ကောင်းကင် ပြိုတဲ့ နေ့
အရှေ့အလယ်ပိုင်း အာရပ်နိုင်ငံများဆီမှာ ယခုလိုနွေရာသီကုန်ဆုံးလို့ ဆောင်းဦးပေါက်လာပြီဆို လွန်စွာနေလို့ကောင်းပါတယ်။ နံနက်ခင်း ပိန်းပိတ်အောင် ကျတဲ့ “မြူ” တွေက ကဗျာဆန်အောင် လှပေမဲ့၊ ကား မောင်းရသူများ အဖို့ကတော့၊ “ဟွန်း” အဆက်မပြတ် နှိပ်ရင်း “ချွေးကလေး တစိုစို” ပေါ့ခင်ဗျာ။ အဲ မောင်ကျောက် တို့လို ဘာသာဝင် မဟုတ်သူများ အဖို့ ဆိုးတာကတော့၊ “ရာမာဒမ်” ဥပုသ်လ ပေါ့ခင်ဗျာ။ နေ့လည် နေ့ခင်း လူမြင်သူမြင် “တံတွေး” တောင်မမြိုရဲ၊ ညနေတိုင်းလဲ အိမ်မှာ နွေနှောင်းလက်ကျန် စွန်ပလွန်သီးနဲ့ ရေနွေကြမ်းဘဲ အပျင်းပြေ မှီဝဲရတာမို့ “ရာမာဒမ်” ဥပုသ်လ ကုန်ဆုံးမဲ့ရက်ကို လက်ချိုးလို့သာ ရေနေမိပါတယ်။
မောင်ကျောက် လိုဘဲ၊ ဥပုသ်လ ကုန်ဆုံးမဲ့ရက်ကို အတူ မျှော်နေတဲ့သူ တစ်ယောက် ရှိပါသေးတယ်။ သူကတော့ မောင်ကျောက် နေတဲ့ ခြံဝင်းနဲ့ နောက်ဘက်ကပ်ရပ်က “စတီနာ” ဆိုတဲ့ သောက်ဖော် စားဖက် သူငယ်ချင်းပါ။ သူ နဲ့ မောင်ကျောက်၊ အတွေးအခေါ် အယူအဆ၊ စားသောက် နေထိုင်မှု ပုံစံချင်း မတူလို့ မကြာခဏ စကားများရပေမဲ့၊ “ရာမာဒမ်” အားလပ်ရက်မှာ သောက်သုံးဖို့ “ပုလင်း” တွေစုထားတာ ဆိုတော့ ရင်ခုံသံချင်း ထပ်တူပေါ့ဗျာ။
ဒီနေရာမှာ အလျဉ်းသင့်လို့ အာရပ်နိုင်ငံတွေမှာ အကြောင်း အမျိုးမျိုးနဲ့ နေ နေကြတဲ့၊ နိုင်ငံခြားသားများ အကြောင်းပြောပါရစေ။ အဲသည့် အာရပ်ပြည်မှာ ဒေသခံတွေပြီးရင် အိန္ဒိယ တိုင်းရင်းသား နဲ့ ပါကစ္စတန် တွေက အများဆုံးပါ၊ ပြီးတော့ ဖိလစ်ပိုင် နဲ့ နီပေါ တွေပေါ့။ အာရပ်ပြည်ရဲ့ ဥပဒေ အရ၊ အလုပ်ရှင်က သူ့ဝန်ထမ်းကို နေစရာ၊ စားစရာ၊ အလုပ်ခွင် အပို့အကြို တာဝန်ယူရတယ် ဆိုပေမဲ့၊ လည်ဝယ်သူများက အဆင်ပြေသူချင်း စုပြီး အပြင်မှာနေကြပါတယ်။ ဒါက ပုံမှန် ဝန်ထမ်းများ အတွက်ပါ။
မိသားစုပါ အပါခေါ်လာတတ်တဲ့ ဥရောပတိုင်းသားများကတော့ သူတို့လူဖြူများ စုရာရပ်ကွက်မှာ ခြံနဲ့ဝင်းနဲ့ အိမ်တွေကို ငှါးပြီးနေကြပါတယ်။ တကယ်တော့ သူတို့ခမျာလဲ ဝမ်းရေးအတွက်မို့လာ အလုပ် လုပ်ကြပေမဲ့ အန္တရာယ်ရှိတဲ့ ဒီလိုအရပ်မှာ ဘယ်သူမှ အာရပ်တွေကြားထဲ မနေရဲကြသလို မိသားစုကိုလဲ မထားနိုင်ကြပါဘူး။ အထူးသဖြင့် “ဆော်ဒီ” မှာ အလုပ် လုပ်တဲ့ အဖြူတွေက “ဘာရိန်း” မှာ မိသားစုကို ထားပါတယ်။ “ဘာရိန်း” က အတော် “လစ်ဘရယ်” ဖြစ်တယ်ဆိုပေမဲ့၊ ဖြစ်လာရင် ကျော်မကောင်း ကြားမကောင်း မို့၊ အရေးကြုံရင် နိုင်ငံခြားသားချင်း ကျောချင်းကပ်ရပါတယ်။ မောင်ကျောက် က အသားမဲပေမယ့် ပြင်သစ် ကုမ္ပဏီ မှာ အလုပ် လုပ်တာမို့၊ မောင်ကျောက် ကို အနှီ အဖြူ ရပ်ကွက်မှာ ရုံးက နေရာချထားပေးပါတယ်။
ပြန်ဆက်ရရင်၊ အဲသည့် မျှော်နေတဲ့ “ရာမာဒမ်” အားလပ်ရက် ကိုရောက်လာပါတော့တယ်။ ပျော်တာပေါ့ဗျာ ….. ရက် ၄ဝလုံးလုံး၊ သူရာရည် မှီဝဲတာ မိရင် “ထောင်” ထဲ ရောက်မှာမို့ ကြိတ်မှိတ် မြိုသိပ် ထားရတာ၊ ဒီနေ့တော့ “အာဝါဒေး” ပွဲခံ မဟဲ့ ဆိုပြီး နံနက်ထဲက စားစရာ၊ မြည်းစရာ၊ အဖျော်ယမကာ အစုံအလင် ရေကူးကန် ဘေးမှာပြင်ပြီး “စတီနာ” နဲ့ ဖလန်းဖလန်း ထဖို့ ပြင်နေတုံး၊ မောင်ကျောက် ညီမ “ဘန်ကောက်” ကနေ ဖုန်းခေါ်ပါတယ်။ သေရေး ရှင်ရေး တမျှ အရေးမကြီးရင် ဖုန်းမခေါ်ဖို့ မှာထားတာမို့၊ မောင်ကျောက် သက်ပြင်း အခါခါချပြီး သံစုံမြည်နေတဲ့ “ဟန်းဖုန်း” နဲ့ ညီမလေးရဲ့ “ဖုန်းနံပတ်” ကို တွေတွေကြီး စိုက်ကြည့်မိနေတာ “စတီနာ” အနားရောက်မှ အသိ ပြန်ကပ်ပါတယ်၊ ဟုတ်ကဲ့……. မျှော်လင့်ထားတဲ့ ” ပြဿဒါး” နေ့ ရောက်လာပါပြီ။
ဒီလိုပါ ခင်ဗျာ၊ မောင်ကျောက် ရဲ့ မိခင်ကြီး မှာ နှလုံးသွေးကြောကျဉ်း ဝေဒနာရှိပါတယ်၊ လွန်ခဲ့တဲ့ နှစ်များထဲက “တစ်နေ့ရွှေ၊ တစ်နေ့ငွေ” အခြေအနေ တစတစ ယိုယွင်းလာတာမို့ တစ်မိသားစုလုံးက သူ့ရဲ့ နောက်ဆုံး အချိန်ကို စောင့်နေကြရတယ်ဆိုရင် မမှားပါဘူး။ ပြီးခဲ့တဲ့ ၄ရက်က မောင်ကျောက် အိမ်ကို ဖုန်းခေါ်တော့ အမေ အမောဖောက်ပြီး ကောင်းကောင်း စကားမပြောနိုင်လို့ အဖေ နဲ့ဘဲ ပြောခဲ့ရတာပါ။ မောင်ကျောက် ကိုယ်တိုင် မပြုစုနိုင်ဘဲ၊ မိသားစု လိုသမျှ “ပိုက်ဆံ” ဆိုတာကြီးကိုဘဲ ပို့ရတဲ့ ဘဝမို့ တော်တော်စိတ်မကောင်း ဖြစ်ရပါတယ်။
