အင်ဂျင်(၁)

ကြောင်လေးSeptember 22, 20121min4919

အင်ဂျင်

 

ဒုတ်……. ဒုတ်…….ဒုတ်……. ဒုတ်……. ဒုတ်……. ဒုတ်…….

ဘုတ်…… ဘုတ်……ဘုတ်……ဘုတ်……ဘုတ်…… ဘုတ်……

ရေဇလာတကြော၊ ဗေဒါတွေမျောနေတဲ့ ရေလွှာရဲ့ကျောပေါ်မှာတော့ ပဲ့ထောင်လို့ခေါ်တဲ့ အမြီးနှစ်ခွနဲ့ စက်တပ်ရေယာဉ်လေးတစ်စင်းဟာ ကျော့ကျော့မော့မော့လေးပြေးလွှားလို့နေပါတယ်။

ပဲ့ထောင်လို့ သာခေါ်ပေမဲ့တကယ်တော့ ဦးကမော့ပြီးထောင်နေတာပါ။ ပဲ့ပေါ်မှာတော့  တရုတ်နီ အင်ဂျင်တစ်လုံးကိုတင်ထားပြီးပန်ကာကိုဝင်ရိုးတံရှည်ရှည်တပ် အင်ဂျင်ကိုစောင်းပြီး နောက်ဖက် ခပ်ဝေးဝေးရေထဲကိုချပြီးမောင်းနှင်ရတဲ့အတွက် ပဲ့ကတော့ရေထဲမှာခပ်ဝပ်ဝပ်လေးပေါ့။

ကျော့ကျော့မော့မော့လေးလို့ပြောပေမဲ့ တကယ်တမ်းတော့ပြောတဲ့အတိုင်းမဟုတ်ပါဘူး။ မျက်နှာချင်းဆိုင်ကနေ ဆန့်ကျင်ဖက်တိုက်ခတ်လာတဲ့လေကြမ်းတွေဟာ ပဲ့ထောင်လေးရဲ့ ဦးပိုင်းကို မိုးရေစက်တွေနဲ့ မညှာမတာ တရစပ် ပစ်ပေါက်လို့နေပါတယ်။ မိုးရေစက်တွေရဲ့ ထိချက်ကိုမခံလိုတဲ့ ခရီးသည်တွေဟာ ပဲ့ထောင်ရဲ့ဘေးကာနဲ့ ရှေ့ကာ ပလပ်စတစ်မိုးကာစတွေကိုချထားတဲ့အတွက် ကြမ်းတမ်းလှတဲ့လေတွေဟာ ပဲ့ထောင်လေးကို ရှေ့ကနေ ခြေကန်ပြီးတွန်းထားသလိုဖြစ်နေပါတယ်။

ဖြောင့်တန်းရှည်လျားတဲ့ မြစ်ကြောင်းတလျှောက်အရှိန်အဟုန်ပြင်းပြင်းနဲ့ စီးဆင်းလာတဲ့ ရေအကျ ဒီရေတွေကလည်း လေကြမ်းတွေကို ကူညီလို့ ပဲ့ထောင်လေးကိုပူးပေါင်းနှိပ်စက်လို့နေတာပေါ့။  အမျိုးမျိုးသောအနှောက်အယှက်တွေဖြစ်တဲ့ အမှိုက်သရိုက်နဲ့ ဒိုက်သရောတွေကိုဦးခေါင်းလေး တိမ်းကာ ယိမ်းကာရှောင်ရင်းရှားရင်း နဲ့ ပဲ့ထောင်လေးဟာ လေဆန် ရေဆန်ဘဝခရီးကို အန်တု ခုတ်မောင်းလို့နေပါတယ်။

လေကြမ်းတွေနဲ့အတူ ခုန်ပေါက်ပြေးလွှားလာပြီး ခန ္တာကိုယ်နဲ့ မျက်နှာပေါ်ထိုးနှက်တိုက်ခိုက်လာတဲ့ မိုးရေစက်တွေရဲ့ ရန်ကို မိုးကာလေးခြုံ၊ လျှာထိုးဦးထုပ်လေး တင်းတင်းကြပ်ကြပ်၊ခပ်ငိုက်ငိုက်လေး စောင်းလို့ ကာကွယ်ရင်း ပဲ့ထောင်လေးကို လိုရာခရီးရောက်ဖို့ ထိမ်းကြောင်း မောင်းနှင်နေသူကတော့ ကျနော်ကြာင်လေးပါ။

