလေးတွေ ဆက်တိုက် ဖတ်ရတာ စိတ်ပျိုကိုယ်နု ဖြစ်ရသဗျား
ချစ်သူ၂ယောက် ဂေဇက်မှာ ပြန်ဆုံနေလောက်ပြီ။
ဘဲဥ
July 5, 2012 at 10:06 am
သတိရလေလေ အရင်က တင်းမာခဲ့မိတာကို နောင်တရလေလေ။
နောင်တရလေလေ သူ့ကိုချစ်တယ်ဆိုတာ သိလေလေပါဘဲ။
စာသားလေးကို ရေလည်ကြွေဒယ်ဗျာ………
မွန်မွန်
July 5, 2012 at 10:22 am
ငိုချင်လာပြီ လေးပေါက်ရာ…
ဒီလို မြန်မြန်ဆန်ဆန်ပြောင်းလဲသွားတာ တစ်ခုခုတော့ ရှိရမယ်…
mamanoyar
July 5, 2012 at 10:27 am
ဦးပေါက်နော်
မြန်မြန်ရေးပေး
ဖတ်လို့အရှိန်ကောင်းပြီဆို
ဆက်လက်ဖော်ပြပါမည်က လာပြီ
ဦးပေါက်ရဲ့ ကိုယ်တွေ့လေးလား
water-melon
July 5, 2012 at 10:39 am
ငေါရေ
အရမ်းသတိရပါတယ်
ခုထိလည်းလွမ်းနေဆဲပါ
ခယောင်းလမ်းကို ကိုးကိုးတစ်ယောက်ထဲလျှောက်လှမ်းပါရစေ
Shwe Tike Soe
July 5, 2012 at 11:35 am
လေးပေါက်ရဲ.ပို.စ်ကို ဖတ်ရတော့ ကျွန်တော် ဆယ်တန်းအောင် တော့ ဝတ္တုစဖတ်တယ် အဲဒီမှာ မောင်လှမျိုး(ချင်းချောင်းခြံ) ကိုစဖတ်ရတယ်ဗျာ… အဲဒီလိုပဲ အခုလေးပေါက် ပို.စ်လေးက ခံစားမှုကို တော်တော်လေးပေးစွမ်းနိုင်ပါတယ်…..
ကောင်လေးရဲ.ခံစားချက်ကို အပြည့်အဝ စိတ်ထဲထိ ရောက်အောင် ရေးနိုင်စွမ်းပါလားနော်…
ပြောရင် ချစ်သု.အုပ်လေးကို သတိရလာပြီး ဟီးဟီးဟီး……..ဖုန်းလေးဆက်ပြီး အိမ်ကများလက်ထပ်ပေးမယ့်သူရှိလားဟင်လို. မေးလိုက်အုံးမယ်……….အဟင့် 🙁
kyeemite
July 5, 2012 at 1:14 pm
အချစ်ဝတ္ထုလေးက တကယ်လိုဘဲနော်…
အော်..ဖတ်ရင်း ကျုပ်တောင်ငယ်မူပြန်သွားမိတယ်..
ကျုပ်လဲရေးချင်လိုက်တာ…ကိုပေါက်ရေ…
Khaing Khaing
July 5, 2012 at 2:18 pm
ဟယ် လေးပေါက်ရယ် ရက်စက်လိုက်တာ ကိုယ့်ချစ်သူကို ရှင်းပြခွင့်မပေးပဲ အဝေးတစ်နေရာကို ထွက်သွား တာတော့မကောင်းဘူးပေ့ါနော် …… ဘယ်အရာမဆို တဖက်သတ်အမြင်နဲ့မဆုံးဖြတ်ပဲ ကိုတစ်ကယ်ချစ်ရင် ချစ်သူချင်းပွင့်ပွင့်လင်းလင်းတိုင်ပင်ညှိနှိုင်းသင့်တယ်…….. ဘေးစကားတွေယုံပီး စိတ်ထင်တိုင်းလုပ်ခဲ့ရင် နောင်တဆိုတာတွေရနိုင်ပါတယ် ………
ကိုပေါက်(မန္တလေး)
July 5, 2012 at 2:20 pm
ခက်ပါါ့ကိုမို်က်ရယ် တကယ်ပါဆိုမှာ တကယ်လားမေးနေတတယ်
ညလေး
July 5, 2012 at 4:50 pm
ခံလိုက်ရပါပြီပေါ့……..“ဘေဘေး”ရဲ့ချစ်လေး…..
ရင်ကွဲနေပါတယ်ဆိုမှ……..ဆိုတေးကလည်းတစ်မှောက်..
အဟင့်ဟင့်…….“ဘေဘေး”ကိုသနားတယ်……..
“ကိုးကိုး”ရက်စက်တယ်……အဟင့်ဟင့်…..
အဆက်ကလေးလုပ်ပါဦး……“လေးပေါက်”ရယ်……
အားပေးရင်း……လွမ်းရပြန်ပေါ့…….
ဝမ်းတွင်းရူး
July 5, 2012 at 6:23 pm
ကိုပေါက် ရေ ဆိုတေးလေးနဲ ့ပေါ့နော်။
shwe kyi
July 5, 2012 at 7:22 pm
လေးပေါက်ရေ ကိုးကိုး ကိုနားလည်ပေးမိနေတယ်။ ရွှေကြည်လည်း အဲလိုပဲလုပ်မိမယ်ထင်တယ်။
ဆက်ပါဦးလေးပေါက်ရယ်။
MaMa
July 5, 2012 at 7:38 pm
ထင်တော့ ထင်ပါတယ်။
အရမ်းချောမွေ့နေလိမ့်မယ်လို့ မထင်မိဘူး။
နောက်တပိုင်းဖတ်ဖို့တောင် ကြောက်နေမိပြီ။ 🙁
AKKO
July 5, 2012 at 8:15 pm
လပ်ဗ်ဆင်းမ်းလေးရိုက်လျှင်နာမည်ကြီးဦးမယ် ကိုပေါက်ရေ ။
ကိုကိုးတွေ ၊ ငေါတွေ ၊ ဘေဘေးတွေနဲ ့ဆိုတော့ နာမည်လေးတွေက ပြုံးချင်စရာပဲ ။ ဲ့
ဒါနဲ ့ဆင်ဆာ မလွတ်တာတွေပါတယ်နော် ဟဲဟဲ 😀 😀
pooch
July 5, 2012 at 11:13 pm
သိပ်ချစ်နေရင် လိုက်သွားလိုက်ပါ့လား။ လာချင်ရင်အနီးလေး မလာနိုင်ရင် ဝေးနေအုန်းမှာ ဆိုတဲ့ သီချင်းလိုပဲ။ လွမ်းတာတွေရော သတိရတာတွေရော ရှုပ်နေတာပဲ။ ကိုယ့်စိတ်ကိုယ် နှိပ်စက်နေတယ်။
လက်တွေ့ကျကျတော့ မလုပ်ဖူး။ ဟီး…
ကိုပေါက်(မန္တလေး)
July 5, 2012 at 11:25 pm
အေကေကေအိုရေ လွတ်ပါတယ် ဟ
ကိုယ်လူကလဲ စာတွေးတွေးဘူးကွယ်