သေခြင်းနဲ ့အတူ

toyoAugust 26, 20101min1140

ပြီးခဲ့တဲ့ သောကြာနေ့ ညနေငါးရီက ဘုံဘေမြို့မှာ အသုဘတစ်ခုကို အသုဘရှုဘို့ ရောက်ရှိခဲ့ရတယ်၊ သေတဲ့သူက မိမိတို့သီတင်းသုံးနေထိုင်ရာ စောမယကောလိပ်ကြီးပိုင်ရှင်- ကေဂျေ ဒေါက်တာစောမယကြီးရဲ့သား သား-စောမယကြီး၊ အသက် (၈၃)နှစ်ဖြစ်သည်၊ သူပိုင်ဆိုင်သည့် ပစ္စည်းတွေက နည်းနည်းနောနောမဟုတ်၊ စောမယကောလိပ်ကိုလည်း ပိုင်သည်၊ တစ်ခြား တစ်နေရာက

စောမယဆေးကောလိပ်ကိုလည်း ပိုင်သည်၊ စောမယဆေးရုံကြီးကိုလည်း ပိုင်ဆိုင်ထား သည်၊ တစ်ခြား တခြားသောနေရာတွေက ပိုင်ဆိုင်မှုတွေကို မိမိမသိရသော်လည်း မိမိနေထိုင်ရာ စောမယ ကောလိပ်ဝန်းအတွင်းမှာတော့ ပိုလီတက်ခနစ်ရှိသည်၊ အင်ဂျင်နီယာရင်းရှိသည်၊ အိန္ဒိယနိုင်ငံရဲ့ အကျော်ကြားဆုံး မန်နေဂျင့်မန်တ်ရှိသည်၊ ရိုးရိုး ဘီအေဘွဲ့ပေးသည့် ကောလိပ်ရှိသည်၊ ကလေးငယ်တွေ တက်ရောက်သည့် မူလတန်း အလယ်တန်း အထက်တန်းကျောင်းရှိသည်၊ ခြုံပြောရရင် သူက သန်းကြွယ်သူဌေးတစ်ယောက်…

အသုဘကို လွဲချော်မှုပေါင်းမြောက်များစွာဖြင့် နောက်ကျမှ ရောက်ရှိသွားရသည်၊ ပထမ စိတ်ဓာတ်ယုတ်သည့် ကုလားကြောင့် ငှါးထားသည့် တာတာဆိုမိုကားက ဘုန်းကြီးကိုးပါးဖြစ်နေလို့ ခုနစ်ယောက်ပဲ မြို့တွင်းက လက်ခံသည်ဆိုပြီး အငြင်းခံရသည်၊ မိမိတို့က နှစ်ပါးကိုလျော့ချလိုက်တော့ နောက်ထပ် ကားတစ်စီးပြောင်းမည်တဲ့၊ ဆိုတော့ သူ့ကားကို သဘောတူငှါးပြီး ကားပေါ်တက်ရောက်ပြီး မှ ကားပေါ်က ဆင်းခဲ့သည်၊ မင်းကား မစီးတော့ဟုပြောလိုက်သည်၊ အချိန်က အတော်နောက်ကျနေပြီ၊ အဲဒီကနေမှ ရထားနဲ့ပဲသွားကြစို့ဆိုပြီး ရထားဖြင့် ခရီးဆက်ရသည်၊ ဘုံဘေရထားက သိတဲ့တိုင်း၊ ကျော်ကြားတဲ့တိုင်းပါပဲ၊ ၂၄-နာရီလုံး လူကြပ်နေတတ်သည်၊ ခုလည်း လူကြပ်နေသည့် ရထားကို နှစ်နေရာပြောင်းစီးပြီးမှ (တိုက်ရိုက်သွားလိုရာနေရာသို့မရောက်-ရထားနှစ်မျိုးစီးမှရောက်သည်) တက်စီ ထပ်စီးရသေးသည်၊ ကုလားစိတ်ဓာတ်ပါပဲ၊ ဂျေလိုဆေးရုံနောက်ကိုလာခဲ့ပါဟု မိမိတို့ဒါရိုက်တာက ကုလားကိုပြောသည်ကို ကုလားက ဆေးရုံရှေ့မှာပဲ မိမိတို့ကို ချထားခဲ့သတော့ ယောင်ယောင် လည်ဖြင့် ဆေးရုံရှေ့မှာ၊ ဖုန်းအကြိမ်ပေါင်းများစွာဆက်သွယ်ပြီးမှ ခြေကျင်ဆက်လျှောက်ကြရာ စောမယကြီး အိမ်တော်ရောက်တော့ ငါးနာရီထိုးပြီးခဲ့လို့ စောမယကြီးကို မြေပြင်မှာ မျက်ဖြာလေး ခင်းလျက် ပက်လက်လေးတွေ့ရသည်။

