ကြက်ငတင် (ဇာတ်သိမ်း)

htet wayJuly 15, 20121min31110

မဟုတ်ဘူး ဦးလေး
ခင်မောင်နဲ့ ငတင် တိုင်ပင်ထားသလို မတ်တပ်ရပ်လိုက်ပြီး သံပြိုင် အော်လိုက်တယ် ပြီးတော့ ဓါတ်ဗူး ကို ရှောင်ဖို့ နောက်ဆုတ်လိုက်ကြတယ် ။ပြီးတော့
ကျွန်တော်တို့ ကြက်ကိုရှာနေတာပါ
ဘာပြောတယ်
ဦးသာဒွန်းက ဓါတ်ဗူးနဲ့ ပေါက်ဖို့ ချိန်လို်က်ပြန်တယ် ။ ခင်မောင့်ကို ချိန်လိုက် ငတင်ကို ချိန်လိုက်နဲ့ ဘယ်သူ့ ပေါက်ရမယ်မှန်း ဝေခွဲနေပုံပဲ။အသံတွေကျယ်ကျယ်လောင်လောင်မို့ အိမ်ထဲက သီရိနဲ့ သူမအမေ ဒေါ်မြတို့ လည်း ပြေးထွက်လာကြတယ်။ သူတို့ လည်း ဘာဖြစ်တာလဲပေါ့ စူးစမ်းသလို ကြည့်နေကြတယ်။
ဒီမှာ ပဲ ငတင်က ` ဒီလိုပါ ဦးလေး သာဒွန်း ကျွန်တော်ကတော့ ဦးလေး အစုကြီးက ကြွေးသိမ်း လာတဲ့ ကြက်ကို ရှာနေတာပါ´
ငတင် စကားဆုံးတော့ ဦးသာဒွန်းက ဓါတ်ဗူးကိုပြန်ချတယ် ။ဒေါသပြေသွားပုံနဲ့ သက်ပြင်းကို မူတ်ထုတ်ရင်း သိဘူးလေကွာ လို့ပြောတယ် ရှက်ရှက်နဲ့ ရေနွေး တစ်ခွက် ငှဲ့ ပြီး ` ငါလည်း ကြက်ဝါသနာပါတယ်
ဒီကြက်ကိုလည်း ငါ သဘောကျလို့ ယူလာတာပါ။
ကျွန်တော်တို့ မကြည့်ဘူးလားဆိုတော့ ကြည့်တယ်။တွေ့လားဆိုတော့ သေချာ မတွေ့ရဘူး ကြက်က လမ်းလျှောက် မြန်တယ် လေ ကြက်နောက်ပိုင်းကို ကြည့်ရတာ ကြက်ဟာ ခွပ်ပြီးသား ပွဲ ဝင်ပြီးသား ဆိုတာ
ခင်မောင် စကား မဆုံး သေးဘူး ဝုန်းဆို သီရိက ရှေ့တိုးပြီး ခင်မောင့်ပါးကို ရိုက်ဖို့ လက်ရွယ်တော့ တာပဲ ခင်မောင်ကလည်း နောက် ဆုတ်လိုက်တယ်။
သီရိ လွန်မယ် ဟိုကြွေးသိမ်း လာတဲ့ အစုကြီးက ကြက် တိုက်ကြက်ကိုပြောတာပါ ဒေါ်ကြွေ့ ကြက်လေ သီရိအဖေရဲ့ ငယ်ရီးစား ဒေါ်ကြွေ့ရဲ့ ကြက်ကိုပြောတာပါ ဦးသာဒွန်းက ခေါင်းမော့ပြီး သေချာ နားထောင်တယ်
ပြီးတော့ အဖိုးကြီး မျက်နှာကြီး နီမြန်းလာပြီး
အစုကြီးက မကြွေ က ငါနဲ့ ငယ်ရီးစားဆိုတာ တော့ ဟုတ်ပါတယ် ဒါပေမယ့် အခု အဆက်သွယ် မရှိတော့ ဘူးလေကွာ
ဦးသာဒွန်း စကားလည်း ဆုံးရော ဒေါ်မြက ဟီးကနဲ ငိုချလိုက်တယ်။ တော့် သာဒွန်း ဟင်.. ရှင်က အစုကြီးကိုကြွေးတောင်းမယ် ဆိုပြီး ညအိပ် ညနေသွားတာ ဒါကြောင့်ကိုး ..အင့်ရွှတ်..အီးဟီး
ဒေါ်မြကို တကယ် ငိုတာ မျက်ရည်တွေကျလို ့ ခင်မောင်ကတော့ အင်း မိန်းမတွေ များ သေခါနီးတောင် သဝန်တိုစိတ် က မပျောက်ဘူး လို့ တိုးတိုးေြ့ပာတယ်။
မဟုတ်ပါဘူး မိန်းမရာ…ဒီကောင်တွေ
