ပန်းကလေးများ လန်းပါစေ

အောင် မိုးသူSeptember 12, 20122min2728
“ဒီတံခါးလေးxxxစေ့ရုံပဲလားxxxxရင်ထဲကအသည်းနှလုံးကိုxxxxxx  အမလေး….ကိုစိုးမင်းရဲ့ ရှင်သိပ်ရက်စက်တာပဲxxxxx”
ကာရာအိုကေသီချင ်းကို သီဆိုရင်းလွင့်ပျံလာတဲ့ ဘေးအိမ်ကမိန်းမရဲ့အသံ။ ထိုအသံကိုကြားကြားချင်းပဲ အမေ၊ အစ်ကိုနဲ့ကျွန်မတို့ရဲ့မျက်လုံးတွေမှာ စိုးရိမ်မှုအရိပ်အယောင်တွေပေါ်လာသည်။ ထိုမိန်းမအသံမှာ နောင်တသံ၊ ဒေါသသံ၊ စိုရိမ်းပူပန်မှုအသံ ရောထွေးစွာပါဝင်နေသည်ကို ကျွန်မတို့သိလိုက်ရသည်။ သီချင်းသံဆိုနေရင်း ထိုမိန်းမဘေးက ကလေးတွေရဲ့ သီချင်းလိုက်ပါသီဆိုသံက အပျော်အော်ဆိုနေသလားတောင် မှတ်ရသည်။ နားထောင်ရင်းပင် ကျွန်မသက်ပြင်းမောတစ်ချက် ချမိလိုက်သည်။
“ဒီညတော့ အိပ်ရေးပျက်ဦးမယ်ထင်ပါတယ်…”

 