ပြီးသည်နှင့် ပရိသတ်ကြားကထွက်၊ ခေတ္တခဏစောင့်ကြည့်ကြ၊ ဘယ်လိုများ စောမယကြီးကို သယ်ဆောင်မလဲပေါ့၊ ကားတွေကတော့ အပြင်မှာ တန်းစီနေတာပါ၊ သို့သော်…. အော် သို့သော်၊

စောမယကြီးအလောင်း အိမ်ပြင်ထုတ်ခဲ့ပါပြီ၊ အောင်မလေးလို့သာ အော်လိုက်ချင်ပါဘိ၊ ဝါးလုံးနှစ်လုံးနဲ့ ဟိုဘက်နှစ်ယောက် ဒီဘက်နှစ်ယောက် ထမ်းလို့၊ အဆောက်ဦးဆောက်ရာမှာ ဘိလပ်မြေ သယ်သလို ဝါးလုံးနှစ်လုံးလျှိုတဲ့ပုခက်ပေါ့၊ အား… ဖြစ်ပျက်လိုက်ပုံများလို့သာ ပြောလိုက်ချင်ပါရဲ့၊ ဘာဆို ဘာမှအဆောင်ယောင်မပါ၊ ပကာသနမဲ့၊ သံဝေဂယူစရာပါပဲ… ဘာ…. ဘာမှ မရှိ၊ ဘာ…. ဘာမှ မပါ… သေတဲ့သူနောက်မှာ ဘာတွေမှ မပါပါလား… အော် သန်းကြွယ်သူဌေးကြီးရယ်……

တစ်ခု… သတိထားခဲ့မိတာက ရုပ်ပျက်ဆင်းပျက် ငိုယိုမြည်တမ်းနေကြတာကိုလည်း မတွေ့ခဲ့ရ ပြန်၊ မချစ်ကြလို့လား၊ မချစ်တတ်တာလား၊ အချစ်အတွက် မပါတာလား၊ စောမယကြီးသေပြီ၊ သူ့ဥစ္စာတွေ ငါတို့ရတော့မယ်လို့များ ဝမ်းသာနေကြတာလား …လား လား လားနဲ့ပါပဲ၊ အတွေးမှာ ပလုံစီနေတဲ့ အမေးစကားလုံးတွေပေါ့၊ မဖြေတတ်ခဲ့ပါဘူး၊ သေချာတာကတော့ သေရင် ဘာဆိုဘာမှ ကိုယ့်နောက်မှာ ပါမလာကြတော့ဘူး၊ သားသမီးလည်း လိုက်မပါဘူး၊ ချစ်ဇနီးလည်း လိုက်မပါဘူး၊ မြေးတွေ ချွေးမတွေလည်း လိုက်မပါကြဘူး၊ ဆွေမျိုးတွေ အပေါင်းသင်းတွေ၊ ကားတွေ တိုက်တွေ ရွှေငွေ ကျောက်သံပတ္တမြား ဘာဆိုဘာမှ ချမ်းသာသူနောက် သေသွားတဲ့သူနောက် လိုက်မပါကြဘူးဆိုတာပါပဲ။

ဒီတော့…ခဏလေးဗျာ…

ကျုပ်တို့လည်း သေကြည့်ကြရအောင်၊ ခဏလေးဖြစ်ဖြစ် သေကြည့်ကြရအောင်၊ မျက်လုံးလေးတွေကို ခဏလောက် ပိတ်ကြည့်ပါလား… ပြီးရင် ပြန်ဖွင့်ကြည့်ကြပေါ့…

ကဲ ဘာတွေယူခဲ့လဲ၊ ဘာတွေသယ်ခဲ့လဲ၊ ဘာတွေပါလာမလဲ၊ မပါဘူးနော်၊ ပါတယ်ဆိုရင်ရော ဘာတွေဖြစ်မလဲ၊ သေချာတာကတော့ ရုပ်ပိုင်းဆိုင်ရာ ပစ္စည်းဆိုလို့ ဘာမှမပါပါဘူးနော်၊ အမေလည်း မပါဘူး၊ အဖေလည်း မပါဘူး၊ သားသမီးတွေ၊ ဇနီးမယားတွေလည်း မပါဘူး၊ အသက်ကင်းမဲ့တဲ့ ရုပ်ခန္ဓာကိုယ်ကြီးတစ်ခု တည်းနော။

ဘာဆိုဘာမှ အမြင်အာရုံမှာ သယ်ဆောင်မသွားနိုင်ကြတဲ့ ဒီသေခြင်းတရားကြီးနဲ့အတူ တစ်ခုခုတော့ ယူသွားနိုင်သင့်တယ် ထင်တာပဲလေ၊ ရှိလည်း ရှိတော့ရှိနေဦးမှာပါ၊ သတိ တရားနဲ့ ကြိုးစားကြည့်ကြမယ်၊ ဘာသာရေးအမြင်နဲ့ လှမ်းလင့်လို့ကြည့်မယ်ဆိုရင်တော့ တစ်ခုခုကို မြင်ကြမယ်လို့ ယုံကြည်မိတယ်လေ။

ဟုတ်တာပေါ့ ပိုင်ဆိုင်ထားတဲ့ ရွှေ ငွေ လှည်းနွား အိမ် ခြံမြေ တိုက်တာ ပစ္စည်းဥစ္စာ အဆောက်အဦးတွေဆိုတာက အချိန်မရွေး ရေနဲ့အတူလည်း မျောပါသွားနိုင်တယ်၊ မီးလောင်ကျွမ်းမှုအောက်ကိုလည်း ရောက်သွားနိုင်တယ်၊ မင်း နိုင်ငံတော် ဘဏ္ဍာအဖြစ်လည်း သိမ်းယူလို့ သွားနိုင်တယ်၊ သူခိုးကလည်း လာရောက်ပြီး ခိုးယူသွားနိုင်တယ်၊ မချစ်တဲ့သူ မနှစ်သက်တဲ့သူတွေကလည်း လာရောက်ဖျက်ဆီးသွားနိုင်သေးတယ်၊ ဘယ်မှာလည်း ကိုယ်ပိုင်ဥစ္စာ၊ ဘယ်မှာလည်း ငါ၊ င့ါဥစ္စာ၊ ကိုယ်မပိုင်လို့ ဒီလိုတွေ ခြယ်လှမယ်မှုတွေ အောက်ကို ရောက်ရှိရတာပ၊ ကိုယ်သာ အစိုးတရပိုင်ထားမယ်ဆိုရင် ဘယ်သူ ဘယ်အန္တရာယ် ကမှ မဖျက်ဆီးနိုင်ပါဘူး။

ဆိုတော့ ဒီထဲမှာ အနှစ်တစ်ခုရှိနေတယ်၊ ရှာကြည့်၊ မြင်ကြည့်၊ မြင်လာလိမ့်မယ်၊ အဲဒါက ပေးကမ်းခြင်း၊ စွန့်ကျဲခြင်း၊ လှူဒါန်းခြင်းတဲ့၊ ဟုတ်တယ်၊ ပေးကမ်းရမယ်၊ စွန့်ကျဲရမယ်၊ လှူဒါန်းရမယ်၊ အဲဒီပေးကမ်း စွန့်ကျဲ လှူဒါန်းခြင်းဆိုတဲ့ စေတနာကံလေးကတော့ သေရင် ကိုယ့်နောက်ကနေ ဖဝါးခြေထပ် လိုက်ပါလာလိမ့်မယ်၊ ကိုယ့်နောက်က ကပ်ပါလာတဲ့ အရိပ် တစ်ခုလိုပဲ ကိုယ်နဲ့အတူကပ်ပါလာလိမ့်မယ်၊ ဒီတော့ ကိုယ်မပိုင်တဲ့ အဲဒီပစ္စည်းဥစ္စာတွေထဲက ကိုယ်ပိုင်ဖြစ်မယ့် ဒီဒါနဆိုတဲ့ ပေးကမ်း စွန့်ကျဲ လှူဒါန်းခြင်းဆိုတဲ့ အနှစ်တရားလေးကို ထုတ်တတ်ရမယ်၊ ထုတ်ရမယ်၊ အဲဒါကမှ သေရင်ကိုယ့်အတွက်၊ ကိုယ်ပိုင်ဥစ္စာ၊ သံသရာ ရိက္ခာ။