ဦးသာဒွန်းက ဒေါ်မြနား ကပ်တယ် စိတ်ဆိုးနေတဲ့ သူမိန်းမ ကို ချော့ ဖို့ လုပ်တယ် ခက်တာက သမီးရော ဟိုနှစ်ကောင်ပါ ရှိတော့ ချော့ဖို့ ခက်နေတယ်။သူတို့ အိမ်က အသံေတွေ ကြောင့် ဘေးက လူတွေကလည်း တစ်ချို့
ကလေးတွေလွှတ်ပြီး ကြည့်ခိုင်း ပြီးမှ ကလေး လိုက်ခေါ်သလို လာကြ တစ်စ တစ်စ လူတွေ အိမ်ရှေ့ မှာ များလာပြီ။
ခင်မောင်က နုတ်ခမ်းကို တွန့် ဇက်ကို စောင်းပြီး ` ပတ်သက်တယ် ဆိုတာ ဆက်နွယ်တာပဲ ဦးရဲ့ ဥပမာ ဦးဆီကို ကျွန်တော်တို့ လာတာ ပတ်သက်ချင်လို့ တနည်း အားဖြင့် ဆက်နွယ် ချင်လို့ ….
ဘာပြောတယ်
သီရိက ဒေါသတကြီး အော်လိုက်တယ်။ဦးသာဒွန်းကတော့ ခင်မောင် ဘာပြောတယ် ဆိုတာ သေချာမကြား ဘူး။ သူ့သမီးအော်လိုက်တာပဲ ကြားတော့ ခင်မောင် ဘက် မျက်နှာတည်ကြီးနဲ့ ကြည့်လိုက် သူ့ မိန်းမ ဒေါ်မြ ဘက် လှည့်ပြီး မျက်နှာပိုး သတ် လိုက် ၊ကြည့်လိုက် လုပ်နေတယ် ။ဒေါ်မြကတော့ ဦးသာဒွန်းကို စားတော့ ဝါးတော့ မတတ်ကြည့် နေလေရဲ့ ။
သီ..ရီ
ကြက်ငတင်က ခပ်တိုးတိုးခေါ်လိုက်တယ် ။သီရိကို စူးစိုက်ကြည့်ပြီး ကိုယ်ဒီတခါ မေတ္တာရပ်ခံပါတယ်။ဘာပဲ စွန့်ရ စွန့်ရ ဒါကိုတော့ မစွန့်လွတ်နိုင်ဘူး သီရိပဲ ဆုံးဖြတ်ပေးပါ
သီရိ မျက်နှာ ရှက်သွေးဖြန်း လို့ ရဲ သွားတယ်။ခင်မောင်က လက်သီး ဆုပ်ပြီး တဖက်လှည့်သွားတယ် ။
ဒါဟာ ကိုယ့်ဘဝ ကိုယ့်ရပ်တည်မူ ကိုယ့်ဝါသနာ ကိုယ့် အလင်းရောင် …ဒီတော့ သီရိရယ်……
သီရိခေါင်းငုံသွားတယ် လက်ချောင်းလေးတွေက စားပွဲ ခုံကို ကုတ်ခြစ်လို့ လက်ချောင်းလေးတွေ နည်းနည်း တုန်နေတယ်။ငတင်က လည်း နဂိုက စကား ထစ်တော့ ထပ်ပြောဖို့ ပါးစပ်ကို ဟလိုက် စေ့လိုက် နဲ့
အားယူနေတယ်။သူစကားပြောခါနီး ဒီလိုပဲ ဖြစ်နေကြလေ။
ဒီလိုမှ မဟုတ်ရင် ကိုယ်ဟာ စားမဝင် အိပ်မပျော် ဖြစ်နေမှာပါ ။ ကိုယ်ရဲ့ကျန်းမာရေး အသက်ရှင်မူ အိုကွာ အားလုံးနဲ့ ဆိုင်တယ် ။ဒီတော့ သီရိပဲ ဦးနဲ့ အဒေါ်ကို ကိုယ့် ကိုယ်စားပြောပေးပါလို့ နော်
သီရိက မဝံ့မရဲနဲ့ ကိုတင်ရယ် ကျမက ပြောလို့ သင့်ပါ့မလား ရှင်က အစမရှိ အဆုံးမရှိ ပြီးတော့ ရှင် နဲ့က …
ဒီလိုပါ သီရိရယ် အစုကြီးက ကြွေးနဲ့ သိမ်းလာတဲ့ တိုက်ကြက်ကို အကို့ကိုရောင်းပါလို့ ပြောပေး…..
တိတ် ..ရှင့်ပါးစပ်ပိတ်
သီရိက တအားအော်လိုက်တာ ပါ။ ရှင်တို့ ခု ထွက်သွား လို့ ထပ်အော်တယ် ဦးသာဒွန်းကလည်း ဘာမှန်းတော့ မသိဘူး သူ့သမီးအော် သလို ထွက်သွားလို့အော်တယ်။ သူတို့ ဆူညံသံတွေ ကြောင့် အိမိရှေ့