ပဲ့ထောင်ထဲမှာတော့ ကျေးရွာတွေကိုကွင်းဆင်း လုပ်ငန်းဆောင်ရွက်နေတဲ့အဖွဲ့တစ်ဖွဲ့ဟာ “အိမ်အပြန် ရေဆန်မရှိ” ဆိုတဲ့အတိုင်း မိုးနဲ့လေကိုအမှုမထားပဲအိမ်ပြန်ခရီးကိုပဲ့ထောင်လေးပေါ်မှာ အပျင်းပြေ ပိုကာ ဒေါင်းရင်း စီးနင်းလိုက်ပါလို့လာကြပါတယ်။ ဝိုင်းထဲမှာ မပါပဲဘေးထိုင်နေတဲ့ တစ်ယောက်ဟာ ပဲ့ပိုင်းကို တိုးလာပြီး ကျနော့ကိုအထဲကနေလှမ်းအော်ပါတယ်။

“ဟေ့ကြောင်လေး ၊ မင်းပဲ့ထောင်ကလည်း ရှေ့ကိုမတက်ပါလားကွ ဘယ်လိုဖြစ်နေတာလဲ”

“တက်ပါတယ်….ဆရာရဲ့၊ဆရာအိမ်ပြန်ရောက်ချင်စိတ်စောနေလို့ဖြစ်မှာပါ”

“မင်းကသာတက်တယ်ပြောနေတာ၊ဟိုကမ်းဘေးကရွာကိုဖြတ်လာတာ မှတ်မှတ်ရရ နာရီဝက်လောက်ရှိနေပြီ၊ ငါကဝိုင်းထဲဝင်မပါလို့သေချာမှတ်ထားမိတာ၊ အခုထိရွာကို ထင်ထင်ရှားရှားမြင်နေရတုန်းပဲ”

“ဟုတ်တယ်ဆရာရေ့…….လေဆန် ရေဆန်ဖြစ်နေလို့ပါဆရာ၊ မိုးကလည်းရွာနေတော့ ရှေ့ကိုမနဲကြည့်နေရတယ်၊ ဒါကြောင့်ထိမ်းမောင်းနေတာပါ”

“ရေဆန်လေဆန်မှာ မင်းပဲ့ထောင် သိပ်မသွားပါဘူးကွာ၊ထိမ်းမနေပါနဲ့၊ စက်နဲနဲတင်မောင်းပါဦး၊ မင်းဆီပိုကုန်မှာဆိုးလို့စက်ကိုလျော့မောင်းနေတာမလား၊ ဒီပုံဆိုမြို့ကိုတော်တော်နဲ့ ရောက်မှာ မဟုတ်ဘူး…”

“မြန်မြန်ပြန်မရောက်တော့ ဆရာတို့ ဝိုင်းရှေရှေဆက်လို့ရတာပေါ့ဆရာရဲ့၊ ကျနော်ကစေတနာနဲ့မောင်းပေးနေတာပါဟဲဟဲ…..”

ရင်းနှီးပြီးသား ပြောမနာဆိုမနာဖြစ်နေကြသူတွေမို့ ပြန်နောက်ပြောလိုက်ရင်း စက်ကိုတင်မောင်းလိုက်ပါတယ်။

“ဖောင်း…. ဖောင်း…. ဖောင်း…. ဖောင်း…. ဖောင်း…. ဖောင်း….”

“ဒုံး………. ဒုံး………. ဒုံး………. ဒုံး………. ဒုံး………. ဒုံး………..”

“ဂွမ်း……. ဂွမ်း……. ဂွမ်း……. ဂွမ်း…….. ဂွမ်း…….. ဂွမ်း……..”

“ဂလောင်……. ဂလောင်…….. ဂလောင်…….. ဂလောင်…….. ”

စက်ကိုတင်ပြီးမောင်းလိုက်တယ်ဆိုရင်ပဲ အိပ်ဇော(Exhaust) ကနေမီးခိုးတွေမှောင်ထွက်လာပြီး အိပ်ဇောသံ အပြင် ကုလားဘုရားလှည့်သလို၊ တရုပ်နဂါးလှည့်သလို “ဂုံဂုံဂွမ်ဂွမ်” အသံတွေ ထွက်လာပါတော့တယ်။ ပဲ့ထောင်ဟာလည်း အချိန်မှန်အဖျားတက်တဲ့ ငှက်ဖျားသမား အဖျားတက်သလို၊ ကန္နားပွဲမှာ နတ်တပါးပါးဝင်ကာနီး နတ်ဝင်သည် နတ်ပူးသလို တဆတ်ဆတ်တုန်လာပါတယ်။ ကျနော်လည်းစက်ကိုနဲနဲပြန်လျော့ပြီးမောင်းလိုက်ပါတယ်။ ဒါကိုသတိထားမိတဲ့ ခုနကစက်တင်မောင်းခိုင်းတဲ့ဆရာကြီးဟာ အထဲလှည့်ဝင်သွားရာနေပြန်လှည့်လာပြီး