ကိုယ်ရထားတဲ့ ဒီခန္ဓာကိုယ်ကြီး ကြည့်လိုက်ဦး၊ တကယ်ပိုင်လို့လား၊ တကယ်ပဲ အစိုးရလို့လား၊ ၉၆ ပါးဆိုတဲ့ ရောဂါဝေဒနာတွေနဲ့ စက္ကန့်နဲ့အမျှ၊ မိနစ်နဲ့အမျှ၊ နာရီနဲ့အမျှ ဆက်ဆံနေရတာ၊ တော်ကြာ ခါးနာလိုက်၊ တောနေကြာ ခေါင်းကိုက်လိုက်၊ တော်နေကြာ ဗိုက်နာလိုက်၊ တော်နေကြာ ဗိုက်ဆာလိုက်၊ တော်နေကြာ ဖျားနာလိုက်၊ အော် စုံနေတာပါပဲ၊ ရောဂါတွေက၊ ခေတ်သစ်ရောဂါတွေနဲ့ပေါင်းလိုက်ရင် ၉၆-ပါးဆိုတာထက်တောင် ပိုလိမ့်မယ် ထင်ပ၊ မအိုချင်ဘဲမနေရ၊ မနာချင်ဘဲနဲ့လည်း နာရ၊ အဲဒီရောဂါ အစုစုရဲ့ ဝါးမျိုခြင်းကို စက္ကန့်နဲ့အမျှ ခံစားနေရတာ တရားနဲ့ရှုရင်တော့ မြင်မှာအမှန်ပါပဲ။

ဒီတော့ ရလာတဲ့ခန္ဓာကိုယ်ကြီးက အနှစ်လား အကာလား၊ စဉ်းစား၊ အကာလို့ မြင်ကြည့်လိုက်၊ တစ်ခုပြောရဦးမယ်၊ အကာဆိုပြီး တန်ဘိုးမဲ့လို့တော့ ဆုံးဖြတ်ချက် မစောကြပါ နဲ့၊ အနှစ်ဆိုတာက အကာရဲ့အတွင်းမှာပဲရှိတာပါ၊ အကာမရှိဘဲနဲ့တော့ အနှစ်က ရှိလာမှာ မဟုတ်ပါဘူး၊ အကာကို အရင်ကြည့်၊ ပြီးမှ အနှစ်ဘယ်မှာဆိုတာရှာ၊ အကာတွင်းမှာပဲ အနှစ်ဆို တာက ရှိတာပါလားလို့ မြင်လာမယ်၊ ဆိုတော့ ခန္ဓာကိုယ်ကြီးထဲမှာ ဘာအနှစ်ရှိမလဲ၊ ရှိတယ်၊ အဲဒါက သီလ-ကိုယ် နှုတ် နှလုံး သုံးပါးကို စောင့်စည်းခြင်းဆိုတဲ့သီလ၊ အဲဒီသီလအနှစ်ကို အဲဒီအကာဖြစ်တဲ့ ခန္ဓာကိုယ်ကြီးထဲက ထုတ်ယူရမယ်၊ သီလအကြောင်းတွေ များများ ရေးခဲ့ပြီး ပြီ၊ ဒီနေရာမှာ အကျယ်မပြောတော့ဘူး၊ အဲဒီသီလကိုသာ ခန္ဓာထဲကနေ ထုတ်ယူလိုက်၊ သေရင်လည်း အဲဒီသီလက ခုနပြောခဲ့တဲ့ ဒါနလိုပဲ ကိုယ်နဲ့အတူ အရိပ်ပမာ မခွဲမခွါ ထပ်ကြပ် ပါလာမှာ အသေအချာပါပဲ၊ သီလဟာ သံသရာခရီးခဲအတွက် အန္တရာယ်ကင်းစေတဲ့ ကိုယ့်ကို စောင့်ရှောက်မဲ့၊ ရောဂါဝေဒနာတွေကနေ ကာကွယ်ပေးမယ့် ကိုယ်ရံတော်ပဲ၊ ဆိုတော့ သီလအနှစ်ဆိုတာကို ဟောဒီခန္ဓာကိုယ်ကြီးထဲက ထုတ်ယူကြရမယ်။

