ဝင့်ပြုံးမြင့် မြန်မာပြန်တဲ့ တိမ်ယံသစ္စာ အပိုင်း ( ၃၄ )
”ကျွန်တော့်အမေလည်း တက္ကသိုလ်မှာ စာပြခဲ့တယ်”
”ဟုတ်ပြီ … နာမည်ဘယ်လိုခေါ်လဲ”
”ဆိုဖီယာအခရာမီ”
အဘိုးအို၏ အတွင်းတိမ်စွဲသောမျက်လုံး မှိတ်တုတ်မှိတ်တုတ်ဖြစ်လာသည်။
”ကန္တာပေါင်းပင်တွေဟာ ရှင်သန်လို့၊ နွေဦးရဲ့ ပန်းပွင့်ကလေးကတော့
ပွင့်ပြီး နွမ်းသွားတာပဲတဲ့။ ဒီလောက်ကျက်သရေရှိတဲ့ မိန်းကလေး …
ဒီလောက်ဂုဏ် သိက္ခာရှိတဲ့မိန်းကလေး … ဒီလိုကြေကွဲစရာဖြစ်ခဲ့တယ်ကွယ်”
”အဘိုးက ကျွန်တော့်အမေကိုသိလား” အဘိုးကြီးရှေ့ ကျွန်တော်ဒူးထောက် ပြီးမေးရပြီ။
”သိပ်သိတာပေါ့”
______________________________________
”အဘိုးက ကျွန်တော့်အမေကိုသိလား” အဘိုးကြီးရှေ့ ကျွန်တော်ဒူးထောက် ပြီးမေးရပြီ။
”သိပ်သိတာပေါ့” ဟု သူတောင်းစားအိုကြီးဆိုသည်။ ”အတန်းပြီးရင်
အတူထိုင်စကားပြောနေကျကွဲ့။ နောက်ဆုံးစကားပြောကြတဲ့အခေါက်က မိုးတွေရွာ
နေတယ်။ အတန်းတင်စာမေးပွဲအပြီးဆိုတော့ ဗာဒံစေ့ကိတ်မုန့်ရယ်၊ ပျားရည်ရယ်၊
လက်ဖက်ရည်ပူပူလေးရယ် အတူစားခဲ့ကြတာကွဲ့။ အဲဒီတုန်းက ဆိုဖီယာ ကိုယ်လေး
လက်ဝန်နဲ့၊ အလှကြီးလှနေတဲ့အချိန်။ အဲဒီနေ့က ဆိုဖီယာပြောတဲ့စကား အဘိုး
တစ်သက်လုံးမမေ့နိုင်တော့ဘူး”
”ဘာလဲဟင်၊ ပြောပြပါနော်”
ဘာဘာသည် ကျွန်တော့်မေမေနှင့်ပတ်သက်လျှင် ယေဘုယျသဘောသာ ပြောတတ်သည်။
”တကယ့်ကိုခမ်းနားတဲ့ အမျိုးသမီး” စသောအပြောမျိုးဖြစ်၏။
ကျွန်တော်ငတ်မွတ်နေသည်က အသေးစိတ်အချက်ကလေးများ။ မေမေအကြိုက်ဆုံး
ရေခဲမုန့်အရသာ၊ မေမေညည်းသည့်သီချင်း၊ မေမေ့ဆံပင်နေရောင်ထဲ ဘယ်လိုနေ တယ်၊
မေမေလက်သည်းကိုက်တတ်သလား။ မေမေ့အမှတ်တရများကို ဘာဘာသည် သချႋုင်းထဲ
သူနှင့်အတူမြှုပ်နှံပစ်လိုက်သည်။ မေမေ့အမည်ကို ထုတ်ဖော်ပြောဖို့
သူစိတ်မလုံ၍ဖြစ်ပါလိမ့်မည်။ မဟုတ်ပါကလည်း မေမေ့ကိုလက်လွတ်ဆုံးရှုံးရခြင်း
သည် ဘာဘာ့အတွက်နင့်နဲလွန်း၍ အဟောင်းတွေအသစ်ပြန်ဖော်ဖို့ရာ မခံစားနိုင်
ခြင်းဖြစ်ပါလိမ့်မည်။ နှစ်မျိုးစလုံးလည်း ဖြစ်နိုင်ပါသည်။
”ဆိုဖီယာ ပြောခဲ့တာက … ကြောက်လိုက်တာတဲ့။ ဒီတော့အဘိုးက
ဘာဖြစ်လို့လဲမေးတော့ ဒေါက်တာရာစူးရယ် … ကျွန်မလေ၊ ထူးထူးခြားခြားကို
ပျော်နေမိတာတဲ့။ ဒီလိုပျော်ရွှင်မှုဆိုတာ သိပ်ကြောက်စရာကောင်းတယ်တဲ့။ အဘိုး
က ဘာကြောင့်များလဲ မေးကြည့်တော့ ဒီလိုပျော်ရွှင်မှုမျိုး