မှာ လူတွေ လည်း မနည်းရောက်နေပြီ။ဒေါ်မြက ရှင်လည်းထွက်သွား ဆိုပြီး ဦးသာဒွန်းကို တွန်း ထုတ်တယ် ။ဦးသာဒွန်းကလည်း ငါက ဘယ်ကို ဆင်းရမှာလဲဟဲ့ ဆိုပြီး ပြန်အော်တယ်။ဒေါ်မြက အစုကြီးက အကြွေ ဆီကိုလေ ..ရှင့် အဆက်ဟောင်းကြီးဆီကို သွားခိုင်းတာ.
အစုကြီးက အကြွေ ..ခင်မောင်က တိုးတိုးရေရွတ်တယ် အင်း ..ဇရပ်မှာတော့ စာသားတခု သတင်း တခုရပြီ ကျောင် ဒကာ သာဒွန်း မယား ငယ် ထားခြင်း ဆိုပြီး ရေးပစ်လိုက်မယ် ဆိုပြီး ပြုံးတယ်။
ငတင်ကတော့ တိုက်ကြက်ကို ငေးနေတယ် ။ဒီအချိန်မှာပဲ ဒေါ်မြက တိုက်ကြက်ဖကိုပြေး ယူပြီး `ဒီကြက်မလား အကြွေ ရဲ့ ကြက်´ ဦးသာဒွန်းက ယောင်ပြီး ခေါင်းငြိမ့်လိုက်တယ် ။
ရှင်က လူကို အိမ်ပေါ် မတင်ရလို့ ကိုယ်ပွား သင်္ကေတ ကြက်ကို တင်တယ်ပေါ့လေ မယ်မြတဲ့ တမြတည်း ရှိတယ် မုန့်ပဲဝေစားမယ်ကျန်တာ ဝေမစားဘူး။
အချစ်ပါ ဒွေးလေးမြရဲ့
ဒေါ်မြ ကြိမ်းဝါးတာကို ခင်မောင်ကထောက်ပေးတယ်။အေး အချစ်ကို အဲလေ ဘာမှ အိမ်ပေါ် မတင်ရဘူး ကဲ ဟယ် ..ဂီ
ဒေါသတကြီးနဲ့ ဒေါ်မြက နီးစပ်ရာ ဆွဲပြီး ကြက်ကို ရိုက်လိုက်တာ သူဆွဲ လိုက်တာက စပါးချိန်ရင် တင်းတောင်းကို ဇလုပ် တိုက် ဆွဲရတဲ့ ဒုတ်ကြီးဖြစ်နေတယ် ကြက် ဖကြီးက ဂီ ကနဲ တစ်ချက်ပဲအော်နိုင်တယ် အတောင် တဖျတ်ဖျတ် ခတ်ပြီး ဇီဝိန်ကြွေ သွားတယ်။
ဟာ သေပြီ ..ဒါ ငါ့ ဘဝ ပဲ
ငတင်က ကြက်ကို ပြေးကောက်ပြီး ခေါင်းကို မှုတ်တယ် ။ပြီးတော့ ကြက်အမြီးဘက်ကို မှုတ်တယ် ကြက် ရှေ့ဦးသူနာ ပြု စု နည်း အတိုင်း လုပ်တယ် ဒါပေမယ့်မရတော့ ဘူး ။ ကြက်ခေါင်းက ကြေသွားပြီလေ။
လုပ်ရက်လိုက်တာ ဒေါ်လေးရယ်
ဒါမှ တကယ့် အချစ်သတ္တိပဲ
မင်း ကွာ… ငါ့ ကြက်ကို…တောက်
တစ်ယောက် တစ်ပေါက်ပြေ့ာနေတုန်း သီရိက လည်း ကြက်ကို ကြောင်ပြီး ကြည့်နေတယ် ။ ငတင်က တော့နှမျောခြင်း ဝမ်းနည်းခြင်းတွေနဲ့ ကြက်ကို ကြည့်နေတယ် ခင်မောင်ကတော့ ပြုံးစိစိနဲ့ ဒေါ်မြကို ကြည့်နေတယ် ဒေါ်မြကတော့ လက်ထဲ ဒုတ်ကြီးနဲ့ ဦးသာဒွန်းကို အံကြိတ်ပြီး ကြည့်နေတယ် ဦးသာဒွန်းက ခင်မောင်နဲ့ ငတင်ကို တစ်လှည့်စီ ကြည့်ပြီး
မင်းတို့ ဂြိုလ်ကောင်တွေ …အခု ထွက်သွားကြ
ခင်မောင်နဲ့ ငတင်လည်း ကုတ်ကုတ်ကလေး အိမ်ပေါ်က ဆင်းလာကြတယ်။ အိမ်ရှေ့မှာတော့ ရွာရဲ့ သဘာဝ အတိုင်း လူတွေက စူးစမ်းမူနဲ့ အုံ နေကြတယ်။ ခင်မောင်က ရွာတောင်ပိုင်း ဘက် လှည့်လိုက်တယ် ငတင်က