သေခြင်းဆိုတာက ဆန်းတဲ့တရားတော့မဟုတ်ဘူး၊ မွေးဖွားခြင်းကို ရရှိခဲ့စဉ်ကပဲ သေခြင်းဆိုတဲ့ လက်မှတ်ကို တစ်ပါတည်း ယူခဲ့ကြပြီးသားရယ်၊ လူတိုင်း သတ္တဝါတိုင်း အသက် ကိုတော့ ချစ်မြတ်နိုးကြတာချည်းပါပဲ၊ လူမှမဟုတ်၊ တိရစ္ဆာန်တွေတောင် သူတို့အသက်ကို ချစ်လွန်းလို့၊ သေမှာကြောက်လွန်းလို့ အမြဲတန်း အန္တရာယ်တွေကနေ ရှောင်တိမ်းနေကြ ရတာပ၊ လောကမှာ ကိုယ့်အသက်ကို မချစ်တဲ့သူ၊ မုန်းတဲ့သူ၊ မမြတ်နိုးတဲ့သူ မရှိပါဘူး၊ စိတ်ဖောက်ပြန်လို့ ဘဝကို အရှုံးပေးသွားတဲ့သူတွေကိုတော့ မဆိုဘူးပေါ့၊ သူတို့ကတော့ ဘဝကို ကြောက်ရွံ့ပြီးတော့ လက်မြောက်အရှုံးပေးသွားကြတာကိုး။

အသက်… ကိုယ့်အသက်ကရော အနှစ်လား မေးကြည့်၊ အသက်ကလည်း အနှစ်မှ မဟုတ်တာ၊ အကာပါပဲ၊ အဲဒီအကာကို အကာတိုင်း နေစေဟု ထားလိုက်ရင်တော့ ဒီအကာ ကြီးလည်း တစ်နေ့ ပိုးထိုးလောက်ကိုက်ပြီး ပျက်စီးသွားရမှာပါပဲ၊ အဲဒီအကာထဲမှာ တကယ့် စစ်မှန်တဲ့ အနှစ်ရှိတယ်၊ အဲဒီအနှစ်ကို ကိုယ်က ထုတ်တတ်ရမယ်၊ အဲဒီအနှစ်ကို ထုတ်တတ် ပြီဆိုရင် လူဖြစ်ရကျိုးနပ်ပြီ၊ လူ့ဘဝမှာ လူလာဖြစ်ရတာဟာ အလကား ဖြစ်လာရတာ မဟုတ်ဘူး၊ အရင်းတွေ အများကြီးစိုက်ခဲ့ပြီးမှ လူဖြစ်ကြရတာ။

ဒီထက်ပြောရဦးမယ်ဆိုရင်- ဒို့က အခက်ကြီး ငါးခုကို ကံကောင်းထောက်မှစွာနဲ့ ကျော်လွန်ပြီးမှ ဒီလူ့ဘဝကိုရရှိကြရတာ၊ အခတ်ကြီး ငါးခုဆိုတာက – ဘုရားအဖြစ် ဘုရားသာသနာနဲ့ ကြုံတောင့်ကြုံခဲ ဆုံတောင့်ဆုံခဲအဖြစ်၊ လူဆိုတဲ့ လူ့ဘဝကို ရရှိကြရတဲ့ ဖြစ်၊ ကိုယ်တိုင်ရဟန်းပြုခြင်း သူတစ်ပါးကို ရှင်ပြု ရဟန်းခံပြုပေးနိုင်တဲ့အဖြစ်၊ သဒ္ဓါတရားနဲ့ ပြည့်စုံခြင်းဆိုတဲ့ ရတနာသုံးပါး ကံ ကံ၏အကျိုးကို ယုံကြည်မှုကို ရရှိတဲ့အဖြစ်၊ နောက်ဆုံး သူတော်ကောင်းတရား သစ္စာလေးပါး မဂ္ဂင်တရားတွေကို နာကြားရတဲ့အဖြစ်၊ အဲဒါတွေကို ရရှိကြတာကတော့ တကယ့်တကယ်ကို ကံကောင်းလွန်းလို့၊ ရှေးကုသိုလ်တွေကောင်းလွန်း လို့ပါပဲ၊ ကမ္ဘာမှာ လူတွေအများကြီးထဲကမှ အနည်းစုသာ ဒီအဖြစ်တွေကို ရရှိကြတာပါ၊ ဒီတော့ ရခဲတဲ့ ရတနာကို တန်ဘိုးထားတတ်ဘို့ လိုတာပေါ့။

