အက္ခရာဆန်သော သူများ
(က)
“ဘာကွ မင်းက ဘာကို အပေါင်ထားမယ်
ပြန်ပြောစမ်းပါဦး”
“ဟုတ်. ကျွန်တော် မနက်ဖြန်ကို အပေါင်ထားချင်ပါတယ်”
“မနက်ဖြန်က ဘယ်လောက်တန်လို့လဲကွ”
“တန်ပါတယ်… ခင်ဗျား လုပ်ရပ်အတိုင်း အတိုင်းအဆမဲ့ တန်ပါလိမ့်မယ်”
“အေး.. ငါက အိပ်နေရင်ရောကွာ”
“ခင်ဗျားအိပ်နေရင်တော့ ခင်ဗျားအိပ်ယာလောက်ပဲ တန်ပါလိမ့်မယ်”
“ဟေ.. တော်ကွာ.. အလုပ်ရှုပ်တယ်
အပေါင်မခံနိုင်ဘူး… ရွှေပဲ အပေါင်ခံတယ် ဒါပဲ .. သွားတော့”
ကျွန်တော် ဘာမှ ပြန်မပြောတော့ဘဲ ထွက်ခဲ့လိုက်ပါတယ်။
(ခ)
“အနေအထိုင်သင်ချင်လို့ပါ ဆရာ”
ဗေဒင်ဆရာကြီးက မျက်မှန်ကနေ ပြူးပြတယ်။
“နေပါဦး .. မင်းက အနေအထိုင် မတတ်လို့လားဟ”
“ဟုတ်ပါတယ်”
“ဆိုပါဦး .. ဘယ်လို အနေအထိုင်မတတ်တာလဲ”
“ဟုတ်ကဲ့… ကျွန်တော် လမ်းလျှောက်ရင် ငုတ်တုပ်ကြီး ဖြစ်နေပြီး
ထိုင်ရင် မတ်တပ်ကြီး ဖြစ်နေပါတယ်ဆရာ”
“ဟေ …”
“ကျွန်တော် အခု ဆရာ့ရှေ့မှာ မတ်တပ်ရပ်နေတာပါ
ဒါပေမယ့် ဆရာထိုင်နေတယ်လို့ မြင်တယ်မလား”
“အင် .. မင်းက မတ်တပ်ရပ်နေတာလား ငါမြင်တာတော့ ထိုင်နေတာပါကွ”
“မဟုတ်ဘူးဆရာ … ကျွန်တော် ထိုင်ပြမယ် ဒီမယ်ကြည့်”
ဗေဒင်ဆရာကြီးက ကျွန်တော့်ကို မော့ကြည့်တယ်။
“ဟ … အဟုတ်သား… မင်းထိုင်တာက မတ်တပ်ကြီးပဲ”
ဗေဒင်ဆရာကြီးက ထုံးစံအတိုင်း မျက်မှန်ကြီးကနေ ပြူးကြည့်ပြန်တယ်။ ဒါပေမယ့် သူလည်း ဘာမှ မတတ်နိုင်လို့ ကျွန်တော် ပြန်လာခဲ့လိုက်တယ်။
(ဂ)
“ဘောလုံးကန်ရအောင်ဟေ့ …”
သူငယ်ချင်းတွေ စုပြီး ဘောလုံးကန်ကြမလို့ပါ။ ကျွန်တော်လည်း ဝင်ကန်လိုက်တယ်။ ထိုင်ပြီး ကန်ရတော့ ကျွန်တော် အဆင်မပြေပါဘူး။ ဒါနဲ့ မကန်တော့ဘဲ အပြင်ထွက် မတ်တပ်ထိုင်နေလိုက်တယ်။ ခဏနေတော့ အဘိုးရောက်လာပါတယ်။ သင်္ကြန်တွင်း ဘောလုံးကန်မယ့်အစား ဘုရားတရားလုပ်သင့်ကြောင်းပြောတော့ ကျွန်တော်လည်း လုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
