”ညအမှောင်ယံထဲမှာ”
ညသည် မှောင်မိုက်လွန်းနေသည်။ ဘာကိုမှ သည်းကွဲစွာမမြင်ရပါဘဲ ခြေလှမ်းများ ဗွက်ထဲသို့ စွပ်ခနဲ စွပ်ခနဲ ဝင်ဝင်သွားသည်။ လာမိသည့်လမ်းတော့ နောက်ပြန်လှည့်ရန် သာလှ စိတ်မကူး။ သည်ခရီး သည်လိုလာချင်လို့ ပင် တမင်သက်သက် ကိုလှမောင်ကို ဖုန်းလှမ်းဆက်ပြီး ခေါ်ခဲ့သေးတာ။ ရှေ့တွင် မည်မျှပင် ဒုက္ခကြီးကြီး အရောက်သွားမည်ဟု စိတ်ကိုဒုံးဒုံးချထားသည်။ သာလှလက်ထဲတွင် ကျွတ်ကျွတ်အိတ် မည်းကြီး တစ်လုံးဆွဲထားသည်။ ထိုအိတ်ထဲတွင် သည်ညအတွက် ရိက္ခာအပြည့် အစုံပါလာသည်။ ဘီယာ ၆လုံးလောက်နှင့် အားလူးကြော်၊ ငါးမုန့်ကြော်၊ ဆေးလိပ် စဖြင့် စုံလင်သည်။
ညကောင်းကင်ယံတွင် ကြယ်ကလေးတွေ မှိတ်တုတ် မှိတ်တုတ် လင်းနေရုံမှလွဲပြီး လမိုက်ညဖြစ်သဖြင့် ပတ်ဝန်းကျင်အနေအထားကလည်း မည်းမည်းမှောင်မှောင်နေသည်။ သာလှနှင့် ကိုလှမောင် အပါအဝင် နောက်ထပ် အဖော်လိုက်လာသူနှစ်ယောက်ရှိသေးသည်။ ထိုနှစ်ယောက်ကား မောင်လွင်နှင့် မင်းမောင်။ သာလှနှင့်ကိုလှမောင်သွားလျှင် ငရဲအထိ ပျော်ပျော်ကြီးလိုက်မည်ဟု တွေးထားသူတွေ။ခုလည်း ခရီးတစ်ဝက်လောက်ကစ၍ မမြင်မကန်းနှင့် စွပ်ရွတ်လာခဲ့သည့် ခရီးသည် မည်သည့်နေရာသို့ဦးတည်နေမှန်းမသိသော်လည်း သာလှဦးဆောင်သော လမ်းခရီးဖြစ်သဖြင့် ယုံယုံရဲရဲလိုက်လာခဲ့ခြင်းဖြစ်သည်။ သို့သော် ရုတ်တရက် ပြောလိုက်သော သာလှစကားကြောင့် မောင်လွင်နှင့် မင်းမောင် ရှေ့ဆက်သင့်နိုး မသင့်နိုးတွေးနေရပြီ။
“ကိုသာလှ ဘယ်ကိုသွားမှာလဲ“
“ဦးသောင်းလယ်တဲကိုသွားမှာ“
“ဗျာ အဝေးကြီးနော် ကိုသာလှရောက်ဖူးလို့လား“
“ရောက်ဖူးပါ့ကွာ ဒါပေမယ့်တစ်ခုပဲ“
“ဘာလဲဗျ“
“လမ်းမှသိတာ“
“ဗျာ“
“ဟဲဟဲဟဲ သိပ်လည်း စိတ်မပျက်သွားပါနဲ့ အရင်တစ်ခါလာတာ နေ့ဆိုပေမယ့် လမ်းတော့ မှတ်မိပါတယ်ကွာ။ ခုက လမသာတော့ ရေးတေးတေးဖြစ်ရုံလေးပါ ရှေ့ဆိုရင်ရောက်တော့မှာပါကွ“
မသေချာသော သာလှ၏ စကားတွင် မျက်လုံးကလေးတွေ ကလယ်ကလယ်နှင့် ခုမှတော့မထူးတော့သည့်ပုံစံမျိုးဖြင့် ဆက်လိုက်ရချေပြီ။
သာလှ ရွာတွေကိုဖြတ်သည်။ တစ်ချို့နေရာတွေမှာ ရေတွေတောင်ဖြတ်ရသေးသည်။ တစ်ချို့နေရာတွေကတော့ ဗွက်တွေ ပြင်ကျယ်ကြီး ပေါက်နေသဖြင့် ပုဆိုးတွေမ..ကာ ဆ..ကာဖြင့်သွားရသည်။
နောက်ဆုံးတော့ ပုဆိုးတွေမရလွန်းသဖြင့် လက်ညောင်းလာသည်။ ထို့နောက်ပုဆိုးများ စလွယ်သိုင်းလျှက် အတွင်းခံဘောင်းဘီတိုလေးတွေနှင့် လေးဦးသား လမိုက်ညသန်းခေါင်ယံအချိန်တွင် လေသလှပ်ခံရင်း လမ်းလျှောက်နေသည့်နှယ်ရှိချေသည်။
ခုထိလည်း သာလှပြောသော ဦးသောင်းလယ်ကိုမရောက်သေး။ ခြေတွေတိုပြီး ညောင်းနေပြီ။
“ဘာစိတ်ကူးပေါက်ရတာလဲ သာလှရာ ။ခုညမှ မင်းကလယ်ထဲသွားမယ်။ဆိုတော့။ “
