မောင်မိုးပြာ၏ ဆရာ ဘာ့ကြောင့် ပြာ (၉)
“ ဒကာမကြီး ပုတီးမပြတ်စိတ်နေတာဟာ စိစိစစ်စစ် လုပ်ဖို့ကောင်းတယ် ”
‘ ပုတီးစိတ်တာပဲ ဘုရား၊ ဘာစိစစ် နေရဦးမှာလဲ ’
“ တကယ်ကောင်းရဲ့လား၊ တကယ်မကောင်းများဘဲ နေသလားဆိုတာ သိဖို့ပေါ့ ”
‘ ပုတီးစိတ်တာ ကောင်းတာပေါ့ ဘုရား၊ ဒါများ စီစစ်နေရဦးမှာလား ’
“ သည်လို ပေါ့ပေါ့ မပြောပါနဲ့ ”
‘ ဒါ- ရှေးအစဉ်အလာကတည်းက သူတော်ကောင်းတွေ လုပ်လာခဲ့ကြပြီးသားပဲ ’
“ သည်လိုလည်း သူများကို မညွှန်းပါနဲ့ ”
‘ အနည်းဆုံးဘုရား၊ အပြောအဆို၊ အပြုအမူနဲ့ အကြံအစည်တွေ မမှားဘူးပေါ့ ’
“ ဒါတွေဟာ လွယ်လွယ်ပြောတာတွေပဲ ”
‘ သည်လိုမပြောလျှင် ဘယ်လိုပြောရမှာလဲ ဘုရား ’
“ ပညာနဲ့ ပြောပေါ့ ”
‘ ဘာပညာနဲ့ ပြောရမှာလဲ ’
“ ကိုယ်တတ်တဲ့ ပညာနဲ့ပေါ့ ”
‘ ဒါ – ကိုယ်တတ်တဲ့ ပညာမဟုတ်ဘူးလား ’
“ မဟုတ်ပါဘူး ”
‘ ဘာဖြစ်လို့လဲ ’
“ ဒကာမကြီးကို ဒကာမကြီးဆရာတော်က သင်ပေးလိုက်တာ ပုတီးစိတ်နည်း
ပညာဟုတ်လို့လား ”
‘ ဒကာမကြီးဆရာတော်က ဒကာမကြီးတို့ကို သင်တာ ပုတီးစိတ်နည်း
မဟုတ်ပါဘူး၊ စာတွေ သင်ပေးလိုက်တာပါ ’
“ ဒါဆို ဒကာမကြီးတို့ တတ်တဲ့ပညာဟာ စာပေပညာပဲ ”
‘ ဟုတ်ပါတယ် ’
“ ဒါဆိုလျှင် အဲ့သည် စာပေပညာနဲ့ ပြောပေါ့ ”
‘ ဘုန်းကြီးကလည်း ပေါက်ပေါက်ရှာရှာ ’
“ သည်လိုမပြောနဲ့ ဒကာမကြီး ”
‘ စာထဲမှာ ပုတီးအကြောင်းမှ မပါတာပဲ ဘုရား ’
“ ဗျာ ”
‘ ရှေးက ဘုရားစာတွေထဲမှရော၊ အဋ္ဌကထာတွေထဲမှာရော၊ ဋီကာတွေထဲမှာရော
ပုတီးစိတ်အကြောင်း ပါမှ မပါတာပဲ ’
“ ဒါဆိုလျှင် ဘယ်ကရပြီး ပုတီးစိတ်နေကြတာလဲ ဒကာမကြီး ”
‘ အဲ့ဒါတော့ မသိပေါင် ဘုရား ’
“ ဒကာမကြီးကတော့ ပြောပြီ ”
‘ ဟုတ်ပါ့ ဘုရား ’
“ ဒကာမကြီးအသက် အခု ရှစ်ဆယ်နားရောက်ပြီနော် ”
‘ ဟုတ်ပါ့ ဘုရား ’
“ ငါးနှစ် အရွယ်လောက်က သီလရှင် သူတော်စင်အဖြစ် တောအုံ ကန္နားမှာနေခဲ့တယ် ”
‘ ဟုတ်ပါ့ ဘုရား ’
“ စာတွေ၊ ပေတွေလည်း တတ်ကျွမ်းအောင် သင်ယူပြီး၊ သူများတွေကို ပို့ချပြီး
နေခဲ့တယ် ”
‘ ဟုတ်ပါတယ် ဘုရား ’
“ သည်တော့ ဒကာမကြီးတို့ဟာ ကျောက်စိုင်၊ ကျောက်ခဲ မြဲမြံတဲ့လုပ်ငန်း လုပ်ကိုင်
သူတွေ ဖြစ်ထိုက်တာပေါ့ ”
‘ သည်လိုဖြစ်ဖို့ ပုတီးနာနာ စိပ်နေရတာပဲ ဘုရား ’
“ သည်လိုသာပြောတယ်၊ အဲသည်ပုတီး ဘယ်ကရလဲ မသိဘူးဆိုတော့ ခက်တာပေါ့ ”
‘ တိပိဋက ဦးဝိစိတ္တတို့လည်း စိပ်တာပဲ ဘုရား ’
“ ဒကာမကြီးရဲ့ ဆရာတော်က စာပေကို သင်ကြားပေးခဲ့တာလား၊ တိပိဋကလုပ်တာ
လိုက်လုပ်လို့ သင်ကြားပေးခဲ့တာလား ”
‘ အို – ဘုရား ’
“ မငြင်းနဲ့ ဒကာမကြီး။ ဒကာမကြီးတို့ သင်ရတတ်ရတဲ့ ပိဋကတ်က တိပိဋကတ်တို့
တတ်တဲ့ ပိဋကတ်နဲ့ တစ်ခြားစီဖြစ်လို့လား ”
‘ ဘယ် ခြားမှာလဲပေါ့ ဘုရား ’
“ သည်လိုဆိုလျှင် သူသိတဲ့အတိုင်း ကိုယ်သိတာပဲ၊ သူသိတဲ့အတိုင်းလည်း ကိုယ်
သိတာပေါ့ ”
‘ ဟုတ်ပါတယ် ’
“ အတူပဲဆိုလျှင် သူလည်း သည်ပိဋကတ်ပဲ ဆင်ခြင်စရာရှိတာပဲ မဟုတ်လား ”