ကိုယ့်ကိုပေးသနားလာပြီ ဆိုရင် ကိုယ့်ဆီက
တစ်ခုခုပြန်ယူဖို့ပြင်ဆင်နေကြပြီတဲ့။ အဘိုးက တော်စမ်း၊
ဒါမျိုးနောက်ဘယ်တော့မှ မပြောရဘူးလို့ တားခဲ့ရတယ်”
ဖာရစ်ဒ်သည် ကျွန်တော့်ကိုလက်မောင်းမှဆွဲကာ တိုးတိုးပြောသည်။
”သွားသင့်ပြီ ဆပ်”
ကျွန်တော်က လက်မောင်းကိုရုန်းဖယ်၍ ”မေမေ ဘာထပ်ပြောသေးလဲ ဟင်။ ဘာတွေပြောသေးလဲ”
အဘိုးအို သိမ်မွေ့ပျော့ပျောင်းလာသည်။ ”မောင်ရင့်အတွက် မှတ်မိချင်
ပါတယ်။ ဒါပေမယ့် မောင်ရင့်မေမေက ဆုံးသွားတာကြာလှပြီ။ အဘိုးရဲ့မှတ်ဉာဏ်
ကလည်း ဟောဟိုက ပြိုကျနေတဲ့ အဆောက်အဦးလိုပဲ။ စိတ်မကောင်းပါဘူးကွယ်”
”ရတယ် အဘိုး၊ နည်းနည်းလေးပဲဖြစ်ဖြစ် ပြောသာပြောပါ”
အဘိုးအိုပြုံးသည်။ ”အဘိုးပြန်စဉ်းစားမယ်။ ဒါအဘိုးပေးတဲ့ ကတိ။
အဘိုးကိုပြန်လာရှာနော်”
”ကျေးဇူးတင်ပါတယ်။ သိပ်ကိုကျေးဇူးတင်ပါတယ် ခင်ဗျာ”
ကျွန်တော် တကယ်ပြောခြင်းဖြစ်သည်။ ဗာဒံစေ့ကိတ်မုန့်၊ ပျားရည်နှင့်
လက်ဖက်ရည်ပူပူကို မေမေကြိုက်တတ်မှန်း ကျွန်တော်သိပြီ။ ‘ထူးထူးခြားခြား’
ဆိုသောစကားလုံးကို မေမေသုံးခဲ့သည်။ မေမေ့အကြောင်း ဘာဘာ့ထံမှသိရသည် ထက်
လမ်းဘေးကအဘိုးအိုထံမှ ပိုသိရှိခဲ့ရသည်။
အဘိုးအိုကို အဆောက်အဦးပျက်၏လှေကားထစ်တွင် ထားရစ်ခဲ့ကာ ကျွန်
တော်နှင့်ဖာရစ်ဒ် ကားဆီထွက်ခဲ့ကြသည်။ အဘိုးကို ကျွန်တော်ပြန်လာရှာပြီး
မေမေ့ အကြောင်းမေးမြန်းဖို့ ဆန္ဒရှိခဲ့ရိုးအမှန်ဖြစ်သော်လည်း အဘိုးကို
ကျွန်တော်နောက် ထပ်ရှာမတွေ့တော့ချေ။
———————
ကာတာရှားရပ်ကွက်၏ မြောက်ဘက်စွန်းမှ မိဘမဲ့ကလေးများဂေဟာအသစ် ကို
ရှာတွေ့ကြပါပြီ။ ခန်းခြောက်နေသော ကဘူးမြစ်ကမ်းနဖူးပေါ် ဆောက်ထားသော
မိဘမဲ့ကလေးများဂေဟာသည် စစ်တန်းလျားပုံစံခပ်ပြားပြားအဆောက်အဦးဖြစ်သည်။
ကဘူးအနီးဝန်းကျင်တွင် ကာတာရှားရပ်ကွက်သည် စစ်ဒဏ်အခံရဆုံးရပ်ကွက်ဖြစ်
ကြောင်း လမ်းမှာတုန်းက ဖာရစ်ဒ်ပြောပြထားသည်။
ကားထဲမှကျွန်တော်ထွက်လာသည်နှင့် မြင်ကွင်းသက်သေများက ဗောင်း
လန်အောင်ကြိုဆိုနေကြသည်။ ကွန်ကရစ်လမ်းနံဘေးတစ်လျှောက်တွင် စွန့်ပစ်အိမ်
နှင့် ဗုံးဒဏ်မိသောအဆောက်အဦးများ ကြိုးကျဲကျဲရှိသည်။ ပက်လက်လန်နေသော
ကားတစ်စီး၊ အမှိုက်ပုံထဲတစ်ဝက်မြုပ်နေသော ဖန်သားပြင်မရှိသည့်တီဗွီ၊
နံရံပေါ် စပရေးဘူးဖြင့်ဖြန်းထားသော ‘သက်တော်ရာကျော်ရှည်ပါစေ တာလီဘန်’
