ကိုယ်တိုင်ပြုသော အကြောင်းတရားကြောင့်
ကိုယ်တိုင်ပြုသောအကြောင်းတရားကြောင့်အကျိုးတရားများသာ
ရင်ဝယ်ပိုက်ခါးစည်းခံစားရသောအဖြစ်တွေသာ
နှောင်းသံသရာဝယ် ဖြစ်ပျက်မျိုးစုံ အဖုံဖုံသာ ထပ်ခါထပ်ခါပြန်လာသော်
ဒီဘဝအခါဝယ် တွေ့ကြုံသမျှ မသိပါဘူးဆိုသောစကားတစ်ခွန်းနှင့်သာ
ရင်ဆိုင်ခြင်းသာ နေသာသောအချိန်မို့ ငါသည်သာ ငါ့ကိုဒုက္ခပေးသောသူသာ
ဖြစ်ခဲ့ပါသည်ဟု တွေးထင်စေသော် မှန်သောအခါမျိုးသာလူဖြစ်ချင်သော
စိတ်တစ်ခုသာ ကျနော်တောင်းတနေမိပါသည် ဘယ်လိုဘဝမျိုးကိုပဲရောက်နေစေကာမူ ထပ်ခါထပ်ခါပြန်လည်ရရှိနိုင်သောအရာသည် တောင်းတခြင်းသာဖြစ်နေပါသော်ကျနော်၏ ဆုံးရှုံးခြင်းများကို ပြန်လည်လိုလားမည်မဟုတ်ပါ
ဘဝပေးအခြေနေမကောင်းခဲ့ပါသော်(ထိုထိုသောအခါမျိုးတွင်ပိန်ကာလိမ်ကာနဲ့)
ထွန်းခဏ်း ထွန်းခဏ်းဟု ခဏတိုင်းခေါ်နေကြသောအသံတွေမည်မျှကြာသည်မသိ
ကျနော်ပြန်ထူးနေမိပါသော်လည်း ခေါ်လို့သာနေကြသည် ဂရုမစိုက်ချင်ကြ
တရွေ့ရွေ့သွားနေသည် နိမ့်လိုက်မြင့်လိုက် ဖြောင့်သွားလိုက်ကွေ့ဝိုက်သွားလိုက်နှင့်
လူတွေဘာကိုကြည့်နေကြတာလဲ ကျနော်သူတို့ကိုဂရုမစိုက်ချင် သူတိုပြောနေကြသောစကားများကိုတော့
ကြားနေရသည် ဘယ်လိုမျိုးတွေလဲ ဒါဘဝပဲလေလို့ပြောသူကပြော အချိန်တန်လို့ပေါ့ပြောသူကပြော ကျနော်သူတို့နဲ့စကားပြောချင်ပါတယ်
ကြည့်လေခုပဲ ကျနော်ရောက်နေတဲ့နေရာက သုသာန်ထဲမှာ
မျက်ရည်စတွေနဲ့လူတွေကလဲ ဖြစ်ရလေဆိုတဲ့သက်ပြင်းတွေချရင်းနဲ့
အသက်ရွယ်ကြီးရင့်လို့ဆိုရင် သူဟာလူ့ဘဝမှာနေပျော်ပါတယ်လို့လူတွေကပြောကြတယ်
ငယ်ရွယ်သူဆိုရင်တော့သနားဖို့ကောင်းလိုက်တာ သူဘာမှကောင်းကောင်းသိမသွားရရှာဘူး ဖြစ်ချင်တာတွေဖြစ်အောင်မလုပ်
ရသေးဘူးခဏလေးပဲရှိသေးတယ်လေ မျက်ရည်များသည် ကျနော့်ကိုနှစ်သိမ့်မပေးနိုင်ပါဘူး ဝမ်းနည်းလွန်းမက ဝမ်းနည်းနေသော ကျနော့်ကို ပို၍ပင်အပူတွေပေးနေသလိုပါပဲ ကျနော်ဖြစ်စေချင်တာက လူသားအားလုံးကို လူတွေထဲက လူအဖြစ်နဲ့ခင်မင်ခွင့်ရဖို့အတွက်ပါ လောကကြီးက ဘောင်ခတ်မထားပါဘူး မိမိပြောလိုက်လို့ ဘယ်သူမှမင်းသွားတော့လို့လဲမပြောဘူး ဆွဲလဲမထုတ်ပါဘူး ဒီလိုအကြောင်းတရားတွေရှိနေပါရဲ့နဲ့ ဥပေက္ခာပြုခံသော အချိန်မျိုးမှာ ခိုကိုးရာမဲ့ဖြစ်နေသလို ယုံကြည်မှုကင်းမဲ့နေတဲ့အချိန်လဲဖြစ်နေတတ်ပါတယ် ပေးဆပ်သူဆိုတာ မွေးလာကတည်းက လက်ဆုပ်ကိုဖြန့် ရင်ဖက်ကိုဖွင့်ပြီး မွေးဖွားလာတာပါ တောင်းစရာရှိရင်တောင်းပါ ပေးဆပ်နိုင်ပါတယ် ကျနော့်လက်ထဲမှာ ပေးစရာမရှိတော့လို့ မတောင်းပဲတော့မနေလိုက်ပါနဲ့ ရင်ဖက်ထဲကထုပ်ပေးနိုင်ပါသေးတယ် အထီးကျန်ခြင်း အတွက်ပေးဆပ်သင့်တဲ့အရာကတော့ ဖြူစင်သော မေတ္တာလေးတစ်ခုပါ ပေးဆပ်ဖို့တွန့်တိုနေသ၍ သင်ရရှိမယ့်အရာတွေကတော့ အားလုံးရဲ့စွန့်လွှတ်ခံရခြင်းပင်ဖြစ်သည် ကျနော်ဒါကိုကြောက်သည် ခုကျနော်ဘယ်ကိုသွားရမလဲ အမေအမေလို့ခေါ်စရာကလဲ မရှိခဲ့ဘူး မေမေလို့ခေါ်ဖို့ရာ ကြိုးစားခွင့်လည်းမရှိတော့ဘူး ဖေးဖေးမမနဲ့ ကျမျက်ရည်သုတ်ပေးမယ့်သူလည်းမရှိဘူး မြင်မြင်သမျှအားလုံးဟာ ဝိုးတဝါးနဲ့ မပီပြင် ခွဲခွာခြင်းနှစ်မျိုးဖြစ်တဲ့ သေကွဲနှင့်ရှင်ကွဲမှ ကျနော်ချစ်သော အရာအားလုံးနှင့် ချစ်အပ်သောသူတို့ကို ပြာလဲ့လဲ့ အလင်းတန်းလေးတစ်ခုနှင့်နှုတ်ဆက်ခဲ့သည် မရင်းနှီးသော အရပ်ဒေသလို့ ခရီးထွက်ခြင်းနှင့် မခြားနားသော သွေဖယ်ခဲ့ရသော နုညံ့ခြင်းများ တစ်ခုတစ်လေမှ ပါမလာခဲ့ ကျနော့်ရဲ့အဖော်သည် ယခုချိန်တွင် မျက်ရည်သာဖြစ်သင့်သည် သို့သော်မငို ငိုဖို့ပင်မေ့နေသလား ဝေခွဲမရ သင်နှင့်ကျနုပ် မတူတာတစ်ခုရှိသည် သင်သည်ကျနုပ်မဟုတ် ကျုပ်သည်သင်မဟုတ်ပါ တူတာတစ်ခုရှိသည်။ကျနုပ်နှင့်သင် သေရမည်။မတူတာတွေ တူတာတွေ ရှိနေသော်လည်း မသိနိုင်ခြင်းမှာ ဘယ်သူအရင်သေမလဲဆိုတာပင်ဖြစ်သည်။လူတစ်ယောက်အတွက် ထွက်ပေါက်တစ်ခုတော့ရှိကြရသည်။စိတ်ကိုစိတ်အတိုင်းထားပါဟု ဆိုခဲ့ကြသော ဆရာ့ဆရာတို့၏ စကားများကို သေချာသုံးသပ်ကြည့်မိခဲ့သည်။စိတ်ကိုစိတ်အတိုင်းထားခြင်းမှာ မှားယွင်းမှုဖြစ်နေခဲ့သည်။ဆိုရသော် စိတ်ကိုထိန်းချုပ်ဖို့မသင့်။လွှတ်ထားလို့လဲမဖြစ်။အလိုက်သင့်ပင်နေပေးဖို့သင့်သည်။ကျနော့ဘဝကို ကျနော်ဆုံးဖြတ်ခဲ့သည်။ထွက်ပေါက်ဆိုတာကို လွဲမှားစွာခံယူမိခဲ့သည်။သေခြင်းတရားသည် ကြီးကျယ်ခမ်းနားသော လွတ်လပ်ခြင်းဟု…
အချိန်ခါများ၏နောက်ကွယ်မှာ အမှာစကားတွေချန်ထားရစ်ခဲ့ဖို့ ကြိုးစားခဲ့ရသော အတွေးစများသည် ရေရှည်မခံနိုင်ခဲ့ကြပါ ကျနုပ်လွင့်မျောနေသော လေဟာနယ်သည် မည်းမှောင်နေသော နေရာမဟုတ်ပါ ဟင်လင်းပြင်တစ်ခုသာဖြစ်သည်။
One comment
shwe kyi
July 16, 2012 at 3:26 pm
ကိုယ့်ကိုယ်ကိုနားလည်ခြင်းဖြင့်သူတပါးကိုလည်းနားလည်နိုင်ပါလိမ့်မည်။ ကျေနပ်သည်ဖြစ်စေ၊ မကျေနပ်သည်ဖြစ်စေ ဘဝရထားအမြဲသွားနေမည် သံသရာသည်လည်ပတ်နေမည်ဖြစ်ပေတော့သည်။
အဟိ ဘာမှန်းတော့သိပ်မသိ သိသလိုရေးပါသည်။