ရွာမြောက်ပိုင်း ဘက် လှည့်လိုက်ကြတယ် လူတွေက သူတို့ နှစ်ယောက်ကို ကြည့်တုန်း ကလေးတွေကလည်း တဖွဲ့ က ခင်မောင်နောက်ကို လိုက်ကြည့်ကြတယ် တဖွဲ့ က ကြက်ငတင်နောက်ကို လိုက်ကြည့်ကြတယ်။
လူတွေလည်း တစ်ယောက် တစ်ပေါက်နဲ့ ခင်မောင် မွှေတာကွ ဟူ၍တစ်မျိုး ငတင် ကြက် သွား ဝယ်တာ ဟိုလူကြီးက သူရီးစားဟောင်းကြက်မို့ မရောင်းနိုင်ဘူးပြောတာကို ဒေါ်မြနဲ့ ပြဿနာဖြစ်တာလို့ တစ်ဖုံ
အမျိုးမျိုးပြောနေကြရဲ့ ။
ညရောက်တော့ ရွာသာယာ သပြေတန်းက ဘာမှ မဖြစ်ခဲ့ သလို တိတ်ဆိတ်လို့ ။
ညသည် တိတ်ဆိတတ်နေ၏။တောရွာတို့၏သဘာဝအတိုင်း ညဆယ်နာရီကျော်သည်နှင့် လူခြေတိတ်သည်။ တစ်ချက်တစ်ချက် ညည့်ငှက်အော်သံ ကြားရ၏။ အိပ်ပျော်ရင်း ယောင်အော်သော အပျိုကြီး မတုတ်၏ ကျမကို ချစ်ရင်မောင်ကြီးရယ်…ဆိုသော အသံ၊ကိုဝတုတ်၏ ကလေး ဝတုတ်လေးစည်သူ၏ လန့်ငိုသံ သူ့ဇနီး
မူယာမြင့်၏ အိပ်ချင်မူးတူး သားချော့သံ တို့ အသံခပ်ဖျော့ဖျော့ပေါ်လာလိုက် ပျောက်လိုက် ဖြစ်နေရုံ မှ အပ ရွာသာယာသပြေတန်းသည် လူသံတွေ တိတ်နေသည်ဟု ဆိုရမည်။
ထိုအချိန်တွင်ပင် “ ရက် စက်လိုက်တာဒေါ်မြရယ် ဟီး..ဟီး အင့် ၊ သင်း ရက်စက်တယ်” အရက်သံလေးလေးကြီးဖြင့် ဦးသာဒွန်း ၏ငိုပြောသံ တနည်းဆိုသော် အရက်ငိုသံ
ကျွန်တော့်ဘဝပါ ဦးလေးရယ် တိုက်ကြက် မျိုးကောင်းကြီးပါဗျာ ဟူသော ကြက်ငတင်၏ ငဝမ်းနည်းသံ ။
ကျွန်တော် အိမ်မဲက ကြက်သမားငွေ ရီနဲ့ တင်အေးကို အပိုင် ကိုင်မလို့ဗျ ပွပေါက်တော့ ပျက်သွားပြီး ဟီး …
တိတ်ဆိတ်နေမူကို ကြက်ငတင်က ဖြိုခွင်းလိုက်သည်။ သူ့အသံကြောင့် ရွာသားတွေ လန့်နိုးသွားကြသည် ။ချောင်းဟန့်သံတွေ ပေါ်လာသည် ။ တစ်ချို့ အိမ်က မီးခွက် ထွန်းကြသည်။ တစ်ချျို့က လည်း အပေါ့အပါးထသွားကြ နှင့် အိပ်ပျော်နေသည့်ရွာလေး ခဏ လန့်နိုးခဲ့ရသည်။ကြက်ငတင်ကတော့ အိမ်ရှေ့တွင် ရေနံဆီမီးခွက်ကြီး ထွန်းကာ အိမ်ပေါ်က ပူပူနွေးနွေး ဆင်းလိုက်ရသော ဦးသာဒွန်းနှင့် တောအရက် ကိုနှစ်ယောက် သောက်ရင်း တီတိုးပြောလိုက် အော်ငိုလိုက် လုပ်နေသည်။ ဘယ်သူဘာပြောဝံ့မည်နည်း။ကြက်ငတင်က လူကြီးကို ပိုင်သည်လေ။ ဦးသာဒွန်းကလည်း ရာအိမ်မှူး ဆိုတော့ …..မနက်က ဒေါ်မြရိုက်သတ်လိုက်သော ချစ်ဒေါသ ကြက်ဖကြီးကတော့ အမြည်းဟင်းလျှာ ဖြစ်နေလေရဲ့ ။