စာတန်း။
မုတ်ဆိတ်များဖြူရော်နေသော ပိန်ပိန်ပါးပါးသေးသေးညှက်ညှက် အဘိုး
ကြီးတစ်ဦး တံခါးဖွင့်လာသည်။ ဝတ်ထားသောဂျက်ကက်အကျႌ ရိနေပြီ။ သံပုရာ
ခွံဦးထုပ်ဆောင်းထား၍ တပ်ထားသောမျက်မှန် မှန်တစ်ဖက်ပဲ့နေသည်။ မျက်မှန်
နောက်မှ ပဲစေ့နှင့်တူသော မျက်လုံးလေးများ ကျွန်တော်နှင့်ဖာရစ်ဒ်ကို
တစ်လှည့် စီကြည့်သည်။
”ဆာလမ်၊ မင်္ဂလာပါ” ဟုနှုတ်ဆက်သည်။
”ဆာလမ်” ဟု ကျွန်တော်ပြန်နှုတ်ဆက်ပြီး ပိုလာရွိုက်ဓာတ်ပုံကိုပြသည်။
”ဒီကလေးကို ရှာနေတာပါ”
အဘိုးအိုသည် ဓာတ်ပုံကို သာမန်ကာလျှံကာကြည့်ပြီး ”တစ်ခါမှ မမြင် ဖူးဘူး”
ဟုဖြေသည်။
”ဓာတ်ပုံကို သေချာဖြင့်မကြည့်ဘဲနဲ့၊ သေသေချာချာကြည့်ပါလားဗျ” ဟု
ဖာရစ်ဒ်ဝင်ပြောသည်။
”ကြည့်ပေးပါဗျာ” ဟု ကျွန်တော်ထပ်ပြောသည်။
အဘိုးကြီးသည် ဓာတ်ပုံကိုယူပြီးလေ့လာနေသည်။ ကျွန်တော့်ကို ဓာတ်ပုံ
ပြန်ပေး၍ ”မသိဘူးကွယ်။ စိတ်မကောင်းပါဘူး။ ဒီဂေဟာက ကလေးတိုင်းကို ကျုပ်
အပ်ကျမတ်ကျသိတယ်။ ဒါပေမယ့် ဒီတစ်ယောက်ကိုတော့ မမြင်ဖူးဘူး။
ခွင့်ပြုပါဦး။ အလုပ်ကလေးရှိလို့ပါ” ဟုဆိုကာ အဘိုးကြီးသည် တံခါးပိတ်၍
ဂျက်ချလိုက်သည်။
တံခါးကို ကျွန်တော်ခေါက်သည်။ ”ဆပ် … ဆပ် … တံခါးဖွင့်ပေးပါ ဗျာ။
ဒီကလေးကို ဒုက္ခပေးဖို့လာတာမဟုတ်ပါဘူး”
”ကျုပ်ပြောပြီးပြီ။ ဒီမှာမရှိဘူး။ သွားကြပါတော့”
ဖာရစ်ဒ်သည် တံခါးရှေ့ရောက်လာပြီး တံခါးပေါ်နဖူးတင်ထားသည်။ ”မိတ်ဆွေကြီး၊
ကျွန်တော်တို့က တာလီဘန်တွေနဲ့မဟုတ်ဘူး။ ကျွန်တော်နဲ့အတူ ပါလာတဲ့ဆပ်က
ကောင်လေးကို ဘေးကင်းရာပို့ပေးချင်လို့ပါ” ဟု သတိထား၍ တိုးတိုးပြောသည်။
”ကျွန်တော် ပက်ရှဝါကလာခဲ့တာပါ။ ကျွန်တော့်ရဲ့မိတ်ဆွေတစ်ယောက်က
အမေရိကန်ဇနီးမောင်နှံကိုသိတယ်။ အဲဒီအမေရိကန်ဇနီးမောင်နှံက မိဘမဲ့ကလေးတွေ
အတွက် ကုသိုုလ်ဖြစ်ဂေဟာဖွင့်ထားပါတယ်” ဟု ကျွန်တော်ဝင်ပြောသည်။ တံခါး
အတွင်းဘက်တွင် ထိုးအဘိုးရှိမှန်း ကျွန်တော်အာရုံရနေသည်။ အဘိုးအိုသည် တံ
ခါးနောက်နားတွင်ကပ်၍ နားထောင်နေမှန်း၊ တွန့်ဆုတ်နေမှန်း၊ သံသယနှင့်
မျှော် လင့်ချက်ကြားတွင် ညပ်ပိတ်နေမှန်း ကျွန်တော်သိနေသည်။
”ဒီမှာ … စိုးရက်ပ် အဖေကို ကျွန်တော်သိတယ်။ စိုးရက်ပ်အဖေနာမည်က
ဟက်ဆန်၊ အမေနာမည်က ဖာဇာနာ။ စိုးရက်ပ်က သူ့အဖွားကို စာစာလို့ခေါ် တယ်။
စိုးရက်ပ်က စာရေးစာဖတ်တတ်တယ်။ လောက်လေးပစ်လည်းတော်တယ်။