မောင်ကျောက် ငယ်ငယ်က တစ်ဦးတည်းသောသား “လူဆိုး” ဆိုပေမဲ့၊ ဖခင်ကြီး သင်္ဘော မလိုက်နိုင်တော့ထဲက မိဘ နှစ်ပါး၊ နှစ်မ သုံးယောက်၊ တူမ နှစ်ယောက် အတွက် တစ်ဦးထဲသော အိမ်ထောင်ဦးစီးပါ။ အလှည့်ကျလို့ မငြီးပါဘူးဗျာ၊ မောင်ကျောက် ဖြုန်းလာတာလဲ နဲမှမနဲတာ။ ဒါပေမဲ့၊ တစ်သက်လုံး ဒီလိုချည်းသွားဖို့ မဖြစ်နိုင်တာမို့ B.E. နောက်ဆုံး အသုတ်နဲ့ ကျောင်းပြီးတဲ့ ညီမကို သူ့ဘဝ ရှေ့ရေး အတွက် “ဘန်ကောက်” ပို့ပြီး ဘွဲ့လွန်ကျောင်း ဆက်ထားရတယ် ဆိုတော့၊ မိခင်ကြီး “ဆေးဖိုးဝါးခ” နဲ့ မောင်ကျောက်မှာ “ဝါသနာ ဘာဂီ” သောင်းသာ သောင်းကျန်းရတာ၊ ” ငွေ ” ကြပ်လှပါတယ်။
ဖခင်ကြီးက ကျန်းမာ သူမို့လို့သာ တော်သေးတာပါ။ ဟုတ်ကဲ့ ….. မောင်ကျောက် က ဆေးလိပ်၊ အရက်၊ ပေါက်ကရ လူ့ပြည်မှာဘဲရတာဆိုပြီး အကုန်လုပ်ပေမဲ့၊ ဖခင်ကြီးကတော့ “တို့” တောင် မကြည့်ပါ၊ သူ့ခင်မျာ မိသားစု သူ့ကြောင့် မျက်နှာငယ်ရမှာ အတော် စိုးရိမ်တတ်သူပါ။ မောင်ကျောက် ရွာပြန်ရောက်ရင် အပြင်ထွက်ပြီး “သောက်သောက်စားစား၊ လူ့မင်းသား” လုပ်တာကို သူနဲနဲမှ သဘောမကျပါဘူး၊ ရန်ဖြစ်မှာ၊ ပြဿနာ တက်မှာ သူတော်တော် စိတ်ပူပါတယ်။ ဒီတော့ မောင်ကျောက် အပြင် မထွက်ရအောင်၊ သူဘဲ အမြည်း ကြော်လှော်ပြီး အဖော်လုပ်ပေးပါတယ်။ အဟဲ ……. အဲဒီ အမြည်းက သူဘဲ ရေနွေးကြမ်း နဲ့ မြည်းတာ ကုန်ရော…..
အဖေက နံနက် ၄နာရီ ဆို ပုံမှန် အိပ်ရာကထပြီး ၁နာရီ တရားထိုင်ပါတယ်၊ ပြီးရင် ရေစက်မောင်း/ရေတင် ၊ နံနက်စာ ပဲပြုတ် နဲ့ ထမင်းကြမ်း စားပြီးရင် ဈေးသွားဖို့ ပြင်ပါတယ်။ မောင်ကျောက် ရဲ့ မိခင်ကြီးက စိတ်အတော်ကြီးသလို၊ အစားကောင်း လဲကြိုက်တတ်သူမို့ သူ့ခင်မျာ ခြေတိုအောင် ဈေးပတ်၊ မြေးနှစ်ယောက် အတွက်ပါ မုန့်ဝယ်ပြီး နံနက် ၇:၃ဝရင် အိမ် အမြဲပြန်ရောက်စမြဲပါ။ ပြီးရင် လဖက်ရည်ဆိုင်မှာ သူ့မိတ်ဆွေများနဲ့ ထိုင်ပြီး ညက “ဘောပွဲ” အကြောင်း ” မြိန်ရည်ရှက်ရည် ” ပွါးပါ တော့တယ်၊ အဲဒါ အဖေ့ရဲ့ နေ့စဉ် နံနက်ခင်း ဂျူတီပါ။
အမနှစ်ယောက်က နယ်မှာ တာဝန်ကျတာမို့၊ မိခင်ကြီး တရှောင်ရှောင်နဲ့ ခဏခဏ အိပ်ရာထဲ လဲတိုင်း မြေးနှစ်ယောက် နဲ့ အဖေ့ခင်မျာ အတော် ကသီပါတယ်။ ပြီးခဲ့တဲ့ လေးရက်လောက်က မောင်ကျောက် အိမ်ကို ဖုန်းဆက်တော့
“သား ရေ၊ ဒီတစ်ခါတော့ မင်းအမေ လွယ်တော့မယ် မထင်ဘူး၊ အမောဖောက်တာ စိတ်လာတယ်ကွ။ မင်း စိတ်ထဲမှာ၊ ကြိုပြီး ဖြေ ထားပေါ့ကွာ၊ အဖေလဲ မင်းအမေ အရိပ်အရာလွဲရင် ခလေးတွေကို အလတ်မ ဆီ ပြန်ပို့ပြီး ရာသက်ပန် ဘုန်းကြီး ဝတ်ဖို့ စိတ်ကူးထားတယ်”
“ဟာဗျာ အဖေကလဲ၊ ဖြစ်ခါမှဖြစ်ရော ပေါက်ကရတွေ မစဉ်းစားပါနဲ့ ။ ဘာလဲ၊ နောက်မိန်းမ မယူတော့ဘူးလား”
“ဘာကွ၊ မင်းလိုကောင်များ မှတ်နေသလား။ ငါ…. တယ်၊ ပြောမကောင်း ရှိတော့မယ်”
ဟူး…….. စိတ်ကို အတတ်နိုင်ဆုံး တည်ငြိမ်အောင် ထိန်းချုပ်ရင်း၊ မောင်ကျောက် ညီမငယ်ကို အားပေးနှစ်သိမ့်ဖို့ ဖုန်းပြန်ခေါ်လိုက်တာ၊ သူ့ခမျာ တော်တော် ဝမ်းပန်းတနဲ ငိုကြွေးနေတာမို့ အတန်ကြာမှ စကား စလို့ရပါတယ်။
“မီးမီးရယ် တော်တော့၊ အငိုတိတ်တော့၊ လူဆိုတာ သေမျိုးချည်းပဲ ကွဲ့”
“ဝမ်းနဲ လွန်းလို့ပါ ကိုကိုရယ်”
“စိတ်ကိုဖြေ ပါကွယ်၊ အမေ့ ခင်ဗျာ ဝေဒနာနဲ့ ပင်ပန်းလှပါပြီ”
“ဘာတွေ လာပြောနေတာလဲ၊ အမေ မဟုတ်ဘူး၊ အဖေ…. ကိုကိုရဲ့၊ အဖေ ညက ဆုံးတယ်”
“ဟေ…..ဘာ…………..ဘာပြောတယ်”
မောင်ကျောက် လက်ထဲက ဖုန်းလဲလွတ်ကျသွားပြီး ၊ “မဟာပထဝီမြေကြီး အိုးထိန်းစက်ကဲ့သို့လည်၏” ဆိုတာကို ပထမဦးဆုံး အကြိမ် ခံစားမိပါတယ်။ မျက်ရည်တွေ သွင်သွင်ကျ၊ ဆောက်တည်ရာမရ ဖြစ်သွားတဲ့ မောင်ကျောက် ကို သူငယ်ချင်း “စတီနာ” က အရက် သုံးပက် အတင်းတိုက်ပြီး၊ မောင်ကျောက် လုပ်သင့်တာတွေကို အစီအစဉ် ချပြပါတယ်။ အလုပ်ထဲမှာ ပြဿနာ တက်တိုင်း သွေးအေးခဲ့သလောက်၊ “ကိုယ့်လက်မီးလောင်တော့” ဘာလုပ်လို့ ဘာကိုင်ရမှန်းကို မသိတော့ပါဘူး။
သူငယ်ချင်းက မောင်ကျောက်ကို အဝတ်အစား ထုပ်ပိုးပေးပြီး ရွာပြန်ဖို့ပြင်ခိုင်းပါတယ်။