“ဘာရယ်ဟုတ်ပါဘူး စိတ်ထဲပျင်းပျင်းရှိတာနဲ့ ကိုလှမောင်ကိုဖုန်းဆက် ဟိုနှစ်ကောင်ကို ခေါ်ထွက်လာခဲ့တာ။ အမှန်အတိုင်းပြောရရင် ဦးသောင်းလယ်တဲကို ကျွန်တော်ရှာနေတာ။ ခုတောင် မျက်စိလည်နေပြီထင်ပါရဲ့“
“ဘာရယ်“
“ဘယ်လို“
“ဘယ်လိုပြောလိုက်တယ်“
ကျင့်သားရနေသော ညမှောင်မှောင်တွင် သာလှက ရယ်ကျဲကျဲလုပ်နေသည်။ သို့နှင့် သာလှ ဘာလုပ်လုပ် စိတ်ချမ်းသာသည့် သဘောဖြင့် ကျန်သုံးဦးမှာ နောက်လိုက်လုပ်ရင်း လယ်တွေဖြတ်လျှောက်ကြသည်။ မြောင်းတွေ ခွကျော်ကြသည်။ ဗွက်တွင် ရုန်းလိုက်ကြသည်။ တစ်ယောက်ပြီးတစ်ယောက် တဗိုင်းဗိုင်းနှင့်ပစ်လဲကြသည်။ လူတစ်ကိုယ်လုံးလည်း ဗွက်တွေပေကျံနေပြီ။ လယ်တစ်ကွက်အကျော်တွင်တော့ သာလှ ခြေစုံရပ်လိုက်သည်။ ပါးစပ်ကလည်း
“ရောက်ပြီ..ဟောဟိုရှေ့က တဲပဲ“
ခုမှ စိတ်ကိုလျှောချလျှက် သာလှညွှန်ရာ လယ်တဲကို ရောက်လာခဲ့ကြသည်။ ထိုစဉ် ကိုလှမောင်ဖုန်းက မြည်လာသည်။ကိုလှမောင်၏ မဟေသီဖြစ်မည်မှန်းလည်း သိလိုက်ကြသည်။
“အေးပါ ငါးလား မမျှားရသေးဘူး။ ဘာ ဘယ်တော့ပြန်လာမှာလဲ ဟုတ်လား။ သာလှတော့ မပြောတတ်ဘူး။ ယောကျာ်းတော့ နွေပေါက်မှပြန်လာတော့မယ်“
ထိုစကားသည် သာလှအား ရွဲ့စောင်းပြောဆိုခြင်းဖြစ်သည်။ လာခဲ့သည်ခရီးသည် ဗွက်တစ်ရာ၊ မြောင်းတစ်ရာ၊ လယ်တစ်ရာ မဖြတ်ခဲ့ရသော်ငြား ဤသို့နယ် ပင်ပန်းနွမ်းနယ်နေချေပြီမဟုတ်လား။ သာလှက သူ့ခေါ်လာသည့် လူဆိုတော့လည်း ဘာမှဝင်မပြောသာ။ တဲနားအရောက်တွင် သာလှ ဦးသောင်းကိုအော်ခေါ်သည်။
“ဦးလေးသောင်း ဗျို့ ဦးလေးသောင်း ဦးလေးသောင်း“
တဲသည် တိတ်ဆိတ်လျှက်ရှိသည်။ သာလှ၏စိတ်ထဲတွင် ဦးသောင်းအိပ်ပျော်နေသဖြင့် မနိုးသလားဟုထင်နေသည်။ နောက်ထပ် ခေါ်ကြည့်တော့လည်း အသံမကြားသဖြင့် တဲအနားသို့ လေးဦးသားတိုးကပ်လာကြသည်။ တဲသည် တိတ်ဆိတ်မြဲတိတ်ဆိတ်နေသည်။ သာလှက အိပ်ထောင်ထဲမှ မီးခြစ်ကိုထုတ်ကာ မီးခြစ်ကြည်ု့လိုက်သည်။ တဲအတွင်း ရှင်းလင်းလျှက်ရှိသည်။လူသူတစ်ယောက်မှ မရှိ။ ကွတ်ပျစ်ပေါ်တွင် ခေါင်းအုံးလေးလုံးရှိသည်။ သာလှကမပြောမဆိုနှင့် မီးဖိုဘေးနားထိုင်ချလျှက် အသင့်တွေ့ရသော ထင်းခြောက်များကို မီးမွှေးလိုက်သည်။ တဲသည် အလင်းရောင်ဖျော့တော့တော့မှ လင်းရှင်းလာလေသည်။
သာလှတို့လေးဦး ပုလင်းများကိုထုတ်ကာ အာလူးကြော်နှင့်ငါးမုန့်ကြော်ထုပ်တွေဖောက်ကြသည်။ ထိုအချိန်ကြမှ သူတို့လေးဦး ဗိုက်တွေဆာနေမှန်းသိကြသည်။ သာလှက
“သူငယ်ချင်းတို့ဘာမှမပူနဲ့ ဒီတဲက ငါလာဖူးတယ်။တဲရှင် ဦးသောင်းက သိပ်သဘောကောင်းတာ။ ခု သူမရှိလဲ တဲထဲမှာ စားစရာအခြောက်အခြမ်းတော့ရှိမှာပဲ။ နောက်နေ့မှ ပြန်ဝယ်ထည့်ပေးလိုက်တာပေါ့။ ငါရှာလိုက်ဦးမယ်“
ကျန်သုံးဦးမှ သာလှ၏သဘောသာလျှင်ဟု သာလှသဘော သာလှကိုဆောင်ခိုင်းထားသည်။သာလှ ပန်းကန်တောင်းထဲကိုရှာကြည့်ရာ ရှားရှားပါးပါး ကြက်ဥတစ်လုံးတွေ့သည်။အားရဝမ်းသာဖြင့်