ဒီကလေးထွက်နိုင်ဖို့အတွက် မျှော်လင့်ချက်ရှိမှာပါ။ ကျွန်တော်တို့ကို
တံခါးဖွင့် ပေးပါဗျာ”
တံခါးအတွင်းမှ ဘာသံမှမကြားရ။ တိတ်နေသည်။
”ကျွန်တော်က သူ့ဦးလေးပါ” ဟုထပ်ပြောလိုက်သည်။
တအောင့်ကြာသွားပြန်သည်။ ထို့နောက် သော့ခလောက်ထဲသော့လှည့် သံကြားရပြီး
အဘိုးအို၏ပါးလျသောမျက်နှာ တံခါးကြားမှပြူလာသည်။
”ပြောသမျှထဲမှာ တစ်ခုပဲမှားတယ်ကွဲ့”
”ဘာပါလဲ”
”ဒီကလေး လောက်လေးပစ်တော်တယ်ဆိုတာ ဘယ်ဟုတ်ဦးမလဲ။ လောက် လေးပစ်
သိပ်ကိုပြောင်မြောက်တာကွဲ့”
ကျွန်တော့်မှာပြုံးရသည်။
”သူနဲ့လောက်လေး ခွဲလို့မရဘူး။ ဘယ်သွားသွား လောက်လေးခါးကြား ထိုးပြီးသွားတယ်”
—————————–
ကျွန်တော်တို့အား ဝင်ခွင့်ပေးသူအဘိုးအိုသည် သူ့ကိုယ်သူ ဂေဟာ၏
ဒါရိုက်တာအဖွဲ့ဝင် ‘ဇာမင်’ ဖြစ်ကြောင်း မိတ်ဆက်သည်။ ”ရုံးခန်းထဲသွားကြရ
အောင်” ဟုဆိုသည်။
အဘိုးအိုနောက်မှလိုက်၍ ကျွန်တော်တို့ခန်းမလမ်းမှောင်မှောင်အတိုင်း
ဖြတ်လာကြစဉ် စုတ်တီးစုတ်ပြတ်ဝတ်စားထားသော ကလေးများဝိုင်းအုံလာကြသည်။
ဖြတ်လာခဲ့သောအခန်းများထဲတွင် ကြမ်းခင်းမရှိ။ ကော်ဇောကြမ်းသာ ခင်းထားသည်။
ပြတင်းများကို ပလတ်စတစ်စနှင့်ကာထား၍ မွေ့ယာမခင်းထားသော သံခုတင်များ
အခန်းထဲပြည့်နေသည်။
”ဒီဂေဟာမှာ ကလေးဘယ်နှစ်ယောက်ရှိသလဲ” ဟုဖာရစ်ဒ်မေးသည်။
”နှစ်ရာ့ငါးဆယ်လောက်ရှိတယ်။ ရှိတဲ့အခန်းနဲ့မလောက်ဘူး။ ဒါပေမယ့်
အကုန်လုံး မိဘမဲ့တော့မဟုတ်ဘူး။ အများစုက အဖေမရှိတော့တာ။ ဒီတော့ သူတို့
အမေတွေက မကျွေးနိုင်တော့ဘူး။ တာလီဘန်တွေက အမျိုးသမီးတွေအလုပ်မလုပ် ရဘူး
တားမြစ်ထားတာကိုး။ ဒီလိုနဲ့ ကလေးတွေ ဒီလာပို့ထားကြတာ” ဤနေရာ တွင်
ဇာမင်သည် လက်ဖြင့်ဝိုက်ပြပြီး ပူဆွေးစွာပြောသည်။ ”ဂေဟာထဲမှာနေတာ
လမ်းပေါ်မှာနေတာထက်တော့ တော်သေးတာပေါ့။ ဒါပေမယ့် သိပ်ကောင်းလှတယ် ရယ်လို့
မဟုတ်ဘူး။ ဒီအဆောက်အဦးက လူနေဖို့မှမဟုတ်တာ။ နဂိုက ကော် ဇောဂိုဒေါင်။
ရေအပူပေးစက် မရှိဘူး။ ရေတွင်းလည်း ခန်းနေပြီ” ဤနေရာတွင် ဇာမင်သည်
အသံတိုးတိုးဖြင့် ”ရေတွင်းတူးချင်လို့ တာလီဘန်တွေဆီကနေ ငွေ
တောင်းတဲ့အကြိမ်ပေါင်း မနည်းဘူး။ သူတို့က ပုတီးပဲစိပ်ပြီး
ပိုက်ဆံမရှိဘူးပြော တယ်”
နံရံတစ်လျှောက်ချထားသော အိပ်ယာများကို ဇာမင်ပြသည်။ ”ဒီမှာ အိပ်
ယာမလုံလောက်ဘူး။ ရှိတဲ့အိပ်ယာအတွက်လည်း မွေ့ယာမလောက်ဘူး။ ပိုဆိုးတာက