စိုးရိမ်မှုနဲ့ အမေပြောလိုက်သောအသံ။ ကျွန်မတို့လည်း ဒီဝဋ်ကဘယ်တော့လွတ်မလဲဟုပင် ကျွန်မတွေးလိုက် မိသည်။ ကိုရီးယားဇာတ်လမ်းတွဲများကို နှစ်ခြိုက်စွဲလန်းစွာ ကြည့်တတ်သော ကျွန်မအမေပင်လျှင် ကိုရီးယား ဇာတ်လမ်းများထက် ရှုပ်ပွေသော ဇာတ်လမ်းများ အပြင်မှာရှိသည်ကို ထိုမိသားစုရောက်လာမှပင် သိတော့တယ်ဆိုသော စကားဆို တဖွဖွပြောမဆုံးပေ။ လွန်ခဲ့သောနှစ်ကမှ ကျွန်မတို့အိမ်ဘေးမှ ဆယ်ပေမြေကွက်ကလေးသည် နှစ်ထပ်အုတ်ညှပ်တိုက်လေးဖြစ်လာသည်။ ထိုတိုက်ကလေးသို့ ပြောင်းလာ သောမိသားစုတွင် (၉)နှစ်အရွယ်နှင့် (၇)နှစ်အရွယ်ကလေး မလေးနှစ်ယောက်နှင့် အိမ်ထောင်တစ်ခုဖြစ်သည်။
ကျွန်မတို့နေထိုင်သော ဆင်ခြေဖုံးရပ်ကွက်လေးသည် ရန်ကုန်မြို့ထဲဆိုသော နေရာနှင့်မလှမ်းမကမ်းတွင် တည်ရှိသည်။ မြို့ပြရပ်ကွက်တစ်ခုဖြစ်တာနှင့်အညီပင် ကန်ထရိုက်တိုက်များပေါ်လာသော်လည်း ကျွန်မတို့ မြို့နယ်လေးတွင် ကန်ထရိုက်တိုက်တာများ မရှိခြင်းက ကံကောင်းသော အင်္ဂါရပ်ပင်ဖြစ်မည်ဟု ကျွန်မထင်မိ သည်။ ရပ်ကွက်လေးထဲတွင် (၁၀)ပေ ၊ (၁၃)ပေခွဲ ၊ ပေ(၂၀)ခြံနှင့် လုံးချင်းအိမ်များ၊ အချို့လုံးချင်း အိမ်များတွင် မိသားစု (၁၀)ခုလောက် နေထိုင်သည်ကိုပင် တွေ့ရသည်။ ကျွန်မတို့မိသားစုသည် (၁၃)ပေခွဲခြံလေးနှင့် ပျဉ်ထောင်အိမ်လေးတစ်လုံးဖြစ်သောကြောင့် အဆင်ပြေသည်ဟုပင်ပြောရမည်။ ရပ်ကွက်ထဲတွင် တိုက်နှင့် နေထိုင်နိုင်သည့်လူများအား လက်ညိုးထိုးပြ၍ပင်ရသည်။ ကျွန်မတို့အိမ်ဘေးရှိ (၁၀)ပေမြေကွက်ကလေးမှ တိုက်ကလေးတစ်လုံးဖြစ်လာပြီး မိသားစုလေးတစ်စု ပြောင်းလာခဲ့သည်။ ထိုအချိန်မှစ၍ ကျွန်မရင်ထဲအတွေး တစ်ခုဝင်လာခဲ့တော့သည်။ ထိုအတွေးသည်………………………။
                                      Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ပြောင်းလာလာချင်း တစ်လလောက်တော့ အခြေအနေက မထူးချေ။ ထိုမိန်းမ၏နာမည်မှာ မဝင်းနွယ်ဖြစ်သည်။ လူအများက သူမအားမနွယ်ဟုခေါ်ကြသည်။ တစ်ရပ်ကွက်လုံးနီးပါး သူမအားသိကြသည်။ သူမသည် အထည်များအား နေ့သွင်းဖြစ်ရောင်းသည်။ ပိုက်ဆံများအား လတိုး၊ မတ်တိုး၊ နေ့သွင်းဖြစ်ချေးစားသည်။ ကျွန်မတို့နေသော လမ်း၏ထိပ်တွင် ပျံကျဈေးကလေး တစ်ခုရှိသည်။ ထိုပျံကျဈေးကလေးရှိ ပျံကျဈေးသည် တော်တော်များများသည်။ သူမနှင့်လွတ်ကင်းသောသူ ရှားသည်။ သူမ၏ စွာကျယ်စွာကျယ်အသံနှင့် အကြွေးမရ လျှင် တစ်အိမ်လုံးဆူညံနေတော့သည်။ တခါတရံသူမအိမ်သို့ လာတောင်းပန်သူတော်တော်များများသည် သူမ၏ ရက်စက်သော အပြောအောက်တွင် ခေါင်းငုံ့ ခံကြရသည်။ အချိန်ကြာလာသည်နှင့်အမျှ သူမသည် အရင်းရှင်ခေါင်းပုံဖြတ်သော မတရားအတိုးချေး စားသောသူမှန်း ကျွန်မတို့မိသားစုတစ်ခုလုံး သိလာရတော့သည်။
လခစားဝန်ထမ်းမို့ ရုံးအပြန်ဘတ်(စ်)ကားစီးလျှင် ကျွန်မအတွက် အလွန်ပင်ပန်းသော  အချိန် ကာလဖြစ်သည်။ အိမ်ပြန်ရောက်ရောက်ချင်းပင် ထမင်းချိုင့်အား ချ၍ရေသောက်မည်အပြုတွင်။
“ဟဲ့….. ဗိုင်းနာမတွေ…….ကောင်မတွေလာစမ်း အိမ်ကိုကြည့်ထားပါဆို။ ဘယ်သွားကမြင်းနေလဲ ဗိုင်းနာမတွေရဲ့… လာစမ်းကောင်မတွေ မိငြိမ်းစိုး ၊ မိခင်စိုး…”
သောက်လက်စရေပင် သီးတော့မလိုဖြစ်သွားသည်။ ဘေးမှစူးရှသောအသံနှင့်အတူ အလုံးလိုက်အရင်းလိုက် ဆဲကာ သမီးနှစ်ယောက်ခေါ်နေသော သူမ၏အသံ။ သားသမီးတွေကို ခေါ်တဲ့အသံ။ အို…. ရင်းသီးလိုက်တာ။ အိမ်ပြန်ရောက်ရောက်ချင်းပင် ကျွန်မအမောဆို့သွားရသည်။ တော်သေးတာပေါ့ ကျွန်မတို့အိမ်မှာ တူမလေး နှစ်ယောက်ရှိသည် တစ်ယောက်မှာ သူမ၏သမီးအကြီးနှင့် ရွယ်တူဖြစ်၍ တစ်ဦးမှာ (၃)နှစ်သာသာရှိသေး သည်။ သူမဆဲသံသားကြားလျှင် တစ်ဖက်အိမ်က ကျွန်မတူမလေးတော့ အဆဲကို သင်ပြီးထားသလိုဖြစ်နေမည်။ ကျွန်မရေသောက်သောက်ပြီးချင်းပင် တူမလေးနှင့်အမေက အပြင် မှပြန်လာသည်။ စောနကဆဲသံတွေ မကြားလို့ပင် တော်သေးသည်။ တစ်ဖက်အိမ်မ သူမသမီးနှစ်ယောက် ကတော့ တစ်ငိုငို တစ်ရီရီပင်။
“ငါအကြွေးသွားတောင်းဦးမယ်။ နင်တို့ငြိမ်ငြိမ်နေခဲ့ကြနော် ပြန်လာလို့ငါမရှိရင် သေပြီသာမှတ်..။”
