သူရဿဝါနှင့် အင်စတော်မန်
သူရဿဝါနှင့် အင်စတော်မန်
– သူရဿဝါ –
ခေတ်က အလျှင် အမြန် ပြောင်းလဲ တိုးတက် နေသည်။ မောင်ဝါဝါ တို့ရဲ့ ပတ်ဝန်းကျင်မှာ အနီးအနားမှာ နည်းပညာ ပစ္စည်းတွေ၊ ခေတ်မီ အာရုံ ခံစားသည့် ပစ္စည်းတွေ အများအပြား။ ခေတ်လူငယ် အများစု ကိုယ့်ဘဝ ကိုယ် မပိုင်ကြ။ လက်ကိုင်ဖုန်း၊ ကွန်ပျူတာ၊ တက်ဘလက်၊ အမ်ပီဖိုး၊ အိုင်ပေါ့၊ အိုင်ပက် စတာ တွေထဲ မောင်ဝါဝါ တို့၏ ဘဝနှင့် အချိန်ကို တော်တော် များများ ပေးထား ကြရသည်။ မောင်ဝါဝါ၏ သူငယ်ချင်း တစ်ယောက် ဆိုလျှင် ဘယ်တော့မှ လက်မအား။ သူ့ကို လက်လွတ် ခြေလွတ် ဘယ်တော့မှ မတွေ့ရ။
သူ့လက်ထဲ ဟမ်းဖုန်း ကိုင်လျက်၊ ဒါမှမဟုတ် အိုင်ပက် ကိုင်လျက်၊ ဒါမှမဟုတ် အိုင်ပေါ့ ကလေး ကိုင်လျက်၊ ဒါမှမဟုတ် လက်ပ်တော့ပ်လေး သုံးလျက် စသည်ဖြင့် တွေ့ရ တတ်ပြီး Screen မျိုးစုံကို သူ့မျက်လုံးက အချိန်ပြည့် နီးပါး ဧည့်ခံ နေရသည်။ ပြောချင်တာက နည်းပညာ ခေတ်ဟု ဆိုကြသော မျက်မှောက် ကာလမှာ နည်းပညာ ပစ္စည်းတွေ ပုံစံပေါင်းစုံ နည်းပေါင်းစုံ ဈေ းနှုန်း ပေါင်းစုံဖြင့် ထွက်နေသည်။ ကုမ္ပဏီတွေ အကုန်လုံး ကလည်း ကိုယ့် Product ကို အပြိုင်အဆိုင် ကောင်းမွန်အောင် နည်းပညာတွေ မြှင့်တင် ထုတ်လုပ် လာကြသည်။ သူတို့က ဒီပစ္စည်းတွေကို သုံးချင် အောင် ထုတ်လာတာ ဖြစ်တော့ ကိုယ်တွေ ကလည်း ထွက်တာနဲ့ သုံးချင် သည်။ လိုချင် တာတွေ များလာသည်။
ဖုန်းကိုလည်း ဟမ်းဆက် ကောင်းကောင်းလေး ကိုင်ချင်၊ Tablet လည်း ကောင်းကောင်းလေး သုံးချင်၊ အိုင်ပေါ့ ကလေးနှင့် သီချင်း နားထောင်ချင်၊ ကွန်ပျူတာ လက်ပ်တော့ပ် ဆိုလည်း အနည်းဆုံး Core i3, Core i5 ဆိုတာလောက် သုံးချင် ဖြစ်လာသည်။ ဒါတွေ အကုန်လုံး လိုချင်သည် ဆိုပေမယ့် တစ်ခါတည်း ဝယ်ဖို့ ဆိုတာက မောင်ဝါဝါတို့ အတွက် မဖြစ်နိုင်။ အဲဒီမှာ အားကိုးစရာ ရှာလိုက်တော့ အင်စတော်မန် ဆိုတာကို ဘွားခနဲ သွားတွေ့ ရသည်။ အရစ်ကျ ငွေပေး သွင်းသည့် စနစ်ကို အားကိုး လာကြသည်။ လခစား ကုမ္ပဏီ ဝန်ထမ်းများ အတွက်တော့ ထိုစနစ်က တော်တော်လေး အဆင်ပြေ သည်ဟု ပြော၍ ရသည်။ လိုချင်သည့် ပစ္စည်း၏ ၃ဝ ရာခိုင်နှုန်း ခန့်ကိုသာ ကြိုတင် ပေးသွင်း ထားရပြီး ကျန်သည့် တန်ဖိုးငွေကို လစဉ် ဖြည်းဖြည်းချင်း ဆပ်သွား နိုင်လျှင် အဆင်ပြေသည့် စနစ်။ “လူမှာ အကြွေးရှိမှ တင့်တယ် သည်” ဟူသော မောင်ဝါဝါတို့ လက်ခံ ကျင့်သုံးသည့် အဆိုကို အင်စတော်မန် စနစ်က အရောင်တင် ပေးနေ သလိုလို။
မောင်ဝါဝါ ကိုယ်တိုင်လည်း အင်စတော်မန်နှင့် လုံးဝ မကင်း။ ကိုယ့်မှာ ဘဏ်စာအုပ် မရှိသည့် အတွက် ဆိုင်များ မှာတော့ အင်စတော်မန် စနစ်နှင့် မဝယ်နိုင်။ အဲဒီ စနစ်ကို မောင်ဝါဝါ၏ အိမ်မှာ ပြန်လည် ကျင့်သုံး လိုက်သည်။ လက်ပ်တော့ပ် လိုချင်သလား။ အိမ်ကနေ ငွေ အလုံးလိုက် တောင်းသည်။ ဆိုင်မှာ သွားဝယ်သည်။ ပြီးလျှင် လစာ ထုတ်တာနှင့် အိမ်ကို အရစ်ကျ ပြန်ပေးသည်။ ဖုန်း ဝယ်တုန်း ကလည်း ဒီလိုပဲ .. အစ်ကိုလို ခင်ရသော သူငယ်ချင်း တစ်ယောက်က ပိုက်ဆံ ထုတ်၍ ဝယ်ပေးသည်။ နောက်လ ကျမှ သူ့ကို ဆပ်။ Tablet လေး ဝယ်ချင် တော့လည်း အိမ်က ပိုက်ဆံ အရင်စိုက် .. လကုန်မှ လစာ ထဲကနေ တစ်လချင်း ဖြည်းဖြည်း ပြန်ဆပ်မည်။ အဆင်ကို ပြေလို့ ..။ အခုနေ အလုပ်သာ ပြုတ်သွားလို့ လစာမရ တော့ဘဲ အကြွေးတွေ ပြန်မဆပ် နိုင်တော့လျှင် မောင်ဝါဝါ့ကို အကြွေးနှင့် သိမ်းလို့ ရသည့် သူတွေကို ရေတွက် လို့ပင် မရ။ အို .. မောင်ဝါဝါ့မှာ ရှိသမျှ ပစ္စည်းတွေ တော်တော် များများမှာ အင်စတော်မန် ထဲကနေ ထွက်၍ မရ။ လက်ပ်တော့ပ် ကလေးကို မြင်လျှင်လည်း လကုန်ရင် ပိုက်ဆံ ဆပ်ရမည်ဟု သတိရ၊ ဖုန်းလေး မြင်လျှင်လည်း လကုန်ရင် ပိုက်ဆံ ပေးရ ဦးမှာကို သတိရ။ အောင်မယ် .. အဲဒီလို သတိ ကပ်ပါ များလာတော့ သမာဓိတောင် နည်းနည်း ပိုတည်လာ သလိုလို။
ခုဆို မောင်ဝါဝါ့ လက်ထဲမှာ နည်းပညာ ပစ္စည်းတွေ အများကြီး ရှိသည်။ ထို့အတူ အကြွေး တွေလည်း အများကြီး ရှိသည်။ လစာ ထုတ်ရက်ကို Pay Day ဟု ခေါ်ကြသည်။ ဘာကြောင့် ဒီလို ခေါ်သလဲ ဆိုတာကို အင်စတော်မန်နှင့် ပတ်သက် မိသည့် အချိန်မှ စ၍ မောင်ဝါဝါ အဓိပ္ပါယ် ဖွင့်လိုက်သည်။ Pay Day ဆိုသည်မှာ အလုပ်ရှင်က ကိုယ့်ကို နေ့လည်ပိုင်း ဆိုလျှင် လစာပေး .. ကိုယ်က အကြွေးရှင် တွေကို ညနေ ဆိုလျှင် ကိုယ့်လစာကို