မောင်ကျောက်မှာ အပြန်လက်မှတ်ကလဲ အဆင်သင့်မရှိ၊ ကွင်းမှာဆင်းဝယ်တော့လဲ လေယာဉ်အဆင့်ဆင့် စီးရမှာ အားလပ်ရက်မို့ ခုံကလဲမရ၊ အစောဆုံး သေချာတဲ့လက်မှတ်နဲ့ ပြန်ရင်တောင်မှ “ရက်လည်” ပြီးမှ ရွာပြန်ရောက်မယ့် ပုံမို့ အရူးမီးဝိုင်းပါ။ နောက်ဆုံးတော့ မောင်ကျောက် ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးလိုက်ရပါတယ်၊ မောင်ကျောက် ပြန်မယ့် လေယာဉ်လက်မှတ်ဖိုးကို ” သင်္ဂြိုလ် ” စားရိတ်သုံးဖို့ပါ။ မောင်ကျောက် ပြန်လို့လဲ သေတဲ့သူ ပြန်ရှင်လာမှာ မဟုတ်သလို၊ “နေရေးထက် သေရေးခက်” တဲ့ လူ့ဘဝကြီးမှာ အဖေ့ နောက်ဆုံးခရီး အဆင်ပြေချောမွေ့ စေဖို့က ပိုအရေးကြီးပါတယ်။
ဆုံးဖြတ်ချက်ချပြီး အိမ်ကိုဖုန်းဆက်၊ နှမများကို အားလုံးရှင်းပြပြီး အစီအစဉ်ချပါတယ်၊ တကယ်ဆို အစစ ဦးဆောင်၊ နှစ်သိမ့်ရမယ့် မောင်ကျောက်၊ အကြောင်း ကြောင်းတွေကြောင့် မပြန်နိုင်တာမို့ ရင်ထဲမှာ “မွန်းကြပ်” နေတာပေါ့ဗျာ။ ” နေ့မြင်ညပျောက် ” ကျန်းမာရေး အရမ်းဂရုစိုက်ပြီး သန်သန်မာမာ အဖေ က၊ မမျှော်လင့်ဘဲ ထွက်ခွါသွားတာ နားမလည်နိုင်အောင် ပါဘဲ။
အဲသည့် ညနေက “စတီနာ” ရဲ့ အဒေါ် “အန်တီ ဖလော်ရင်း” ၊ ပန်းတစ်စည်း စားစရာအချို့နဲ့ မောင်ကျောက် အိမ်ကို ပေါက်ချလာပါတယ်။
“မောင်ကျောက်၊ အန်တီ အများကြီးစိတ်မကောင်းဘူး၊ လာ….လူကလေး” ဆိုပြီး ပွေ့ဖက် နှစ်သိမ့်ပါတယ်….
“ပြောပါဦး လူကလေး၊ မင်း ဖေဖေ အသက် ဘယ်လောက်ရှိပြီတုံး၊ ဘယ်လို ဆုံးတာလဲကွဲ့”
“ဒီလိုပါ အန်တီရယ်၊ ဖေဖေ က ၆ရနှစ် ပဲရှိပါသေးတယ်။ TV ကနေ မြန်မာ နဲ့ ဘင်္ဂလား ဘော်လုံးပွဲကို ကြည့်နေရင်း မြန်မာအသင်းကို အားမလိုအားမရဖြစ်ပြီး ဆိုဖာပေါ်လဲကျသွားတာ၊ အိမ်မှာ မေမေ့ ကို လူနာလာကြည့်တဲ့ ဆရာဝန် ကူတာတောင် အသက်ပြန်ပါမလာတော့ဘူး၊ ၁၅မိနစ် ပဲကြာတယ်”
“အိုး…… ဘုရားသခင်၊ မင်း ဖေဖေ ကို ကိုယ်တော် ကောင်းချီး ပေးတာပဲ”
“အမ်……ဘယ်လို…..ဘယ်လို”
ဟုတ်တယ်လေ စဉ်းစားကြည့်၊ ဖအေ သေလို့ ပူဆွေးသောက ရောက်နေတာ၊ ဘယ့်နှယ် “ဘုရားသခင် ကောင်းချီးပေးတယ်” ဆိုတော့၊ မောင်ကျောက် လဲ တော်တော် “ဖု” တာပေါ့။
“အိုး…… လူကလေးရယ်၊ စကားပြော လောသွားတာ စိတ်မရှိပါနဲ့၊ တကယ်ဆို မင့် ဖေဖေ က ၆ရနှစ် ဆိုတော့ ငယ်ပါသေးတယ်။
ဒါပေမဲ့ ဝေဒနာကို ကြာကြာလဲ မခံရ၊ သူများကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေဘဲ သေသွားပုံကို ကြိုက်လွန်းလို့ပါ။
အန်တီဆို အဆစ်အမြစ်နာ၊ ဆီးချို၊ သွေးတိုး ရောဂါစုံ နဲ့ ဝေဒနာ ခံစားရလွန်းလို့၊ မင့် ဖေဖေ လိုသာ သေရမယ်ဆိုရင် အခုသေချင်ပါတယ်ကွယ်။
မင်း လဲ ကံကောင်းတယ်၊ မင့် ဖေဖေ သာ အိပ်ရာထဲလဲရင်၊ မင်း ဘယ်လိုလုပ်မလဲ။ အလုပ်လဲ မပစ်နိုင်၊ အိမ်ပြန်ပြီး မိဘလဲ မပြုစုနိုင် နဲ့၊ မင်းဘဲ ဒုက္ခ ရောက်လိမ့်မယ်။
ခံစားချက်ထက်၊ ဖြစ်ခဲ့တာကို အကောင်းဘက်ကမြင်ပြီး၊ စိတ်ကို ဖြေ ပါ လူကလေးရယ်၊ ဟုတ်ပြီလား”
အင်း…….. သူပြောတာလဲ အကျိုးသင့် အကြောင်းသင့်ဆိုတော့၊ ဟုတ်တုတ်တုတ်။ စိတ်ထဲမှာ တော်တော်ပြေလျှော့ သွားခဲ့တာ အမှန်ပါ။
စကားအတင်းစပ်လို့ ပြောရရင် အမေ လဲ၊ အဖေ ဆုံးပြီးထဲက သူ့ကိုယ်သူ ဂရုစိုက်ပြီး တဖြေးဖြေး ပြန်ကျန်းမာလာတာ၊ အခု တတိယမြောက် မြေးကို စောင့်ရှောက်ဖို့ တောင်ဝင်ရိုးစွန်းနားက ကျွန်းကြီးပေါ် ရောက်နေလေရဲ့။
အဲ……..ဘာပဲပြောပြော မောင်ကျောက်ရဲ့ “ကောင်းကင်” ပြိုကျခဲ့တာတော့ မနက်ဖြန်ဆို “ရနှစ်” ပြည့်ပါပြီ ခင်ဗျား……
40 comments
myanmarcitizen
November 1, 2012 at 4:41 pm
ဦးကျော်ရေ ဖတ်သွားပါတယ်ဗျာ။ သေခြင်းတရားဆိုတာကလဲ ကွေးသောလက် မဆန့်မီ ဆန့်သောလက်မကွေးမီ၊ ဖြစ်နိုင်တာမို့ ရောဂါဖြစ်နေတဲ့အမေကမဖြစ်ပဲ ကျမ်းမာတဲ့အဖေက ထဖြစ်သွားတော့ တော်တော်ခံစားခဲ့ရမယ်ထင်ပါတယ်။ ဦးကျောက်အမေ ပြန်လည်ကျန်းမာလာတယ် ဖတ်ရလိုလဲဝမ်းသာကြောင်းပါ။
“ငါသည်မုချသေရမည်၊ စက္ကန့်ပိုင်းသာလိုတော့သည်”
nozomi
November 1, 2012 at 5:35 pm
အသောရေးတော့လဲ ပါးစပ်မပိတ်ရဘူး
အလွမ်းရေးတော့လဲ ဖတ်ရင်းနဲ့ မျက်ရည်ဝဲမိရဲ့
ကိုယ်လဲ ဘယ်အချိန် ဘယ်ရောဂါနဲ့ ဘယ်နေရာမှာ သေမှန်းမသိ
သေမယ်ဆိုတာဘဲ သေချာသိတာမို့
ဂီဂီ စကား ငှားပြီးတော့ မသေခင် လုပ်ချင်တာလုပ်ကြလို့ ပြောရင်ကောင်းမလား
အင်းးးးးးးးးးးးးးးးး
ရွှေ ကြည်
November 1, 2012 at 7:03 pm