“တွေ့ပြီ“
ကိုလှမောင်တို့ဝမ်းသာသွားရသည်။
“ဘာတွေ့တာလဲ သာလှ“
“ကြက်ဥ“
“ကြော်လိုက်ကွာ စားရအောင်“
“အေး“
သာလှက ဟိုလှန် ဒီရှာဖြင့် ဆီကိုတွေ့သည်။ ဆားနှင့် အချိုမှုန့်လည်းရှိသည်။ ဒယ်အိုးတစ်လုံးတင်ကာ ကြက်ဥကြော်လိုက်သည်။ပြီးတော့ ကိုလှမောင်တို့ ဝိုင်းတွင် ကြက်ဥကြော်ကို ချလိုက်သည်။
“ဟင် ဒါလား ကြက်ဥကြော်ဆိုတာ“
ဟုတ်သည်။ သာလှကြော်ထားသော ကြက်ဥတစ်လုံးမှာ ပန်းကန်ကိုမှအားမနာ အလယ်တွင် ပင်လယ်ထဲမှ ကျွန်းတစ်ကျွန်းပမာ သေးသေးကွေးကွေးလေး။
ကိုလှမောင် ကြက်ဥကြော်ပန်းကန်ကိုကြည့်လျှက် စိတ်ပျက်သွားသည်။
“ဟုတ်တယ်လေ ကြက်ဥက တစ်လုံးတည်းရှိတာ ။ကြော်ဆိုလို့ကြော်ပေးတာ။“
မှတ်ရော။ ကိုလှမောင်က ကြက်ဥတွေ့သည် ဆိုခြင်းကြောင့် လေးဦးစာတော့ ရှိလောက်သည်ဟု ထင်ကာ ကြောက်ခိုင်းလိုက်ခြင်းဖြစ်သည်။ ခုတော့ ဖြစ်ပုံက တလွဲ။
“သာလှရာထပ်ရှာပါဦး။ လယ်တဲဆိုတော့ တစ်ခုခုတော့ရှိမှာပါ။ “
သာလှပဲအရှာကောင်းသည်လားတော့မသိ။ သာလှ၏ တွေ့ပြီ ဒီမှာဟူသော အသံလာရာကို ကြည့်လိုက်တော့ သာလှလက်ထဲတွင် ကြက်ကလေး သုံးကောင်။
“ဟင် ကြက်ကလေးတွေ အရွယ်တောင်မရောက်သေးဘူး။ မင်း ဘာလုပ်မလို့လဲ သာလှ“
“သတ်ပြီးကြော်မလို့လေ“
“ဘုရား ဘုရား မင်းကိုလယ်တဲရှင်က ခွင့်ပြုပါ့မလား။ သူလည်းသိတာမဟုတ်။“
“ရပါတယ်ကွာ ငါကြက်သုံးကောင် ပြန်ပေးလိုက်မှာပေါ့။“
ခက်ချေပြီ။ ရပါတယ်ဟုချည်း သာလှက ဆိုနေသဖြင့် ကိုလှမောင် မျက်ခုံး လှုပ်ချင်ချင်ဖြစ်လာရသည်။
“မင်းကြက်တွေက ငယ်ငယ်လေးတွေရှိသေးတာ“
“ဟာကိုလှမောင်ကလည်း တစ်ချို့ဆို ငုံးကြော်ဆိုပြီးတော့ ကြက်ပေါက်စတွေကြော်ရောင်းသေးတာ ခု ကျွန်တော်တော့ ကြော်တော့မယ် ဟေ့ကောင် မောင်လွင်နဲ့မင်းမောင် ဒီလာ ကြက်သတ်ရအောင်“
ဘုရား..ဘုရား သာလှ ဘီလူးသရဲများ စီးနေလေရော့လား။ကိုလှမောင်စိတ်ထဲကတွေးနေရပြီ။ အချိန်ကလည်း လမိုက်ညဖြစ်သဖြင့် မှောင်မည်းကာ နေသည်ကိုလည်း သတိထားမိသည်။ လိုက်လာခဲ့သည်မှာ မှားများမှားနေရော့လား။ ခုချိန်ကြီး ကြက်သတ်ပြီးကြော်စားကြမည်ဆိုတော့ ကောင်းပါ့မည်လားဟု စိတ်ထဲတွင် တွေးမိလာသည်။ ကိုလှမောင် သာလှမျက်နှာကို သေသေချာချာကြည့်လိုက်သည်။ ဒီကောင်ရိုးရောရိုးရဲ့လားဟု ကြည့်ခြင်းဖြစ်သည်။ မကြာမီတွင် ကြက်ကြော်နံ့သည် တဲအတွင်းပျံ့နှံ့လာသည်။ သွားပြီး အနိစ္စသဘောနှင့် ကိစ္စချောသွားသော ကြက်ကလေးသုံးကောင်။ အမျှ အမျှ အမျှ။ ကိုလှမောင် အမျှတွေဝေနေသည်။ လူချွတ်မှ ကျွတ်သည်ဆိုခြင်းထက် လူသတ်လို့သေရသည့် ကြက်ကလေးသုံးကောင်..။
“ကိုလှမောင်“
` “အောင်မလေး မြတ်စွာဘုရား “
“ဘာလုပ်နေတာလဲ ပုလင်းတွေဖွင့်တော့ သောက်ကြမယ် ရော့ကြက်ကြော်“