စောင်ပါမရှိတာ” အဖော်နှစ်ယောက်နှင့် ကြိုးခုန်နေသော ကလေးမကိုပြသည်။
”ဆောင်းတွင်းတုန်းက စောင်မလောက်တော့ ကလေးတွေမျှခြုံရတယ်။ အဲဒါ ဟို
ကလေးမရဲ့မောင်လေး စောင်လပ်ပြီးသေသွားတယ်ကွယ်” ဇာမင် လမ်းဆက်လျှောက် သည်။
”နောက်ဆုံးအခေါက် ဂိုဒေါင်ထဲမှာ ဆန်မလောက်တော့ ကလေးတွေ
မနက်စာနဲ့ညစာအတွက် လက်ဖက်ရည်နဲ့ပေါင်မုန့်ပဲ စားရတယ်” နေ့လည်စာကို
စကားထဲထည့်မပြောမှန်း ကျွန်တော်သတိထားမိသည်။
အဘိုးဇာမင် လမ်းလျှောက်ရပ်ပြီး ကျွန်တော့်ဘက်လှည့်ကြည့်သည်။
”ဒီမှာ နေစရာမရှိ၊ စားစရာမရှိ၊ ဝတ်စရာမရှိ၊ ရေကောင်းရေသန့်မရှိ။
ဒီအာဖဂန်နစ္စတန်မှာ ကလေးပေါတယ်။ ကလေးဘဝကတော့ရှားတယ်။ ဒီ့ထက်
ဝမ်းနည်းစရာကောင်းတာက ဒီကလေးတွေဟာ ကံကောင်းတဲ့ကလေးတွေဖြစ်နေတယ်။
နေ့တိုင်းနေ့တိုင်း ကလေးလာပို့တဲ့အမေတွေကို ငြင်းထုတ်နေရတယ်” ဇာမင်
ရှေ့ခြေတစ်လှမ်းတိုးလာသည်။ ”စိုးရက်ပ်အတွက် မျှော်လင့်ချက်ရှိတယ်လို့
ပြော ခဲ့တယ်နော်။ ဆပ်မညာဘူးလို့ ဆုတောင်းပါတယ်။ ဒါပေမယ့် သိပ်နောက်ကျ
သွားပြီလားမသိဘူး”
”ဘာကိုဆိုလိုတာလဲ”
”လိုက်ခဲ့ပါ”
-xxxxxxxxxxxxxxxxxxxxxxxxxx
ဒါရိုက်တာ့ရုံးခန်းဆိုသည်ကား နံရံလေးဖက်အတွင်းမှ ဖျာတစ်ချပ်၊ စားပွဲ
တစ်လုံး၊ ခေါက်ကုလားထိုင်နှစ်လုံးကို ဆိုလိုခြင်းဖြစ်သည်။ နံရံများ
အက်ကြောင်း လိုက်နေသည်။ ဇာမင်နှင့်ကျွန်တော် ထိုင်ချလိုက်စဉ် နံရံပေါက်မှ
ကြွက်တစ်ကောင် ခေါင်းပြူလာပြီး အခန်းထဲလှစ်ခနဲပြေးဝင်လာသည်။
”သိပ်နောက်ကျတယ်ဆိုတာ ဘာကိုပြောတာလဲ” ဟုကျွန်တော်မေးသည်။
ဇာမင်သည် ကုလားထိုင်ပေါ်ကျောမှီချကာ လက်ပိုက်ထားသည်။
”သတင်းကောင်းတော့ မဟုတ်ဘူး။ သိပ်စိုးရိမ်ရတယ်လို့လည်း မဆိုလိုဘူး”
”ဘယ်သူ့အတွက်လဲ”
”ဆပ်အတွက် … ကျုပ်အတွက် … ပြီးတော့ စိုးရက်ပ်အတွက်”
”ကျွန်တော်သိမှဖြစ်မယ်”
ဇာမင် ခေါင်းညိတ်သည်။ ”ဟုတ်ပါပြီ။ ဒါပေမယ့်အရင်ဆုံး မေးခွန်းတစ်
ခုမေးချင်တယ်။ တူလေးကိုရှာဖို့ ဘယ်လောက်အထိ အနာခံနိုင်သလဲ”
ငယ်ငယ်တုန်းက ကလေးချင်းရန်ဖြစ်ခဲ့ကြသည်ကို ကျွန်တော်ပြေးသတိ ရသည်။
ကျွန်တော့်အတွက် ဟက်ဆန်ကအမြဲတက်ချပေးခဲ့မြဲ။ နှစ်ယောက်နှင့်တစ် ယောက်၊
တစ်ခါတလေ သုံးယောက်နှင့်တစ်ယောက်။ ကျွန်တော်ကတော့ ဝင်ပါ တော့မလိုလိုနှင့်
အမြဲနောက်တွန့်ခဲ့သူ။
