PSYCHO (ဆိုက်ကို)
“ရောက်ပြီ….သားရေ…”
အမေ့ရဲ့ အော်သံကြားမှ ကျွန်တော်ကားခေါင်းခန်းမှာ အိပ်နေရာမှ နိုးလာခဲ့သည်။ ကားတံခါးကို ဖွင့်ဖွင့်ချင်း တွေ့လိုက်ရသောအရာက အလယ်တန်းကျောင်းလေးတစ်ကျောင်း။ ထိုကျောင်းလေး၏ ရှေ့တွင် ကျွန်တော်တို့ နေမည့်ပေနှစ်ဆယ်အိမ်လေးရှိသည်။ အမေရွေးခဲ့သော နေရာလေးမဆိုးဘူးဟု ကျွန်တော့်စိတ်ထဲ မှတ်ချက်ချမိသည်။ ရပ်ကွက်လေးကလည်း သန့်၏။
အိမ်ပရိဘောဂများ အလုပ်သမားများနှင့်အတူနေရာချပြီးသည်နှင့် ကျွန်တော်နေရာတစ်ခုရှာမိ၏။ ကျွန်တော့်အသည်းကျော် အယ်လ်ဇေးရှင်းခွေးကြီးနှစ်ကောင် အပေါ့အပါးသွားရမည့်နေရာပင်ဖြစ်သည်။ ယခုအိမ်လေး၏လမ်းတစ်ဖက်ထွက်လိုက်လျှင် လမ်းမကျယ်ကြီးဆီသို့ရောက်ပြီး တခြားတစ်ဖက်မှထွက်လျှင် လမ်းမကျယ်ကြီးဆီသို့ ကားဝင်ရရုံ လမ်းတစ်ခုရှိသည်ကို ကျွန်တော်သတိထားမိသည်။ အိမ်နီးနားချင်းပြောပြချက်အရ ထိုနေရာတွင် ယခင်ကအမှိုက်ပုံကြီးတစ်ပုံ ရှိခဲ့၍ ယခုအခါ အမှိုက်ပုံကြီးနေရာတွင် တိုက်ကြီးတစ်လုံးသာ ရှိတာ့သည်။ ထိုလမ်းလေးသည် ညဘက်တွင် လူတိတ်၍ လယ်ကွင်းနှင့်ဆက်စပ်နေသောကြောင့် ညဘက်များတွင် အသည်းကျော်ခွေးကြီးနှစ်ကောင်နှင့် ထိန်းကျောင်းထွက်ရန် ကျွန်တော်ရွေးချယ်လိုက်သည်။
ည(၉)နာရီရောက်တိုင်း ခွေးကြီးနှစ်ကောင်နှင့် ကျွန်တော် လမ်းကြားလေးဘက်သို့ ထွက်လာခဲ့သည်။ အိမ်တွင် အမေ ၊ အစ်မနှင့်ကျွန်တော်သာရှိ၍ ခွေးကြီးနှစ်ကောင်ကြောင့် လုံလုံခြုံခြုံဖြစ်ရသည်။ ခြံဝန်းကိုလည်း လုံလုံခြုံခြုံထားရသည်။ ဒီလိုခွေးမျိုးတွေက အသံကြားရုံနှင့် မာန်ဖီနေသောကြောင့်ဖြစ်သည်။ ခုန်လိုက်လျှင်လည်း လူတစ်ရပ်စာကျော်လေသည်။ ခွေးကြီးနှစ်ကောင်သည် ကျွန်တော်စကားအလွန်နားထောင်သောကြောင့် ကျွန်တော်ခွေးကျောင်းထွက်ပြီဆိုလျှင် ကြိုးဖြင့်မဆွဲချေ ညဘက် လူခြေလည်းတိတ်သောကြောင့် လွတ်လွတ်ကျွတ်ကျွတ်အတိုင်းသာ ခွေးကျောင်းထွက်ခဲ့သည်။
*** *** *** ***
“ဂျက်ကီ… ရော့ကီ လာလာ…..”