‘ ဟုတ်ပါတယ် ’
“ သည်လိုဆိုလျှင် ကိုယ်က သူ့ကို အားပြုနေဖို့ မဟုတ်ပါဘူး။ ပိဋကတ်ထဲက အတိုင်း
ကိုယ်တိုင်ပဲ ဆင်ခြင်ကြည့်ဖို့ ကောင်းပါတယ် ”
‘ ဘုန်းကြီးက ပြောလိုက်တာ ’
“ သူများတွေက ကြီးပေးတာနဲ့ ကိုယ်ကလိုက်ကြီးနေပြီး ကိုယ့်ကိုကိုယ် သိုးကလေးလို
ငယ်မနေဘို့ ပြောတာပါ ”
‘ ဒကာမကြီးတို့က နောက်လိုက်ပဲ ဘုရား။ သိုးလို့ ဆိုလည်း ခံရမှာပဲ ’
“ အဲဒါ ခက်တာပဲ ”
‘ ဘာပြုလို့လဲ ဘုရား ’
“ ကိုယ်က သိုးမျိုးမှ မဟုတ်ပဲ ”
‘ ဘာမျိုးမို့လဲ ’
“ ဘုရားမျိုး ၊ အရိယာမျိုးပေါ့ ”
‘ ဒါတော့ ဒါပေါ့ဘုရား ’
“ ဘုရားမျိုးဆိုလျှင် ဘုရားလိုပဲ လုပ်ရမှာပေါ့။ ဘုရားဆိုတာ ဘာလဲ၊ ဘုရားဆိုတာ
ခေါင်းဆောင်လို့ အဓိပ္ပာယ်ရတာပဲ။ ဘုရားဆိုတာ ပုရှားက လာတာ၊ ပုရှားဟာ
ပုရုရှပဲ၊ ပုရိသနဲ့ အဓိပ္ပာယ်တူတယ်၊ လူသားရဲ့ ခေါင်းဆောင်ဖြစ်တယ်။ ဒါ့ကြောင့်
ဒကာမကြီးတို့က သိုးစိတ်ဖျောက်ဖို့လိုပါတယ် ”
‘ ကျေးဇူးတင်ပါတယ် ဘုရား ’
“ ဒီတော့ ဘယ်သူတော့ ပုတီးကိုင်တာပဲတို့ ဘာတို့ မလုပ်ပါနဲ့ ဒကာမကြီး။ ဘုရား
စာတွေ ကိုယ်တိုင်တတ်နေတာပဲ။ ဘုရားက ပုတီးပေးခဲ့သလားဆိုတာ ကိုယ်တိုင်
ဖတ်ပြီး၊ မပေးခဲ့လျှင် တို့က ဘာ့ကြောင့်သုံးနေရတာလဲ၊ တရားနဲ့ကော ညီရဲ့လား၊
ဒီလို ကိုယ်တိုင် ဆင်ခြင်တာလုပ်ဖို့ ကောင်းပါတယ် ”
‘ ဘုရားဟောထဲမပါရင် မလုပ်ရဘူးလား ’
“ ဒကာမကြီးက ဒီလိုအမေးမျိုး မမေးစေချင်ဘူး ”
‘ဘာဖြစ်လို့လဲ ဘုရား ’
“ ဒကာမကြီးဆရာတော်က ဘယ်သူလဲ ပြန်ဆင်ခြင်ကြည့်ပေါ့ ”
‘ ဒကာမကြီးတို့ဆရာတော်နဲ့ ဘာဆိုင်လို့လဲ ဘုရား ’
“ ဆိုင်ပြီလား ဒကာမကြီး ”
‘ လုပ်ပါဦး ဘုရား’
“ ဒကာမကြီးတို့ ဆရာတော်က နှယ်နှယ်ရရပုဂ္ဂိုလ်တစ်ယောက်မဟုတ်ဘူး ”
‘ ဒါက ဒကာမကြီးတို့က ပြောရမယ့်စကားပါ ’
“ ဟုတ်ပါတယ် မေ့နေမှာစိုးလို့ပါ ”
‘ဘယ်တော့မှ မေ့လို့မရပါဘူး ’
“ မမေ့ဘူးဆိုပေမယ့် အခု ကျော်လွှားတဲ့စကား ပြောဖို့ ပြင်နေတာ မြင်နေရပြီ ”
‘ ဘာပြောလို့လဲ ဘုရား ’
“ ဘုရားဟောမဟုတ် မလုပ်ရဘူးလားတဲ့ ”
‘ ဒါ- ဘာဆိုင်သလဲ ဘုရား’
“ ဆရာတော်ကြီးက သံဃာလောကမှ ပါဠိတော်ဂိုဏ်းကြီးဆိုပြီး ဂိုဏ်းသီးခြား
ထောင်ပြီး ကျင့်လာခဲ့သူနော် ”
‘ ဟုတ်ပါတယ် ’
“ သပိတ်မှာ အဖုံးကိုပယ်ခဲ့တယ်၊ ပတ္တပိမာန-ကို ဘုရားဟောမှာ မပါခဲ့လို့၊ ဟုတ်
တယ် မဟုတ်လား ”
‘ ဘုန်းကြီးက ဆရာတော်ကြီးကို မမှီလိုက်ပဲနဲ့’
“ ဒကာမကြီးတို့လို ဆရာတော်ရဲ့ လက်ရင်းတပည့်တွေကို သတိပေးရတာ အား
နာပါတယ် ”
‘ ပြောပါဘုရား၊ ဒကာမကြီးတို့ ဆရာတော်ကြီးဟာ ဒကာမကြီးတို့ရဲ့ လမ်းညွှန်
ဆရာတော်ကြီးပါ ’
“ သူက ဘုရားမဟောပဲ လိုက်လုပ်နေတာတွေကို ငြင်းပယ်ပြနေခဲ့တဲ့ မှတ်တိုင်
ကြီးပဲ ”
‘ ဟုတ်ပါတယ် ’
“ သည်လိုဆိုရင် ဘုရားမဟောလို့ မလုပ်ရဘူးလားလို့ မပြောနဲ့ ဒကာမကြီး ”
‘ မစိစစ်မိလို့ပါ ဘုရား ’
