“မောဟမျဉ်းပြိုင်နှစ်ကြောင်း၏ ရာဇဝင် (၁)”
“ဘာ..နောက်ဆုံးတော့ နင်ပဲနိုင်မှာ ဟုတ်လား…ဒီမှာ ဝတီ…နင်က ငါ့ရဲ့ငယ်နိုင်ပဲ…ငါလည်း ဒီလိုပဲသတ်မှတ်ထားတယ်…ငါ့မိဘတွေလည်း ဒီလိုပဲ သတ်မှတ်ထားတယ်…နင်ငါ့ကို ဘယ်တော့မှ မကျော်စေရဘူး…”
စကားလုံးတွေက ်ဝတီခင့်နားထဲသို့ သံရည်ပူအလား စီးဝင်လာကြသည်။ မျက်လုံးတွေလည်း ပြာဝေလာသည်။ အသားတွေက တဆတ်ဆတ်တုန်၍..အာခေါင်တွေလည်း ခြောက်လာသည်။ လက်သီးက ကျစ်ကျစ်ပါအောင် ဆုပ်လျက်သား။ မထင်မှတ်ထားသော စကားများ…ယောင်လို့တောင် မတွေးမိသော အကြောင်းအရာ။ ဒေါသစိတ်နှင့် မခံချင်စိတ်များက ငယ်ထိပ်မှတစ်ဆင့် ပေါက်ထွက်တော့မည့်အလား။ ချက်ချင်းဆိုသလိုပင် စကားလုံးများကလည်း ပါးစပ်ထဲမှ ခုန်ထွက်လာသည်။
“နင့်စကားကို နင်မှတ်ထားစမ်း နှင်းဆီမေ…ငယ်နိုင် ဟုတ်လား…ကိုယ့်ကိုကိုယ် သိပ်အထင်ကြီးနေတယ်ပေါ့…လူဆိုတာ မဖြစ်နိုင်တာမရှိဘူး…မဖြစ်သေးတာပဲရှိတယ်…နင်သိပ်သတ္တိရှိတယ်ဆိုရင် နင်နဲ့ငါ ဆယ်တန်းမှာ တွေ့မယ်…”
ပြောပြီးပြီးချင်း ချာကနဲ လှည့်ထွက်လာခဲ့သည်။ ရုတ်တရပ်ပြောင်းလဲသွားသော အခြေအနေတွင် သူငယ်ချင်းတွေကတော့ ပါးစပ်အဟောင်းသား။ အစော်ကားခံလိုက်ရတော့ စကားလုံးများကို ပြန်ကြားရင်း မျက်ရည်က ဝဲတက်လာသည်။ တင်းထားသောမျက်နှာပေါ်သို့ မျက်ရည်စက်ကျမလာခင် မျက်လုံးကို ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်သည်။ စကားလုံးများက နားထဲတွင် ပဲ့တင်ထပ်လျက်။
“ငယ်နိုင်…ငယ်နိုင်…ငယ်နိုင်…”
အထွတ်အထိပ်သို့တက်လာသော ဒေါသကြောင့် တုံ့ကနဲရပ်မိလျက်သား။ သတိရ၍ ကြည့်လိုက်မိတော့ ကျောင်းသန့်စင်ခန်းထောင့်သို့ ရောက်နေသည်။ စာသင်ချိန်အကူးအပြောင်းမို့ ကော်ရစ်ဒါတွေက ရှင်းလင်းလျက်။ သူ့အတွက် စိတ်တည်ငြိမ်အောင် ပြန်လုပ်ဖို့ရာ သည်နေရာသည်သာ အကောင်းဆုံးဖြစ်ပေမည်။
မှန်ထဲတွင် ကိုယ့်မျက်နှာကို ပြန်ကြည့်ရင်း မျက်နှာကြောများကို လျှော့ချလိုက်သည်။ မျက်လုံးကို ခေတ္တပိတ်၊ အသက်ကို ပြင်းပြင်းရှူလိုက်တော့ လက်သီးဆုပ်က ပြေကျလာသည်။ ခဏတာအတွင်းက အဖြစ်အပျက်များက မျက်လုံးထဲဝယ် အစီအရီ…
……
ဆရာမထွက်သွားသည်နှင့် နှစ်ယောက်သား ကျောမှီထိုင်ချလိုက်ပြီး ညက ကြည့်ခဲ့သည့် ဇာတ်လမ်းအကြောင်း ပြောဖြစ်သည်။ ထိုမှအစပြု၍ အကြိုက်မတူသည့် မင်းသားနှစ်ယောက်ကို အပြိုင်ငြင်းခုန်ကြရင်း စကားနိုင်လုလာကြသည်။
“အံမယ်…ငါ့မင်းသားကမှ ချောတာပါနော်..အသားဖြူဖြူ အရပ်ရှည်ရှည်နဲ့..ကြိုက်တဲ့သူမေးကြည့်….”