ရှေ့တွင်ချထားသော ကြက်ကြော် ပန်းကန်ထဲတွင် ကြက်ကလေးသုံးကောင် ခြေထောက် ခြောက်ချောင်းကို မိုးပေါ်ထောင်လျှက် ပက်လက်ကလေး။
သာလှစိတ်ထဲတွင် ကြက်ကြော် ပန်းကန်ကို ပြူးကြည့်နေသော ကိုလှမောင်ကို တင်ကာ မကင်းဖြစ်လာသည်။ စောစောတုန်းက ကြက်ကြော်နေစဉ် အတွင်းကတည်းက ကိုလှမောင် တစ်ယောက်တည်း ထိုင်ကတွေငေးနေသည်ကို ကြက်ကြော်နေရင်း သာလှ မြင်နေရသည်။ နောက် သူ့ကိုလည်း ကိုလှမောင် စူးစူကြီးစိုက်ကြည့်နေသည်ကို သူ မသိချင်ယောင်တောင် ဆောင်လိုက်ရသေးသည်။ ကြည့်ရသည်မှာ စိတ်နှင့်ကိုယ်မကပ်သလိုဖြစ်နေသည်ဟု သာလှထင်သည်။ မျက်လုံးများကလည်း ဟိုဒေါင့်သည်မှာ ပြေးလွှားနေသည်။ သာလှ ကိုလှမောင်ကို မတင်ကာတော့။
အချိန်သည် လမိုက်ည သန်းခေါင်ယံကျော်ကျော်ဖြစ်သည်။ ရောက်နေသည့်နေရာက မြို့နှင့်အလှမ်းဝေးသော လယ်တဲတစ်နေရာတွင်ဖြစ်သဖြင့် ဘီလူးသရဲများ ဝင်စီးနေရော့သလားဟု သာလှထင်လာလေသည်။ ခုခရီးက သာလှ ပျော်ချင်ပါချင်၍ ဦးဆောင်လာသော အပျော်ခရီး။ သွားချင်လျှင် သွားလိုက်ရမှဆိုသည့် သာလှ၏ စိတ်ဓါတ်နောက်တွင် ပါရမီဖြည့်ကြကုန်သော ကိုလှမောင်၊ မောင်လွင် နှင့် မင်းမောင်တို့လေးဦးသား ဦးသောင်းလယ်တဲတွင် ဘီယာဖောက်၍ ညအား အရသာရှိရှိ မြည်းနေကြပြီ။ မောင်လွင်က လက်သိပ်ကလေးထည့်လာသော ဝီစကီတစ်ထောင့်ကို ဘီယာကုန်ခါနီးလောက်တွင်ထပ်ချ သဖြင့် ဝိုင်းသည် စကားလုံးတို့ဖြင့် စည်ကားလာသည်။ ကိုလှမောင်က သာလှကိုတစ်ချက်တစ်ချက် ခိုးကြည့်နေသလို သာလှကလည်း ကိုလှမောင်ကို မသိမသာ ချက်နေသည်။ မောင်လွင်နှင့် မင်းမောင်ကတော့ ဘာမှမသိ။ စားစားသောက်သောက်နှင့် အချိန်သည် တော်တော်ကြာခဲ့ပြီ။
ကိုလှမောင်က ကြက်ကြော်ကိုမထိသဖြင့် သာလှ သံသယက ပိုမိုဝင်လာသည်။ ပို၍ထူးဆန်းသည်က မောင်လွင်ရော မင်းမောင်ပါ ကြက်ကြော်ကို ယောင်၍မှပင် မကိုင်။ ကိုလှမောင်က သာလှ ဘာကြောင့်ကြက်ကြော်ပန်းကန်ကို ဆိုက်ကြည့်နေသလဲဆိုသည် စဉ်းစားမရဖြစ်လာသည်။ သာလှ သူ့ကို မသိမသာ ခိုးကြည့်နေတာကိုလည်း သိသည်။ တစ်ချက်တစ်ချက် ဖယောင်းတိုင်မီးရောင်အောင်တွင် စူးရှသွားသော အကြည့်များကို သူမကြိုက်။ ဘီယာကိုမျှင်းသောက်ပြီး အနည်းငယ်ကျနေသော စိတ်ကို ဝီစကီ တစ်ပက်ပြီးတစ်ပက် ထည့်က ရဲဆေးတင်နေလိုက်သည်။
“ဒါ ကိုလှမောင် မဟုတ်ဘူး“
သာလှ စိတ်ထဲတွင် တစ်ယောက်တည်း ပြောနေမိသည်။ မျက်လုံးတို့ရီဝေစွာ မျက်ထောင့်နီကြီးနှင့် သူ့ကိုကြည့်နေသော ကိုလှမောင်။ သာလှ အယောင်ယောင် အမှားမှားဖြင့် ကြက်ကြော် တစ်ကောင်ကိုယူကာ စိတ်လွတ်လွတ်နှင့် တစ်ကိုက်ပြီးတစ်ကိုက် ပလုပ်ပလောင်း ဖဲ့စားနေမိသည်။ နောက် ဝီစကီခွက်ကို တစ်ကျိုက်တည်းမော့ချကာ နောက်ထပ်တစ်ခွက်ကိုငဲ့ပြီး ထပ်မော့ချပစ်လိုက်သည်။ ထိုစဉ် လေသည် မြောက်ဘက်မှ တိုက်လာသဖြင့် ဖယောင်းတိုင်မီးမှာ တစ်မှေးမှိန်သွားသည်။