“ ကိုယ်ရပ်တည်နေခဲ့တဲ့ ဂိုဏ်းရဲ့ ရပ်တည်ချက်တောင် မစိစစ်မိဘူးဆိုလျှင်
မစိစစ်မိတာတွေ ဒုနဲ့ဒေးများ ဖြစ်နေမလား၊ စိုးရိမ်စရာ ဒကာမကြီး ”
‘ ဘုန်းကြီးက ဒကာမကြီးတို့ကို အထင်သေးပြတာလား’
“ အဲဒီလိုထင်လျှင်တော့ ဦးဇင်းက ဒီအကြောင်း ဆက်မပြောဖို့ပဲ ”
‘ ဒကာမကြီးတို့ကို ဘုန်းကြီး အထင်သေးမပြနဲ့နော်’
“ စိတ်ချ ဒကာမကြီး ဒါပေမယ့် — ”
‘ ဒါပေမယ့်က ဘာလဲဘုရား’
“ ရှိတဲ့အတိုင်းတော့ မြင်ပြခွင့် ပေးပါပေါ့။ ဒါမှ ဒကာမကြီးတို့ အကျိုးများမှာပေါ့ ”
‘ ပုတီးစိတ်တာ ဘယ်လိုအကျိုးနဲ့ ဘယ်လို စိစစ်မိလို့လဲ ဘုရား’
“ အကျိုးနည်းတာတွေက အများကြီး ”
‘ ဘုန်းကြီးမကြိုက်တာနဲ့ အပြစ်ပြောတာ မလုပ်နဲ့ဘုရား ’
“ အပြစ်ပြောတာလား၊ အစစ်ပြောတာလား၊ ဒကာမကြီးက စစ်ကြည့်ပါ ”
‘ စစ်စရာ ပြောဘုရား ’
“ ကောင်းပြီ၊ ပုတီးအပြစ်တွေ အများကြီးထဲက ထိပ်တန်းကျတဲ့ တစ်ခုကို
ပြောမယ်နော် ”
‘ ပြော – ဘုရား ’
“ ဒါ – အတွက် မေးခွန်းနဲနဲ မေးမယ်နော် ”
‘ မေး – ဘုရား ’
“ ဒကာမကြီး တရားရပြီလား ”
‘ မရသေးပါဘူး ဘုရား ’
“ ကျင့်လာခဲ့တာ ဘယ်လောက်ကြာပြီလဲ ”
‘ အမြဲကျင့်နေတာမှ မဟုတ်တာပဲ ဘုရား၊ ဒါက ပြောလို့မရဘူး ’
“ တရားမကျင့်လျှင် မတရားကျင့်နေလို့လား ဒကာမကြီး ”
‘ ဘုန်းကြီးက အဲသည်လို မမေးပါနဲ့ ဘုရား ’
“ ဒကာမကြီး ခဏခဏ စိတ်တိုတာပဲ ”
‘ ဘုန်းကြီး သည်လို ဘာပြုလို့ို ပြောသလဲ ’
“ တရားအကြောင်းပြောတဲ့အခါ မကြွင်းမကျန် ဖြစ်အောင်ပေါ့ ဒကာမကြီး ”
‘ တရားအားမထုတ်တာနဲ့ မတရားတော့ အားထုတ်နေမလား ဘုရား ’
“ တရားလည်း အားမထုတ်ဘူး၊ မတရားလည်း အားမထုတ်ဘူးဆိုလျှင် ဘာနဲ့
နေသလဲ ဒကာမကြီး ”
‘ ကိုယ့်သီလလေးနဲ့ ကိုယ်နေတာပေါ့ ဘုရား ’
“ ဪ – ဒကာမကြီးကလည်း ”
‘ ဘာလဲ ဘုရား ’
“ သီလဟာ တရားမဟုတ်ဘူး ကျနေတာပဲ ”
‘ သီလဟာ ပွားများအားထုတ်ရမဲ့ တရားမှ မဟုတ်တာပဲ ဘုရား ’
“ လုပ်ပြီ – ပွားများအားထုတ်ရမှာတွေက ဘာတွေမို့လို့လဲ ဒကာမကြီး ”
‘ အာနာပါနတို့၊ ဝေဒနာနုပဿနာတို့၊ စိတ္တာနုပဿနာတို့ပေါ့ ဘုရား ’
“ ဒကာမကြီးက ဒေသနာလက်လွှတ် ပြောပြီ ”
‘ ဒါတွေ ပွားများအားထုတ်ရမှာ မဟုတ်လို့လား ’
“ မဟုတ်လို့ မဟုတ်ပါဘူး ”
‘ ဒါလိုဆို ဒေသနာလက်လွတ်တယ်လို့ ဘုန်းကြီးက ဘာ့ကြောင့်ပြောရတာလဲ ’
“ ပွားများစရာက ဒါပဲ ဖြစ်လို့လား ”
‘ အများကြီးပေါ့ ဘုရား ’
“ အဲသည် အများကြီးထဲမှာ သီလ မပါဘူးလား ”
‘ သီလတော့ သီလပေါ့ ဘုရား၊ ဘာဝနာ ဘယ်ဟုတ်ပါ့မလဲ ’
“ အဲဒါ ပြောတာပေ့ါ ”
‘ ဘာလဲ ဘုရား ’
“ ဒေသနာ လက်လွတ်တယ်ဆိုတာ ”
‘ ဘယ်လို လွတ်တာလဲ ဘုရား ’
“ ဘုရားရဲ့ ဒေသနာဟာ သစ္စာလေးပါးပဲ ဟောတာ မဟုတ်ဘူးလား ဒကာမကြီး ”
‘ ဟုတ်ပါတယ် ဘုရား ’
“ သစ္စာလေးပါမှာ ဘာဝေတဗ္ဗသစ္စာဟာ မဂ္ဂသစ္စာဖြစ်တယ် မဟုတ်ဘူးလား
ဒကာမကြီး ”
‘ ဟုတ်ပါတယ် ’
“ မဂ္ဂသစ္စာမှာ သမ္မာဝါစာ၊ သမ္မာကမ္မန ္တ၊ သမ္မာအာဇီဝ မဂ္ဂင်တွေ မပါဘူးလား