“ဟေ့ ကြောင်လေး မင်းအင်ဂျင်က အခြေအနေ မကောင်းတော့ပါလားကွ၊ အင်ဂျင်ကရုန်းအားမကောင်းတော့ ပဲ့ထောင်ကရှေ့ကိုဘယ်လိုလုပ်ရောက်တော့မှာလဲ…”

“ဟုတ်တယ်ဆရာ၊ ကျနော်က အခစားမောင်းရတာ ကျနော့ရှေ့က ပဲ့ထောင်ဆရာက အကိုင်အတွယ်နဲနဲကြမ်းသွားတော့ အင်ဂျင်က တော်တော်ကျနေပြီဆရာရဲ့၊ အခုကျနော့်လက်ထဲရောက်မှ လိုအပ်တာတွေနဲနဲခြင်းပြင်နေရတာ၊ အကြီးစားပြုပြင်ဖို့လိုတာကျတော့ ကျနော့သဘောနဲ့လုပ်လို့မရဘူး၊ ပိုင်ရှင်နဲ့ညှိနေရတာပေါ့၊တစ်ခါတစ်လေ ကျနော်က လိုအပ်မယ်လို့ထင်တာတွေ၊ ပိုင်ရှင်ကမလိုအပ်ဖူးထင်တာမျိုးလည်းရှိတယ်လေ….”

“ဒီပုံဆိုရင်မလွယ်ဘူးနော်၊ငါတို့က သွားရင် မင်းပဲ့ထောင်ပဲ ငှါးတာ၊ အင်ဂျင်မကောင်းရင် တခြားပဲ့ထောင်ငှါးသွားလိုက်မှာ မင်းအင်ဂျင်ကိုုပြန်ကိုင်ထားဦး…..”

“ဟုတ်ကဲ့ဆရာ၊ မနက်ဖြန် စက်ဆရာခေါ်ပြီး ပြင်ထားလိုက်ပါ့မယ်ဆရာရယ်စိတ်ချပါ၊ နောက်တစ်ပတ်သွားရင် ကျနော့်ကိုပဲခေါ်ပါ၊ဆရာ့ စိတ်တိုင်းကျဖြစ်စေရပါ့မယ်….”

တစ်ပတ်ကိုတစ်ခါနည်းပါး နယ်ဆင်းတတ်တဲ့ဖောက်သည်တွေဖြစ်တဲ့အတွက် ကျနော်လည်းတောင်းတောင်းပန်ပန်ပြောလိုက်ရပါတယ်။

ဒီလိုနဲ့နောက်တစ်နေ့မနက်မှာ စက်ဆရာတစ်ယောက်ကိုသွားခေါ်ပြီး ပဲ့ထောင်ရှိရာကိုဆင်းလာခဲ့ပါတယ်။ ပဲ့ထောင်ထဲဆင်းပြီး စက်မကိုင်ခင် ကမ်းနားလဘက်ရည်ဆိုင်တစ်ခုမှာထိုင်ရင်း စက်ဆရာနဲ့ စကားပြောဖြစ်ကြပါတယ်။

“မောင်ကြောင်ရဲ့မင်းစက်က ဝန်မရုံးနိုင်ဘူးဆိုတော့ ကရိုင်း(crankshaft)ရောကောင်းသေးရဲ့လား၊ဘဲဥပုံများဖြစ်နေပြီလားမသိဘူး…”

“မဖြစ်ဘူးစက်ဆရာရဲ့ ကျနော်ကရိုင်းသပြီးသွားပြီ၊အော်ရဂျင်နယ်(original)မဟုတ်တော့ဘူး၊ တဆိုဒ်ကျဖြစ်သွားပြီ၊”

“ရိန်း(piston ring)တွေများဟာနေသလားကွာ”

အင်ဂျင်ဝိုင်(engine oil) တုတ်လို့စက်ဆရာခေါ်ပြီးရိန်းလည်းလဲထားတယ်ဆရာ၊သုံးလလောက်ပဲရှိသေးတယ်၊စလစ်(cylinder)ပါထစ်နေလို့ တစ်ခါတည်းလဲလိုက်သေးတယ်………….ပစ်စတင်(piston)ကတော့မီးသိပ်မစားသေးလို့ မလဲလိုက်ဘူး၊ အဲဒီရက်က ဆရာခရီးသွားနေလို့တခြားဆရာတစ်ယောက်ကျနော်ခေါ်ကိုင်လိုက်တယ်”

“ဘယ်ရင်(bearing)တွေရောလဲသေးလား”

“မိန်းဘယ်ရင်(main bearing) တော့မလဲဖြစ်သေးဘူးဆရာ၊ကွန်နက်တင်းဘယ်ရင်(connecting bearing) ကိုတော့ ရှိန်း(shim) ပြားခံပြီးပြန်သုံးထားတယ်၊ တစ်ကြိမ်တည်းအကုန်လုံး မတတ်နိုင်ဘူး ဆရာ၊ သုံးလို့ရတာလေးပြန်မှေးသုံးထားရတယ်….”