ခန်းမထဲ ကျွန်တော်ငေးကြည့်လိုက်ရာ ကလေးများပတ်ချာဝိုင်း၍ ကနေ သည်။
ပွရောင်းညစ်ထပ်သောမွေ့ယာပေါ်မှ ဒူးတစ်ဖက်ပြတ်ကလေးမလေးတစ် ယောက်
လက်ခုပ်တီးပြုံးရယ်နေသည်။ ဖာရစ်ဒ်သည်လည်း အင်္ဂါမစုံသောလက်ကို တွဲလောင်းချ၍
ကလေးများကိုငေးမောနေသည်။ ဝါဟစ်၏ကလေးများကို သတိရ မိတော့သည်။
ကျွန်တော်သေသေချာချာသိသွားသည်မှာ စိုးရက်ပ် မပါဘဲကျွန်တော်
အာဖဂန်နစ္စတန်မှ မခွာ။
”စိုးရက်ပ် ဘယ်မှာလဲ၊ ပြောပါ”
ဇာမင်၏အကြည့်ဖွင့်နွှဲနေသည်။ ခဲတံတစ်ချောင်းကောက်ယူပြီး လက်
ချောင်းကားထဲလှည့်နေသည်။
”ကျုပ်နာမည် ထုတ်မပြောပါနဲ့”
”ဟုတ်ကဲ့၊ ကတိပေးပါတယ်”
ဇာမင်သည် စားပွဲကို ခဲတံဖြင့်ခေါက်နေသည်။
”ခင်ဗျားကတိပေးတယ်ပဲထား၊ ပြောမိတဲ့အတွက် ကျုပ်ကိုယ်တိုင် နောင်တ
ရရလိမ့်မယ်ထင်တယ်။ ဒါပေမယ့် ရှိပါစေတော့။ စိုးရက်ပ်အတွက် တစ်ခုခုလုပ်
ပေးနိုင်မယ်ဆိုရင် ကျုပ်ပြောပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆပ်ကိုယုံတယ်။
ဆပ်ကိုကြည့်ရတာ ဇောကပ်နေပြီ” ထိုနေရာတွင် တိတ်နေပြန်သည်။ ”တာလီဘန်
တစ်ယောက်ရှိတယ်” ဟု ဇာမင် ပွင့်အံလာသည်။ ”လတိုင်းလတိုင်း တစ်လတစ်ခါ
ဒါမှမဟုတ် နှစ်ခါ ဒီဂေဟာကိုသူလာတယ်။ ငွေပါလာတယ်။ များများစားစား တော့
မဟုတ်ဘူး။ ငွေမပါတာထက်စာရင်တော့ တော်သေးတာပေါ့” ဇာမင်၏
မတည်ကြည်သောမျက်လုံးများ ကျွန်တော့်ထံကျလာပြီးမှ လွှဲဖယ်သွားသည်။ ”ပုံ
မှန်အတိုင်းတော့ သူကမိန်းကလေးပဲယူပါတယ်။ ဒါပေမယ့် အမြဲတမ်းတော့
မဟုတ်ဘူး”
”ခင်ဗျားက ဒါကိုခွင့်ပြုသလား”
ကျွန်တော့်နောက်မှ ဖာရစ်ဒ်မေးခြင်းဖြစ်သည်။ ဖာရစ်ဒ်သည် စားပွဲကို
ပတ်လျှောက်ပြီး ဖာရစ်ဒ်အနားတိုးလာသည်။
”ကျုပ်မှာဘာရွေးချယ်ခွင့်ရှိလို့လဲ” ဟု ဇာမင် ပက်ခနဲပြန်ပြောသည်။
”ခင်ဗျားက ဒီမှာ ဒါရိုက်တာပဲဟာ။ ခင်ဗျားအလုပ်က ဒီကလေးတွေကို
ကြည့်ရှုစောင့်ရှောက်ဖို့”
”ဒီကိစ္စကိုရပ်ဖို့ ကျုပ်ဘာမှမတတ်နိုင်ဘူး”
”ခင်ဗျား ကလေးတွေကို ရောင်းစားနေတာ” ဟု ဖာရစ်ဒ်အော်သည်။
”ဖာရစ်ဒ်၊ ထိုင်၊ ရှိပါစေ” ဟု ကျွန်တော်ဝင်ပြောသည်။ သို့သော် ကျွန်
တော်နောက်ကျသွားပြီ။ ဖာရစ်ဒ်သည် စားပွဲပေါ်ခုန်တက်ကာ ဇာမင့်ပေါ်ခုန်အုပ်
ထည့်လိုက်၍ ဇာမင့်ကုလားထိုင် လွင့်သွားသည်။ ဒါရိုက်တာကြီးသည် ဖာရစ်ဒ်
ခန္ဓာကိုယ်အောက်ဝယ် ဝူးဝူးဝါးဝါးအော်ဟစ်နေသည်။ စားပွဲအံဆွဲကို