သူမသမီးများကို ကြိမ်းမောင်းသံကို ကျွန်မကြားဖြစ်အောင် ကြားလိုက်သေးသည်။ သူမအကြောင်းစဉ်းစားမိမှ သူမခင်ပွန်းကိုယခုထိ ကျွန်မမတွေ့မိသေးချေ။ သူမ၊သူမသမီးနှစ်ယောက်နှင့် သူမ၏အိမ်မှာနေသော သူမ၏ တူမဖြစ်သူတို့သာ ကျွန်မတွေ့မိသည်။ အလုပ်သွားဖြစ်နေသည်ဟုသာ ကျွန်မထင်နေမိ သည်။ တွေးရင်းပင် သူများအကြောင်းတော်တော်လေးတွေးမိနေပါလားဟုပင် ကိုယ့်ကိုယ်ကို ပြန်ထိန်း လိုက်မိသည်။ မှေးစင်းနေသော မျက်လုံးများက ကျွန်မကိုအိပ်ရာထဲသို့ ဝင်ရန်သတိပေးနေပြီ။ မနက်ဖြန်လည်း အလုပ်စောစော သွားရမည်ဖြစ်သောကြောင့် အိပ်ရန်ပြင်ဆင်လိုက်တော့သည်။
                   Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
“ငြိမ်းစိုး…ခင်စိုး…၊ ငြိမ်းစိုး…ခင်စိုး…. ၊ ငြိမ်းစိုး…ခင်စိုး…..”
“ဘယ်အချိန်ရှိပြီလဲ ကိုဝင်းစိုး….၊ ရှင်လာတဲ့အချိန်ကိုလည်း ကြည့်ပါဦး…”
“ဟေ…ကိုယ့်အိမ်ကိုပြန်လာတာ အချိန်လိုသလားဟ….”
“ဒါဆိုလည်း ပြန်မလာပါနဲ့တော့လား၊ ရှင့်မယားကြီးအိမ်မှာပဲအိပ်လေ၊ တစ်ပတ်မှတစ်ခါတောင် အိမ်ပြန်မလာပဲ…၊ ကိုယ့်အိမ်ကိုပြန်လာသလေးဘာလေးနဲ့”
“ငါ့ဖာသာ ငါ့အိမ်ပြန်လာတာ နင့်အပူပါလား ******မရဲ့….”
“ရှင်ကျွန်မကိုမဆဲနဲ့ ကိုဝင်းစိုး”
“ဆဲတော့ဘာဖြစ်လဲ….ဟမ်…******မ…”
ကျွန်မအိပ်မောကျနေရင်း တစ်ဖက်အိမ်မှ ရန်ဖြစ်သံများအား အတိုင်းသားကြားလိုက်ရသည်။ ကျွန်မတို့နှင့် သူမတို့တိုက်သည် ခြံစည်းရိုးမရှိ။ သူမတို့တိုက်ကို မြေအပြည့်ဆောက်ထားသောကြောင့်ဖြစ်သည်။ ကျွန်မတို့အိမ်သည် ပျဉ်ထောင်ဆိုတော့ပိုဆိုးသည်။ အိပ်ရာမှထ၍ နာရီကြည့်လိုက်တော့ ည(၂)နာရီပင် ရှိတော့မည်။ သူမ၏ယောက်ျားမှာ ဒီလိုအချိန်မှ ပြန်လာသည်ထင်သည်။ စကားသံများကြားနေရသည်မှာ ထိုလူသည် အရက်မူး၍ပြန်လာခြင်းဖြစ်မည်။ ထိုနှစ်ယောက်ရန်ပွဲသည် ကြမ်းသထက်ကြမ်းလာတော့သည်။
“ရှင်ကလေ….မိန်းမနဲ့ကလေးနှစ်ယောက်ရှိရက်သားနဲ့ ဈေးဖိုးလေးတောင်မပေးဘဲနဲ့ လာပြီးတော့၊ ရှင့်မယားကြီးပဲ သွားဖို့နေတာလား….”
“ဒီကောင်မသေတော့မယ်….”
“***ခေါင်း ၊ အကောင် မလာနဲ့အိမ်ကို…”
“ဒီအိမ်ကို ငါလည်းပိုင်တယ်၊မဆင်းဘူး….။”
“ခွမ်း….ချလွမ်း……ခွမ်း…”
ပစ္စည်းများအပြိုင်အဆိုင်ပေါက်ခွဲကြတော့သည်။ ကျွန်မတို့တစ်အိမ်လုံး အကုန်လုံးနိုးကြရတော့သည်။