“ဘား(valve) တွေဘာတွေရောဟာနေပလားမသိဘူး….”

“ဘားကတော့ဆရာရယ်ပြီးခဲ့တဲ့အပတ်ထဲကမှ ကျနော်ဟက်(cylinder Head) ဖြုတ်ပြီးကရိုင်းထားသေးတယ်၊ပြီးတော့ တိုက်ပစ် (tappet) လဲဆရာပြထားတဲ့အတိုင်း (feeler gauge) နဲ့ပြန်ချိန်ထားတယ်…….”

“ကဲပြောနေကြာတယ်ကွာ…မင်းသောက်ပြီးရင်လာ စက်ကိုသွားကြည့်ကြမယ်…..”

စက်ဆရာကပြောပြောဆိုဆို ထလိုက်တဲ့အတွက် ကျနော်လည်းစားပွဲထိုးကိုလှမ်းခေါ်၊ ကျသင့်ငွေရှင်းပေးပြီး တူးပေါက်(tool box)လေးကိုင်ပြီးပဲ့ထောင်ရှိရာကိုထွက်ခဲ့ကြပါတယ်။ ပဲ့ထောင်ကိုရောက်တော့ စက်ဆရာက ပန်ကာဝင်ရိုးနဲ့ဆက်ထားတဲ့ချိန်းကြိုးကိုဖြုတ်ပြီး ကျနော့ကိုလှမ်းပြောပါတယ်။

“ကဲမောင်ကြောင်…ဆီ(fuel) မဖွင့်ပဲ စက်ကိုခပ်ပြင်းပြင်းလှည့်ပြီး ဘား(decompression lever) ကိုလွှတ်လိုက်ကွာ”

ကျနော်လည်း ပြောတဲ့အတိုင်း ဂေါက်(starting handle) ကိုယူပြီးစက်ကိုလှည့်လိုက်တယ်ဆိုရင်ပဲ

“ရွှီး….. ရွှတ်…ဖွတ်၊ ရွှတ်..ဖွတ်၊ ရွှတ်….ဖွတ်၊   ဝှီး ဝှီး… ဝှစ် ဝှစ် ဝှစ် ဝှစ်

ကလစ်…ဒုံး….   ဒုံ….ဒုံ….ဒုံ…ဒုံ…ဒုံ……”

အင်းလက်ဘား(intake valve) ကလေရှိက်သံ၊ အိပ်ဇောဘား (exhaust valve) ကလေထွက်သံ၊ ဖလိုင်းဝီး(flywheel) လည်သံတွေကြားရပြီး အရှိန်ရတဲ့အခါဘား (decompression lever) ကို လွှတ်လိုက်တယ်ဆိုရင် ဖလိုင်းဝီးဟာတချက်ဆောင့်ပြီး ရှေ့နောက် ဘက်ပြန်လည်နေပါတော့တယ်၊ ဒီအခါ စက်ဆရာက

“ကော်ပရေးရှင်း(compression) ကတော့ကောင်းသားပဲ၊ အဝတ်စုတ်တစ်ခုရှိရင်ပေးစမ်းကွာ သေချာအောင်စမ်းကြည့်ဦးမယ်”

“ရှိတယ်ဆရာ….ဒီမှာရော့”

ကျနော်လည်းအသင့်ရှိတဲ့ပုဆိုးစုတ်တထည်ကိုပေးလိုက်တဲ့အခါ စက်ဆရာဟာ ဖလိုင်းဝီးကိုအဝတ်စနဲ့ အုပ်ကိုင်ပြီးဖိလှည့်လိုက်ပါတယ်။ ဖလိုင်းဝီးတင်းသွားတဲ့အချိန်မှာ ကိုယ်လုံးနဲ့ဖိပြီး အားစိုက်လှည့်လိုက် တဲ့အခါ လည်ကျသွားပါတယ်၊ စက်ဆရာတွေဟာသူတို့ အတွေ့အကြုံနဲ့ကျွမ်းကျင်မှုအရ (compression) အားအနေအထားကို အဲဒီနည်းနဲ့စမ်းသပ်လေ့ရှိကြပါတယ်။ ပြီးတော့ ဖလိုင်းဝီးကို အောက်ကနေပင့်ကိုင်ပြီးအပေါ်အောက်လှုပ်ကြည့်ပါသေးတယ်။