ဒကာမကြီး ”
‘ ပါတာပေါ့ ဘုရား ’
“ အဲ့ဒါတွေဟာ သီလတွေ မဟုတ်ဘူးလား ဒကာမကြီး ”
‘ ဟုတ်တာပေါ့ ဘုရား ’
“ ဒီတော့ သီလတွေဆိုတာ ပွားရမယ့် တရားတွေဆိုတာ ဘုရားဒေသနာက
ပြနေတယ် မဟုတ်ပါလား၊ သီလတွေဆောက်တည်နေတာဟာ တရားတွေ
ပွားများ အားထုတ်နေတာပဲ မဟုတ်ဘူးလား ”
‘ ဘုန်းကြီးပြောပုံက သဘောကျစရာပဲ ’
“ ဘာဖြစ်လို့လဲ ဒကာမကြီး ”
‘ ဒကာမကြီးတို့က သီလနဲ့ပဲ နေ-နေတာကို တရားအားထုတ်နေတာလို့ မမှတ်ပဲ
အမှုမဲ့၊ အမှတ်မဲ့ ထားကြတာ။ သည်လို စာနဲ့၊ ပေနဲ့ပြောတော့ ဟုတ်တာပဲ – လို့
ကျေနပ်မိလို့ပါ ’
“ ဒကာမကြီးတို့က စာသမား၊ ပေသမားဆိုတော့ စာနဲ့ပေနဲ့ ပြောရတာပဲ ”
‘ ဘုန်းကြီးက တစ်ပါးတည်းနေပြီး ဒါတွေပဲ စဉ်းစားနေတာ ထင်ပါရဲ့ ’
“ ဟုတ်တာပေါ့။ အဲ့ဒါဟာ တရားအားထုတ်နေတာပဲ ဒကာမကြီး ”
‘ လုပ်ပြန်ပြီ ဘုန်းကြီးက ’
“ တရားတွေကို တရားတွေမှန်းသိအောင် တွေးခေါ်စဉ်းစားတာဟာ မဂ္ဂင်တရား
အလုပ်တွေ မဟုတ်လို့လား ”
‘ ဟုတ်ပါတယ် ဘုရား ’
“ မဂ္ဂသစ္စာဟာ ပွားရမယ့် တရားပဲ။ ဒါ – ပွားများတာဟာ တရားအားထုတ်တာ
ပဲပေါ့ ”
‘ ဘုန်းကြီးဟာ အဲသည်တရား အားထုတ်နေတာပဲပေါ့ ’
“ သိပ်ဟုတ်တာပေါ့ ဒကာမကြီး ”
‘ သူများတွေကတော့ ဘုန်းကြီးကို သိနေကြတာ တစ်မျိုးပဲ ’
“ သူတို့က ဘယ်လို သိနေကြလို့လဲ ”
‘ ဘုန်းကြီးက တရားတွေလည်း မထိုင်ဘူး။ စကားတွေပဲ ကပ်သပ်စဉ်းစား
နေတယ် – လို့ပေါ့ ’
“ အားထုတ်ရမယ့် တရားကို ဘာလို့ – မသိသူတွေက တရား အားမထုတ်ဘူး
ပြောတာတွေပဲ ဒကာမကြီး ”
‘ အဲသည်အထဲမှာ ဒကာမကြီးတို့လည်း ပါ- ပါတယ် ’
“ အမှားကို ထုတ်ဖေါ်ဝန်ခံခြင်းဟာလည်း တရားအားထုတ် ပွားများမှုထဲက
တစ်ခုပါပဲ ”
‘ ဒကာမကြီး တရားအားထုတ်တတ်အောင် အကြောင်းသင့်တိုင်း ညွှန်ပြပေးပါ ’
“ ပုတီးစိပ်တာအကြောင်း ပြန်ဆက်ရအောင် ”
‘ ဆက်ပါ ဘုရား ’
“ ဒကာမကြီးဟာ တရားမရသေးဘူး ပြောတယ်၊ ကျင့်လာခဲ့တာ မေးတဲ့အခါ
အဖြေတွေကြောင့် စကားတွေ ရှည်သွားခဲ့တာ ”
‘ ဟုတ်ပါတယ် ဘုရား ’
“ အခု သီလတွေလည်း ပွားများရမယ့်တရားဖြစ်တာ သိတော့ သီလရှင် စ- ပြုတာက
စ-ပြီး တရားအားထုတ်သက်တမ်း ရေတွက်ရလိမ့်မယ် ”
‘ ဟုတ်ပါတယ် ဘုရား ’
“ ဒကာမကြီး တရားအားထုတ်သက်တမ်းဟာ နှစ်ပေါင်းခုနှစ်ဆယ်က အတော်ကြီး
ကျော်လာခဲ့ပြီ ”
‘ သီလရှင် သက်တမ်းအရဆိုလျှင် သည်လိုပဲ ပြောရမှာပေါ့ ဘုရား ’
“ သည်တော့ တရားဟာ သည်လောက်ကျင့်မှတော့ ရဖို့ကောင်းတယ် ”
‘ ဘာပြုလို့လည်း ဘုရား ’
“ ဘယ်ပညာဖြစ်ဖြစ် သည်လောက် လေ့ကျင့်ရတယ်လို့ လောကမှာ မရှိလောက်ဘူး၊
လူ့သက်တမ်းကလေးက ရှည်လှတာမဟုတ်ဘူး၊ သက်တမ်း အခုလောက်ကုန်အောင်
လေ့ကျင့်ရတဲ့ ပညာဟာ မရှိဘူူး ”
‘ ဟုတ်ပါ့ ဘုရား ’
“ တရားရဖို့ဟာ သည်လောက်လေ့ကျင့်ရတာ မဖြစ်သင့်ဘူး ”
‘ မရတာ ဘာတတ်နိုင်မှာလဲ ပေါ့ ’
“ ဘာ့ကြောင့်မရသလဲ စစ်ဆေးတာ လုပ်ရမှာပေါ့ ”
‘ စစ်ဆေးရကောင်းမှန်းတောင် မသိကြပါဘူး ’