ခွေးကျောင်းနေစဉ် တစ်ဖက်လမ်းကြားဘက်မှ လူရိပ်တစ်ခုလျှောက်လာသည်ကို ကျွန်တော်တွေ့ရ၏။ ကျွန်တော့်အထင် လမ်းမကျယ်ကြီးဘက်သို့ သွားရန်ဖြစ်မည်။ အနီးရောက်လာသောအခါ ကျွန်တော့်အရွယ် ယောက်ျားလေးတစ်ယောက်ကို တွေ့ရသည်။ သူသည် ကျွန်တော့်ခွေးကြီးများကြည့်၍… တွန့်ဆုတ် တွန့်ဆုတ် ဖြစ်နေသည်ကို ကျွန်တော်တွေ့လိုက်ရသည်။ ကျွန်တော်ကြုံတွေ့နေကျဖြစ်သော ဖြစ်ရပ်မျိုးပင် လူတိုင်း…လူတိုင်း.. ကျွန်တော့်ခွေးကြီးများလျှင် တွန့်ဆုတ် … တွန့်ဆုတ်.. (သို့) ကြောက်လန့်တကြား ဖြစ်သွားမှန်း ကျွန်တော်သိသည်…။ ဒီလိုအဖြစ်မျိုးသည် ကျွန်တော့်အတွက် ဂုဏ်ယူစရာလိုပင်ဖြစ်နေသည်..။
“ငါထိန်းထားပေးမယ် …. ရဲရဲသာဖြတ်သွားလိုက်……”
ထိုအခါ တွန့်ဆုတ် တွန့်ဆုတ်ဖြင့် ဖြတ်သွားပုံကိုကြည့်ရင် ကျွန်တော်ကြိတ်ရယ်မိသေးသည်……။
“သားရေ… ဒီရပ်ကွက်ထဲမှာ မေမေ့ရဲ့အသိရှိတယ်…. ဘယ်နေရာလဲတော့ မမှတ်မိတော့ဘူး….”
“တစ်ရက်တော့တွေ့မှာပေါ့အမေရ… သည်ရပ်ကွက်နားက လူတွေက သည်နားကဈေးပဲသွားနေကျလေ….”
“ဝုတ်…ဝုတ်…………”
ခြံထဲတွင် ကျွန်တော့်ခွေးကြီးများကတော့….. အပြင်မှ ဖြတ်လျှောက်သွားသူတိုင်းကို ခုန်ခုန်ပြီး ဟောင်လို့ကောင်းတုန်းပင်ဖြစ်သည်…။
*** *** ***
“ဂျက်ကီလာစမ်း… လျှောက်မသွားနဲ့….”
ညစဉ် (၉)နာရီဆိုသည့်အချိန်သည်… ကျွန်တော်ခွေးထွက်ကျောင်းသော အချိန်တစ်ခုဖြစ်ခဲ့သည်…။
“ဖျတ်….ဖျတ်….ဖျတ်….”
ခြေသံကြားရာဘက်သို့ ကျွန်တော်ကြည့်မိသောအခါ…. ဟိုတနေ့က တစ်ယောက်ပင်ဖြစ်သည်…။ အရင်နေ့ကလိုပင် တွန့်ဆုတ်…….တွန့်ဆုတ် ဖြစ်နေလေသည်…..။ သူဖြတ်သွားလို့ရန်… ကျွန်တော့်ခွေးကြီးများကို ထိန်းထားပေးရသည်…။ ခွေးကြီးများကိုကျော်သွားသည့်တိုင်အောင် နောက်သို့လှည့်ကြည့် လှည့်ကြည့် လုပ်သွားသေးသည်….။ ဒီလမ်းကို သည်လိုအချိန်တိုင်းကို သူဖြတ်နေသလဲ မသိ…။ တစ်ရက်လောက်တော့ လန့်သွားအောင်လုပ်မည်ဟု ကျွန်တော်တွေးလိုက်သည်…။ ကျွန်တော့်စိတ်သည် တခါတရံ ဇွတ်တရွတ်နိုင်လေသည်…။
*** *** *** ***
ကျွန်တော်ခပ်စောစောရောက်နေမိသည်……။ ဇွတ်တရွတ်စိတ်နှင့် အကြောက်လွန်နေသောသူအား အနည်းငယ်ခြောက်ချင်တာလည်း ပါပေလိမ့်မည်။
“ဖျတ်..ဖျတ်..”