“ဖေဖေမလုပ်ပါနဲ့….မေမေမလုပ်ပါနဲ့ တော်ပါတော့……ဟီး….အီးအီး…သမီးတောင်းပန်ပါတယ်..”
စကားပြောတတ်သောအကြီးမလေးခမျာ တောင်းပန်ရှာသည်။ ကလေးမလေးနှစ်ယောက်စလုံးအော်ကြီး ဟစ်ကျယ်ဖြင့် စိတ်မချမ်းသာစရာပင်။ မျက်လုံးစုံမှိတ်ကာ အိပ်သော်လည်း ထိုရန်ပွဲပြီးဆုံးမှသာ ကျွန်မ အိပ်ပျော်သွားတော့သည်။ နောက်တစ်နေ့နံနက် အလုပ်သွားဖို့ ထမင်းချိုင့်ပြင်ဆင်ကာ အိမ်မှထွက်စဉ် သူမ၏အိမ်ဘက်သို့ တစ်ချက်ကြည့်လိုက်မိသည်။ တိတ်ဆိတ်ငြိမ်သက်စွာပင်။ ယခုလိုကျတော့လည်း သူမဟုတ်တော့သည့်အတိုင်းပင်။ မနေ့ညက ဖြစ်ပျက်သွားသော ရန်ဖြစ်သံများကို အိမ်မှကလေးနှစ်ယောက် အိပ်မောကျနေသဖြင့် မကြားမိတာကိုပင် ကျွန်မကျေးဇူးတင်ရမလိုဖြစ်နေသည်။
                   Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
အလုပ်မှအချိန်ပိုဆင်းရသဖြင့် ကားဂိတ်မှမောပန်းစွာ ကျွန်မပြန်လာစဉ် အိမ်သို့မရောက်ခင် လမ်းဝမှာတင် ကာရာအိုကေသီချင်းသံများကို ကြားလိုက်ရသည်။ အိမ်သို့ရောက်သောအခါ အမေကကျွန်မအား မျက်လုံးတစ် ချက်သာ တစ်ဖက်အိမ်သို့ဝေ့ပြသည်။ အိမ်ပြတင်းပေါက်မှ တစ်ချက်လှည့်ကြည့်လိုက်သော အခါ။ ကျွန်မမျက်လုံးများပင် ပြူးကျယ်သွားတော့သည်။ ကာရာအိုကေသီဆိုနေသော သူမသည် မူးနေဟန်တူသည်။ အရက်တွေများသောက်ထားသလားဟု ကျွန်မ ထင်မိသည်။ ကျွန်မအတွေးအား မှန်ကန်အောင်ဖြည့်စွက်လိုက် သောအရာသည် သူမ၏နောက်လက်တစ်ဖက်မှ ကိုင်ထားသောခွက်မှ နီဖန့်ဖန့်အရည်များပင်ဖြစ်တော့သည်။ နောက်ထပ်မြင်ကွင်းတစ်ခုကို ထပ်မံမြင်လိုက်ရသောအခါ ကျွန်မရင်ဘတ်ကိုပင် လက်ဖြင့်ဖိထားလိုက်ရသည်။
“မင်းသားလေးလို့xxxxxမှတ်ထင်ထားသူရေxxxxxလိမ်တယ်ညာတယ်xxxxအချစ်ကိုကစားတယ်xxxx ဘီလူးခေါင်းလေးနဲ့ချစ်သူလေးမောင်ရယ်xxxxရင်နာလေအောင် လုပ်တာလားလေကွယ်…. ကိုဝင်းစိုးရေရှင်ဘယ်သွားနေလဲ…. ဟီးအီးအီး….”