အဘိုးနောက်က ကျွန်တော် လေးဘက်ထောက်လိုက်သွားလိုက်တယ်။
တရားစခန်းနားရောက်မှ ကျွန်တော် တရားထိုင်ရင် မတ်တပ်ကြီး ထိုင်ရမှာ တွေးပြီး စိတ်ညစ်လို့ ပြန်လာလိုက်တယ်။
(ဃ)
လူထူးဆန်းတစ်ယောက်နဲ့ ကျွန်တော် လမ်းထူးဆန်းတစ်ခုမှာ ရိုးရှင်းစွာ ဆုံကြပါတယ်။
“ခင်ဗျားက တော်တော် ထူးဆန်းတာပဲ
ဘာလို့ ခုန်ဆွ ခုန်ဆွ သွားနေတာလဲဗျ”
“ငါ သွား … တတ်… သ…လို………….သွား… မှ……..ာ… ပေါ့”
“အဲ.. ခင်ဗျားက စကားပြောတာက အစ ခုန်ဆွ ခုန်ဆွပြောတာပဲနော်”
“အေး.. ဟုတ်………………………တ………ယ်”
“ဟု…………….တ်…………………လ…….ား” လို့ သူပြောသလို လိုက်ပြောတော့ သူက စိတ်ဆိုးပြီး ခုန်ဆွ ခုန်ဆွနဲ့ ထွက်သွားလေရဲ့။ ကျွန်တော်လည်း ကိုယ့်အိမ်ကို လေးဘက်ထောက် ပြန်လာလိုက်ပါတယ်။
(င)
ဖိနပ်ဆိုင်မှာ ဖိနပ်ဝယ်နေတုန်း ကျွန်တော့်လိုပဲ ဖိနပ်လာဝယ်တဲ့ ကိုကင်းခြေများကို တွေ့ပါတယ်။
“ကျွန်တော့်အတွက် ဖိနပ် အရံခြောက်ရာပေးပါ”
ဆိုင်ရှင်က ဖိနပ်တွေ သေတ္တာလိုက် ထုတ်ပေးလိုက်ပါတယ်။ ကျွန်တော်လည်း မနေနိုင် မထိုင်နိုင် စပ်စုကြည့်ပါတယ်။
“ကိုကင်းခြေများ”
“ဘာတုန်းကွ”
“ခင်ဗျား ဖိနပ်တစ်ခါဝတ်ရင် ဘယ်လောက်ကြာလဲဗျ”
“မြန်မြန်ဝတ်ရင် နေ့တစ်ဝက်လောက်ပဲကွ”
“အော် .. မြန်သားပဲ.. ကျွန်တော်က တော်တော်ကြာမယ် ထင်နေတာ”
“ဘယ်က မြန်ရမှာလဲ… ငါပြောတဲ့ နေ့တစ်ဝက်ဆိုတာ မင်းတို့ လူတွေရဲ့ နေ့တစ်ဝက်ကွ
ငါတို့အတွက် ဆယ်ငါးနှစ်လောက်ကြာတယ်”
“အန်… ဆယ့်ငါးနှစ်.. ဟုတ်လားဗျ”
“အေးပေါ့… တစ်ချို့ဆို ဖိနပ်ဝတ်လို့မပြီးခင်.. သေသွားရှာတယ်ကွ
တစ်ချို့မဟုတ်ပါဘူးကွာ… ကင်းခြေများ အကောင်တစ်ရာမှာ
ရှစ်ဆယ်ကျော်ကျော်က ဖိနပ်ဝတ်လို့ မပြီးခင် သေကြတာပဲ”
“အန်.. ဒါများဗျာ.. ဖိနပ်မပါဘဲ သွားလိုက်ပါတော့လား..