“ရှူး……….” ကျွန်တော့်နှုတ်မှ အသံခပ်တိုးတိုးသာထွက်သွားတယ်…။ သူမသိပေမယ့်… ကျွန်တော်အချစ်တော်ကြီးတွေကတော့ ကြားတယ်လေ..။
“ဟဲ့….ခွေး………ဟဲ့ခွေး…”
တရှိန်ထိုးပြေးသွားတဲ့ခွေးနှစ်ကောင်မြင်တော့ အော်လိုက်တဲ့လူ…… ခွေးနှစ် ထိုလူအနားရောက်ပြီး အတန်ကြာမှ ကျွန်တော်အော်လိုက်သည်။
“ဂျက်ကီ… ရော့ကီ… လာစမ်း….”
ထိုလူအနားသွားပြီ…..
“တောင်းပန်ပါတယ်ဗျာ….. ကျွန်တော်နည်းနည်းသတိလွတ်သွားလို့ပါ…”
တိတ်ဆိတ်နေတဲ့သူ့ကို ကျွန်တော်တစ်ချက်ကြည့်လိုက်မိသည်….။ ကြောက်စိတ်ကို ထိန်းထားပေမယ့် ထိုလူရဲ့မျက်နှာမှာ ဖြူစုတ်ဖြူရော်ဖြစ်သွားတာကို.. ကျွန်တော်တွေ့လိုက်ရ၏။ ကျွန်တော်ခွေးနှစ်ကောင်ကို ဆက်ထိန်းထားပေမယ့်.. ထိုလူလာရာလမ်းအတိုင်း ပြန်လှည့်သွားသည်ကို တွေ့လိုက်ရသည်…။ ကျွန်တော်တစ်ချက်တော့ ပြုံးလိုက်မိသည်…။
*** *** ***
နောက်နေ့များတွင်…. ကျွန်တော်ခွေးထွက်ကျောင်းသောအချိန်များတွင် ထိုလူအားကျွန်တော် မတွေ့ရတော့ချေ…။ ထိုလူဒီလမ်းမှ မဖြတ်တော့ဘူးထင်သည်ဟုပင် ကျွန်တော်တွေးမိသည်…။ ဒီလမ်းကြားမှ မဖြတ်လျှင် …. လမ်းမကြီးဆီကိုရောက်ဖို့…….. အတော်ပင်လျှောက်ရသည်ကို ကျွန်တော်သိသည်….။ ကျွန်တော်ခွေးများအားကြောက်ရျ်…… မဖြတ်သည်လား ကျွန်တော်မတွေးတတ်ပေ…..။
နံနက်(8)နာရီ အိပ်ရာနိုးနိုးချင်း အိမ်ရှေ့တွင်စကားပြောသံများကြားရျ်ကျွန်တော် ထရျ်ကြည့်မိသည်။ အမေနှင့် အမေ့အရွယ်မိန်းမတစ်ယောက် စကားပြောနေကြည်သည်ကိုတွေ့ရ၏။
“မြင့်… ဒါကျွန်မသားလေ……”
“ခင့်သား…က နင့်လိုအချောပဲ…. အိမ်ကသားလည်း ဒီအရွယ်ပဲလေ…. နောက်နေ့မှ မြင့်ခေါ်လာခဲ့မယ်….”