မူးမူးဖြင့်သီချင်းဆိုရင်းဖြင့် ငိုသံဖြင့်သူ့ခင်ပွန်းအားတလိုက်သေးသည်။ သူမဘေးတွင် သူမ၏ သမီးလေးနှစ် ယောက်သည်လည်း သူမလိုပင် သီချင်းလိုက်ဆိုနေသည်။ ကျွန်မကြည့်နေရင်းပင်  ကျွန်မဘေးမှ ကျွန်မတူမ လေးက ပြတင်းပေါက်သို့လာကြည့်သောအခါ ပြတင်းပေါက်အား အမြန်ပိတ်လိုက်တော့သည်။ ဒီနေ့ညလည်း သူမခင်ပွန်းပြန်လာလျှင် နှစ်ယောက်စလုံးမူးမူးဖြင့် ရန်ဖြစ်ကြဦးမည်။ မနက်ဖြန်အလုပ်ပိတ်ရက်ဆိုတော့လည်း အိမ်ရှိကလေးတွေ အိပ်ပျော်သွားဖို့သာ အရေးကြီးတော့သည်။ ထိုမှသာ ပတ်ဝန်ကျင်းမှဆဲဆိုသော စကားများ လွယ်လွယ်ကူကူ တတ်နိုင်မည်မဟုတ်ပေ။
“ငြိမ်းစိုး…ခင်စိုး… ငြိမ်းစိုး …ခင်စိုး…”
ထိုအသံကိုကြားကြားချင်းပင် ကျွန်မလန့်နိုးလာတော့သည်။ အယုတ္တ အနတ္တ ဆဲဆိုသံများဖြင့် ရန်ပွဲကစတင်တော့မည်။
“ဟမ်……ကောင်မနင်က နောက်မှာဓားဖွက်ထားတယ်ဟုတ်လား…ငါ့ကိုသတ်မယ်ပေါ့”
“အေးဟုတ်တယ်…ရှင်ကကျွန်မကို အနိုင်ကျင့်တာကိုး ဒါကြောင့်ထိုးမလို့…”
ဝုန်းဒိုင်းကျဲစွာဖြင့် (၃)နာရီကြားရန်ပွဲတစ်ပွဲဖြစ်သွားသည်။ နောက်တစ်နေ့နံနက် ကျွန်မသူမအိမ်ဘက်သို့ လှမ်းကြည့်သောအခါ သူမဟုတ်သလိုပင် ငြိမ်သက်စွာ။ အလုပ်ပိတ်ရက်လေး အိမ်တွင် မိမိဖာသာ စားချင်သော ဟင်းကို ချက်စားဖြစ်သည်။ နီးနီးနားနားပင် လမ်းထပ်ရှိပျံကျဈေးလေးသို့ ကျွန်မထွက်လာခဲ့သည်။ မုန့်ဟင်းခါး ကောင်းသည်ဟု နာမည်ကြီးသော လမ်းထိပ်မှမုန့်ဟင်းခါးဆိုင်တွင်ပင် မုန့်ဟင်းခါးထိုင်စားနေစဉ်။
“ညကလည်း အိပ်မရပါဘူးဟယ် ဟိုလင်မယားရန်ဖြစ်နေတာနဲ့…နောက်နေ့ဖြစ်ရင် ရပ်ကွက်ရုံးနဲ့ကို သွားတိုင်မယ်…”
ကျွန်မတို့လမ်းထဲမှ မိန်းမနှစ်ယောက်ပြောဆိုသံဖြစ်သည်။
“အေးဟယ်…သူယောက်ျားကလည်း လွန်လွန်လွန်းပါတယ်…။ အိမ်ကိုပြန်မလာဈေးဖိုးလည်းမပေးနဲ့ မယားကြိးအိမ်မှာပဲ သွားနေပြီး ပြဿနာရှာရှာနေတာလေ…။ သူ့ခမျာ ကလေးနှစ်ယောက်နဲ့ ရုန်းကန်နေရတာ။ ညကလည်းအရက်တွေသောက်နေတာတွေ့လား..”
“အမလေး…ညည်းမသိလို့ အဲသည်မိန်းမနေ့တိုင်းသောက်တာ။ သူလည်း မခံစားနိုင်လို့ဖြစ်မှာပေါ့…။”
“ညည်းကအဲလိုသာပြောနေ ဟိုကဖြင့်နောက်တစ်ဗိုက်နဲ့..”