(ပြီးပါပြီ)

10 comments

  • မောင်ပေ

    July 15, 2012 at 9:43 am

    အခုမှပဲ အင်ထရိုတုန်းကဟာကို လိပ်ပတ်လည်သွားတော့တယ်ဗျို့
    ဖတ်စရာ စာကောင်းရှားနေတဲ့ ဂေဇက်မှာ
    ဆြာထက် ပိုစ့်တွေ ထပ်တင်ပေးပါဦးဗျို့

    • surmi

      July 15, 2012 at 10:27 am

      ဦးပေကတော ့လုပ်ပြီ
      တစ်နေ ့ကိုပို ့စ် ၂ဝ ကျော်တက်နေတာ နေဦး
      ကျနော်တစ်နေ ့ ၃ စောင်နှုံးလောက်တင်ပစ်ဦးမယ် လာမဖတ်လို ့ကတော့
      လျော်ရပြီသာမှတ်(ဘီအီးတစ်လုံး)

      ဆရာထက်ရေ
      ပြီးအောင်ဖတ်ပြီးမှပွားမလို ့စောင် ့နေတာ
      စရိုက်လေးတွေဖေါ်တာကောင်းသဗျာ ရွာထဲဝင်ကြည် ့ရသလိုဘဲ
      အားလည်းကျ အတုလည်းယူ ပြီးတော ့ ကိုယ်တိုင်စမ်းရေးကြည် ့ချင်စိတ်လည်းဖြစ်မိတယ်
      ရေးဖြစ်တဲ ့အခါကျရင် လိုအပ်တာတွေလက်တို ့ဦးနော

      • မောင်ပေ

        July 15, 2012 at 9:00 pm

        မတင်လို ့ကတော့
        ဘီယာတစ်ဝိုင်း ပြန်လျော် ရမယ်မှတ်

  • htet way

    July 15, 2012 at 8:28 pm

    ဆရာမောင်ပေ ခင်ဗျား
    သေသေချာချာ ဖတ်လို့ ဝမ်းသာမိပါတယ်။ကျွန်တော့်ကို အားပေးတာ ကျေးဇူးပါ။
    ဆရာ ဆာမိ ခင်ဗျား
    ဒီလောက်လည်း မဟုတ်ပါဘူးဗျာ
    ဆရာရေးတာတွေ လည်း ကောင်းတယ် ကျွန်တော်ကြိုက်ပါတယ်
    ရေးပါ ဗျာ ..အားပေးပါတယ်။