အဲဒီလို တန်ဘိုးရှိစွာရလာတဲ့ ဘဝ၊ အသက်ကို အကာကြီးပဲဆိုပြီး ဘေးချထားဘို့ တော့ မကြိုးစားကြစေချင်ဘူး၊ အဲဒီအကာထဲက အနှစ်ကို ရှာရမယ်၊ ရှိတယ်၊ ဘာဝနာ အနှစ်တဲ့၊ ဝိပဿနာဘာဝနာအနှစ် အဲဒီထဲမှာ ရှိတယ်၊ အသက်က မြဲလား၊ မမြဲပါဘူး၊ အနိစ္စတရား၊ ချမ်းသာတယ်လား မချမ်းသာပါဘူး၊ အိုခြင်း နာခြင်း သေခြင်းဆိုတာတွေနဲ့ ဆက်ဆံနေရတာ၊ အမြဲပဲဟာ- ဒီတော့ ဒုက္ခ = ဆင်းရဲခြင်းပေါ့၊ မအိုချင်ဘဲ နေရလား၊ မနာပါနဲ့လို့ရော အမိန့်ပေးလို့ ရမလား၊ မသေပါနဲ့ အစောကြီးရှိသေးတယ်၊ ပြောလို့ရမလား၊ ငယ်သေးတယ်လို့ရော ပြောလို့ရမလား၊ မရပါဘူး၊ သေချင်တဲ့အချိန်- သေချင်တဲ့နေရာ- သေချင်တဲ့ အရွယ်- သေချင်တဲ့ ရောဂါနဲ့ သေကြမှာချည်းပဲ၊ ကိုယ်က အမိန့်ပေးလို့ ရတာမှ မဟုတ်တာ၊ ဒါကြောင့် အနတ္တတဲ့၊ ကိုယ်စိုးမရဘူးပေါ့၊ ကိုယ်မပိုင်းဘူးပေါ့၊ အဲဒီလို ဝိပဿနာ တရားတွေကို အဲဒီအသက်ထဲက နေထုတ်ယူတတ်ရမယ်၊ ထုတ်ယူရမယ်။

အဲဒီ ပြောခဲ့တဲ့ အနှစ်သုံးပါး ဒါန၊ သီလ၊ ဘာဝနာ တရားတွေကသာလျှင် သေရင် – ကိုယ်နဲ့အတူ ကိုယ့်နောက် ပါလာမှာ၊ တခြားပစ္စည်းဥစ္စာတွေကတော့ သေရင် ထားခဲ့ရမှာ၊ သုံးချင်တဲ့သူက သုံးမှာ၊ ယူချင်တဲ့သူက ယူမှာ၊ ကို်ယ်နဲ့ ဘာမှမဆိုင်တော့ဘူး။

ဒါကြောင့် မြတ်စွာဘုရားက ဓမ္မပဒပါဠိတော်၊ ယမကဝဂ်မှာ ဒီလိုဟောခဲ့တယ်…

နာမ်ခန္ဓာလေးပါးတို့သည် စိတ်လျှင် ရှေ့သွားရှိကုန်၏၊ စိတ်လျှင် အကြီးအမှူး ရှိကုန်၏။ ပြစ်မှားလိုသောစိတ်ဖြင့် အကယ်၍ ပြောဆိုသော်လည်းကောင်း၊ ပြုလုပ်သော် လည်းကောင်း၊ ကြံစည်သော်လည်းကောင်း၊ ထို ပြောဆို ပြုလုပ် ကြံစည်မှုကြောင့် လှည်းဘီးသည် ဝန်ဆောင်နွား၏ခြေရာသို့ အစဉ်လိုက်ဘိသကဲ့သို့ ထိုသူသို့ ဆင်းရဲသည် အစဉ်လိုက်လေ၏

နာမ်ခန္ဓာလေးပါးတို့သည် စိတ်လျှင် ရှေ့သွားရှိကုန်၏၊ စိတ်လျှင် အကြီးအမှူး ရှိကုန်၏။ သန့်ရှင်းကြည်လင်သောစိတ်ဖြင့် အကယ်၍ ပြောဆိုသော်လည်းကောင်း၊ ပြုလုပ်သော်လည်းကောင်း၊ ကြံစည်သော်လည်းကောင်း၊ ထို ပြောဆို ပြုလုပ် ကြံစည်မှုကြောင့် အရိပ်သည် လူကိုမစွန့်မူ၍ အစဉ်လိုက်ဘိသကဲ့သို့ ထိုသူသို့ ချမ်းသာသည် အစဉ်လိုက်လေ၏။

ဒါကြောင့်

သေခြင်းနဲ့အတူ ဘာတွေယူသွားကြမလဲ……..