“ အဲဒါကို ဒကာမကြီးတို့ကိုပြောချင်တာ ”
‘ ပြောပါဘုရား ’
“ ဒကာမကြီးတို့ တရားမရတာအကြောင်း ပြောမှာနော် ”
‘ ပြောပါဘုရား ’
“ တော်ကြာ စိတ်လည်း ဆိုးမနေနဲ့ဦး ”
‘ စိတ်ဆိုးစရာ မပြောနဲ့ပေါ့ ဘုရား ’
“ ဟုတ်တာ ပြောရမှာပဲ။ အဲဒါက စိတ်ဆိုးစရာ ဖြစ်ချင်ဖြစ်၊ မဖြစ်ချင်နေ ဖြစ်မှာပဲ ”
‘ ကဲ – ပြောဘုရား ’
“ သီလပျက်လို့ တရားမရတာပဲ ”
‘ ဘယ်လို ဘုရား ’
“ ဒကာမကြီးတို့ သီလ မလုံလို့ တရားမရတာပဲ ”
‘ အဲဒါ မဖြစ်နိုင်တာပဲ ဘုရား၊ ဒကာမကြီးတို့မှာ တခြား အထွေအထူးတရား
တွေသာ မလုပ်နိုင်ရှိရမယ်၊ သီလ ကတော့ မပျက်ဘူး နေရတာလည်း ကြည့်ပါဦး၊
တောထဲမှာ ဘုရား ’
“ အဲဒါလည်း ဟုတ်မှာပါ ”
‘ ဟုတ်လျှင် သည်လို မပြောနဲ့ပေါ့ ဘုရား ’
“ အဲဒါလည်း ပြောရမှာပဲ ”
‘ ဘာဖြစ်လို့လဲ ဘုရား ’
“ ဘုရားက ဟောထားတာ ရှိတယ် ”
‘ ဘယ်လိုလဲ ဘုရား ’
“ သီလ ပရိဘာဝိတာ သမာဓိ လို့ပဲ၊ အဓိပ္ပာယ်က သီလကို အထပ်ထပ်ဖြစ်စေတာဟာ
သမာဓိ ပဲ လို့ပေါ့ ”
‘ အဲ့ဒါ ဘာပြောချင်တာလည်း ဘုရား ’
“ သီလတွေ မပျက်ရှိခဲ့လျှင် သမာဓိတွေ ဖြစ်ထွန်းနေရမယ်၊ နောက်ထပ်လည်း
ဘုရားက ဟောတယ်၊ သမာဓိ ဘာဝိတာ ပညာ – လို့ပဲ။ ပညာဆိုတာလည်း သမာဓိ
တွေ အထပ်ထပ်ဖြစ်စေတာလို့ အဓိပ္ပာယ်ရှိတယ်၊ သည်တော့ သီလဟာ ပညာအထိ
ကျေးဇူးပြုပေးနေတာ ဘုရား ဗျာဒိတ်ပဲ။ သီလကို သည်လောက်အကြာကြီး ဖြည့်ပြီး
လျှင် ပညာအထိ ရောက်ရမယ်။ မရောက်ဘူးဆိုလျှင် သီလမှာ တစ်စုံတစ်ရာ ချို့တဲ့
နေလို့ – ဆိုတာ မှတ်ချက်ထွက်မှာပဲ၊ ဒေသနာအရှိအတိုင်း ဦးဇင်းပြောနေတာ၊ ဘာပြော
ချင်သေးလဲ ”
‘ ပြောစရာမရှိပါဘူး ဘုရား ’
“ အဲဒါ ပြောစရာမရှိလျှင် ဒကာမကြီးတို့ သီလအစင်နည်းလို့ – လို့ပြောရတော့မှာပဲ ”
‘ အဲဒါမှ ခက်တာပဲ ’
“ မခက်နဲ့ ”
‘ ဒကာမကြီးတို့ သီလ ဒကာမကြီးတု့ိသိတာပေ့ါ ’
“ ထင်တာများလား ”
‘ သည်လို မပြောနဲ့ ဘုန်းကြီး ’
“ မတားနဲ့ ဒကာမကြီး ”
‘ ဘုန်းကြီးနဲ့ ရန်ဖြစ်ရတော့မယ် ’
“ ဦးဇင်းက မဖြစ်ပါဘူး ”
‘ စွပ်စွဲလျှင်တော့ ငြင်းရမှာပဲ ’
“ အချက်အလက်ဖော်နိုင်လျှင်တော့ စွပ်စွဲတာ မဟုတ်ပဲ ဖြစ်မှာဘဲ ”
‘ ကဲ- ဖေါ်- ဘုရား’
“ ဒကာမကြီးတို့ ပုတီး မပြတ်ပဲ စိပ်တယ် မဟုတ်လား ”
‘ စိပ်ပါတယ် ’
“ ပုတီးစိပ်တာဟာ သီလကို ပျက်စေတယ် ဒကာမကြီး ”
‘ ဘုန်းကြီးက ကြံကြံဖန်ဖန် ’
“ အဲဒါ တကယ်ပဲ ”
‘ ပုတီးစိပ်တာ သီလကို ပိုလုံစေတာပဲ ’
“ အဲဒါ အထင်လွဲတာပဲ ”
‘ ပုတီးစိပ်နေသူဟာ ဘာကို ကျူးလွန်မှာလဲ ’
“ ဘာမှ မကျူးလွန်တာနဲ့ သီလလား ”
‘ သီလက ဘာမို့လဲ ဘုရား ’
“ မကျူးလွန်တာမျှနဲ့ သီလဆိုလျှင် ကျူးလွန်ဖို့ အင်အားမရှိသူတွေလည်း
မကျုးလွန်ကြလို့ သူတို့လည်း သီလကို မဆောက်တည်ပဲ သီလလုံသလို
ဖြစ်နေမှာပေါ့ ”
‘ ဘုန်းကြီးကတော့ ကပ်ကပ်သပ်သပ် စဉ်းစားတယ်နော် ’
“ အဲဒီလို မပြောပါနဲ့ ဒကာမကြီး ”
‘ ဘာဖြစ်လို့လဲ ဘုရား ’