“မြင့်ခေါ်လာမယ်ဆိုရင် ခင်တို့ခွေးတွေကို ကြိုးချည်ထားမှရမယ်ခင်ရဲ့….. မြင့်သားက ခွေးအရမ်းကြောက်တတ်တဲ့ ဆိုက်ကို(Psycho) ရှိတယ်လေ…”
အမေ့သူငယ်ချင်း ထိုမိန်းမကြီးဆီမှ စကားသံကြားလိုက်ရုံဖြင့် ကျွန်တော်ပါးစပ်အဟောင်းသားဖြစ်သွားမိသည်…။ ဒါ…ဒါဆို… ညတိုင်း ကျွန်တော်ခွေးကျောင်းတဲ့နားက ဖြတ်လာတဲ့သူက ထိုမိန်းမကြီး၏ သားဖြစ်မည်ထင်သည်…။
“ဘယ်လိုဖြစ်တာလဲ မြင့်ရဲ့…”
“လွန်ခဲ့တဲ့ တစ်နှစ်လောက်က သူခွေးကိုက်ခံရဖူးတယ်… နောက်ပြီး အိပ်မက်တွေမက်ရင်လည်း ခွေးကိုက်ခံရတဲ့ အိပ်မက်ပဲ မက်တတ်တယ်… သတ္တဝါတွေထဲမှာ ခွေးကိုတော့တော်တာ်ကြောက်တယ် ခင်ရဲ့..”
“အော်… နောက်နေ့လာရင် ခေါ်လာလေ.. ခွေးတွေ ကြိုးချည်ထားပါ့မယ်… သားနဲ့လည်း အဖော်ရတာပေါ့…”
အမေပြောမှပင် ကျွန်တော် မနေတတ်မထိုင်တတ်ဖြစ်သွားရ၏။ ကိုယ့်ကိုကိုယ် လိ်ပ်ပြာမလုံပင် ဖြစ်မိသည်…။
“သား သုံးလေးရက်ရှိပြီ ဖျားနေတာခင်ရဲ့ …. ည(၉)နာရီလောက်ဆို…. သားက ကျွန်မအတွက်ဆေးဝယ်ပေးရင်း… မလေးရှားသွားတဲ့ သူ့အစ်မဆီကို ကျွန်မသာကြောင်းမာကြောင်း ဖုန်းသွားသွားဆက်နေကျ… ခုဆိုရင်…. တစ်ရက်ခြားမှသွားတော့တယ်.. သွားရင် ဒီနားက လမ်းကြားကမဖြတ်ဘူးလို့လည်း ပြောတယ်… ဘာဖြစ်မှန်းမသိဘူး…”
ထိုစကားကိုကျွန်တော်ကြားလိုက်ရသည်နှင့် ကြက်သီးများထသွားသလိုခံစားလိုက်ရသည်….။ ရင်ထဲမှတစ်ခုခု အပေါ်သို့တက်လာသလို ခံစားလိုက်ရသည်။ တဇွတ်ထိုးနိုင်သော ကျွန်တော့်စိတ်အလိုတစ်ခုကြောင့် တပါးသူသည် အကြီးအကျယ်ထိခိုက်သွားမှန်း ကျွန်တော်မသိခဲ့ချေ..။
*** *** *** ***
အမှားတစ်ခုကို ဝန်မခံနိုင်သောသူထဲတွင် ကျွန်တော်လည်း တစ်ယောက်အပါအဝင်ဖြစ်သည်…။ ကျွန်တော်လုပ်ခဲ့သောလုပ်ရပ်အတွက် ကျွန်တော်သူ့အား သွားရျ်မတောင်းပန်ခဲ့ပါ….။ ဝန်မခံရဲတာလည်း ပါပေလိမ့်မည်…။
“ဂျက်ကီ…ရော့ကီ….လာ…ဟေ့ကောင် ဘာလုပ်နေတာလဲကွ….”