အချိန်ကုန်လိုက်တာ.. ခင်ဗျားနဲ့”
“ဘာကွ…”
ကင်းခြေများကြီးက စိတ်ဆိုးဆိုးနဲ့ အော်ပြောပါတယ်။
“ဒီမယ် .. မင်းမြဲမြဲမှတ်ထား… ဖိနပ်မဝတ်ရင် လမ်းသွားတော့ ဆူးဆူးမှာပေါ့ ငတုံးရဲ့” ။
(စ)
ဈေးဝယ်ပြီး အပြန်လမ်းမှာ လူတစ်ယောက်ငိုနေတယ်။
“ဒီမယ် ဟေ့လူ… လူတွေ ဝိုင်းကြည့်နေတယ်ဗျ မငိုနဲ့ကြားလား”
“အင်း” ဆိုပြီး သူချက်ချင်း အငိုတိတ်သွားတယ်။
“ဘယ်နှယ့်ကြီးတုန်း ခင်ဗျားက တိတ်ဆိုတော့လည်း ချက်ချင်းတိတ်သွားပါလားဗျ”
“ဟီး…” ဆိုပြီး သူက ပြန်ငိုပြန်ရော…။
“ဟောဗျာ.. ခင်ဗျား ဘာဖြစ်ပြန်ပြီလဲ”
“အဲဒါပေါ့.. ငါဟာ ကျိန်စာမိထားတယ်ကွ … စိတ်ညစ်လို့ ငိုနေတာ.. ဟီး…”
“ကျိန်စာ.. ဟုတ်လား.. ဘယ်လိုကျိန်စာလဲဗျ”
“ဆိုးပါတယ်ကွာ .. ငါဟာ သူများပြောတိုင်း လိုက်လုပ်ရတယ်ကွ..
မလုပ်လို့ကို မရတာ… ဟီး…” ဆိုပြီး ဆက်ငိုပြန်ပါရောဗျာ။
“ဟောဗျာ.. ခင်ဗျား မငိုနဲ့ တိတ်ဗျ”
“အင်း” ဆိုပြီး ချက်ချင်းတိတ်သွားပြန်ရော..။
“အဲ .. ဟုတ်သား.. ကျုပ်ပြောတာနဲ့ လိုက်လုပ်တာပဲပေါ့ ခင်ဗျားက
ဆက်ငိုဗျာ”
“ဟီး….”
“တိတ်ဗျာ”
“အင်း..”
“ခင်ဗျား ဈေးကို ညနေထိ ပတ်ပြေးဗျာ..”
“အင်း” ဆိုပြီး ထိုသူ ပတ်ပြေးတော့တာပဲ။ ကျွန်တော်လည်း အိမ်ကို လေးဘက်ထောက်ပြီး ပြန်လာခဲ့ပါတယ်။
(ဆ)
ဆေးဆရာကြီးတစ်ဦးပါ။
“ဆရာကြီး”
“ပြော.. လူကလေး…”
“ဆရာကြီးက ဘာဆေးတွေများဖေါ်ရောင်းတာလဲဗျ”
“မသိချင်ပါနဲ့ကွာ”
“သိချင်ပါတယ်ဗျာ”
“သိချင်လည်းပြောပြမယ်ကွာ
ငါဖေါ်တဲ့ဆေးက တစ်မျိုးတည်းပါ မသေဆေးကွ”
“ဟား.. ဟား.. ဆရာကြီးကလည်း မဖြစ်နိုင်တာ
မသေဆေးသာ ဖေါ်နိုင်လို့ကတော့ ဆရာကြီးကို တစ်ကမာ္ဘလုံးက သိနေမှာပေါ့”
“မယုံလည်းနေပေါ့ကွာ…”
“ဒါဆို.. သက်သေပြဗျာ.. ဆရာကြီးရဲ့ ဆေးစားပြီး မသေတဲ့သူရှိလားဗျ”
“မရှိလို့ပေါ့ကွာ.. ရှိရင် မင်းပြောသလို နာမည်ကြီးနေပြီပေါ့”