“ကော်ပရေးရှင်းလည်းနဲနဲကျွံချင်နေတယ်ကွ၊ရိန်း(compression ring )နဲ့ စလစ်တော့သုံးလို့ ရနိုင်သေးတယ်။ မိန်းဘယ်ရင်ကတော့နည်းနည်းချောင်ချင်နေပြီ…ဒီမှာတွေ့လားနည်းနည်းလှုပ်တယ်၊ လဲပလိုက်ရင်ကောင်းမယ်၊ သုံးမယ်ဆိုရင်တော့သုံးလို့ရပါသေးတယ်…….ကဲရှေ့ကာဗာ(gear casing) ဖွင့်ကွာ…မောင်ကြောင်…..”

ကျနော်က ဒီစက်ဆရာနဲ့စက်ကိုင်ရင် စက်အကြောင်းလေးသိချင်လို့ကူလုပ်နေကျပါ။ အခုလည်းကာဗာဖွင့်ဖို့အတွက် ပလန်ချာ(planger) နဲ့ နော်ဇယ်(nozzle) ဆက်ထားတဲ့ ဆီပိုက်   (fuel pipe) တွေဖြုတ်၊ ကာဗာမူလီတွေဖြုတ်ပေးလိုက်ပါတယ်။ ပြီးတော့မှ စက်ဆရာက ကာဗာကို သူ့အထာနဲ့သူ အသာလေးဖြုတ်ပါတယ်။ ကာဗာပွင့်သွားတယ်ဆိုရင်ပဲ အလန့်တကြားနဲ့

“ဟာ….မောင်ကြောင် မင်းပင်နယံ(pinion)စွယ်တွေက ငါးမန်းသွားတွေလို ချွန်ထက်နေပါလားကွ…. ဘယ်လိုဖြစ်လို့ ဒီလောက်ထိပေမောင်းနေရတာလဲ…….ဒီလောက်ဖြစ်နေမှတော့ စက်ကမရုန်းပဲ.. မင်းပဲ့ထောင် လေဆန်ရေဆန်မှာ ရှေ့ကိုဘယ်တက်တော့မလဲ……..”

“ဒီပင်နယံတွေက ဒီလောက် အရေးပါလို့လားစက်ဆရာ……”

“အရေးပါတာပေါ့ကွ….ယန္တရားတစ်ခုလည်ပတ်ဖို့ဟာ သူ့ထဲပါတဲ့အစိတ်အပိုင်းအကုန်သူ့နေရာနဲ့သူ အရေးပါတာပေါ့၊ ဒီစက်လည်ဖို့ကို ဒီပင်နယံတွေက တိုင်ပင်ကိုက်ချိတ်ဆက်လညပတ်နေရတာ…”

“စက်ဆရာ ဒီထဲက ဂီယာအသေးနဲ့ အကြီး ချိတ်လည်တော့ အသေးက ပိုလည်ရမှာပေါ့နော်…”

ဟုတ်တယ် အသေးဆိုပြီး သိပ်အရေးမပါဘူးမထင်နဲ့…သူကများများလည်ရတော့ အစွယ်တွေအထိအခိုက် အပွန်းအပဲ့မြန်တယ်၊ သူကအရင် အစွယ်တွေ စား(ချွန်)သွားတယ်၊ အဲဒီစားသွားတဲ့ အစွယ်တွေက သူနဲ့ချိတ်စက်ရတဲ့ ဂီယာအကြီးတွေကိုပြန်ဒုက္ခပေးတာပဲ……ကြာတော့ အစွယ်တွေ အကုန်စားကုန်ရော……”

“အစွယ်တွေစားကုန်တော့ဘာဖြစ်လဲဆရာ…..”

“မင်းကိုငါ ဟိုတခါ အင်ဂျင်တစ်လုံးလည်ပတ်ပုံကို အကြမ်းဖျင်းရှင်းပြဖူးတာမှတ်မိလား…..”

“ရေးတေးတေးပဲဆရာရယ်…..ဟီး…..”