“ အဲဒီစကားက ဂရဟသံ ပါတယ် ”
‘ ဘယ်လိုပြောရမလဲ ဘုရား ’
“ နှံ့နှံ့စပ်စပ် စဉ်းစားတယ်လို့ ပြောပါ ဒကာမကြီး ”
‘ ဟုတ်ပါတယ် ဘုရား ဒီလိုပဲပြောလိုတာပါ ’
“ ဦးဇင်းက စိတ်မနှံ့သူစာရင်းက လွတ်ကင်းခဲ့ပြီမို့ သည်လို စိတ်ကို နှံ့အောင်
ကူးနိုင်တာပါ ”
‘ ဟုတ်များ တကယ်ဟုတ်နေသလား မသိပါဘူး ’
“ သီလဆိုတာ ကျူးလွန်စရာကို မကျူးလွန်ပဲနေတာမျှကို ပြောတာ
မဟုတ်ပါဘူး။ မကျူးလွန်ဘူးဆိုတဲ့ စိတ်စေတနာကို သီလလို့ပြောရတာပါ
ဟုတ်ရဲ့လား ဒကာမကြီး ”
‘ ဟုတ်ပါတယ် ဘုရား’
“ သီလဆိုတာ ရှောင်ကြဉ်ရမယ့် အရာဖြစ်တဲ့ ဝိရမိတဗ္ဗတွေကို အာရုံပြုပြီး
ရှောင်ကြဉ် စောင့်စည်းချင်တဲ့ စေတနာရဲ့ နာမည်ပဲနော် ”
‘ ဟုတ်ပါတယ် ’
“ ကောင်းပြီ ဒကာမကြီး သီလအရကောက်တာကို သေသေချာချာ လုပ်ခဲ့နော် ”
‘ သေချာပါပြီ ဘုရား ’
“ ဒါဆိုရင် ဒကာမကြီးကို မေးမယ် ”
‘ မေးပါဘုရား ’
“ ပုတီးစိပ်တဲ့အခါ ဒကာမကြီးရဲ့စိတ်ဟာ ဘာကိုအရုံပြုသလဲ၊ ဘယ်မှာ စိတ်ထား
သလဲပေါ့ ”
‘ ကောဋ္ဌာသတွေကို စိတ်တာဆိုတော့ ကောဋ္ဌာသမှာပဲ စိတ်ထားတာပေါ့။
ကောဋ္ဌာသမှာပဲ အာရုံပြုတာပေါ့ ဘုရား’
“ ဟုတ်ပြီ၊ အသည်စိတ်ဟာ စိတ်အမျိုးအစားအရ ဘာစိတ်ဖြစ်မလဲ ”
‘ အဲဒါတော့ စစ်မကြည့်မိဘူး ဘူးရား ’
“ ဒီလို တစ်မျိုးပြန်မေးမယ် ”
‘ မေးဘုရား ’
“ ဒကာမကြီးအာရုံပြုတဲ့ ကောဋ္ဌာသအာရုံဟာ ကာမအာရုံစရင်းထဲ သွင်းလျှင်
ဝင်မလား၊ မဝင်ဘူးလား ”
‘ မဝင်ပါဘူး ဘုရား ’
“ ဟုတ်တယ်နော်၊ ကာမအာရုံဆိုတာ ရယူချင်စရာ အဆင်း၊ အသံ၊ အနံ့၊ အရသာ
အတွေ့ဆိုတဲ့ – အာရုံငါးပါးရဲ့ အမည်ပဲ ”
‘ ဟုတ်ပါတယ်ဘုရား ’
“ သည်လိုဆိုလျှင် ဒကာမကြီး အာရုံပြုတဲ့ အာရုံဟာ ကာမအာရုံမဟုတ်ဘူးပေါ့ ”
‘ ကာမ အာရုံမဟုတ်ပါဘူး ’
“ အဲ့သည်အာရုံဟာ လောကုတ္တရာအာရုံကော ဟုတ်ရဲ့လားလို့ မေးရမယ် –
ဘယ်လို ဖြေမလဲ ”
‘ အဲသည်လိုလည်း မဟုတ်ဘူးပဲ ဖြေရမှာပါ ဘုရား ’
“ သည်လိုဆိုလျှင် အဲသည်အာရုံဟာ မဟဂ္ဂုတ် အာရုံပဲ ဖြစ်ပါတယ် ”
‘ ဟုတ်တယ်ဘုရား။ သည်အာရုံကို ဘာအာရုံလည်း စစ်မကြည့်မိဘူး ဘုရား ’
“ မြင်းစီးပြီး အထီးအမ မသိဘူးဆိုတဲ့ စကားဟာ ဒကာမကြီးတို့အတွက် ထားခဲ့တဲ့
စကားပုံလား မသိဘူးနော် ”
‘ ပြောပေါ့ ဘုရား ’
“ အဲသည်အာရုံဟာ မဟဂ္ဂုတ် အာရုံဖြစ်တယ်ဆိုလျှင် အဲသည်အာရုံကို အာရုံပြုတဲ့
စိတ်ဟာလည်း မဟဂ္ဂုတ်စိတ်ပဲ ဖြစ်ရလိမ့်မယ် ဒကာမကြီး ”
‘ ဟုတ်ပါတယ် ဘုရား။ ကိုယ်ဖြစ်တဲ့စိတ်လည်း ဘာစိတ်ဆိုတာ မသိအောင်ပါပဲ
ဘုရား ’
“ ဦးဇင်းတို့ဟာ စာပေတွေကို သင်ထားပေမဲ့ စာတွေရဲ့ အရကောက်ချက်တွေကို
တကယ်မသိခဲ့ကြဘူး ”
‘ ဟုတ်တယ်ဘုရား။ စာတွေကို စာလိုပဲ အရကောက်ကြတယ်။ တကယ် အရအထိ
ကောက်နိုင်အောင် မသိခဲ့ကြပါဘူး ’
“ ကောင်းပြီ၊ ရှေ့ဆက်ပြောရအောင် ”
‘ ပြောပါဘုရား ’
“ ဒကာမကြီးတို့ ပုတီးစိပ်တဲ့အခါမှာ ဖြစ်တဲ့စိတ်ဟာ ဘာစိတ်လဲလို့မေးလျှင် အဖြေဟာ