ဦးကျောက်ခဲရေကြားရတာစိတ်မကောင်းပါဘူး ဦးကျောက်အဖေဆုံးတာ ရ နှစ်တောင်ရှိသွားပြီပေါ့..။
ဖတ်နေရင်းတခါတလေမှာမထင်မှတ်ထားတာတွေဖြစ်တတ်တယ်ဆိုတာလေးကိုသတိပြုမိပါတယ်။
အိမ်မှာလည်းရောဂါသည်အဖေ့ကိုဝိုင်းဂရုစိုက်နေတာမို့ အမေ့ကိုလည်းဂရုစို်က်ပါလို့သတိပေးရဦးမယ်..။
“ဘာရိန်း” က အတော် “လစ်ဘရယ်” ဖြစ်တယ်ဆိုပေမဲ့၊ ဖြစ်လာရင် ကျော်မကောင်း ကြားမကောင်း မို့၊ အရေးကြုံရင် နိုင်ငံခြားသားချင်း ကျောချင်းကပ်ရပါတယ်။
အဲဒီစာလေးကို သဘောကျသွားပါတယ်။
ကထူးဆန်း
November 1, 2012 at 9:34 pm
ဦးကျောက်ရေ ..လူတိုင်းမေးကြည့် ။။လူတိုင်းက ဖြစ်နိုင်ရင် ဦးကျောက် အဖေလိုဘဲ ဆုံးချင်ကြမှာ အသေအခြာဘဲ ။ ကျွန်တော် အပါအဝင်ပေါ့ ။
ကျွန်တော့် အဖေလည်း အကောင်းပကတိ ။ မမျှော်လင့် တဲ့ နေ့ တရက် နံနက် ၉ နာရီလောက် လက်မောင်းအောင့်တယ်ပြောရာကနေ နေ့လည် ၃ နာရီသာသာ မှ ဆုံးသွားပါတယ် ။ ဘယ်လိုမှ မမျှော်လင့်ခဲ့ပါဘူး ။
ကျွန်တော်ကတော့ ၁ဝ တန်းဖြေဖို့ တစ်လ အလို ။ လက်မောင်းအောင့် လို့ နိုပ်ပေးဆိုလို့ နိုပ်ပေးခဲ့ပြီး ဆေးကျောင်း တက်နေတဲ့ အမ က မျက်စိပျက် မျက်နှာပျက်နဲ့ ဆေးရုံသွားမှ ဖြစ်မယ်ဆို ခေါ်သွားတော့ သာမာန်လောက်ထင်ခဲ့တာ။
ကျူရှင် သွားတက်နေရာကနေ အိမ်ပြန်ရောက်တော့ အိမ်မှာဘယ်သူမှ မရှိဘဲ အမေ့ သူငယ်ချင်း ကအိမ်စောင့်နေပြီး သားရေ မင်းအဖေဆုံးသွားပြီ ဆိုပြီး ပြောတာ ..
ကောင်းကင်ပြိုခဲ့တာပါဘဲ ..။
အရီးခင်လတ်
November 1, 2012 at 9:42 pm
ကျွန်မတို့ မြန်မာပြည်က အမျိုးသား အများစု က နှလုံးရောဂါ နဲ့ ရုတ်တရက် ဆုံးပါးတာများ သလိုဘဲ။
အချက်အလက်အမှန် တွေ စုဆောင်းပြီး research လုပ်ဖို့ သင့်တယ်။
အပေါ်က ကထူးဆန်း ပြောသလို ပါဘဲ ကိုကျောက်ရေ။
လူတိုင်း ဝေဒနာရေရှည်မခံချင်ဘဲ ထွက်သက်ရပ်လိုကြသူချည်းပါဘဲ။
သေကံကောင်းတယ်လို့ မှတ်ယူလို့ ရပါတယ်။
ကျန်ရစ်သူ တွေကတော့ သူ့ကို အားကိုးတဲ့ ပမာဏ ပေါ်မှာလိုက်ပြီး ပူဆွေး ကြမှာပါဘဲ။
အမေ ကျန်းမာ နေသေးတာ တော်သေးတာပေါ့။
ရနှစ် ဆိုတာ ရှေ့ကို မှန်းရင်သာ ရှည်သလိုပေမဲ့ နောက်ကိုပြန်ကြည့် ရင် မနေ့တနေ့ ကလိုဘဲ မဟုတ်လား။
စိတ်အေးချမ်းသာ ရှိပါစေ လို့ ဆုတောင်းပေးပါတယ်။
ဦး ကျောက်ခဲ
November 2, 2012 at 3:10 pm
myanmarcitizen ၊ ကိုနို ၊ မရွှေကြည် ၊ ကထူးဆန်း ၊ အရီးလတ်
မင်္ဂလာပါ…… ခင်ဗျာ…
myanmarcitizen
ပထမဦးဆုံး ကွန်မန့်အတွက် ကျေးဇူးပါ ခင်ဗျာ….
လောကကြီးက ထူးဆန်းသားဗျာ ….. ဘယ်လိုမှ ထင်မထားမိခဲ့ဘူး….
ကိုနို ရေ
လုပ်ချင်တာလုပ်လာတာ များပြီ၊ လုပ်သင့်တာ ပြောင်းလုပ်ရင် ကောင်းမလားလို့!
မရွှေကြည် ရေ
မိဘ ဆိုတာ အစားထိုးစရာ မရှိတာမို့ ဂရုစိုက်ဗျို့…..
ကထူးဆန်း
အေးဗျာ၊ အဲဒီလို လှည့်တွေးတော့လဲ စိတ်ပြေသား….
ဒါပေမဲ့၊ ခုလို အဆင်ပြေချိန် ရောက်တော့ ပို လွမ်းသားဗျာ….
အရီးလတ်
အဖေ က အမြဲတန်း သွေးပေါင်ချိန်၊ ဆေးစစ် လုပ်နေတာ….
သေမှဘဲ STROKE ရမှန်းသိတော့တယ်…..
ဟုတ်ပါ့ဗျာ….. ရနှစ် ဆိုပေမည့်၊ မနေ့ကလိုပါဘဲ….
မောင်ပေ
November 1, 2012 at 10:05 pm
ဦးကျောက်ရေ
ဖတ်ရတာ
““ဟာဗျာ အဖေကလဲ၊ ဖြစ်ခါမှဖြစ်ရော ပေါက်ကရတွေ မစဉ်းစားပါနဲ့ ။ ဘာလဲ၊ နောက်မိန်းမ မယူတော့ဘူးလား””
အဲဒါမျိုးကြ ပြုံးမိသလို
ဖခင်ကြီးအကြောင်းသိရတော့ ကိုယ်ချင်းစာမိပါတယ်
ပုံ
ဖတဆိုးလေး
မောင်ပေ
surmi
November 1, 2012 at 11:28 pm
အစ်ကိုရေ …။
ကိုယ်တိုင်ခံစားဖူးလို့ ကိုယ်ချင်းစာပြီးစိတ်မကောင်းဖြစ်ရပါတယ်ဗျာ…။
(၇)နှစ်ပြည် ့မည် ့ အစ်ကို ့ အဖေအတွက်လည်း ပြုပြုသမျှ ကောင်းမှုတို့ကို ထပ်တူထပ်မျှရစေဖို့
အမျှပေးဝေပါတယ် …. အမျှ..အမျှ…အမျှ …..။
အင်း…..ကျနော် ့အဖေလည်း လာမည် ့ ၂၀၁၃ ဇန်နဝါရီမှာ နှစ်နှစ်ဆယ်ပြည် ့မှာပဲ….။
ဒီလိုပဲအစ်ကိုရေ …တားမရ ရှောင်မရတဲ့ ခရီးရှည်ကြီးကို ဘယ်နေ ့ထွက်ရမလဲဆိုတာ မသိနိုင်တာပဲလေ ။
တတ်နိုင်သမျှ အထုပ်လေးတော့ ပြင်ထားမှနော် …။
Hnin Hnin
November 1, 2012 at 11:32 pm
ဦးကျောက်ရေ…ရနှစ်ကြာပြီမို့ ဦးကျောက်ဖေဖေလည်း သူကျင့်ခဲ့တဲ့စရဏ၊
ကောင်းမှုကုသိုလ်တွေကြောင့် ကောင်းရာဘုံလည်း ရောက်နေလောက်ပါပြီ..