“ကရိုင်း(crankshaft) အကောက်က ကွန်နက်တင်း(connecting) နဲ့ချိတ်ဆွဲပြီး ပစ်စတင်(piston) ကို စလစ်(cylinder) ထဲမှာရှေ့တိုးနောက်ဆုတ်ဖြစ်အောင်လုပ်ပေးတယ်…….ပစ်စတင်မှာတပ်ထားတဲ့ ရိန်းတွေကစလစ်နံရံနဲ့ပွတ်ဆွဲပြီးလေကိုစုတ်ယူတယ်၊ အဲဒီအချိန်မှာဟက်(cylinder head) ပေါ်မှာရှိနေတဲ့ အင်လက်ဘား ကပွင့်ပေးတယ်၊နောက်ပြီး ပစ်စတင်ကိုရှေ့ကိုပြန်တွန်းပြီး လေကိုကျစ်အောင် ဖိအားပေးတယ်၊ အဲဒီအချိန်မှာ အင်လက်ဘားရော အိတ်ဇောဘားရော ပိတ်အောင်လုပ်ထားတော့ လေကကျစ်ပြီးအပူရှိန်မြင့်လာတယ်၊ အဲဒီအချိန်နဲ့တိုင်ပင်(timing) ကိုက်မှာပဲ ပလန်ချာက အားနဲ့ဖိတွန်းလိုက်တဲ့ဒီဇယ်(fuel) ကိုနော်ဇယ်က အမှုန်အမွှားလေးတွေ အဖြစ်ပန်းထုတ်ပေးတဲ့အခါ မီးလောင်ပေါက်ကွဲမှုဖြစ်သွားပြီး ပစ်စတင်ကိုနောက်ကို ့ပြန်တွန်းထုတ် လိုက်တယ်၊ အိတ်ဇောဘားက မီးခုိုးတွေကိုဖွင့်ပြီး အပြင်ထုတ်လိုက်တယ်၊ ပြီးပြန်ပိတ်တယ် …. အဲဒီအချိန် အင်းလက်ဘားကပြန်ပွင့်ပြီး နောက်ဆုတ်သွားတဲ့ ပစ်စတင်ကလေကိုစုပ်ယူသွားတယ်၊ ပြီးတော့ ဖလိုင်းဝီးရဲ့လည်အားနဲ့ ကရိုင်းနဲ့ ကွန်နက်တင်းက တစ်ကြိမ်ပြန်ဖိထိုးတယ်၊ နောက်တစ်ကြိမ်ပြန်ပေါက်ကွဲတယ်၊ အဲလိုနဲ့ အကြိမ်ကြိမ်ပေါက်ကွဲပြီး စက်ကလည်နေတာပေါ့ကွာ….

“ဟုတ်ကဲ့စက်ဆရာ….ဒီပင်နယံတွေက……”

“နေအုန်းကွ ပီနယံဆိုတာက ဒီအဝိုင်းပေါ်က အစွယ်လေးတွေကိုပြောတာ၊ ဒီအဝိုင်းကိုဂီယာခေါ်တာ၊ ဒါပေမဲ့ ငါတို့ပြောတဲ့အခါ လွယ်အောင် ပင်နယံလို့ပဲရောခေါ်တယ်ကွ……

အဲဒါထားပါတော့ ခုနကပြောတဲ့ လေအဝင်…လေအကျစ်….ပေါက်ကွဲပြီးမီးခိုးအထွက် ဆိုတဲ့အချိန်တွေအတွက် အိတ်ဇောဘားနဲ့ အင်လက်ဘားကိုအပိတ်အဖွင့်မှန်မှန်လုပ်ပေးဖို့အတွက် ကင်းရှပ်(camshaft) ပေါ်မှာရှိတဲ့ဘုတွေကနေဘားတိုက်ပစ်(valve tappet) ကိုဖိတွန်းတယ်၊ တိုက်ပစ်က ဘားပွတ်ရော့(valve push rod) တွေကနေတဆင့် ဟက်ပေါ်မှာရှိနေတဲ့ရောကာအမ်း (rocker arm) ကိုသွားထိုးပြီး ဘားတွေကိုပိတ်ဖွင့်လုပ်ပေးတာကွ…..၊  လေအကျစ်ဆုံးအချိန်မှာ နော်ဇယ်က ဆီကိုဖွာပြီးပန်းပေးဖို့အတွက် ပလန်ချာကိုအချိန်ကိုက် တွန်းဖို့လဲ၊ ကင်းရှပ်ကပဲ လုပ်ပေးတယ်၊ အဲဒီကင်းရှပ်နဲ့ ကရိုင်းတိုင်ပင်ကိုက်လည်ဖို့ကို ကင်းရှပ်ပင်နယံ (camshaft gear)နဲ့ ကရိုင်းပင်နယံ (crankshaft timing gear)သေးသေးလေးနဲ့ချိတ်ပြီးအလုပ်လုပ်နေတာကွ…….. ကြားထဲမှာ ဟန်ဒယ်ပင်နယံ (starting gear) တွေ၊ ဂါဗာနာပင်နယံ (governor gear) တွေရှိသေးတယ်”