နှစ်ကောင်လုံးမလာသဖြင့်… ကျွန်တော်ခွေးနှစ်ကောင်နားရောက်သွားလေသည်….။ အသည်းအမဲတစ်ခုခုကို ကိုက်ခဲ့နေသော ခွေးနှစ်ကောင်ကိုကြည့်လိုက်သည်…။ အသားတုံးနှစ်တုံး သုံးတုံးအား ကိုက်ခံနေကြလေသည်…။
“အသားတွေ့ရင် မင်းတို့တွေ့မရှောင်ဘဲ….”
ပြောပြောဆိုဆိုနှင့်ပင် ခွေးနှစ်ကောင်လည်ဂုတ်ကိုအဆွဲ…………. က
“အားးးးးးးးးးးးး ”
ကျွန်တော်မြင်လိုက်ရသောအရာကြောင့် မျက်လုံးများပြာဝေသွားပြီး ခြေမကိုင်မိ လက်မကိုင်မိဖြစ်သွား လေသည်။ ဘာကိုဘယ်လိုလုပ်ရမှန်းမသိအောင်ပင်ဖြစ်သွားသည်….။ နောက်မှ သေသေချာချာကြည့်မိသောအခါ….. မြွေရုပ်တစ်ခုပင်ဖြစ်သည်….။
“ဟူး……….တော်သေးတာပေါ့…. ဘယ်သူမှမမြင်လို့… ရင်တွေတုန်တာမောလိုက်တာ….”
ကျွန်တော်တစ်ကိုယ်တည်းရေရွတ်မိသည် ကျွန်တော့်တွင်လည်း မြွေအလွန်အမင်းကြောက်တတ်သော ဆိုက်ကို(Psycho) ရှိသည်။ ကတုန်ကယင်နဲ့ပင်….. အိမ်သို့အပြန်… လမ်းအကွေ့တွင်….. ကျွန်တော်အား တစ်ယောက်ယောက်ကြည့်နေသလိုလို ခံစားမိလိုက်သည်…။ အမှောင်ထဲမှ မှုန်ပျပျအလင်းရောင်တွင် စူးရှသော မျက်ဝန်းတစ်စုံကို ကျွန်တော်လှမ်းမြင်ရသည်….။ ထိုသူသည် အနည်းငယ်ရှေ့တိုးလာပြီး.. ကျွန်တော့်ကို စကားတစ်ခွန်းကပ်ရျ်ပြောသွားခဲ့၏။
“မင်းမှာလည်း မြွေအရမ်းကြောက်တတ်တဲ့ ဆိုက်ကို(Psycho) ရှိတယ်မဟုတ်လား…. မစိုးရိမ်ပါနဲ့ မင်းခွေးနှစ်ကောင် တစ်ရက်လောက်တော့ ဝမ်းကောင်းကောင်းသွားလိမ့်မယ်…”
ထိုလူသည် ကျွန်တော့်အား.. နှုတ်ခမ်းတစ်ဖက်တွန့်ရုံသာပြုံးပြသွားပြီ တစ်ဖက်လမ်းသို့ကျောခိုင်းသွားလေသည်…………………………………………………….။
အောင်မိုးသူ(Dennis)
10 comments
Mon Kit
September 17, 2012 at 3:24 pm
လူတစ်ဦးချင်းဆီတွင် အနည်းနဲ့အများ ဆိုက်ကိုတော့ ရှိကြမည်ထင်ပါသည်…
မွန်ကစ်လဲ မြွှေဆို အသေကြောက်ပါသည်…
တစ်ဦးတစ်ယောက်ရဲ့ အားနည်းချက်ကို အခွင့်ကောင်းယူပီး အကျီစား မသန်မိအောင် ဂရုစိုက်ရမှာပေါ့နော်… ဖတ်ရှုအားပေးသွားပါတယ်ရှင့်…
ကြောင်ဝတုတ်
September 17, 2012 at 3:35 pm