“ကိုသာလှတို့တော့ ကြံကြံဖန်ဖန် ဒီလောက်ဗွက်တွေထဲကိုလာပြီး အရက်လာသောက်ရတယ်လို့ ရှားရှားပါးပါး။ တကယ့်ကို ရှားရှားပါးပါးနော် မင်းမောင် အေ့“
“ဟုတ်ပါ့ ငလွင်ရာ ကိုသာလှက သွားမယ်ဆို ဟော ငါတို့အစ်ကိုကြီးကိုလှမောင်က ဘယ်နေမလဲ။ ကိုလှမောင်မှ မနေရင် ငါတို့ကလည်း မနေဘူးလေ။ ကိုသာလှတို့ ကိုကြီးလှမောင်တို့ဆိုတာ ငတို့ အစ်ကိုအရင်းလို ချစ်ရတဲ့ ခင်ရတဲ့ လေးစားရတဲ့ အစ်ကိုတွေဆိုလည်းမမှားဘူး အေ့ အေ့“
“ဒါတင်ဘယ်ဟုတ်မလဲ ငါတို့ကျေးဇူးရှင်ဆိုလည်း ဟုတ်နေတာကိုးကွ ဟာ ဟေ့ ကိုလှမောင်ကြီး ဘာတွေ တွေဝေေ နတာတုန်း။ ကိုသာလှကလည်း ကြက်ကြော်ကို လွေးနေလိုက်တာ စကားတောင်မပြောဘူး“
“ဟုတ်တယ်နော် အေ့ ငါတို့ အစ်ကိုတို့များ အေ့ စကားနည်းနေလိုက်တာ ဒီညမှ ထူးထူးခြားခြား ဗျို့ ကိုသာလှကြီး ဘာလဲဗျာ ကြက်ကြော်ကို ဘီလူးသရဲစီးနေသလို လွေးနေလိုက်တာ“
မူးမူးနှင့် မင်းမောင်ပြောသော စကား၏နောက်တွင် ကိုလှမောင်၏ သံသယသည် ပိုမိုခိုင်မာသွားခဲ့ပြီ။ ဟုတ်လောက်သည်။ ခုပင်လျှင် ကြက်ကြော်ကို အငမ်းမရ ကိုက်ဖဲ့စားသောက်နေသော သာလှမှာ လူစင်စစ်မဟုတ်။ သရဲသဘက်ဝင်စီးနေသူသာဖြစ်လောက်သည်။ လမ်းတွင် ရေထဲ ဗွက်ထဲ၌ သာလှ ခဏခဏ လျှော်လဲကျသည်။ သူတို့သုံးဦးလည်း တစ်ဗိုင်းဗိုင်းပစ်လဲခဲ့ကြသည်။ ဤသို့ဆိုလျှင် မောင်လွင်နှင့် မင်းမောင်ကရော ရိုးပါရဲ့လား။ ဝီစကီခွက်ကို တစ်ခွက်ပြီးတစ်ခွက်မော့လျှက် ကြက်ကြော်ကို တကိုက်ပြီး တကိုက်စားနေခြင်းမှ ရိုးရိုးမဟုတ်ဟု ကိုလှမောင်ထင်သည်။ ကိုလှမောင်၏ အကြည့်များ သာလှထံမှ မခွာ။ ထို့အတူ သာလှ၏ စူးရှသော အကြည့်များကလည်း ကိုလှမောင်ထံမှ လုံးလုံးမခွာတော့။
မောင်လွင်နှင့် မင်းမောင် တအိအိနှင့် မူးဝေက လေသံတွေပျော့လာသည်။ ထိုစဉ် ဝေးဝေးမှ ခွေးအူသံကိုကြားလိုက်ရသည်။ သာလှနှင့် ကိုလှမောင် နှစ်ဦးသား ကြက်သီးမွှေးညှင်းများ ဖျန်းခနဲထသွားကြသည်။ ဘာလုပ်ရမည်လဲဟူသည်ကို သာလှက ကြက်ကြော်စားရင်းတွေးနေသည်။ ကိုလှမောင်က လည်း ကြံစည်တွေးတောရင်းဖြင့် မောင်လွင်တို့နှစ်ကောင်မထိသော ကြက်ဥကြော်ကို တစ်လုပ်ထဲ ပစ်ထည်းဝါးပစ်လိုက်သည်။ သာလှမျက်လုံးများ ပြူးကျယ်သွားခဲ့သည်။
စောစောတုန်းက ကြက်ဥတစ်လုံးတည်း ကြော်သဖြင့် စားမလောက်ဟုဆိုကာ မစား မသောက်တော့ မည့်နှယ် ပြောခဲ့သော ကိုလှမောင် ယခု ကြက်ဥကြော်ကို တစ်ချက်တည်း ပါးစပ်အတွင်းသို့ပစ်ထည့်ကာ ဝါးပစ်လိုက်ပုံက ထူးထူးဆန်းဆန်း။
“ဟုတ်ပါပြီ ကိုလှမောင်မဟုတ်ဘူး“
“ဟုတ်တယ် သာလှမဟုတ်ဘူး“
သာလှမျက်စိက စောစောတုန်းက ထင်းခွဲခဲ့သောဓါးဆီ အကြည့်ရောက်နေသည်။ ဟိုငမူးနှစ်ကောင်က ဘာမှမသိသဖြင့် သူ့ကို ကိုလှမောင်ယောင်ဆောင်ထားသော အကောင်ကတစ်ခုခု ထလုပ်လျှင် ပြန်လည်ခုခံရန် လက်နက်တစ်ခုခုရှိနေမှရမည်။