မဟဂ္ဂုတ်စိတ်ဖြစ်တယ် – ဖြေရလိမ့်မယ်။ ဟုတ်ရဲ့လား ဒကာမကြီး ”
‘ ဟုတ်ပါ့ ဘုရား ’
“ ဒါ – မဟဂ္ဂုတ်စိတ်ဖြစ်ပြီဆိုလျှင် ရှေ့ဆက်မေးဦးမယ် ဒကာမကြီး ”
‘ မေးပါ ဘုရား ’
“ မဟဂ္ဂုတ်စိတ်ဟာ စေတသိက်အများဆုံး ဘယ်လောက်နဲ့ ယှဉ်နိုင်သလဲ ”
‘ သုံးဆယ့်ငါးပါးနဲ့ပေါ့ ဘုရား ’
“ ဘာတွေလဲ ”
‘ ဝိရတီကြဉ်တဲ့ အညသမာန်းနဲ့ သောဘဏ စေတသိက်တွေပဲ ဘုရား ’
“ ဝိရတီ ဆိုတဲ့ စေတသိက်တွေက ဘာတွေလဲ ဒကာမကြီး ”
‘ သမ္မာဝါစာ၊ သမ္မာကမ္မန ္တ၊ သမ္မာအာဇီဝ စေတသိက်တွေပေါ့ ဘုရား ’
“ သမ္မာဝါစာ – ဆိုတာ ဘယ်လိုဖြစ်တာကို ခေါ်တာလဲ ”
‘ မလိမ်၊ မဆဲ၊ မချော၊ အတင်းမပြောတာပေါ့ ဘုရား ’
“ ဒါ – သီလတွေပဲ ”
‘ ဟုတ်ပါ့ ဘုရား ’
“ သမ္မာကမ္မန ္တ- ကကော ဒကာမကြီး ”
‘ မသတ်၊ မခိုး၊ ကာမ မကျူးတာတွေပဲ ’
“ ဒါလည်း သီလတွေပဲ ”
‘ ဟုတ်ပါတယ် ဘုရား ’
“ သည်လိုဆိုတော့ သီလဆိုတာ ဝိရတီစေတသိက်ရဲ့ နာမည်တွေပဲ ”
‘ ဟုတ်ပါ့ ဘုရား ’
“ မဟဂ္ဂုတ်ဟာ ဒီ ဝိရတီတွေနဲ့ မယှဉ်ဘူးဆိုတော့ မဟဂ္ဂုတ်စိတ်ဖြစ်တဲ့အခါမှာ
သီလစောင့်စည်းမှု စေတနာတွေ ရှိနိုင်ပါ့မလား ဒကာမကြီး ”
‘ ဝိရတီနဲ့ မယှဉ်ဘူးဆိုတော့ မဟဂ္ဂုတ်စိတ်ဖြစ်သူမှာ သီလ မယှဉ်ဘူး – လို့ပဲ အဖြေ
ထွက်ပါမယ် ဘုရား ’
“ သီလဆိုတာ မကောင်းတာတွေကို ရှောင်ကြဉ်တာပဲ ”
‘ ဟုတ်ပါတယ် ’
“ ရှောင်ကြဉ်တယ်ဆိုတာ ရှောင်ကြဉ်စရာတွေမသိပဲ ရှောင်ကြဉ်လို့ ရပါ့မလား ”
‘ မရပါဘူး ဘုရား ’
“ ရှောင်ကြဉ်တယ်ဆိုတာက ရုပ်တွေလား ဒကာမကြီး ”
‘ မဟုတ်ပါဘူး ဘုရား ’
“ နာမ်တွေလား ”
‘ မဟုတ်ပါဘူး ဘုရား ’
“ ရှောင်ကြဉ်စရာတွေက မှားယွင်းလွန်ကျူးတဲ့ ကိုယ်အမှုတွေ၊ နှုတ်အမှုတွေ၊ စိတ်အမှု
တွေ မဟုတ်ဘူးလား ”
‘ ဟုတ်ပါတယ် ဘုရား ’
“ မှားယွင်းလွန်ကျူးခြင်းမရှိတဲ့ ကိုယ်၊ နှုတ်၊ နှလုံး အမှုတွေကို ရှောင်ကြဉ်ဘို့ လိုသ
လား ဒကာမကြီး ”
‘ မလိုပါဘူး ဘုရား ’
“ အဲဒီမှာ ရုပ်တွေ၊ နာမ်တွေ မပါဘူးလား ”
‘ ပါ ပါတယ် ဘုရား ’
“ သည်တော့ ရုပ်တွေ၊ နာမ်တွေ ရှောင်ကြဉ်ရမှာ ဟုတ်လို့လား ”
‘ မဟုတ်ပါဘူး ဘုရား ’
“ မဟဂ္ဂုတ်စိတ်က ရုပ်တွေ၊ နာမ်တွေ အာရုံပြုတယ်၊ သီလက ရှောင်စရာဖြစ်တဲ့
လွန်ကျူးတဲ့ ကိုယ်၊ နှုတ်၊ နှလုံး အမှုတွေကို အာရုံပြုတယ်၊ ဒီလို ဖြစ်မနေဘူးလား ”
‘ ဖြစ်နေပါတယ်ဘုရား ’
“ သည်လိုဆိုတော့ မဟဂ္ဂုတ်စိတ်နဲ့ သီလစိတ်ဟာ အာရုံချင်း ခြားမနေဘူးလား ”
‘ ခြားနေပါတယ် ဘုရား ’
“ မဟဂ္ဂုတ်စိတ်က ဘာအာရုံလဲ ဒကာမကြီး ”
‘ ရုပ်၊ နာမ် ပေါ့ ဘုရား ’
“ သီလစိတ်က ဘာအာရုံလဲ ”
‘ ဝိရမိတဗ္ဗ အာရုံပေါ့ ဘုရား ’
“ သည်တော့ မဟဂ္ဂုတ်စိတ် ဖြစ်တဲ့အချိန်မှာ သီလ ရှိမနေဘူးဆိုတာ ဒကာမကြီး
ရိပ်မိရမယ် ”
‘ ဒကာမကြီးတို့က အဲသည်လိုဖြစ်မှ သီလပိုလုံတယ် ထင်မှတ်မှားနေကြတာ ’
“ အဲ့ဒါ စိတ်ကို နှံ့စပ်အောင် မထားနိုင်လို့ပေါ့ ဒကာမကြီး ”
‘ ဒကာမကြီးတို့ကို စိတ်မနှံ့ဘူးလို့ ပြောလိုက်တာပေါ့ ’
“ ဒကာမကြီးက နာလို့လား ”
‘ ဘုရားက ပြောပြီးသားမို့ နာရမှာတော့ မဟုတ်တော့ပါဘူး ဘုရား ’
“ ဘုရားက ဘယ်လိုပြောသလဲ ”
‘ ပုထုဇ္ဇနော ဥမ္မတ္တကော – လို့ပေါ့ ’
“ ပုထုဇဉ်ဟာ အရူးပဲ လို့လား ”
‘ တင်ပါ ဘုရား ’
“ အရူးလို့ အပြောခံရတာ နာတတ်ဖို့ကောင်းတယ်နော် ”
‘ အရူးမို့ အရူး – လို့ ပြောတာပဲ၊ ဘာနာစရာလိုသလဲ ’
“ အရူးဖြစ်ရတာကိုက နာစရာမဟုတ်ဘူးလား ဒကာမကြီး ”
‘ ကိုယ့်ကို ရူးတယ်လို့ ပြောလို့သာ အရူးလု့ိသိတာ၊ ဘယ်လိုရူးတယ်လို့ ကိုယ်က
သိတာမှ မဟုတ်ပဲ ’
“ ဒါလည်း ဟုတ်တာပဲ ”
‘ သည်တော့ အရူးလို့ အပြောခံရပေမဲ့ ကိုယ့်ကိုကိုယ် တကယ်ရူးတယ်လို့မှ
မသိတာဘဲ ’
“ ဟုတ်တာပဲ ”
‘ သည်တော့ ကိုယ်ရူးမှန်း မသိပဲ၊ သူများက အရူးလို့ အပြောခံရတာအတွက် နာကြည်း
ရှက်နိုးရကောင်းမှန်းလည်း မသိဘူးပေါ့ ဘုရား ’
“ ဒကာမကြီးက ဘုရင့် အသုံးစာရေးကြီး သမီးမို့ ထင်တယ်။ ကိုယ့်ကိုယ်ကို ကာကွယ်
ပြောတာ ကောင်းလှချည်လား ”
‘ တကယ်ဟုတ်တာတွေပါ ဘုရား ’
“ အခု ကိုယ့်အတွေးမနှံ့တာ ရိပ်မိဖို့လိုပြီနော် ဒကာမကြီး ”
‘ ဒကာမကြီးတို့ အမြတ်တနိုးကျင့်နေတဲ့ သီလကိုတောင် သည်လောက်ကလေး အသိ
နှံ့အောင် မတွေးနိုင်တာအတွက် ထိတ်လန့်မိပါတယ် ဘုရား ’
“ ဟုတ်တယ်။ တကယ် လန့်စရာကြီးပေါ့ ”
‘ သီလကို ပိုင်းခြားမိအောင် မသိတော့ သီလပျက်တာလည်း မသိတော့ဘူးပေါ့ ဘုရား ’
“ ဟုတ်တာပေါ့။ ပုတီးစိတ်လျှင်တောင် သီလလုံတယ်တောင် လွဲပြီးထင်နေတော့
အထင်နဲ့ တကယ့်အဖြစ်က အဝေးကြီးခြားနေတယ် ”
‘ သီလတွေ စောင့်ကောင်းခြင်းကြီး စောင့်လာခဲ့ရပြီး၊ ကိုယ့်သီလကို နင်းခြေဖျက်တဲ့
လုပ်ငန်းကို သီလဖြည့်တဲ့ လုပ်ငန်းလိုထင်ပြီး၊ ပွားမိတဲ့အဖြစ် ရောက်ရတာဟာ
အတော် နစ်နာပါတယ် ဘုရား ’
“ နစ်နာတဲ့ အတိုင်းအထွာကတော့ အကြီးကြီးပဲ ”
‘ ဘယ်လို ဘုရား ’
“ သည် သီလကလေးကို နှစ်ပေါင်းခုနှစ်ဆယ်ကျော် ဖြည့်ကျင့်တာ မပြည့်ဘူးဆိုတဲ့
အဖြစ်ဟာ၊ ကျော်မကောင်း ကြားမကောင်း ဖြစ်လှပြီ ”
‘ မပြည့်ဘူး ဘယ်သူပြောလို့လဲ ဘုရား ’
“ ဒကာမကြီးတို့ တရားမရသေးဘူး ဆိုတာက ပြောနေတာပဲ ”
‘ ဒါနဲ့ ဘယ်လို ပတ်သက်မှာလဲ ’
“ တရား ရတယ်ဆိုတာ ‘ဝုသိတံ ဗြဟ္မစရိယ’ – ဆို – မဟုတ်လား။ ဖြည့်ကျင့်စရာ
အကျင့်မြတ်တွေ ဖြည့်ပြီးသွားတာပဲ။ ဒါ မပြီးသေးဘူး ဆိုတော့ ”
‘ သည် သီလကလေးကို နှစ်ပေါင်းခုနှစ်ဆယ်ဖြည့်တာ မပြည့်ဘူးဆိုတဲ့ဆီ
ရောက်တာပေါ့ ’
“ ဟုတ်ပါ့။ နစ်နာတာ အဆုံးအစ မရှိပါပဲ။ အကျင့်လွဲလို့ အကျိုးနဲတာပါ ”
One comment
realman
August 13, 2012 at 10:00 am
ပုတီးစိတ်လျှင်တောင် သီလလုံတယ်တောင် လွဲပြီးထင်နေတော့ ဒီနေ့ခေတ်ရိပ်သာယဉ်ကျေးမှုမှာလည်း ရုပ်၊ အာရုံတွေနဲ့နေထိုင်နေကြခြင်းကိုလည်း စဉ်းစားမိနေပါတယ်။
ဘာမှ မလုပ်၊ ဘာမှ မပြော၊ ဘယ်သူတွေနဲ့မှ မဆက်ဆံမိအောင်နေနေတာကို သီလလုံတယ်လို့ ပြောလို့ သင့်ပါ့မလား။