“ဒီဘက်က ပင်နယံအသေးလေးနှစ်လုံးကဘာလဲဆရာ”

“အဲဒါကောင်တာဝိတ်ပင်နယံ (balancing shaft gear) ကွ….ကရိုင်းကအကောက်ဆိုတော့ လည်နေတဲ့အချိန်မှာ တဘက်သတ်ဖြစ်ပြီးစက်ကိုမတုန်အောင် ကရိုင်းအကောက်ရဲ့ဆန့်ကျင်ဘက်မှာ ဝိတ်တုံး (balancing block) ကပ်ထားတယ်၊ ဒါပေမဲ့ဝိတ်က မမျှသေးတဲ့အတွက် ကရိုင်းလည်တာနဲ့ ဆန့်ကျင်ဖက်လိုက်လည်ပေးဖို့အတွက်ကောင်တာဝိတ် (balancing shaft) နှစ်ခုကို အထက်အောက် ထည့်ထားတယ်၊ အဲဒီ သုံးခုကို ဆန့်ကျင်ဖက်ချိန်သားကိုက်လည်ဖို့ ဒီပင်နယံတွေကိုဂျော်ကီပင်နယံနဲ့ ချိတ်ပြီးချိန်ထားတာ……. အဲဒီအစွယ်တွေက စားပြီးချောင်နေတော့ တိုင်ပင်ကပုံမှန်မရှိတော့ပဲ နဲနဲစီလွဲကုန်တာပေါ့၊ ပြီးတော့ အသံတွေလဲထွက်လာတယ်၊ မင်းကသတိမထားမိလို့ပေါ့……”

“ဒီလောက်လွဲတာလေးနဲ့ စက်ဆွဲအားကျသလားဆရာရဲ့”

“ကျတာပေါ့…ဒီစက်တစ်လုံးရဲ့ အမြင့်ဆုံးအာပီအမ်(revolution per minute)က ၂၂၀ဝရှိတယ်…. တဝက်ကျော်ကျော် တင်မောင်းလိုက်လို့ ၁၈၀ဝလောက်ရှိတယ်ဆိုရင် တစ်စက္ကန့်ကို သုံးပတ်လောက် လည်ရတာကွ……နောက်ပြီး တခြားအကျိုးဆက်တွေရှိသေးတယ်ကွ…..”

“ဒါဆိုရင် လဲမယ်စက်ဆရာရယ်…….အဲဒီပင်နယံ (gear)  တွေကိုအကုန်လဲပစ်မယ်၊ ဟိုတစ်ခါက ပိုက်ဆံ  မလောက်လို့ပြန်သုံးထားတာ…ဒီတခါဂျင်ဒေါင်းအော်ဒဂျင်နယ်(original)တွေဝယ်လဲလိုက်တော့မယ်……

 

ဆက်လက်ဖော်ပြပါမည်။

အားလုံးကို

ခင်မင်လေးစားစွာဖြင့်

ကြောင်လေး။

 

9 comments

  • ကြောင်လေး

    September 22, 2012 at 5:41 pm

    ကြောင်လေးအင်ဂျင်နီယာမဟုတ်ပါ။
    ကြားဖူးနားဝနဲ့ ရမ်းတုတ်လိုက်ပါတယ်။
    အမှားများပြင်ပေးရင်တော့ဖတ်ရှုမှတ်သားထားပါမည်။
    ထောက်ပြဝေဖန်ကြပါ လေကုန်။

  • မောင်ပေ

    September 22, 2012 at 9:23 pm

    ကျုပ်သိသမျှလေးနဲ ့နဲနဲဝင်ငန်ရရင်ဖြင့်
    ဘောမကောင်းရင် ဂျန် ့ဖြစ်မှာမို ့
    တရုတ်ဘောဆို လစ်
    ရုရှားတို ့ဂျပန်ဘောတို ့ဆို ချစ်လိုက်ပါဟု.. သာ
    (တခြားမြို ့တွေမှာတော့မသိဘူး ၊ ကျုပ်တို ့ဆီမှာတော့ တရုတ်ဘော အားကြီးပေါတယ်)

  • ကြောင်လေး

    September 22, 2012 at 9:56 pm

    ကိုပေရေ တရုပ်ဘောပေါရင် အစိလေးတွေထုတ်ပြီး ဂေါ်လီလှိမ့်ရင်ကောင်းမယ်ဗျ။
    ကျနော်တို့ငယ်ငယ်ကတော့ အင်ဂျင်အကောင်ကြီးကြီးထဲကဘောစေ့တွေနဲ့ ဂေါ်လှိမ့်ကြတာပဲ