‘အလှည့်အပြောင်း’ ဆိုတာ ဒါထင်ရဲ့…မထင်မှတ်ဘဲ အဖေဆုံးသွားရတာနော် 🙁
ကိုကျောက်ဖေဖေက ဘောပွဲကြည့်တာ ဝါသနာလည်းကြီးပုံရတယ်….
အရင်းစစ်တော့ မျိုးချစ်စိတ်တွေ ထက်သန်သွားလို့ အဲ့လိုဖြစ်ခဲ့ရတာများလား..
နှင်းနှင်းလို ဘောပွဲကြည့်တာဝါသနာမပါ၊ဘောပွဲတစ်ခါမှ Live မကြည့်ဖူးတဲ့သူတောင်
Brunei မှာ ထိုင်းအသင်းနဲ့ မြန်မာU21နဲ့ finalကန်တာကြည့်ပြီး လုံးဝမြန်မာအလံကို
မချဘဲ ပနယ်တီကန်တဲ့အထိ ဝှေ့ယမ်းအားပေးနေခဲ့တာ။ မိုးထဲလေထဲ အကြိတ်အနယ်
ကန်ပြီးမှ ခြေသာလျက်နဲ့ပနယ်တီနဲ့ရှုံးသွားလို့ စိတ်မကောင်းတွေဖြစ်ပြီး မချိတင်ကဲ
ဖြစ်ပြီး ညလည်းအိပ်မပျော်နိုင်တဲ့အထိ ဖြစ်ခဲ့ရတာ..ကန်တဲ့သူတွေကတော့ ပြောမနေ
ပါနဲ့တော့…နောက်နေ့ ထမင်းလိုက်ကျွေးတာတောင် မျက်နှာတွေအိုနေကြတုန်းပဲ…
ဦးဦးပါလေရာ
November 1, 2012 at 11:40 pm
မိဘကိုတော့ ဘယ်လိုနည်းနဲ့မှ မဆုံးစေချင်ဘူးပေါ့…
အင်း…
ကိုယ်သေရင်တော့ အကြိုက်ဆုံးရောဂါ နှစ်မျိုးရှိတယ်…
(အပြင်းအထန်) ဦးနှောက်သွေးကြောပေါက်တာရယ်….
နှလုံးရောဂါရယ်….
ကိုကျောက်ဖခင်ကြီး အသက်သာဆုံးနည်းနဲ့ ထွက်ခွာသွားခဲ့တာလို့ပဲ
ကောင်းတဲ့ဘက်ကလှည့်တွေးဖြေသိမ့်နိုင်ပါစေဗျာ…
uncle gyi
November 2, 2012 at 8:16 am
ဖခင်ဆုံးတဲ့နေ့ကို ကောင်းကင်ပြိုတဲ့နေ့လို့
အမည်ပေးလိုက်တာအင်မတန်လိုက်ဖက်ပါတယ်ဗျာ
ဦး ကျောက်ခဲ
November 2, 2012 at 3:37 pm
ကိုပေ ၊ အကိုဆာမိ ၊ တူမ နှင်းနှင်း ၊ အကိုပါ ၊ uncle gyi
မင်္ဂလာပါ…… ခင်ဗျာ
ကိုပေ
အဖေ က ကျွန်တော့် အတွက် အကောင်းဆုံး သူငယ်ချင်းဆိုလဲ မမှားပါဘူး….
ဘာတတ်နိုင်မလဲဗျာ……. သေခြင်းတရား၊ ဘယ်သူ လွန်ဆန်နိုင်တာ မှတ်လို့!
အကိုဆာမိ
သာဓု… သာဓု… သာဓု ပါ ခင်ဗျာ…
ဒီမှာလဲ၊ မနက်က ဘုန်းကြီးကျောင်းကို နေ့ဆွမ်း ပို့ဖြစ်တယ်…
အမှန်အတိုင်း ပြောရရင်၊ ကိုယ့်အတွက်တော့ ကိုယ်မပြင်ရသေးဘူး…
ဒီလိုနဲ့ မိုးကြီးချုပ်မှာလဲ ပူမိပါရဲ့!
တူမ နှင်းနှင်း
ဦးကျောက် ဖေဖေက အားကစား အရမ်းဝါသနာပါတာ…
သူနဲ့အတူ “လက်ဝှေ့ပွဲ” မကြည့်ရဲဘူး… ဘေးကနေ သူ့တတောင် တွေကို ရှောင်ရလို့…
မျိုးချစ်စိတ်ကတော့ မမေးနဲ့၊ မြန်မာအသင်း သူ့ အကွက်နဲ့ ကန်ရင် “ချန်ပီယံ” ဖြစ်တာကြာပြီ!
အကိုပါ
ဘယ်လိုပဲ သေရသေရ၊ သေခါနီး ခန္ဓာကိုပြတ်စေတဲ့ ဝေဒနာတော့ အကြောက်သား…
ကောင်းတဲ့ဘက်က တွက်တော့လဲ၊ ဝေဒနာကို ကြာကြာ ခံစားမသွားရဘူးပေါ့ဗျာ…
uncle gyi ရေ
ကျွန်တော့် အတွက်တော့ အဲဒါ အမှန်ဘဲ…
ကြာလေလေ ပိုသတိရလေလေ ပါဗျာ…
ခင်ဇော်
April 13, 2015 at 4:04 pm
တူမ နှင်းနှင်း တဲ့။
ဟိဟိ
:mrgreenn:
kai
April 14, 2015 at 1:51 am
တူမ..တူမနဲ့.. သူက”မ”သွားတာမို့.. သူမပေါ့… :k:
ဦးကျောက်ခဲ
April 14, 2015 at 8:38 am
အဟိ… တူမတွေ သူမတွေ မငြင်းတော့ပါဘူး…
ရှိသမျှ အချစ်တွေ အကုန်မသွားတဲ့…
သားရတနာ ဝီလီ လေး ရပြီမို့ ပြည့်စုံပါပြီ…
ဒါပေသည့် ဖေဖေကျောက်စ်လည်း အိပ်ရေးပျက်၏…
:k:
kyeemite
November 2, 2012 at 9:07 am
ကိုကျောက်ခဲရေ…ဖတ်ရတာ စိတ်မကောင်းပါဘူးဗျာ…
လက်ရှိအနေနဲ့ကတော့ ..ကျန်းမာလာတဲ့ မိခင်ကြီးနဲ့
တတိယမြောက် မြေးရဲ့ မိခင်တို့ ကျန်းမာရွှင်လန်းစွာ
ပြည်တော်ချောချောမွေ့မွေ့ ပြန်နိုင်စေကြောင်း ဆုတောင်းပေးပါတယ်ဗျာ…
ဘုရား..ဘုရား…“ကောင်းကင်ပြိုတဲ့နေ့” ဆိုပါလား….
ကျနော့မှာလည်း ကြုံရလုလုပါဗျာ…အဖေကြီး သက်သက်သာသာထွက်ခွါနိုင်
ရန်..ဘုရားတပြီးဆုတောင်းနေရကြောင်းပါ….
လက်ရှိ ကျန်းမာနေဆဲ “အမေ့”ကို ကရုစိုက်ဖို့လည်း
သတိရသွားပါတယ်…ကျေးဇူးပါ။
MaMa
November 2, 2012 at 9:31 am
စာကိုဖတ်ပြီး စာရေးသူ မောင်ကျောက်ခဲဟာ ဇဝနဉာဏ်အတော်ရွှင်ပုံရတယ်။
ကောင်းကင်ပြိုကျပုံလေးရေးတာတောင် အသောလေးနဲ့ သွက်ပ့ါ။ :hee:
Mon Kit
November 2, 2012 at 9:55 am
ဦးကျောက်ခဲရေ……
စိတ်ဝင်တစားဖတ်ရှုလာရင်း…. ညီမက ဝမ်းနည်းပူဆွေးငိုကြွေး လို့ မျှော်လင့်ထားမိတဲ့ မိခင် သေမယ်အထင်နဲ့ နှစ်သိမ့်ပေးနေရာက မမျှော်လင့်ဘဲ ကျမ်းမာစွာ ရှိနေတဲ့ ဖခင်ဆုံးပါးသွားတဲ့အကြောင်း သိလိုက်တဲ့အချိန် ထပ်တူထပ်မျှ အံ့ဩဝမ်းနည်းမိရပါတယ်..