ကျွန်တော်လဲ မြွေဆို သေးသေးကြီးကြီးကြောက်တတ်ပါတယ်…
မြွေကြောက်သောကြောင်ပေါ့…
ခင်မင်လျက်-
ကြောင်ဝတုတ်
aung moethu
September 17, 2012 at 3:50 pm
ကိုယ်တွေ့လေးဗျ….. message လေးတစ်ခု ပေးချင်ရုံသက်သက်ပါ…
Novy
September 17, 2012 at 3:55 pm
ဘကြီးအောင် မြွေကြောက်မှန်း အခုတော့ သိပြီ
ဆုပေးပွဲကြမှ တွေ့မယ်
garuda
September 17, 2012 at 4:53 pm
ကျွန်တော်လည်း မြွေတို့ တောက်တဲ့ တို့ဆို ကြောက်တယ်။ ခွေးကတော့…မွေးလည်းမွေးဘူးတယ်..ချစ်လည်းချစ်တယ်…ဒါပေသိ..ခွေးကိုက်ခံရဘူးတော့…..အကောင်းကြီးကြီးဆိုရင်ကြောက်။ ရပ်ကွက်ထဲမှာ လူဆိုးတစ်ယောက်ရှိဘူးတယ်…ရန်ကလည်း ခဏ..ခဏဖြစ်..၂ယောက် တစ်ယောက်လောက် ကတော့ မမှုဘူး။ မိုက်သလားတော့..မမေးနဲ့..လူသာမသတ်ဘူးတာ…သူရိုက်ခဲ့/ထိုးခဲ့တဲ့သူတွေ မနဲဘူး။ သို့သော်လည်း…ပင့်ကူတော့ အသေကြောက်တယ်….အရုပ်ပင့်ကူမြင်ရင်တောင် ထွက်ပြေးတယ်။
nozomi
September 17, 2012 at 7:38 pm
ကျွန်တော့အဘွားက ကြွက်ပေါက်လေးတွေကြောက်တယ်
အမေက မြွေကြောက်တယ် သေးသေးကြီးကြီး အပြင်မှာ အရုပ်မြင်ရင်တောင် ကြောက်တယ်
ကျွန်တော်က ကောင်မလေးချောချောလေးတွေကိုကြောက်တတ်တယ်
အဲဒါကြောင့် ရွာသူလေးတွေ လာမဲ့ပွဲဆို မလာရဲတာ
Nyein Nyein
September 17, 2012 at 7:46 pm
ငြိမ်းလည်း မြွေဆို အရမ်းကြောက်တာ။ မြွေနဲ့တူတာမှန်သမျှလည်း ကြောက်တယ်။ ခွေးလည်းကြောက်တယ်။ ငယ်ငယ်တုန်းက ခွေး အဟပ်ခံရဖူးတယ်လေ။ ကိုအောင်မိုးသူပြောပြတဲ့ တစ်ယောက်လောက်တော့ သိပ်မကြောက်ဘူး။ ကိုအောင်မိုးသူ ပေးချင်တဲ့ message လေးကိုရော၊ ဆယ့်ငါးကျပ်ကော အရယူသွားတယ်နော်။
အလင်းဆက်
September 17, 2012 at 9:38 pm
နာမည်ကြီး..စာရေးဆရာ.တစ်ယောက် များ …ရွာထဲ.ရောက်လာသလား….ဗျာ.။
kyeemite
September 18, 2012 at 1:24 pm
ကျနော်က အရက် အရမ်းကြောက်တတ်တဲ့ ဆိုက်ကို(Psycho) ရှိတယ်
အတွေ့ကိုမခံရဲဘူး…တွေ့တာနဲ့ ဆက်မကြည့်ရဲလို့ ဂွတ်ကနဲ မော့ချလိုက်တာပဲ..
အလင်းဆက်
September 18, 2012 at 1:27 pm
ဖြစ်မှ ဖြစ်ရလေ