“အွန်.. ဒါနဲ့များ.. မသေဆေးတဲ့.. ဟား.. ဟား…”
ဆေးဆရာကြီးက မျက်မှောင်ကြုတ်ကာ ပြန်ဖြေပါတယ်။
“ဒီမယ် လူကလေး.. ကျုပ်ဆေးက .. တကယ်မသေဆေးကွ
ဒါပေမယ့်.. ဒီဆေးကို စားရင် မသေချင်တဲ့ လောဘနဲ့ စားလို့မရဘူး…
ခက်နေတာက .. ဒီဆေးကို စားသူတိုင်းဟာ မသေချင်လို့ စားခဲ့ကြတာချည်းပဲ
ဒါကြောင်း ဆေးစွမ်းမထက်တာကွ”
“အင်.. ဆရာကြီးဆေးကလည်း
မသေဆေးလည်းပြောသေး…. မသေချင်ရင် ဆေးစွမ်းမထက်ဘူးတဲ့”
ဆေးဆရာကြီးက ဘာမှ ဆက်ရှင်းမပြတာနဲ့ ကျွန်တော်ပြန်လာခဲ့လိုက်တယ်။ ဈေးမှာတွေ့ခဲ့လူကို သေလိုက်တော့လို့ပြောပြီး ဆေးဆရာကြီးရဲ့ ဆေးတိုက်ကြည့်ပြီး စမ်းသပ်ရမယ်လို့ ခင်ဗျားတို့ကော မထင်ကြဘူးလား။ အပြန်လမ်းမှာတော့ ကိုကင်ခြေများကြီးက သစ်ပင်အောက်မှာ ဖိနပ်ဝတ်နေလေရဲ့။
ရင်နင့်အောင်
5 comments
အတိသဉ္ဖာ နာဂရချစ်သူ
August 15, 2012 at 8:27 pm
ရှေးက ဉာဏ်ပညာရှိကြီးတွေရဲ့ အတွေးအခေါ်ဖိနပ်တွေကို ဆက်ပြီးငှားစီးနေကြရတာပေါ့ဗျာ။
မောင်ပေ
August 15, 2012 at 8:58 pm
ဆရာတာရာမင်းဝေ နဲ ့ဆင်တယ်ဗျာ ၊ ဆင်တယ်ဆိုတာ အရေးအသားပါ
ဇါတ်လမ်းတည်ဆောက်မှုကော စာရေးသူရဲ ့အရေးအသား ကျွမ်းကျင်မှုနဲ ့ပေါင်းစပ်လိုက်တဲ့အခါကြ
ဒီပို ့စ်ဟာ ပို ့စ်မော်ဒန်ဝတ္ထုတို အကောင်း တစ်ပုဒ်အဖြစ် ကျုပ်တို ့ဖတ်ရတာပေါ့
စကားမစပ် ဒီဝတ္ထုကို ဘယ်မဂ္ဂဇင်းမှာ ပုံနှိပ်ပြီးပြီလဲဗျ… မပုံနှိပ်ရသေးရင်လဲ ပို ့ဗျာ
မဂ္ဂဇင်းစာအုပ်ကိုပါ ငှားပြီး ဆက်အားပေးမယ်ဗျို ့
ရင် နင့် အောင်
August 16, 2012 at 10:55 am
မပို့ထားသေးပါ။ အစီအစဉ်တော့ ရှိပါတယ်။ ကျေးဇူးပါ။
အလင်းဆက်
August 15, 2012 at 9:04 pm
ဟုတ်တယ် ။ ဆရာ တာရာ ့ကိုတောင် သွား..သတိရတယ် ။
metallic
August 15, 2012 at 10:53 pm
… ရွှေပဲ အပေါင်ခံတယ် ဒါပဲ .. သွားတော့”