ခြေနှင့်လှမ်း ကန်၍ စာရွက်များကြမ်းပေါ် ဗြဲလရမ်းပြန့်ကျဲကျလာသည်။
ကျွန်တော် အူရားဖားရားစားပွဲကို ပတ်ပြေးပြီး ဇာမင့်အနားသွားမှ ဇာမင့်
အသံအဘယ်ကြောင့် ဗလုံးဗထွေးဖြစ်နေမှန်းမြင်သည်။ ဖာရစ်ဒ်သည် ဇာမင့်ကို
လည်ညှစ်ထားသည်။ ဖာရစ်ဒ်ပခုံးကို ကျွန်တော်လက်နှစ်ဖက်လုံးသုံးပြီး အားကုန်
ဆွဲသည်။ မရ။ ”တော်လောက်ပြီ” ဟု ကျွန်တော်ကျုံးအော်သည်။ ဖာရစ်ဒ်မျက်နှာ
နီရဲကာ မာန်ဖီသလို ပါးစပ်ကြီးဖြဲထားသည်။ ”ဒီကောင့်ကိုသတ်မယ်။
ကျွန်တော့်ကို မတားနဲ့။ သတ်မယ်”
”လွှတ်ပေးလိုက်”
”သတ်မယ်”
ကျွန်တော်သာ တစ်ခုခုထမလုပ်လျှင် လူသတ်မှု၏မျက်မြင်သက်သေဖြစ် တော့မည်ကို
ဖာရစ်ဒ်အသံထဲမှကြားလိုက်သည်။
”ကလေးတွေကြည့်နေကြတယ်၊ ဖာရစ်ဒ်။ ကလေးတွေကြည့်နေကြတယ်”
ဇာမင့်လည်ပင်းကို မလွှတ်တမ်းချုပ်ထားသော ဖာရစ်ဒ်၏ပခုံးကြွက်သား များ
တောင့်တင်းနေသည်။ ဖာရစ်ဒ်လှည့်ကြည့်လိုက်ရာ တံခါးနားတွင် ငြိမ်ငြိမ်
ကလေးရပ်ပြီး အချင်းချင်းလက်များဆုပ်ထားကြသော ကလေးများကို ဖာရစ်ဒ်
တွေ့သွားသည်။ ဖာရစ်ဒ်၏လက်မောင်းကြွက်သားများ ဖြေလျော့သွားသည်။ လက်နှစ်
ဖက်တွဲလောင်းချပြီး မတ်တတ်ထရပ်သည်။ ဇာမင့်ကိုငုံ့ကြည့်ပြီး ဇာမင့်မျက်နှာ
ပေါ်တံတွေးထွေးချ၍ အခန်းတံခါးထပိတ်သည်။
ဇာမင် နှုတ်ခမ်းပေါက်သွားသည်။ အားယူထပြီး ထွက်လာသောသွေး များကို
အကျႌလက်စဖြင့်သုတ်သည်။ ပါးပြင်ပေါ်မှ တံတွေးများသုတ်ပစ်သည်။
တရွှီးရွှီးအသက်ရှူလိုက်၊ ချောင်းဆိုးလိုက်လုပ်ပြီး
သံပုရာခွံဦးထုပ်ပြန်ဆောင်းသည်။ မျက်မှန်ပြန်တပ်တော့
မှန်နှစ်ဖက်လုံးကွဲသွားမှန်းတွေ့ပြီး မျက်မှန်ချွတ်သည်။ ထို့ နောက်
လက်ဝါးပေါ်မျက်နှာမှောက်ထားသည်။ သုံးယောက်စလုံး ဘယ်သူမှ စကား မဆိုဖြစ်ကြ။
”စိုးရက်ပ်ကိုခေါ်သွားတာ တစ်လလောက်ရှိပြီ” မျက်နှာကိုလက်ဝါးဖြင့်
အုပ်ထားဆဲဇာမင်သည် အသံများအက်ကွဲနေသည်။
”ဒါနဲ့တောင် ခင်ဗျားကိုယ်ခင်ဗျား ဒါရိုက်တာတဲ့လား” ဟု ဖာရစ်ဒ် ဆိုသည်။
ဇာမင် လက်ကိုချသည်။ ”ကျုပ်လစာမရတာ ခြောက်လကျော်ပြီ။ ကျုပ်
နာလံမထူတော့ဘူး။ ဘာကြောင့်ဆို ကျုပ်တစ်သက်လုံးစုထားတဲ့ငွေ ဒီဂေဟာအ
တွက်သုံးလိုက်ပြီ။ ကျုပ်ပိုင်ဆိုင်သမျှအကုန်၊ ကျုပ်အမွေရခဲ့သမျှအကုန်
ရောင်းပြီး ဒီဂေဟာအတွက်သုံးခဲ့တာဗျ။ ပါကစ္စတန်နဲ့ အီရန်မှာ
ကျုပ်မိသားစုမရှိလို့ ကျုပ် မပြေးတာလို့ ခင်ဗျားထင်သလား။