နောက်ဆုံးကြားလိုက်ရသော စကားတစ်ခွန်းကြောင့် ကျွန်မမုန့်ဟင်းခါးစားနေရင်းနှင့်ပင် သီးမလိုဖြစ်သွား သည်။ အံဩစရာကောင်းလိုက်လေခြင်း အကြီးအကျယ်ရန်ဖြစ်နေရင်းက နောက်တစ်ဗိုက်တဲ့။ မုန့်ဟင်းခါး စားပြီး ဈေးဝယ်နေရင်းပင် စဉ်းစားမိသည်။ လူကြီးတွေကိုတော့ စိတ်ထဲမထားပေ။ သူမ၏သမီးလေးနှစ်ယောက် ဘယ်လိုစရိုက်တွေထွက်လာမလဲ။ သည်လိုအရွယ်မှာ သူမ၏ သမီးနှစ်ယောက်သည် ပန်းကလေးများသာသာပင်။ ထိုပန်းကလေးများကို အရိုင်းပန်း များ ဖြစ်မသွားဖို့အရေး မိသားစုနှင့်ပတ်ဝန်းကျင် သာ စောင့်ရှောက်ရမည်။ စဉ်းစားရင်းပင် ကျွန်မမွန်းကြပ်လာသည်။ ဝယ်စရာရှိတာ ဝယ်ပြီးသည်နှင့် အိမ်သို့ပြန်လာကာ ဈေးဆွဲခြင်းအား အိမ်ရှေ့ချကာ ထိုင်ခံတွင် ခဏနားကာထိုင်လိုက်စဉ်….။
“ကောင်မနော်…မပြောချင်လို့ကြည့်နေတာ…မသာမ ငါလုပ်လိုက်တော့ သေတာ့မယ်..”
“လုပ်လိုက်လေ…*****မ ငါကပြန်လုပ်မှာပေါ့…နင်နော်..”
“နင့်အချိုးတွေပြင်ထား..အငယ်မို့လို့ညာနေတာ *******မ…”
အို…ဘုရား…ဘုရား… ကျွန်မနှုတ်မှရေရွတ်လိုက်မိသည်။ ကျွန်မခြေလှမ်းများသည် ထိုင်ခုံမှ ပြတင်းပေါက်ဆီသို့ တုန်ယင်စွာ ရွေ့လျားသွားသည်။ ပြတင်းပေါက်မှတဆင့် မြင်ရသော ကလေးမနှစ်ယောက်၏ မြင်ကွင်းများနှင့် ပြောပုံဆိုပုံများသည်။ ညဘက်ရန်ဖြစ်သော သူမနှင့် ခင်ပွန်းတို့အတိုင်းပင်။ ကလေးမနှစ်ယောက်မှာ ကျွန်မကြည့်နေစဉ် ရန်ဖြစ်ဆဲပင်။ ကျွန်မထင်သော ပန်းကလေးတွေ ပန်းကလေးတွေ ပန်းရိုင်းကလေးတွေ ဖြစ်သွားပြီလား။ သည့်ထက်ဆိုးတာက သူမဆိုသော မနွယ် ၊ သူမ၏ပန်းကလေးများကို သူမပြန်မကြည့်တော့ဘူးလား။ နောက်ပြီးကလေးမများ၏ ဖခင်။ တွေးရင်းနှင့်ပင် ယောက်ယက်ခတ်သွားသည်။ နောက်ထပ်အတွေးတစ်ချက်က ကျွန်မဦးနှောက်ထဲ သို့ ထပ်မံ၍ဆောင့်ကာတက်ပြန်သည်။ မုန့်ဟင်းခါးစားတုန်းက ကြားခဲ့ရသော စကား။ နောက်တစ်ဗိုက်နဲ့ တဲ့…..။ နောက်ထပ်သူမတို့မိသားစုကြား ရောက်ရှိလာမည် ပန်းကလေးတစ်ပွင့်။ ထိုပန်းပွင့်လေး နူးညံ့စွာ လန်းဆန်းပါစေဟုသာ ကျွန်မမဆီမဆိုင်ဖြင့် ဆုတောင်းရတော့မည်။
                             Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
အောင်မိုးသူ(စူးရှ)
မတ်လ ၂၁ရက် ၂၀၁၂ခုနှစ်
ည ၁၂းဝဝနာရီ