  • အရီးခင်လတ်

    July 15, 2012 at 8:40 pm

    ဒီနေ့ တော့ ဇာတ်သိမ်းပိုင်းတွေ ဖတ်ရတာ ဟန်ကျတာဘဲ။
    ဆရာထက် ရဲ့ အရေး ကတော့ တကဲ့ နာမည်ကြီး စာရေးဆရာ ပါဘဲ။
    ဟုတ်လဲဟုတ်နေတာကိုးနော်။
    ဒီလို စာရေးဆရာကောင်း ရွာမှာရှိတာ ရွာဂုဏ်တက်ပါတယ်။
    ဒီလို ဟာသဆန်ဆန် ဘဝ သရုပ်ဖော်လေးတွေကို ဖတ်ရတာ တန်ဖိုးရှိပါတယ်။
    ကျေးဇူးပါရှင်။

    ဒါနဲ့ ဇာတ်လမ်းထဲ က ကြွေးတောင်းသွားတဲ့ “အစုကြီး” ဆိုတာ ကျွန်မတို့ အလှူရွာ မဟုတ်လား။ 🙂

  • may flowers

    July 15, 2012 at 8:54 pm

    ဒါနဲ့ တိုက်ကြက်ကြီးကို ချက်စားတာဆိုတော့ တော်တော်မာမှာနော်…နူးတောင်နူးရဲ့လားမသိ

    ဟီဟိ….နောက်ရေးတာနော်………..ဖတ်သွားပါကြောင်းနဲ့ နောက်လာမဲ့ ပိုစ့်လေးတွေကိုလည်း

    စောင့်မျှော်နေပါတယ်။

  • htet way

    July 15, 2012 at 9:02 pm

    အရီး ခင်ဗျား
    ကျွန်တော်ပြောတဲ့ အစုကြီးက အိမ်မဲမြို့နယ် ထဲကပါ
    ကျွန်တော်က တောသားပါနဂိုက အိမ်မဲနဲ့ ၈မိုင်ဝေးတဲ့ ကြို့ကုန်းရွာ မှာနေပါတယ် ဒီရွာကို
    သောကြာ မဂ္ဂဇင်းမှာရေးတဲ့ အခါ ရွာသာယာ သပြေတန်းလို့ ဇာတ်အိမ်တည်ရေးဖူးပါတယ်။
    အရီးပြောတာ ဝမ်းသာဂုဏ်ယူမိပါတယ်
    သို့သော် နာမည် မကြီးပါဘူး ခင်ဗျား ။ရယ် စရာပြောရရင် ကျွန်တော် မြို့က လူတွေတော်တော်များ
    တောင် ကျွန်တော်ကို စာရေးမှန်း မသိကြပါဘူး။
    နောက်တခုက ဂေဇက် မှာ ကျွန်တော်ရေးတဲ့ အင်တာနက် ဇာတ်လမ်းက ဂျာနယ်မှာ အခန်း
    ဆက်ပါတယ်။ ကျွန်တော်လည်း စာအုပ်လေး အဖြစ် ထုတ်ချင်လို့ ထုတ်ဝေသူတွေကိပြတာ ခုထိ
    အဆင်မပြေ ဘူး သူတို့ သိနေတယ်လေ ထုတ်ရင် ရှုံးမှာဆိုတာ။
    အရီးခင်လတ် ကျန်းမာရွှင်လန်းပါစေ ။

  • htet way

    July 15, 2012 at 9:05 pm

    ဆရာမ may flowers ခင်ဗျား
    ကျွန်တော်က လည်း သွားတွေ မကောင်းတော့ မစားဖြစ်ခဲ့ပါဘူး ..ဟဲဟဲ
    အသက်က ကြီးပြီ လေ။ကြက်ဖကြီး အသားကတော့ မာမယ် ထင်ပါတယ်
    အခုလို အားပေးဖတ်ရှု့တာ ကျေးဇူးပါ ဗျာ

  • MaMa

    July 15, 2012 at 10:01 pm

    ကိုယ့်ဇာတ်ကိုယ် နိုင်အောင် ရေးသွားတာပဲ။
    ဇာတ်လမ်းအစနဲ့ အဆုံးကို မိအောင် ပြန်ဖမ်းသွားတဲ့ ပုံစံလေးက အတုယူစရာပါ။ [:))]

  • ဝရမ်းပြေးဘခက်

    July 15, 2012 at 10:07 pm

    တော်သေးတာပေါ့ ဘခက်တို့က ဇတ်သိမ်းပိုင်းလေး မှီပေလို့ ၊
    ကြက်သားဟင်းလေးနဲ့ ဆုံလိုက်ရတယ် ၊ ကံသီပေလို့ပေါ့နော ။

Leave a Reply