ကြက်ကြော်ကို ချထားက လက်တို့က အသင့်အနေအထားဖြင့် ပြင်ဆင်ထားသည်။ ကိုလှမောင်လျှော်လဲရင်း အသက်ပါသွားခဲ့လေသလား။ ဒါကြောင့်ပင်လျှင် ကိုလှမောင်ခန္ဓာထဲသို တစ်ကောင်ကောင် ပူးကပ်လိုက်သလား။ သံသယတွေ ပွားစီးလျှက် မျက်စိကလည်း တစ်ချက်ကလေးမှကို မျက်တောင်မခတ်မိတော့။ နားကလည်း ကားကားစွင့်လျှက် တိတ်ဆိတ်နေသော အချိန်မျိုးမှ ထွက်လာမည်ဖြစ်သော အသံတစ်သံကို နားစွင့်နေလိုက်သည်။ လက်ခြေ မျက်စိနားတို့မှာ တစ်ချက်ကလေးမှ သတိလက်လွတ်၍မဖြစ်ဟု သာလှတွေးထားသည်။ ဟိုနှစ်ကောင်မှ အိပ်ပျော်နေပြီဖြစ်သည်။
မျက်တောင်တောင် မခတ်တော့ပါလား။ တစ်ယောက်တည်း ထိုင်နေလိုက်သည်မှ တုတ်တုတ်ကိုမလှုပ်။ သူ့အား သာလှ စူးစိုက်ကြည့်နေလိုက်သည်မှာ ကြောက်စရာကောင်းလှသည်။ သာလှမဟုတ်သော သာလှကိုကြည့်ရသည်မှာ တစ်ခုခု ထလုပ်တော့မည့်ဟန် ပေါက်နေသည်။ ကိုလှမောင်က ကွတ်ပျစ်နောက်နားရှိ ပေါက်ပြားတစ်လက်ကို မြင်ထားသည်။ အကယ်၍ တစ်ခုခုလှုပ်ရှားမည့်ဟန် လုပ်လျှင် သာလှအရင် သူက လက်သွက်မှရမည်။ အားကိုးအားထားပြုရမည် နှစ်ကောင်မှ တုတ်တုတ်ပင်မလှုပ်တော့ပဲ အိပ်မောကျနေသည်။ ကိုလှမောင် မျက်တောင်မခတ်ပဲ သာလှကို စိုက်ကြည့်နေမိသည်။ အလာတုန်းက ရေကိုဖြတ်လာရသဖြင့်လားတော့မသိ ကိုလှမောင် နာမွန်လာသလိုလိုခံစားလာရသည်။ လေသည်တချက်တချက် တိုက်ခတ်လာပြီး ပိုအေးသလို ခံစားလာရသည်။ နှာခေါင်းမှ မိုးသက်လေကိုပါ အနံ့ရသလိုလိုရှိသည်။ မိုးများရွာလာမလား။ ဖယောင်းတိုင်မှာ ငြိမ်းလု ငြိမ်းခင်ဖြစ်လိုက် ပြန်လည် တောက်ပလာလိုက်။ လယ်တဲသည် လင်းသွားလိုက် မှိန်သွားလိုက်ဖြင့် တိတ်ဆိတ်ငြိမ်သက်လျှက်။ တဲအတွင်းတွင်တော့ အသက်ရှူသံခပ်ပြင်းပြင်းနှစ်ချက်သည် စည်းနှင့်ဝါးနှယ် အချီအချ မှန်မှန်ကြီး ထွက်ပေါ်နေလေသည်။
ထိုစဉ်လေသည် ဟုတ်ခနဲတိုက်လိုက်သဖြင့် ဖယောင်းတိုင်မီးသည် ငြိမ်းသွားခဲ့သည်။
“မီးခြစ်ဘယ်နားမှာလဲ“
ကြားလိုက်ရသော နှာသံဝါဝါကြီးကြောင့် သာလှ ကြက်သီးမွှေးညှင်းများ တဖျင်းဖျင်းထကာ ဦးခေါင်းတစ်ခုလုံး ဆယ်ဆမကကြီးသွားသည့်နှယ် ခံစားလိုက်ရသည်။ ဘုရား ဘုရား ကိုလှမောင်အသံမှ မဟုတ်တော့တာ။ ဒါ ကိုလှမောင်အသံမှ မဟုတ်တာ။ မီးထွန်းရမလား။ မီးကိုမထွန်းလျှင် အမှောင်ထဲတွင် ဘာကိုမှမမြင်ရသဖြင့် အန္တရယ်သည် သာလှကို လက်တကမ်းအလိုမှာပင် ဝါးမြိုသွားနိုင်သည်။ မီးထွန်းလိုက်လျှင် မည်သို့ပင်ဖြစ်စေ အလင်းကြောင့် သတိ္တတွေရှိကာ အန္တရယ်ကို ရင်ဆိုင်ရဲမည်။ မီးခြစ် မီးခြစ် ဘယ်မှာလဲ။
လက်ကို အသံမမြည်အောင် အသာလေးလှုပ်ရှားက မီးခြစ်ကိုလိုက်စမ်းနေရသည်။ ကိုလှမောင် ဘယ်ရောက်နေလဲ။ တိတ်ဆိတ်နေသည်။ သို့သော် အသက်ရှုသံ ပြင်းပြင်းကိုတော့ ကြားနေရသေးသည်။တစ်ခါအစမ်းတွင် ပုလင်းတစ်လုံးကိုတိုက်မိသဖြင့် အသံမြည်သွားခဲ့သည်။
“ခလွမ်း“
ဘာဖြစ်လို့ မီးမထွန်းသေးတာလဲ။ သာလှဘက်က အသံတိတ်နေသည်။ မိုးသံ တဖျောက်ဖျောက်ကို ကြားလာရသည်။ မိုးသည် ဖြည်းညှင်းစွာရွာနေရာမှ တဝေါဝေါနှင့် ရွာလာတော့သည်။ ခုချိန်ထိ စောစောတုန်းက ပုလင်းတိုက်ကျကွဲသံမှလွဲ၍ သာလှဘက်မှ မည်သည့်အသံကိုမှ မကြားရ။ ကိုလှမောင် ၏ လက်တွေ ကွတ်ပျစ်နောက်ကျောကို စမ်းသပ်နေရသည်။ ခုထိ ပေါက်ပြားရိုးကိုမကိုင်မိသေး။ အသက်ကိုခပ်မှန်မှန်ရှူလျှက် ငြိမ်သက်နေမိသည်။ ခုမှ အမှောင်သည် သူ၏ ကြောက်စိတ်ကို ပိုမိုကြီးထွားအောင် ပင့်သင့်ပေးလိုက်သလိုရှိသည်။ ချွေးများ တဒီးဒီးကျလျှက် နေရာမှမလှုပ်ရဲ။ အလင်းမရှိသဖြင့် မိုးထဲလေထဲတွင် လယ်တဲမှာ မှောင်နှင့်မည်းမည်း။ တစ်ချက်တစ်ချက် လေဆောင့်တိုက်သဖြင့် မိုးကာဖျင်စမှာ ဘတ်လှပ်ဘတ်လှပ်ဖြင့် စည်းကျကျ လှုပ်ရမ်းနေသည်။ သာလှ၏ လှုပ်ရှားသံကို နားစွင့်နေမိသည်။ ထိုစဉ် အမှောင်ထဲတွင် တစ်ခုခုလှုပ်ရှားလိုက်သည်ကို အမှောင်ကို အသားကျနေပြီဖြစ်သော ကိုလှမောင်မျက်လုံးက မြင်လိုက်ရသည်။ သာလှမဟုတ်သော သာလှကြီး အမှောင်ထဲတွင် မိုးတိုးမတ်တပ်ရပ်လို့နေသည်။ ဘုရားဘုရား အသက်ဇီဝန်သည် ကြွေရတော့မည်လား။
ထိုအခိုက်အတန့်တွင် မီးခြစ်ခြစ်သံကိုကြားလိုက်ရသဖြင့် သာလှ မတ်တပ်ရပ်နေရင်းမှ ရုတ်တရက် ငြိမ်ငြိမ်ကလေးနေမိလိုက်သည်။ ကိုလှမောင်မဟုတ်သော ကိုလှမောင် ဘက်အခြမ်းမှ မီးခြစ်ခြစ်သံသည် ဖြည်းညှင်းနှေးကွေးစွာ တစ်ချက်ပြီးတစ်ချက် ခြစ်နေသည်။ သာလှ စိတ်ကိုလာ ဆွနေသည်လား။ နှလုံးခုန်သံသည် တစ်စက္ကန့်တွင် အချက်ပေါင်း ရာချီသည်ဟုပင် ထင်နေရသည်။ တဒုတ်ဒုတ်ခုန်နေသော နှလုံးခုန်သံနှင့် နားထင်သို့ ဆောင့်တက်နေသော သွေးကြောများသည် ပြတ်တောက်သွားတော့ မယောင်ထင်နေရသည်။ ချွေးများသည် နဖူးပြင်မှ၊ နားထင်မှ ၊ လည်ဂုတ်ဆီမှ အဆက်မပြတ် တဒီးဒီးကျလျှက်ရှိနေသည်။ မိုးနှင့်လေနှင့် လယ်တဲထဲတွင် သာလှသည် ပူလောင်အိုက်စပ်လျှက်ရှိနေရသည်။ ခုချိန်ထိ မီးခြစ်သံမှ မရပ်တန့်သေး။ သာလှ ကိုယ့်ကိုကိုယ် မလှုပ်မယှက်ဖြင့် ရပ်နေရသည်။ မှောင်နှင့်မည်းမည်းတွင် အရိပ်တစ်ခုက သူနှင့် လက်တစ်ကမ်းအကွာတွင် ငုတ်တုတ်ကြီးထိုင်နေသည်ကို ကျင့်သားရနေသော မျက်လုံးကမြင်၏။ တင်ပလ္လင်ခွေထိုင်နေရာမှ ဆောင့်ကြောင့်ပြင်ထိုင်လိုက်သည်ကိုတွေ့လိုက်ရသဖြင့် သူ့လက်သည် ရုတ်ခနဲအပြင်တွင် မီးခြစ်သံအဆုံး မီးပွင့်ကလေးလင်းလာလေသည်။
“အား……..“
“အား…………..။“
“အား………………..။“
“အား……………………..။“