ပြန်ပေး … တစ်နေကုန် ပေးသည့်နေ့ ဖြစ်သဖြင့် Pay Day ဟု ခေါ်ခြင်း ဖြစ်သည်။ ဒီတော့ လစာ ထုတ်ရက်နှင့် လကုန် ခါနီး ရက်များ ဆိုလျှင် မောင်ဝါဝါမှာ ရေသောက် ဗိုက်မှောက်။ အင်စတော်မန်နှင့် ဝယ်ထားသော ပစ္စည်း လေးများကို လွမ်းလွမ်း ဆွေးဆွေး ထိုင်ကြည့် နေရုံမှ အပ ဘာမှ မတတ်နိုင်။ လလယ် ရက်ကလေး တွေသာ ဂျာနယ်မှာ ရေးသည့် စာမူခ ကလေးတွေ ရှိသဖြင့် ပိုက်ဆံ အိတ်ထဲ ပိုက်ဆံကို နည်းနည်း မြင်ရသည်။
အခုဆို မောင်ဝါဝါတို့ နည်းပညာ လောကမှ ပစ္စည်းတွေတင် အင်စတော်မန်နှင့် ရောင်းကြ ဝယ်ကြတာ မဟုတ်။ ကားတွေ၊ တိုက်ခန်း တွေလည်း အင်စတော်မန် စနစ်တွေနှင့် ရောင်းချ ပေးနေပြီ။ ဘယ်လောက် အထိ အကျင့်ပါ နေသလဲ ဆိုလျှင် ဘတ်စ်ကား စီးလည်း အင်စတော်မန်နှင့် စီးချင် သလိုလို၊ လက်ဖက်ရည် ဆိုင်ထိုင်လည်း အင်စတော်မန်နှင့် ရှင်းချင် သလိုလိုနှင့် စိတ်ထဲမှာ မရိုးမရွတွေ ဖြစ်လာသည်။ နောက်ဆို အဲဒီလိုတွေ တကယ် ဖြစ်မလာဘူး ဟုရော ဘယ်သူ ငြင်းရဲ သနည်း။ အခုတောင် အင်စတော်မန် အကြောင်း မိုးမွှန်အောင် ရေးထားသော ဒီစာကို ဖတ်ပြီး နက်ဂိုက်ဒ် ဂျာနယ်မှ အယ်ဒီတာများ ကျွန်တော့် စာမူခ လေးများကို တစ်ခါတည်း မပေးတော့ဘဲ နေ့စဉ် အရစ်ကျ အင်စတော်မန် နှင့်သာ ပေးပါရစေ ဟု ကမ်းလှမ်း လာလျှင် ဒုက္ခ ရောက်မည်ဟု တွေးမိသည်။ အို .. ဒီလို လုပ်လို့တော့ ဘယ်ရမလဲ။ သူတို့ ကိုယ့်ကို အင်စတော်မန်နှင့် စာမူခ ရှင်းလျှင် ကိုယ်လည်း အင်စတော်မန် စနစ်ဖြင့် ဆောင်းပါးကို သူတို့ဆီ တစ်နေ့လျှင် တစ်ပိုဒ်သာ ရေးပြီး ခွဲ၍ ခွဲ၍ ပို့ပစ် လိုက်မှာပေါ့။
ထိုသို့ဖြင့် အင်စတော်မန် လူသားကြီး လုံးလုံး ဖြစ်နေသော မောင်ဝါဝါမှာ စားလည်း ဒီစိတ်၊ သွားလည်း ဒီစိတ်၊ အိပ်လည်း ဒီစိတ်ဖြင့် နေမထိ ထိုင်မသာ ဖြစ်ကာ နေရာတကာ အင်စတော်မန် ဆိုတာကြီးကို ဘယ်လို အသုံးချလျှင် ကောင်းမလဲဟု တွေးရင်းဖြင့် ဘယ်လိုမှ မနေနိုင်သည့် အဆုံး မောင်ဝါဝါနှင့် အင်စတော်မန် အလေ့အထ အကြောင်း ကောင်းကောင်းကြီး ဖောက်သယ်ချ လိုက်ရ ပေတော့သည်။
၁ဝ – ဩဂတ်စ် – ၂၀၁၂
Net Guide Journal
Volume (2), Issue (46)
8 comments
မောင်ပေ
August 10, 2012 at 1:07 pm
နောက်ပိုင်း ကွန်နက်ရှင်း ဒီ့ထက်ပိုလန်းလာရင်
ဟိုဒင်းဟိုဝါပြုတဲ့ ကိတ်စလဲ အင်စတော်မန် နဲ ့ဖြစ်ရင်ဖြစ်လာမှာနော
အဲ့ခါကြရင်တော့… အိမ်ကမိန်းမတွေ ၊ ချစ်သူရည်းစားတွေ မျက်ခုံးလှုပ်ကြပေရော့ပဲ… ဟီဟိ
အတိသဌ္ဇနာဂရ
August 10, 2012 at 8:52 pm
ကိုပေတို ့များတွေးထားချက်ကဗျာ လန်ထွက်နေတယ်ဗျို ့။ကိုဝါဝါ၏ အင်စတော်မန်ဘဝကို
လေ့လာသွားတယ်ဗျ
ကြောင်ဝတုတ်
August 10, 2012 at 5:12 pm
ဒါတောင် အင်စတောမန်ပဲရှိသေးတယ်…
ခရက်ဒစ်ကဒ်နဲ့သုံးရမယ်ဆိုရင်…
လကုန်ရော… လစာကဘဏ်အကောင့်ထဲကိုဝင်…
ကိုက ခရက်ဒစ်ကဒ်နဲ့သုံးကောင်းကောင်းသုံး…
အော်…အော်…
သေတာတောင်အကြွေးကျေပါ့မလား…
ခင်မင်လျက်-
ကြောင်ဝတုတ်
pan pan chit
August 13, 2012 at 11:35 pm
ခလက်ဒစ်ကတ်ဒ်နဲ့ဆို (အဘူနိုင်း) အန္တရာယ်များတယ်
အဓိကက မိန်းခေးတွေ
ဟိုဟာလည်း လိုချင်၊ သည်ဟာလည်း လိုချင်
လက်ထဲကရှိတဲ့ပိုက်ဆံနဲ့ လက်ငင်းဝယ်ရမယ်ဆို ချင့်လို့ချိန်လို့လည်းရတယ်
မချင့်ချိန်ဘူးဆိုရင်တောင် ရှိတဲ့ပိုက်ဆံထက် ကျော်ပီးဝယ်လို့မရဘူးလေ
ထားပါတော့
အဲ့ခလက်ဒစ်ကတ်ဒ်ကြောင့် ဒုက္ခရောက်သွားကြတာ အများကြီးတဲ့
ကိုကိုဂီတို့ အရှေ့ကျွန်းမယ်ပြောပါတယ်
🙄
Shwe Ei
August 10, 2012 at 5:25 pm
သများလဲ ဘဏ်အကောင့်မရှိလို့ ကြုံမှပေး တွေ့တိုင်းတောင်း စနစ်နဲ့ ရောင်းရင် အကုန်ဝယ်ချင်တာ ခိခိ။
ဦးဦးပါလေရာ
August 11, 2012 at 12:18 pm
(အဲဒါ
မန်းဂေဇက်မှာလဲ ပိုစ့်တင်ရင် အင်စတော်မန်နဲ့တင်လို့ရတယ်…။
တွက်ခြေလဲ ကိုက်တယ်…။)
….လို့ ကွန်မင့်လေး ရေးရင်ကောင်းမလားလို့ စဉ်းစားနေမိတယ်…။
😀 😀
pan pan chit
August 14, 2012 at 12:25 am
အဟဲ………….
ပိုက်ပိုက်ပဲ အင်စတော်မန်လိုချင်တာ
ဟိ.. 😆
ကိုဝါဝါ..သများကို ပိုက်ပိုက်လေး ၁သိန်းဖိုးလောက် အင်စတော်မန်နဲ့ ရောင်းဘာာ
အဲ့ထဲက ၃၀%ဖိုး ၃သောင်းပြန်ဖြတ်ထားလိုက်
ရသောင်းကျန်တယ်…ပေး..ပေး..ခုပေး
ကိုသင်း
August 14, 2012 at 1:54 am
အင်း ……..အင်စတော်မန်နဲ့ရရင်…………
လုပ်ဗျာ………ကောင်မရေး တစ်ယောက်ရောက်
ဒါမှ………တားတား လူဂျိ ုကြိး ဝဋ်ကျွတ်မှာဂျ