-လက်ညှိုးထိပ်က စကားပြောကြည့်ခြင်း-
အသစ်…အသစ်သော အနုပညာဖန်တီးမှုထဲ
ခင်ဗျား ပက်ကျိလို ရွေ့လျားနေရင်တော့
ပြတိုက်ထဲ အပယ်ခံ ကျောက်ဖြစ်ရုပ်ကြွင်းပဲ။
ခေတ်က နာရီတိုင်း/မိနစ်တိုင်းတောင် မဟုတ်တော့ဘူး။
စက္ကန့်မလပ် ရှင်သန်မှုအသစ်တွေ အမျိုးမျိုး ပြောင်းလဲနေတယ်။
လိုက်မမှီရင်…
ဆိုက္ကားစီးမလား?/ဘတ်(စ်)ကားစီးမလား?/လေယာဉ်ပျံစီးမလား?
ရွေးချယ်မှု မှန်ကန်ဖို့ ခင်ဗျားစဉ်းစားရလိမ့်မယ်။
ဓူဝံကြယ်လမ်းပြနေသော်လည်း…
ခင်ဗျား ပညာကန်းရင် အလကားပဲ။
ထင်ရှားသော ရေမွှေးတိုင်းမှာ ကိုယ်ပိုင်ရနံ့ရှိကြတာချည်း
ခင်ဗျား ရနံ့စစ်ဆိုတာရော အရောအနှောကင်းရဲ့လား။
အနုပညာတိုင်းတော့ ဒြပ်စင် မဖြစ်နိုင်ဘူး။
ဒီလောက ပင်လယ်ထဲ ခင်ဗျား ကူးခတ်ချင်တယ်ဆို
သစ်ပင်အို အရိပ်အား မှီခိုရန်မသင့်
ကိုယ်တိုင် သစ်ပင်ဖြစ်နိုင်အောင် ကျင့်ပါ။
မိမိ အရိပ်ဖြင့် ခရီးသွားတိုင်းအား ချွေးသိပ်နိုင်ပါစေ…။ ။
စေပိုင်ထွဋ်(ပုသိမ်)
5 comments
ဝေးလွင့်တိမ်
August 5, 2012 at 7:32 pm
စေပိုင်ထွဋ် (ပုသိမ်) ရေ … အနုပညာသမားဆိုတာ ဝေဖန်ခံနိုင်ရတယ်နော် ။ ကျွန်တော်လည်း ပညာရှင်တော့မဟုတ်ပါဘူး ဝါသနာရှင်အဆင့်ပါ … အစ်ကို့ကဗျာကို ဖတ်ရတဲ့အခါ ကဗျာဖြစ်အောင် မနည်းကြိုးစားဖတ်နေရတယ်ဗျ … ။ ဆောင်းပါးတစ်ပုဒ်ကို note ထုတ်ထားသလိုဖြစ်နေတယ် ။ အားပေးခြင်းသာဖြစ်ပါတယ်။ ဝေဖန်အားပေးတာပါ ။ စိတ်ထဲမှာ ဘယ်လိုမှသဘောမထားဖို့ တောင်းပန်ပါတယ်ဗျ … ။
စေပိုင်ထွဋ် (ပုသိမ်)
August 7, 2012 at 12:15 pm
ဟုတ်ကဲ့… ကျေးဇူးတင်ပါတယ်။
အပြုသဘော မည်သည့်ဝေဖန်မှုမျိုးကိုမဆို ကျွန်တော် ကြိုဆိုပါတယ်။
ဆောင်းပါးမရေးဖြစ်ဘဲ ကဗျာတွေချည်း ဖိရေးဖြစ်သလိုဖြစ်နေတော့ ဆောင်းပါးနွယ်တာ
ကျွန်တော် မငြင်းပါဘူး။
ဒါလည်း ကျွန်တော့် စတိုင်၊ ကျွန်တော့်ဟန်ပေါ့။
စာဖတ်သူကို တစ်ကြောင်းဖတ်လိုက်တိုင်း ဆန့်ထွက်တွေးနိုင်အောင်တော့ ကျွန်တော် တတ်နိုင်သမျှ ကြိုးစားထားပါတယ်။
နောက်လည်း အလျဉ်းသင့်သလို ဝေဖန်နိုင်ပါတယ်။
ခင်လျှက်….
စေပိုင်ထွဋ်(ပုသိမ်)
အတိသဌ္ဇနာဂရ
August 5, 2012 at 8:32 pm
အင်
ကိုပုသိမ်သားရေ ရေကြိးနေတယ်ဆိုဗျ။ပုသိမ်က ကမ်းနားလမ်းမှာ
ကောင်မလေးအိမ်ရေဝင်နေပီလို ့ဖုန်းဆက်လို ့ဗျ။အခြေအနေတွေ
ပြောပြပေးပါအုံး။
စေပိုင်ထွဋ် (ပုသိမ်)
August 7, 2012 at 12:17 pm
ကျွန်တော်က ရန်ကုန်ရောက်နေတာဗျ။
ပုသိမ်က ရေကြီးတာတော့ အမှန်ပဲ။
အထူးအဆန်းတော့ မဟုတ်ပါဘူး။
နှစ်တိုင်း ကမ်းနားလမ်းက ရေမြုပ်နေကျပဲဟာ။
ဝေးလွင့်တိမ်
August 5, 2012 at 9:10 pm
ဖုန်းဆက်တယ်ဆိုပြီးရောပေါ့ .. ကောင်မလေးက ထည့်ကြွားနေရသေးတယ် .. ။ ဟီဟိ သူများပြောနေ အိမ်ရှေ့လမ်းရေကျော်နေဦးမယ် … ပြေးပြီ .. ။