သူများတွေပြေးသလို ကျုပ်လည်းပြေးနိုင်သား ပဲ။ ဒါပေမယ့်ကျုပ်မပြေးဘူး။
ဒီမှာပဲနေနေတယ်။ ဒီကလေးတွေအတွက်ကြောင့် နေနေတယ်” ဇာမင်သည်
တံခါးဆီလက်ညှိုးညွှန်ပြီး ”ကျုပ်က ဒီတာလီဘန်ကောင် ကို
ကလေးတစ်ယောက်ပေးဖို့ငြင်းရင် သူကဆယ်ယောက်ယူလိမ့်မယ်။ ဒါကြောင့်
တစ်ယောက်ပေးပြီး ကျန်ကလေးတွေကို အလာဟ်အရှင်စီမံတာစောင့်ရတယ်။ ကျုပ်ရဲ့
ဂုဏ်သိက္ခာကိုမျိုချပြီး သူစွန့်ကြဲတဲ့သောက်ပိုက်ဆံကို ယူရတယ်။
ဈေးသွားပြီး ကလေးတွေစားဖို့ ဝယ်ရခြမ်းရတယ်”
ဖာရစ်ဒ် မျက်လွှာချထားသည်။
”သူယူသွားတဲ့ကလေးတွေ ဘာဖြစ်ကုန်လဲ”
………………………
………………………..
………………………….
……………………
……………………..
………………………
_____________________________
ဆက်ပါဦးမည်..။
____________________________
မူရင်းစာအုပ်အမည်…..THE KITE RUNNER
မူရင်းစာရေးဆရာ…….KHALED HOSSEINI
______________________________
မြန်မာပြန်ဆိုသူ …… ဝင့်ပြုံးမြင့်
မြန်မာပြန် စာအုပ်အမည်……..တိမ်ယံသစ္စာ
2009 / ဇွန် ၊ ပထမ အကြီမ် ။
စာမျက်နှာ စုစုပေါင်း…350
13 x 21 စင်တီဆိုဒ်
စာအုပ်တန်ဖိုး … 3000 ကျပ်
______________________________
လေးစားစွာဖြင့်..
……………………………
4 comments
မောင်ပေ
July 27, 2012 at 12:31 pm
ဒီအပိုင်းမှာ ဆရာမဝင်းပြုံးမြင့် သုံးထားတဲ့ စာသားတွေ စကားအပြောဆိုတွေအားလုံးကို ကြိုက်တယ်ဗျာ
စိုးရပ်လေးအကြောင်းကို ဒါရိုက်တာက ပြောတဲ့အခန်းမှာ
ကိုယ်ပါ စိုးရိမ်မိခဲ့တယ်
အဲဒါအပြင် အလင်းစက်က ဟာသအပိုထဲ့ပေးတာကတော့
ကတ်တဂိုရီပါဘဲ 🙂
အလင်းဆက်
July 27, 2012 at 12:38 pm
ဦးပေ..ရေ……
ဒီကလေး လောက်လေးပစ်တော်တယ်ဆိုတာ ဘယ်ဟုတ်ဦးမလဲ။ လောက် လေးပစ် သိပ်ကိုပြောင်မြောက်တာကွဲ့” ဆိုတဲ ့စာသားက… နောက်ပိုင်းမှာ.အရေးပါ..လာမှာကို..ကြိုပြောပြမယ်.နော ့။
မူရင်းစာရေးသူ..ရဲ ့စာရေးခြင်းအတတ်ပညာကို အံဩတယ် ။ စနစ်တကျ…စီစဉ်ထားတဲ ့…
အဆောက်အဦ တစ်ခု ထဲ..တိုးဝင်နေရသလိုပါပဲ…။
shwe kyi
July 27, 2012 at 1:19 pm
အောင်မလေး
ဘာဖြစ်ကုန်လဲ သိချင်လှပြီ ကိုအလင်းဆက်မြန်မြန်လေးဆက်တင်ပေးပါနော်။
အော် ဒုက္ခတွေများလိုက်ကြတာနော်…။
အလင်းဆက်
July 28, 2012 at 6:23 pm
လာပါပြီ…ရွှေကြည်..ရေ..။
ဒီအပိုင်းတွေ က.. ဇာတ်အရှိန် မြင့် နေပြီ..နော် ။
ဆက်လက်…အားပေးနေပါဥိး..။
ခင်မင်စွာ..