  • တညင်သား

    September 23, 2012 at 6:40 am

    ပလန်ချာ(planger) နဲ့ နော်ဇယ်(nozzle) ဘယ်လို ချိန်လဲ ရေးပေးပါအုံး….
    တရုတ်နီ ၂၂ ကောင်အင်ဂျင် ထင်ပါတယ်… အချွန်နဲ့မ ပေးလိုက်မယ် 2 .C အဂျင် ပြောင်းလိုက်ပါ ပိုမြန်ပါလိမ့်မယ်….:)

  • ကြောင်လေး

    September 23, 2012 at 8:21 am

    2.C အင်ဂျင်သာတင်မောင်းလို့ကတော့ ပဲ့ထောင်ကနေ ပဲ့မြုပ်ဖြစ်သွားမယ်ဆရာရေ့…….
    ခွန်တမတ်တို့ ၁၃ ကောင်တို့ ၁၆ ကောင်တို့ စတဲ့ အင်ဂျင်သေးလေးတွေပါ…..
    နော်ဇယ်ချိန်တာကတော့ နော်ဇယ်ဟိုလ်ဒါကို ဟက်ထဲကထုတ်၊ ဆီပိုက်ဂွျိုင်းပြီး စက်လှည့်၊ စီဖွာတာကြည့်ပြီး မျက်မှန်းနဲ့ အလွယ်တကူချိန်ကြတာပါ…..အကောင်ကြီးတွေမှသာ ဝါ့ရှော့သွားပြီး မီတာနဲ့ ရိုက်ပြီးချိန်ကြတာပါ။ကျနော်ပြောချင်တာကလည်းစက်ပြင်တာအဓိကမဟုတ်ပါဘူးခင်ဗျ။

  • ဦးဦးပါလေရာ

    September 23, 2012 at 8:58 am

    တင်ပြပုံကောင်းသလောက် အကျိုးလဲပြုတဲ့ ဆောင်းပါးပါပဲလား…။
    ဘရာဗိုပါ ကိုကြောင်လေးရေ..

  • DEPARKO DEPARKO

    September 23, 2012 at 9:12 am

    မော်တော်ကားဟောင်းတွေဖျက်နေတာဘဲ ကားအင်ဂျင်ကိုဈေးပေါပေါနဲ့ဝယ်တင်လိုက်ပေါ့ ဝမ့်ပုံမှာတွေ့ဘူးတယ် ဝင်းရှုးလို့ခေါ်တယ် မော်တော်ကားအရှုံးပေးရတယ် တစ်ခါတည်းလေထဲတောင်ပျံလို့ရတယ်

  • aanyar thar

    September 23, 2012 at 1:16 pm

    (DEPARKO DEPARKO says:
    မော်တော်ကားဟောင်းတွေဖျက်နေတာဘဲ ကားအင်ဂျင်ကိုဈေးပေါပေါနဲ့ဝယ်တင်လိုက်ပေါ့ ဝမ့်ပုံမှာတွေ့ဘူးတယ် ဝင်းရှုးလို့ခေါ်တယ် မော်တော်ကားအရှုံးပေးရတယ် တစ်ခါတည်းလေထဲတောင်ပျံလို့ရတယ်)

    မှန်၏…တီထွင်ကြံဆ..နည်းလမ်းရတဲ့….ကိုယ့်အားကိုယ်ကိုး..သိဒိ္ဓိုတိုး….မြန်မာ့နည်း..မြန်မာ့ ဟန်လေး…နဲ့…စမ်းကြည့်စမ်းပါ….ရွာတွေမှာဆို….ကတ္တရာ လမ်းပေါ်…နွားလှည်းမောင်း လို့ရနေပါပြီဗျ…

  • ကြောင်လေး

    September 23, 2012 at 9:43 pm

    ဦးဦးပါ >>>> အားပေးမှုအတွက် ကျေးဇူးပါ….
    ကိုဒီပါ >>>> သူ့အိုးနဲ့ သူ့ဆန် တန်ရုံသာကောင်းပါတယ်ခင်ဗျ၊ ဘဝစုံတဲ့ရေဘဲလေး..ဆက်ရေးပါဦး….
    အညာသား >>>> မြန်မာတီထွင်ကြံဆထားတဲ့ဆိုင်ဂါလီ(ဆိုင်ကယ်နဲ့ချယ်ဂါလီပေါင်းထား) တာလေးနဲ့
    ရေသယ်နေတာလေးပြချင်စမ်းပါအိ။

Leave a Reply