8 comments

  • KoNyeinChan

    September 12, 2012 at 7:11 pm

    ညီ့ ပို ့စ်လေးတွေဖတ်ရတာ အရေးအသား အတွေ ့အကြုံကောင်းကောင်းရှိသူတစ်ဦးလို ့တောင် သတ်မှတ်လို ့ရတယ်.. အခြေခံကျကျဘဝသရုပ်ဖော်ပုံလေးတွေကို ပီပီပြင်ပြင်ရေးသားနိုင်သူတစ်ယောက်ဘဲ.. အားပေးပါတယ်ဗျာ

  • kyeemite

    September 13, 2012 at 9:45 am

    အားပေးဖတ်ရှု့နေပါတယ်ဗျို့…

  • Mon Kit

    September 13, 2012 at 12:20 pm

    အောင်မိုးသူ ရေးတဲ့ပို့စ်တွေဟာ ရသ အမျိုးမျိုးကို ခံစားပေးစွမ်းနိုင်ပါတယ်…
    အမြဲအားပေးနေပါဒယ်…
    ဆက်လက်ရေးသားပေးပါနော်….

  • pooch

    September 13, 2012 at 12:44 pm

    ကောင်းမွန်တဲ့ ရသအဖွဲ့လေးပါ။ ဒါနဲ့ ကိုယ်ဝန်ဆောင်က နုတုန်း အရက်သောက်လို့ ရရဲ့လား ???
    ကျန်းမာရေးအသုံးလေးတွေအတွက် သေချာလေး လေ့လာပြီး စာဖွဲတဲ့အခါ သုတလေးပေးနိုင်အောင် ဖွဲ့ပေးနိုင်ရင် ပိုကောင်းတာပေါ့။ ဆရာလုပ်တာမဟုတ်ပါဘူးနော်။
    စိတ်ထဲပေါ်လာတာလေး အကြံပေးမိတာပါ။

    • aung moethu

      September 13, 2012 at 12:46 pm

      သောက်ရ မရတော့ မသိဘူးဗျ…။ ကျတော့်ဘေးအိမ်က မိသားစုအကြောင်းပါ အဲသည်မိန်းမကတော့ ခုတော့ ကလေးမွေးလာပါပီ တော်တော်တောင် ကြီးနေပေါ့ ဝဋ်ရှိသရွေ့တော့ ခံရဦးမှာပါပဲဗျာ

  • Shwe Ei

    September 13, 2012 at 1:31 pm

    စရိုက်ဆိုတာပြင်ဖို့ခက်တယ်ဗျ။ ပတ်ဝန်းကျင်ကောင်းရင်တောင် အဲဒိ စရိုက်က ခဏဘဲငုပ်နေမှာ အခွင့်အခါသင့်ရင်ပြန်ပေါ်လာမှာဘဲ။ ကလေးတွေဆီမှာလဲ အမေ အဖေ ဗီဇပါသွားရင် ငယ်တဲ့အရွယ်မှာပြင်နိုင်မှ။ မဟုတ်ရင် မလွယ်တော့ဘူး။ ရင်လေးစရာဘဲ။

  • ဦးဦးပါလေရာ

    September 13, 2012 at 2:34 pm

    ကလေးဘဝမှာ တကယ်သင်ယူရတာက ကိုယ့်မိသားစုအပါအဝင်ဖြစ်တဲ့ ပတ်ဝန်းကျင် ဆီကပါ..။
    ပတ်ဝန်းကျင်က လူသားတွေရဲ့ အနေအထိုင်၊ အပြောအဆို၊ ဓလေ့စရိုက် ကစလို့ တွေးခေါ်ပုံ စဉ်းစားပုံအထိ ကလေးတွေက လိုက်သင်ယူ အတုခိုးတတ်တယ်။

  • Shwe Tike Soe

    September 13, 2012 at 3:07 pm

    နူးညံ့တဲ့ ကလေး ဘဝလေးတွေကို မိဘတွေ ရှေ.ဆောင်လမ်းပြမှုတွေက အရမ်းကို အရေးကြီးတယ်နော်….
    အဲလို ကလေးတွေ မိဘတွေက အိမ်ထောင်ရေးမသာယာ ကလေးတွေက ကြားညပ်.. စိတ်ဓာတ်တွေပျက်ပြား… သွားရော ဘဝ တွေ
    မပြောချင်ဘူး…….မပြောချင်ဘူး……….ပြောာာာာာာာာကိုးးးးးးးးးးးမပြောချင်ဘူး…….

Leave a Reply