ကောင်းမွန်တဲ့ ဘုံဘဝကနေ ပြုသမျှကုသိုလ်တွေအတွက် သာဓုခေါ်ဆိုနေမှာပါ…
မိခင်ကြီး ကျမ်းမာရေးပြန်ကောင်းလာပီး မြေးတွေကို စောင့်ရှောက်မှုပေးနေတာကိုလည်း ဝမ်းသာပါတယ်..
ဘဝ မှာ မမျှော်လင့်တာတွေ အမြဲဖြစ်တတ်ပါတယ်… 🙁
ဇမ္ဗူ့လောကပါလကြောင်ဝတုတ်
November 2, 2012 at 10:30 am
ဦးကျောက်ရေ…
ကျွန်တော့အိပ်မက်လေးတစ်ခုရှိပါတယ်…
အသက် (၅၀)လောက်ရောက်ရင် မိသားစုကို ထောက်မနိုင်မယ့် ပုံမှန်ဝင်ငွေရှိအောင်ဖန်တီးပြီး
အလုပ်တွေကနေ အငြိမ်းစားယူမယ်လို့ စဉ်းစားထားပါတယ်… အခုအချိန်အထိတော့ လမ်းမမြင်သေး…
ဒါပေမယ့် လောဘနဲ့ အတ္တအတွက်အလုပ်များလုပ်ပြီးရင် အများအတွက်အလုပ်များလုပ်ရင်း…
သေတဲ့အချိန်မှာ အလုပ်လုပ်ရင်းပဲသေချင်ပါတယ်… ဒါကကျွန်တော့်အိပ်မက်ပါ…
ဒါနဲ့ ဦးကျောက်ဖခင်ကြီးတိမ်းပါးရတဲ့တရားခံထဲမှာ မြန်မာအသင်းပါတယ်လို့ဆိုရမှာပေါ့နော်…
အဲဒီလို အားမလိုအားမရဖြစ်ပြီး ကွယ်လွန်ခဲ့ရတဲ့လူများ ဘယ်လောက်ရှိလဲ စာရင်းကောက်ချင်မိပါရဲ့…
အဲဒီစာရင်းလေးကိုလဲ မြန်မာအသင်းဆီကိုပို့ပေးချင်ပါသေးတယ်…
ခင်မင်လျက်-
ကြောင်ဝတုတ်
koyinmaung
November 2, 2012 at 10:59 am
ကိုကျောက်ရေ…ဖခင်ကြီးဆုံးတဲ့ ရနှစ် မြောက်လွမ်းဆွတ်အမှတ်တရ ရေးသားသွားတာ
အရေးအသားကတော့ရှယ်ပါဘဲ ကောင်းကင်ကြီးပြိုတဲ့နေ့ကို ကိုယ်တိုင်လဲကြုံခဲ့ရတာပါ
ကိုကျောက်ရေးတော့မှပြန်လှည့်ကြည့်မိတယ် အော်..၁ဝနှစ်တောင်ပြည့်တော့မှာပါလား
ကိုယ်တွေတောင်မိဘနေရာကိုရောက်နေပြီဆိုတော့………………
ဦး ကျောက်ခဲ
November 2, 2012 at 4:18 pm
အကိုကြီးမိုက် ၊ သတ်ပုံဒေါ်မမ ၊ ညီမမွန်ကစ် ၊ ကိုကြောင်ဝတုတ် ၊ အကိုရင်မောင်
မင်္ဂလာပါ….. ခင်ဗျာ
အကိုကြီးမိုက်
သတ္တဝါဆိုတာ သေမျိုးချည်းဘဲ ဆိုပေမယ့်၊ ကိုယ့်အလှည့်ကျ ခံစားရခက်တယ် အကို…
အမေက အခုတော့ ကျန်းကျန်းမာမာပါ၊ ဆေးနဲ့ပါးစပ် မပြတ်ဘူးပေါ့ဗျာ…
မောင်ကျောက် လဲ အခု ညစ်နေတယ်…
ကိုယ်က ကိုယ့်ညီမကို ခလေးလို့တွက်ထားတာ၊ သင်းက နေ့စေ့လစေ့ကြီးနဲ့ဆိုတော့…
ယောက်ဖကို “ဂဲ” နဲ့ထုချင်စိတ် ပေါက်နေတယ်… 🙂
သတ်ပုံဒေါ်မမ
ဖြစ်နိုင်ရင် ဦးကျောက် က ရယ်စရာပဲ ရေးချင်တာ…
ခုတောင် “သတ်ပုံ ဂိုဏ်း” ကို ကြောက်လို့ “ဂိုဏ်းသူ” လေးတွေကို အကူအညီတောင်းပြီး ရေးထားတာဗျ…
မှားရင် ချိတ်ဆိုးရဘူးနော်!
ညီမမွန်ကစ်
ဦးကျောက် ကြားကြားချင်း ကိုယ့်နားကိုမယုံ ခဲ့ဘူး…
ဘယ်တတ်နိုင်မလဲ ညီမရယ်၊ သူ့ “သက်တန်း” က ဒီလောက်ပဲ ပါတာ…
ကိုကြောင်ဝတုတ် ရေ
ဦးကျောက် လဲ သည်လိုဘဲ စဉ်းစားမိတယ်…
ကိုယ့်အရိုး ကိုယ်နိုင်တုန်း အလုပ်လုပ်၊ အသက်ကြီးရင် ခြံစိုက်စားမလား ကြံနေတာ…
မြန်မာအသင်းတော့ တော်ပါဗျာ… စိတ်နာလို့ ဘောလုံးပွဲကို လုံးဝ မကြည့်တော့ဘူး…
အိမ်က တူမ အကြီးမဆို သူ့အဖိုး ဆုံးထဲက T.V က ဘောပွဲလာရင် ဘယ်သူ့ကိုမှ ပေး မကြည့်တော့ဘူး။
အကိုရင်မောင် ရေ
အဖေ ဖြစ်လာရင် ကိုယ့်ဖခင် ကို ပိုသတိရတယ်လို့ ဖတ်ဘူးတာဘဲ…
ကျွန်တော်လို တစ်ကိုယ်ရေသမားတောင် ဒီလောက်သတိရတာ…
Hnin Hnin
November 3, 2012 at 2:52 pm
‘သတ်ပုံဂိုဏ်း’ ကို ကြောက်တာတောင် ငှဲ..ငှဲ..ဖတ်လိုက်တာနဲ့ တန်းတွေ့
နေရတာတွေက မနည်းပါလားနော်…စာလုံးတွေကို ပြောပါတယ် 🙂
ဘာပဲဖြစ်ဖြစ် ဖတ်ပြီးတော့ သေသေသပ်သပ်၊ရှင်းရှင်းလင်းလင်းနဲ့
impressed ဖြစ်သွားတာတော့ အမှန်ပါ။
‘ဂိုဏ်းသူလေး’ တွေဆိုတာ ဘူတွေရဲ?
စာအကြီးကြီးရေးတဲ့ ကောင်မလေးရော..နော်ရော မပါလောက်ဘူး။
အဟဲ..နော်တို့က အမှားကို အနည်းဆုံးနဲ့ မဆိုစလောက်လေးပဲ ရံဖန်ရံခါ မှားတတ်ကြတဲ့သူတွေမို့ပါ… 🙂
ပြောသာပြောရတာ…’စာပေဆု-ဖတ်ကူစည်းမျဉ်း၊စည်းကမ်း’ ထဲမှာ….