ဆောင့်ကြောင့်ကြီးထိုင်လျှက် ချွေးတွေတဒီးဒီးကျနေသော ကိုလှမောင်နှင့် ကွတ်ပျစ်ဘေးနားတွင် မတ်တပ်ကြီး ဆန့်ဆန့်ရပ်လျှက် မျက်လုံးကြီးပြူးက ချွေးများ တဒီးဒီးကျနေသော သာလှကိုမြင်လိုက်ရသဖြင့် မင်းမောင်နှင့် မောင်လွင်မှ အားဟု ထအော်လိုက်ခြင်းဖြစ်ရာ သာလှနှင့် ကိုလှမောင်မှာလည်း တစ်ပြိုင်တည်းလိုက်အော်မိခြင်းဖြစ်သည်။
ထိုနောက်လူသံများကိုကြားလာရပြီး ဓါတ်မီးကိုယ်ဆီနှင့် လူအများရောက်လာကြသည်။ ကိုလှမောင်နှင့် သာလှမှာကြောင်တောင်တောင်ကြီးဖြစ်လျှက် စကားပြောဆိုနိုင်ခြင်းမရှိရာ ဆေးရုံသို့အမြန်ပို့ရတော့သည်။ ယခုတွင်မှ သူတို့လေးဦးနေသောလယ်တဲအနီးတွင် လယ်တဲကလေးများ အစီအရီရှိနေလျှက် သူတို့နေသော လယ်တဲမှာ ဦးသောင်း၏ တဲမဟုတ်ပဲ ဦးသောင်း၏လယ်တဲမှာမူ ယခုတဲနှင့် လယ်တစ်ကွက်ဝေးနေသေးသည်။ အနီးအနားမှ လယ်တဲများမှာ သူတို့လေးဦးရောက်လာပြီး ချက်ပြုတ်နေကတည်းက အသံတွေကိုကြားနေရပြီး လယ်တဲရှင်၏ ဧည့်သည်များဟု ထင်မှတ်နေခဲ့ကြခြင်းဖြစ်သည်။
ကိုလှမောင်နှင့် သာလှ၏ စိတ်ထဲတွင်ရှိနေသော သံသယသည်ကား ညအမှောင်ယံထဲမှာ ….။
သော်ဇင်(လွိုင်ကော်)
1st-Oct-2012
12;14Pm
8 comments
ကြည်ဆောင်း
October 1, 2012 at 3:47 pm
အင်း ….. သံသယဆိုတာမထားကောင်းဘူးလို့ ပြောသံကြားဖူးတာပဲ …
သံသယမထားပြန်တော့လဲ ….
:bar:
amatmin
October 1, 2012 at 3:53 pm
ကိုသော်ဇင်ရေ..
ဖတ်ရင်းနဲ့ မျောသွားရတယ်ဗျာ..အင်မတန် ထိတဲ့ အရေးအသားပါပဲ..
ဆော်ပီ နှက်ပီ မှတ်ပီး မျောသွားတာ ဗျာ..
အဆုံးသတ်လှည့်လိုက်တာလေး မိုက်သကိုး.
အထင်တွေ သံသယတွေက အင်မတန်ဒုက္ခပေးပါတယ် ဆိုမှ..
ပြောချင်စရာ အရက်ကပါလာသေး ဆိုတော့ ..ပြီးပါလေရော
ကိုယ့်အတွေးအတိုင်းပြောရရင်တော့
သူငယ်ချင်း မိတ်ဆွေတွေအချင်းချင်းကြား
ရှိတတ် ဖြစ်တတ်တဲ့ အထင်လွဲသံသယတွေကို..
အရက်သောက်ရင်း ရှင်းထုတ်နိုင်လိုက်တာလည်း
ကောင်းခြင်းတမျိုးပဲလား လို့….. 🙂
Ma Ei
October 1, 2012 at 4:17 pm
မင်းမောင်နှင့် မောင်လွင် တို့
နိုးလာလို့တော်သေးရဲ့….
ညအမှောင်ထက် သံသယတွေက
ပိုမှောင်နေပါလားနော်…
အလင်းဆက်
October 1, 2012 at 6:32 pm
ကိုသော်….
အရေးအသားတွေ..အရမ်းကောင်း လာတယ် ။
အားပေး နေလျက်ပါနော် ။
မောင်ပေ
October 2, 2012 at 2:39 am
သားမက်မသိတော့ သူခိုးထင် ဆိုသလိုပ
Shwe Ei
October 2, 2012 at 11:50 am
ဟားးးဟားးးး အမှောင်ထဲ အရက်ထိုင်သောက်ပီး ကိုယ့်အချင်းချင်းပြန်ကြောက်ရတယ်လို့။
ဗိုက်ကလေးထက်ဆိုးနေဘီ။ :harr:
ရွာစားကျော်
October 2, 2012 at 10:35 pm
ဖတ်ရင်းနဲ့ ကိုယ်တောင် ချွေးပြန်ချင်တယ်..
အချင်းချင်း သံသယကြောင့် ဓားနဲ့ခုတ် ပုလင်းနဲ့ ရိုက်တွေ ဖြစ်ကုန်တော့မလားလို့
ကိုပေါက်(မန္တလေး)
November 4, 2012 at 10:58 pm
မူးနေတော့ အမှန်ကိုမစဉ်းစားနိုင်တော့ဘူးလေ