ဝတီကပြောတော့ နှင်းဆီကလည်း အားကျမခံပင်…
“အာ..အသားဖြူတော့ တရုတ်သရဲနဲ့ တူတာပေါ့ဟ…ငါ့မင်းသားကမှ ညိုညက်ညက်နဲ့ တကယ်ကြည့်ကောင်းတာ…သေချာလည်း ယှဉ်ကြည့်ပါဦး…”
ဘာမဟုတ်သည့် အကြောင်းအရာကို ငြင်းခုန်ကြရင်း အရှုံးမပေးချင်သည့် ဗီဇတွေက ကြီးစိုးလာည်။ အခြေအနေကလည်း တင်းမာစပြုလာ၏။ ဆရာမကလည်း လာတော့မည်။ အမှတ်တော့ ဝတီက စာဖတ်များသည့်အပြင် ပလစ်ဆန်အောင် စကားများသည့်အတွက် ယှဉ်ပြောသည့်အခါတိုင်း ဝတီ့ဘက်ကသာ အလေးသာလေ့ရှိသည်။ ယခုလည်း စကားကို ဖြတ်မှဖြစ်တော့မည်။
“ကဲ..တော်ပါပြီ နှင်းဆီရယ်…ထားလိုက်တော့…ဆက်ပြောလည်း နောက်ဆုံးတော့ ငါပဲ နိုင်မှာပဲကို…”
…….
မျက်လုံးကိုဖွင့်ပြီး အတွေးကို ဖြတ်ချလိုက်သည်။ ဆက်တွေးလိုက်လျှင် နှင်းဆီ၏ တုံ့ပြန်စကားများကို ပြန်ကြားမိဦးမည်။ မျက်နှာ၊ အသက်ရှူနှုန်း၊ အနေအထား အားလုံးကို တည်ငြိမ်အောင်ပြန်ထိန်းရင်း စာသင်ခန်းဆီသို့ ပြန်လာခဲ့သည်။
……
သည်ညတော့ ဝတီတစ်ယောက် စာအုပ်ပုံကြားထဲမှာ ငိုင်နေမိသည်။ နေ့လည်က စကားများက နားထဲတွင် အတိုင်းသား။ ထွက်လာသည့်ဒေါသစိတ်များက စာကျက်ဖို့ရာ အနှောင့်အယှက်ပေးနေသည်။ ပြန်ချေပလိုက်သည့် စကားလုံးများနှင့် မလုံလောက်ဟု ခံစားမိသည်။ “ငါ ဘာထပ်ပြောရင် ကောင်းမလဲ..”။ အထပ်ထပ်အခါခါ စဉ်းစားသည်။ နောက်ဆုံးမှာ ဝတီ့နှုတ်က စကားတစ်ခွန်းထွက်လာသည်။
“အေးပေါ့လေ..ငါက နင့်ကို ဘယ်လိုလုပ်နိုင်နိုင်မှာလဲ…နင်က ငါ့ထက် လူအားရော..ငွေအားရော..ဝိတ်အားရော..သာတာကိုး…”
တစ်ချိန်တည်းမှာပင် အတွေးစများက ပျံ့လွင့်လျက်…
…….
နှင်းဆီမေ နှင့် ဝတီခင်။ ပြိုင်ဘက်များအဖြစ် လူသိများသည်။ သို့သော် အတူသွား၊ အတူလာ၊ အတူထိုင် တပူးတွဲတွဲနှင့် အချစ်ဆုံးသူငယ်ချင်းများလည်း ဖြစ်နေကြပြန်သည်။
သူတို့နှစ်ယောက်သည် သူငယ်တန်းကတည်းက ကျောင်းနေဖက်များဖြစ်ကြသည်။ နှင်းဆီမေ၏ နာမည်ကို ကျောင်းစတက်ကာစကပင် ဝတီကြားဖူးခဲ့သည်။ ကလေးဘဝမို့ များစွာမမှတ်မိသော်လည်း ဂါဝန်လှလှများဝတ်တတ်သော၊ ချော့ကလက်၊ ဝေဖာစသော မုန့်အကောင်းစားများကိုသာ စားတတ်သော (ထိုစဉ်က ဝတီရသောမုန့်ဖိုးမှာ တစ်ကျပ်မျှသာဖြစ်၍ ကျောင်းမုန့်ဆိုင်မှ ယိုစုံဇီးထုပ်ကိုသာ စားခဲ့ရသည်။)၊ အသားဖြူဖြူ၊ ဝဝကစ်ကစ်၊ ဆံပင်ကုပ်ဝဲလေးနှင့် ချစ်စရာကောင်းသော နှင်းဆီသည် ဆရာမများ၏ ပါးစပ်ဖျားတွင် ရေပန်းစားခဲ့သည်။ ဘုမသိဘမသိနှင့် သူငယ်တန်းကို ဖြတ်ကျော်ပြီးနော် အောင်စာရင်းတွင် နှင်းဆီမေက ပထမ၊ ဝတီက တတိယနေရာက ရရှိခဲ့သည်။ ထိုအချိန်ကတော့ ဝတီသည် တတိယကို ထူးချွန်ဆုမှန်းပင် မသိခဲ့သော နုံတိနုံချာတစ်ယောက် ဖြစ်ခဲ့လေသည်။
(အပိုင်း(၂) ကို မကြာမီဆက်လက်တင်ပါမည်။)
9 comments
ကိုပေါက်(မန္တလေး)
September 12, 2012 at 6:30 pm
မွန်မွန်ရေ……………..လမင်းမိုမို ဝတ္တု ကို ဖတ်နေရသလိုဘဲနော်
အပိုင်းနှစ်မျှော်နေပါ၏။
မောင်ပေ
September 12, 2012 at 8:32 pm
အဲဒီ နှင်းဆီ နဲ ့ဝတီ တို ့က မောင်ပေ့ ကို မတွေ ့ဖူးကြသေးတာကို သနားမိတယ်ကွယ်
ဟီဟိ
( တွေ ့ရင် မဂျစ် ဂျစ်အောင် မောင်ပေ က ဂျစ်မှာမို ့ပါနော )
surmi
September 13, 2012 at 12:05 am
ဝဋ်လိုက်မယ်နော်
ကျုပ်တို ့အလှည် ့တုန်းက တစ်ခါတည်း အပြီးတင် ပေးတယ်
ခုတော ့ကျုပ်မှာ အိုကြီးအိုမ ဖြစ်ခါမှ မျှော်ရတယ်လို ့ ။
ကိုခင်ခ
September 13, 2012 at 6:39 am
လုံမလေး ရေးတင်လာတဲ့ အပိုင်းဆက်တွေကို ဖတ်ရှု့အားပေးပြီး ဇာတ်သိမ်းကျမှ သုံးသပ်ချက်လေး မန့်တော့မယ်နော်၊ ဪဒါနဲ့ မှာစရာလေးကျန်လို့ အပိုင်းတစ်ပိုင်းနဲ့ တစ်ပိုင်းတော့ အချိန်အကြားကြီးမလုပ်နဲ့နော်။
ဦး ကျောက်ခဲ
September 13, 2012 at 3:09 pm
တူမရေ…… နောက်အပိုင်းတွေ မြန်မြန် ဆက်ပါကွဲ့
ဇတ်သိမ်းခန်းလေး ဖတ်ချင်လှဘီ!
pooch
September 13, 2012 at 3:24 pm
ကျမဆီမှာလည်း နှစ် ၂ဝ နီးပါး ခင်မင်လာပြီး ခုချိန်မှာ ကျောခိုင်းသွားတဲ့ ငယ်ပေါင်းတယောက်ရှိခဲ့ဖူးတယ်။
ဆက်ပါအုန်း။
candle .
September 13, 2012 at 7:20 pm
စိတ်ဝင်စား လို ့အပိုင်း နှစ် လေး မြန်မြန် နော်..
လုံမလေး မွန်မွန်
September 14, 2012 at 3:13 pm
လုံမလေး ကြိုးစားပြီး ရေးထားတာကို ဖတ်ပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်…
အပိုင်း (၂) ကို တင်ဖို့ ကြိုးစားနေပါတယ်။ ရေးတာကတော့ ပြီးပြီ…ပြီးပြီ ဆိုတာ အပိုင်း (၂) ကို ပြောတာပါ… :)… ဒါပေမယ့် ဒီရက်ပိုင်း ဘယ်လိုမှ စာမရိုက်နိုင်သေးတာနဲ့ မတင်ဖြစ်တာပါ… နည်းနည်းလောက် သည်းခံပြီး စောင့်ပေးကြဖို့ တောင်းဆိုပါတယ်နော်…
ခင်တဲ့
လုံမလေး
ကိုခင်ခ
September 14, 2012 at 7:47 pm
အပိုင်း(၁) ဖတ်မိပြီးမှတော့ စောင့်ရတော့မှာပေါ့ဗျာ၊ ကိုရီးယားဇာတ်လမ်းတွဲလို အခွေလည်း အပြင်မှာထွက်တာမှမဟုတ်တာ။