‘သတ်ပုံ’ မဖတ်မိဘူးလားလို့….ပွင့်ပွင့်လင်းလင်းနဲ့အပြုသဘောပြာရရင်
နှင်းနှင်းစိတ်ထဲ အရေးပါတဲ့သူ၊လေးစားတဲ့သူတွေကပါ စာလုံးပေါင်းလွယ်လွယ်
တွေကိုပါ လွယ်လွယ်နဲ့မှားနေကြလို့(မန့်မှာပဲဖြစ်ဖြစ်) သတ်ပုံက မြန်မာစာမှာ
စာရေးရင်၊ပို့စ်တင်ရင်၊ ရွာ့စာပေဆုအတွက်ရော အရေးများ မပါတော့ဘူးလား
လို့ ရင်လေးမိတယ်…ဒါကြောင့် ခုတော့အားလျော့ပြီး ခေါင်းစဉ်မှာ အကြီးကြီး
မှားနေရင်တောင် ကလိကလိပဲ ခံစားလိုက်တော့တယ် 🙁
MaMa
November 3, 2012 at 7:57 pm
နှင်းနှင်းရေ-
သတ်ပုံမှားလို့ ပြောတာကတော့ အပြုသဘောမို့ နားလည်လက်ခံပေးကြစေလိုတာပါပဲ။
ကိုယ်တိုင်လည်း မှားတတ်တော့ အမှားတွေ့ရင် အားမနာတမ်းပြောဖို့လည်း တောင်းဆိုပါတယ်။
ဖတ်ရွေးအဖွဲ့က စပြီး ရွေးဖို့ စဉ်းစားကတည်းက သတ်ပုံကိစ္စလည်း ထည့်စဉ်းစားပါတယ်။
ဒါပေမယ့် သူသူကိုယ်ကိုယ် မှားတတ်ကြတာမို့ သတ်ပုံမှားလို့ မရွေးဘူးလို့တော့ လုပ်လု့ိမရဘူးလေ။
မှန်စေချင်တဲ့ စေတနာနဲ့မို့ ပြောရင်းပြင်ရင်း မှန်လာရင် ကျေးဇူးများတာပဲမို့ အမှားတွေ့ရင် ပြောပြသင့်တယ် ထင်တာပဲ။
Hnin Hnin
November 3, 2012 at 9:58 pm
” ဒါပေမယ့် သူသူကိုယ်ကိုယ် မှားတတ်ကြတာမို့ သတ်ပုံမှားလို့ မရွေးဘူး
လို့တော့ လုပ်လု့ိမရဘူးလေ ”
မမMaMa ပြောတာ စဉ်းစားမိပါတယ်။လက်လည်း လက်ခံပါတယ်။
ကောင်းတဲ့ပို့စ်တွေ ပိုပြီး perfect ဖြစ်စေချင်လိုတဲ့ စေတနာကြောင့်ပါ။
အမှားပါသွားရင် ခွင့်လွှတ်ပါ။ နှင်းနှင်းမှားရင်လည်း ပြင်ပေးကြပါနော်။
kai
November 4, 2012 at 1:30 pm
အဟမ်း..
သတ်ပုံက ကျုပ်လည်းခဏခဏမှားပါတယ်..။
မှားရင်.. မထောက်မညှာ..ပြောလို..ပြင်ပေးစေလိုတာပါ..။
ဒါမှ.. အမှားသိမပေါ့…။
သတ်ပုံဂိုဏ်းကို.. သတ်ပုံပြင်ပေးမှကျေးဇူးတင်မယ်..။ :kwi:
ဆိုတော့…
ဦးကျောက်ပို့စ်မှာ ဆိုင်တာကို ဝင်မပြောချင်. မရေးချင်ပါဘူး..
ကျုပ်က.. မိခင်ဆုံးထားတာ.. ၃လကျော်လေးမို့..
ဖခင်ဆုံးတာ” ကောင်းကင်ပြို”တာ လို့တင်စားပြောရင်.. မိခင်ဆုံးတာ..”မဟာမြေကျွံကျ”တာပါပဲ..
ဘဝထဲ.. ဘာလိုမှန်းမသိ..။
တခုခုလိုအပ်..လွတ်ပြတ်နေသလိုလို…။
Ma Ei
November 2, 2012 at 11:26 am
ကိုကျောက်ခဲရေ…
လူ့ဘဝကြီးမှာ အဖေ့ နောက်ဆုံးခရီး အဆင်ပြေချောမွေ့ စေဖို့က ပိုအရေးကြီးပါတယ်။
လို့ ဆုံးဖြတ်နိုင်ခဲ့တဲ့အတွက် လေးစားပါတယ်…
ဖခင် ဆုံးတဲ့နေ့ကို ကောင်းကင်ပြိုတဲ့နေ့လို့ သတ်မှတ်လို့ရရင်
ကျမ အတွက် ကောင်းကင်ပြိုခဲ့တဲ့နေ့ကို လွန်ခဲ့တာ 26 နှစ်တောင်ရှိခဲ့ပါပြီကော…
:byae:
blackchaw
November 2, 2012 at 11:43 am
ကိုကျောက်ခဲရေ…
စိတ်မကောင်းပါဘူးဗျာ…
လို့ပဲ…
ပြောခဲ့ပါရစေတော့…။
ပြန်ဆုံချင်ပါသေးတယ်ဗျာ…။
လေးစားခင်မင်တဲ့
ဘလက်ချော…။
Fall Guy
November 2, 2012 at 12:07 pm
ကိုကျောက်ခဲရေ……
မမျှော်လင့်ဘဲနဲ့ဆိုတော့အရမ်းခံစားခဲ့ရမှာပါ..။
“ကောင်းကင်ပြိုတဲ့နေ့” ဆိုတော့
Shwe Tike Soe
November 2, 2012 at 1:00 pm
အင်း အဖေမဲ့သားတစ်ယောက်ရဲ.ခံစားချက်ကို ကျွန်တော်လဲ ခံစားရပါတယ်ဗျာ…
ဦးကျောက်ရေ အဖေဆိုတာ ကျွန်တော်တို.အတွက် အင်အားပါပဲ.. တစ်ခါတလေ အဖေမရှိတော့ဘူးလို.တွေးလိုက်မိတိုင်း အားငယ်ရတယ်ဗျာ………….စိတ်မကောင်းပါဘူး ဦးကျောက်…
ဒါနဲ.စကားမစပ် ဦးကျောက်ရောက်တုန်းက မလာဖြစ်တာ အနူးအညွတ်တောင်းပန်ပါတယ်ခင်ဗျာ… နောက်တစ်ခါ သေသေချာချာ လာဖြစ်အောင်ကြိုးစားပါမယ်..
နော်…….
ကိုပေါက်(မန္တလေး)
November 2, 2012 at 4:12 pm
မှတ်မှတ်ရရ ဒီပိုစ်လဲ နှစ်ခါပြန်မန်းရပြန်ပြီ။
ကော်နက်ရှင်ကြောင့်ထင်ပါတယ် မန်းထားတာလေးတွေပျောက်သွားတယ်။
ကိုကျောက်ခဲပုံကို ဖေစ်ဘုတ်မှာတွေ့လိုက်တာရယ် ဒီပိုစ်ရယ်တွဲမြင်တော့ အခုမှတ်သွားတာ။
တစ်ခါ တစ်ခါ ကိုကျောက်ခဲအဖြစ်မျုးိကြုံတတ်ပါရဲ့။
နာတာရှည်ဖြစ်နေတာ တစ်ယောက် တစ်ကယ်ဆုံးသွားတာတစ်ယောက်
ဖြစ်နို်င်ရင် ကိုယ်ကျောက်ခဲအဖေရဲ ့ကွယ်လွန်နည်းမျိုးတော့ ကွယ်လွန်ချင်ပါတယ်
အခုတော့ မဟုတ်သေးဘူး။
နောက်အနှစ်ငါးဆယ်လောက်မှဆိုရင် ပိုကြိုက်ပါ၏။
ဦး ကျောက်ခဲ
November 2, 2012 at 4:50 pm
မအိ ၊ ကိုဘလက် ၊ ကို Fall Guy ၊ ကိုတိုက် ၊ အကိုပေါက်
မင်္ဂလာပါ…. ခင်ဗျာ
မအိ
မတတ်နိုင်ဘူး ညီမရယ်၊ “ကိုယ့်ဝမ်းနာ ကိုယ်သာအသိဆုံး” မို့၊ ဖြစ်သင့်တာကို ဦးစားပေးခဲ့ရတယ်…
မအိ ရေ၊ ညီမရဲ့ ပို့စ်အဟောင်းတွေမှာ ဖတ်ဘူးပါတယ်…
ဒို့များလဲ တစ်နေ့တော့ ဒီလမ်းဘဲ လျှောက်ရဦးမှာပါ…
ကိုဘလက်
ကျေးဇူးတင်ပါတယ် ခင်ဗျာ…
မောင်ကျောက် လဲ အခွင့်သင့်ရင် ပြန်ဆုံချင်ပါသေးတယ်…
ကို Fall Guy ရေ
ဟုတ်ပါ့ဗျာ….. ဘယ်လိုမှ ထင်မထားမိဘူး…
မောင်ကျောက် “ရုပ်သေး ကြိုးပြတ်” ကိုဖြစ်သွားတာဘဲ…
ကိုတိုက်
ကိုယ့်ညီရေ အရွယ်ရလေ ဖခင်ဆိုတာကို ပိုနားလည်မိလေဘဲ…
အင်း… သူတို့က ရှေ့ကသွား၊ ကိုယ်တို့ကလဲ နောက်က လိုက်ရဦးမှာ…
“ဒါနဲ.စကားမစပ် ဦးကျောက်ရောက်တုန်းက မလာဖြစ်တာ အနူးအညွတ်တောင်းပန်ပါတယ်ခင်ဗျာ… ”
ဟာ… စိတ်ထဲ မထားပါနဲ့၊ ဦးကျောက် လဲ ပြန်လာဖြစ်ဦးမှာပါ၊ အဲဒီကျ တွေ့ကြသေးတာပေါ့…
အကိုပေါက် ရေ
နောင် အနှစ် ၅ဝ ကျော်မှ အဲသည့်ဆုတောင်းပြည့်ပါစေလို့…
နောက်တစ်ခါ ပြန်ရင် “မန်း” ကို တက်ခဲ့ဦးမယ် အကိုပေါက် ရေ…
Tin Tin
November 2, 2012 at 5:52 pm
ကိုကျောက်ရေ… ခံစားချက်ခြင်းတူစွာနဲ့ ဖတ်သွားပါတယ်…
အဖေမရှိတော့ဘူးဆိုတဲ့ ဝမ်းနည်းအားငယ်စိတ်က ပြောမပြနိုင်အောင်ခံစားခဲ့ရပါတယ်..
ကျွန်မရဲ့ ကောင်းကင်ပြိုတဲ့နေ့ကလည်း (၁၂) နှစ်တိုင်ခဲ့ပြီလေ..
Green Rose
November 2, 2012 at 6:03 pm
ဦးကျောက်ခဲရေ…
ကိုယ်တွေ့မကြုံပေမယ့် ကိုယ်ချင်းစာမိပါတယ်။ Green Rose လည်းကောင်းကင်ပြိုမှာ စိုးရိမ်တတ်နေပါပြီ၊ ဒါပေမယ့်.. ဒါပေမယ့်လေ.. ဒါက သဘာဝပဲမို့ ဘယ်သူကများ လွန်ဆန်နိုင်မှာလဲနော်..
လေးစားလျှက်
(Green Rose)
ကိုခင်ခ
November 2, 2012 at 9:12 pm
ဦးကျောက်ခဲရေ
ကောင်းကင် ပြိုစဉ်
အငို စင်ခဲ့ရတာ
မမေ့နိုင်စရာ
ယနေ့တိုင်ပါ။
ကျွန်တော်ဖခင်ဆုံးတာလည်း ၆ နှစ်ကျော်ထဲမှာမို့
ထပ်တူကိုယ်ချင်းစာမိပါတယ်ဗျာ။
November 3, 2012 at 10:12 am
ကျော်လဲ အူးကျောက် ဒယ်ဒီလိုပဲ
ဘူ ့ကိုမှ ဒုတ်ခ မပေးပဲ ခေါက်ခနဲပဲ အသက်ဆုံးချင်တယ်ဗျာ..
မိုးပြိုတဲ့နေ ့ ဆိုပြီး သူ ့မာမီဆုံးတဲ့အကြောင်း ကဗျာရေးခဲ့တဲ့ ကဗျာဆရာတစ်ယောက်တော့ မာမီနောက်လိုက်သွားတာ ခုနစ်နှစ်လောက်စိပြီဗျ
အူးကျောက်ကော တတိယ အိမ်ထောင်နဲ ့ပဲလား
ဦး ကျောက်ခဲ
November 3, 2012 at 12:30 pm
မတင်တင် ၊ Green Rose ၊ အကိုခင်ခ ၊ အူးဘဇင်းဗိုက်
မင်္ဂလာပါ…. ခင်ဗျာ
မတင်တင် ရေ
မိဘဆိုတာ သက်ရှိထင်ရှားရှိနေစဉ်က သိပ်မသိသာပေမဲ့…
မရှိတော့တဲ့ အချိန်မှာ၊ ဘယ်လိုမှ အစားပြန်မရဘူးဗျာ…..
Green Rose
သဘာဝကတော့ သဘာဝ ပေါ့ဗျာ…
ဦးကျောက် ကတော့ “ကောင်းကင်ပြိုပြီး၊ အခု လမင်း မကွယ်ခင်” အတတ်နိုင်ဆုံး ပြုစု စောင့်ရှောက်နေရတယ်…
အကိုခင်ခ
ခံစားချက်ချင်းနီးစပ်လို့…
အထူး ကျေးဇူးတင်ရှိကြောင်း ပြောပါရစေ…
အူးဘဇင်းဗိုက်
ဦးကျောက် တော့ နောက် ရနှစ် နေလဲ၊ မလိုက်နိုင်သေးဘူး…
လူပြို နုနုဒွတ်ဒွတ် ကြီးမို့၊ ခင်ဗျားပြောသလို တတိယ အိမ်ထောင်ကျတဲ့ အထိ စောင့်ပါရစေ….. 🙂
pooch
November 3, 2012 at 12:38 pm
အဖေဆုုံးတုန်းက ကျမလည်း အလောင်းမမြင်လိုုုက်ရဘူး အကြောင်းကြောင်းကြောင့်
ကျမရဲ့ ကောင်းကင်ကြီး ပြိုခဲ့တာလည်း နှစ် ၂ဝ နီးပါးတောင် ရှိတော့မယ်
ဘယ်အချိန်တွေးတွေး စိတ်မကောင်းဖြစ်နေတုန်းပဲ
အလင်းဆက်
November 3, 2012 at 8:20 pm
အင်း….
ရသ လည်ပေးနိုင်…
တွေးစရာ.တွေလည်း.ပေးနိုင်တဲ ့ပိုစ်လေးပါ ။
ဦး ကျောက်ခဲ
November 4, 2012 at 2:35 pm
ဒေါ်မမ ၊ မနှင်းနှင်း ၊ သူကြီး ၊ မယ် pooch ၊ ကိုအလင်းဆက်
မင်္ဂလာပါ…. ခင်ဗျာ
ဒေါ်မမ ၊ မနှင်းနှင်း
ဦးကျောက် ကတော့ သတ်ပုံအမှားကို ထောက်ပြတာ ဘယ်လိုမှ စိတ်ထဲမထားပါဘူး…
ဖြစ်နိုင်ရင် အမှားကိုလဲထောက်ပြ၊ အမှန်လဲကိုလဲရေးပြ မယ်ဆိုရင် အတိုင်းထက်အလွန်မို့ ကြိုဆိုပါတယ်ဗျာ။
သူကြီး
ဟုတ်ပါတယ် သူကြီးရေ…
ကျွန်တော့်မှာလဲ ကျန်နေသေးတဲ့ “လတစင်း” အချိန်မတန်ခင် ကွယ်ပျောက်သွားမှာစိုးလို့…
အရိပ်တကြည့်ကြည့် နဲ့ စောင့်ရှောက်နေရတယ်။
မယ် pooch
ညီမရေ “တွေ့ ကြုံ ဆုံ ကွဲ” လောကကြီးက ဒီလိုပါပဲ…
ဦးကျောက် လဲ စိတ်မကောင်း ဝမ်းနဲရုံကလွဲလို့ ဘာမှ မတတ်နိုင်ခဲ့ပါဘူး…
ကိုအလင်းဆက်
ပထမဦးဆုံး အကြိမ် ကွန်မန့်ပေးတာ ကျေးဇူးတင်ပါတယ်ခင်ဗျာ…
ဦးကြောင်ကြီး
November 4, 2012 at 10:05 pm
ဒီနေ့ဖြစ်နေတဲ့ ရခိုင် ဘင်္ဂါလီ အရေးက ဦးကျောက်အဖေဆုံးတဲ့ လွန်ခဲ့တဲ့ ရနှစ်လောက်က စခဲ့တာနေမှာ။ ဒါကို အစိုးရနဲ့ ကော်မရှင်က ရေလိုက်လွဲနေတော့ ဘယ်အဖြေပေါ်မှာလဲ။ :kwi: