ဆွမ်းခံခြင်းသည် တောင်းခံခြင်းလော နှင့် ဆွမ်းမခံအပ်သော (၆) ဌာန

ဦးသုNovember 6, 20121min1898
ဆွမ်းခံခြင်းသည် တောင်းခံခြင်းလော နှင့် ဆွမ်းမခံအပ်သော (၆) ဌာန

ရဟန်းသံဃာတော်များသည် အောက်ဖော်ပြပါ (၆) ဌာနသို့ အကျွမ်းတဝင် ပြု၍ အမြဲဆွမ်းမခံအပ် –

၁. ပြည့်တန်ဆာမအိမ်၊

၂. မုဆိုးမအိမ်၊

၃. အပျိုကြီးအိမ်၊

၄. ပဏ္ဍုက် (မိန်းမရှာ) အိမ်၊

၅. ဘိက္ခုနီမကျောင်း

၆. သေတင်းကုပ် (အရက်ဆိုင်)။

အမြဲတမ်း ဆွမ်းမခံအပ်သော်လည်း တစ်ခါတစ်ရံ ဆွမ်းရပ်ခွင့်ရှိ၏။ ၎င်းတို့က လမ်းဆုံးလမ်းမသို့ ထွက်၍ ဆွမ်းလောင်းလျှင်လည်းကောင်း၊ ကျောင်းသို့ လာရောက် ဆွမ်းပို့လျှင် လည်းကောင်း ခံယူသုံးဆောင် ကောင်း၏။

ထိုနည်းအတူ တိတ္ထိဆရာကြီးများနှင့် ၎င်းတို့၏ တပည့်သာဝကများ ရဟန်းသံဃာကို ဆဲရေး စော်ကားသော သူများ၏ အိမ် ဆွမ်းမခံ ကောင်းချေ။မသိဘဲ ဆွမ်းရပ်မိတာတွေတော့ ရှိမှာပေါ့လေ။ မလိုလားအပ်တဲ့ ပြဿနာတွေ ၊စွပ်စွဲမှုတွေ မတက်အောင် တားထားတာမို့ ကြီးမားတဲ့ အပြစ်တော့ မရှိဘူးထင်ပါတယ်။

( ဓမ္မမိတ်ဆွေ များဗဟုသုတရစေဘို ့တင်ပြလိုက်ပါတယ် )
…………………
https://www.facebook.com/sabishi.na
မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။
****************************
ဆွမ်းခံခြင်းသည် တောင်းခံခြင်းလော …
အမေးရှိလာတော့လည်း အဖြေကို ဖြေပေးရပေတော့မည်။ အဖြေကို ရေးမည်ဟု ဆိုသော်လည်း ပထမဦးစွာ စကားပလ္လင်ခံထားပါရစေဦး။ စာရေးသူသည် ဘာသာခြားကို ပုတ်ခတ်၍ ရေးသားခြင်းမဟုတ်။ ဗုဒ္ဓဘာသာ၏ အနှစ်သာရကို ပေါ်လွင်အောင်၊ သိမြင်လာအောင် ရေးသားတင်ပြခြင်းသာ ဖြစ်ပေသည်။ ဤသည်ကိုပင် ဘာသာရေးကို ပုတ်ခတ်သည်ဟု ပြောဆို၍ မရစကောင်းပေ။

စာရေးသူသည် ဤဆောင်းပါး၌ တောင်းခံခြင်းနှင့် အလှူခံခြင်း စကားနှစ်ရပ်လုံးကို ဦးစွာပထမ ကွဲကွဲပြားပြား ရှင်းပြချင်ပါသည်။ တောင်းစားခြင်း ဆိုသည့်စကားလုံး ကိုယ်စား တောင်းခံခြင်း ဟုသာ အစားထိုး၍ စာရေးသူ ဖော်ပြပေးချင်သည်။ တောင်းစားခြင်း ဆိုသော စကားလုံးသည် ယဉ်ကျေးမှု ရှိကြသော ပုဂ္ဂိုလ်များအဖို့ငှာ သုံးစွဲရန် မသင့်တော်သောကြောင့် ပင်တည်း။

(၁) တောင်းခံခြင်းသည် အခွန်တော်၊ အကြွေး စသည်တို့ကို လိုက်လံ တောင်းယူခြင်း၊ ပေးရန်ပြောခြင်း ဖြစ်သည်။

(၂) အလှူခံခြင်းသည် လှူသည်ကို လက်ခံခြင်း၊ လှူရန် မေတ္တာရပ်ခံခြင်း စသည်တို့ ဖြစ်သည်။

ထိုစကားနှစ်လုံး၏ အဓိပ္ပာယ်ကို လေ့လာတွေးတောခြင်း အားဖြင့် ယင်းတို့၏ အဓိပ္ပာယ်တို့သည် တူသယောင်ယောင် ဖြစ်နေသော်လည်း သိသာစွာ ကွဲပြားနေသည်ကို ဖွင့်လှစ်ပြနိုင်ပါသည်။

ပထမ စကားလုံး တောင်းခံခြင်းသည် မဖြစ်မနေရ ပေးဆောင်ရမည့် သဘောကို ဆောင်ထားပေသည်။ အကယ်၍ တောင်းခံခြင်းကို မပေးနိုင်ပါက တောင်းခံသူသည် အတောင်းခံရသူကို ပြဿနာ တစ်စုံတစ်ရာ ရှာကောင်း ရှာ၍ ရနိုင်ပါသည်။ ဥပမာ အားဖြင့် နိုင်ငံတော်က ပြည်သူလူထုထံတွင် ထိုက်လျောက်သော အခွန်အခများကို ပေးရန် တောင်းခံသည့်အခါတွင် ပြည်သူလူထုမှ မဖြစ်နေ တိုင်းပြည်အတွက် ပေးဆောင်ရမည် ဖြစ်ပါသည်။ မပေးဆောင်သော ပြည်သူကို နိုင်ငံတော်၏ ကျင့်ထုံးဥပဒေအရ တာဝန်ရှိသူများမှ အရေးယူ အပြစ်ပေးနိုင်ပါသည်။

ဒုတိယ စကားလုံး အလှူခံခြင်းသည်ကား သဒ္ဓါတရား ထက်သန်နေသော ပုဂ္ဂိုလ်များ ထံမှ လှူဒါန်းသော လှူဖွယ်တို့ကို မေတ္တာဖြင့် လက်ခံခြင်းဖြစ်သည်။ ထို့အပြင် အများသူငှာအား အလှူဒါနများကို ပြုလုပ်စေ၍ ကုသိုလ်ကောင်းမှု ရရှိစေရန်၊ သဒ္ဓါတရား ထက်သန်လာစေရန် အလို့ငှာ အလှူပြုရန် မေတ္တာရပ်ခံခြင်း သဘောကိုလည်း သက်ရောက်ပါသည်။ အကယ်၍ မလှူနိုင်ပါကလည်း အလှူခံသူသည် မလှူသော ပုဂ္ဂိုလ်ကို မည်သို့မျှ ပြဿနာ တစ်စုံတရာ ရှာခြင်း မရှိပေ။ ကုသိုလ်ရရှိစေရန်၊ အလှူဒါန ပေးနိုင်စေရန် အတွက်သာ မေတ္တာရပ်ခံခြင်း ဖြစ်ပေသည်။ တောင်းခံခြင်းတွင် မဖြစ်နေ
ပေးရမည် ဖြစ်သည်။ ရွေးချယ်စရာ လမ်းမရှိပေ။ အလှူခံခြင်းတွင်မူကား အလှူပေးမည့် ပုဂ္ဂိုလ်သည် မိမိသဘော ဆန္ဒအလျောက် အလှူခံသည့် ပုဂိ္ဂုလ်အား လှူခြင်း၊ မလှူခြင်း စသည့် ရွေးချယ်စရာ လမ်းရှိသည်။ လှူဒါန်းရမည် ဟု အတင်းအကြပ် ပြုလုပ်ထားခြင်း မဟုတ်။

ကမာ္ဘ့နိုင်ငံများတွင်လည်း ဗုဒ္ဓဘာသာ မဟုတ်သော သက်ဆိုင်ရာ ဘာသာအသီးသီးမှ ဘာသာရေးပုဂ္ဂိုလ်များသည် အိမ်စဉ်သွားရောက်၍ အလှူခံနေသည်များကို စာရေးသူ မြင်သိ၊ ကြားသိ နေရပါသည်။ ခေတ်မီ တိုးတက်နေသော နိုင်ငံများတွင် ဘဏ်အကောင့်များမှ အလှူခံခြင်း၊ ချက်လက်မှတ်ဖြင့် အလှူခံခြင်း၊ အင်တာနက်များမှ အလှူခံခြင်း စသည့် အဆင်ပြေနိုင်မည့် နည်းလမ်းများကို အသုံးပြု၍ အလှူခံခြင်းမျိုး ပြုလုပ်ကြပါသည်။

ဤကဲ့သို့ အိမ်စဉ် အလှူခံခြင်းကို တောင်းသည်ဟု ပြောဆို၍ ရနိုင်ပါမည်လော။ မည်သည့် ကိုးကွယ်သည့် ဘာသာများပင် ဖြစ်လင့်ကစား အလှူခံခြင်းသည် မရှိ၍ လုံးဝ မဖြစ်နိုင်ပေ။ အလှူခံခြင်းမှ ရရှိသော ငွေကြေးများဖြင့်သာ မိမိတို့၏ဘာသာ ရှင်သန်နေစေရေး အတွက် ရပ်တည်နေကြရသည်။

ဤအကြောင်းများကြောင့် တောင်းခံခြင်းနှင့် အလှူခံခြင်းကို ထပ်တူပြု၍ အဓိပ္ပာယ် ပူးတွဲဖော်ဆောင်ရန် မရစကောင်းပေ။ မတူသည့် အဓိပ္ပာယ်များကို ဆင်တူ ဖြစ်သွားအောင် အဘိဓာန်တွင်လည်း ဖွင့်ဆို၍ မရချေ။ တောင်းခံခြင်းနှင့်
အလှူခံခြင်း ဟူသော ဤစကားနှစ်ရပ်၏ အဓိပ္ပာယ်ကို ရှင်းလင်းစွာ သိပြီဟု ဆိုလျှင် စာရေးသူသည် ဗုဒ္ဓဘာသာ ရဟန်းသံဃာတော်များ ဆွမ်းခံ၍ သုံးဆောင်ခြင်းကို ဆက်လက်၍ ရှင်းရပေတော့မည်။

ရဟန်းများသည် ဒကာ၊ ဒကာမများထံမှ တတ်စွမ်းနိုင်သမျှ လှူဒါန်းကြသော ဆွမ်းဟင်း၊ ဆွမ်းထမင်းကိုသာ အလှူခံကြသည်။ ရဟန်းများမှ မည်သည့်ဆွမ်းထမင်း၊ မည်သည်ဆွမ်းဟင်း ကို လောင်းလှူပါဟု ဒကာ၊ ဒကာမများကို မပြောကြ။ လောင်းလှူသမျှနှင့်သာ တင်းတိမ်ကြသည်။
ရောင့်ရဲကြသည်။ ဤအချက်သည်ပင်လျှင် ရဟန်းများမှ လောဘကိလေသာကို နည်းပါးအောင် ကျင့်ကြံအားထုတ်လျှက် နေကြသည်မှာ ထင်ရှားလှသည်။

စာရေးသူ စစ်ကိုင်းတွင် သီတင်းသုံးစဉ်က ဖြစ်ပါသည်။ နံနက်ခင်း ဝေလီဝေလင်း မိုးလင်းစ အချိန်လောက်တွင် ဆွမ်းခံထွက်ရသည်။ ဆွမ်းခံထွက်ရာတွင် မည်သည့်ဆွမ်းထမင်း၊ မည်သည့်ဆွမ်းဟင်း ရလိမ့်မည်ဟု မတွက်ထားရ။ ရသမျှဖြင့် တင်းတိမ်ရောင့်ရဲနိုင်အောင် နေထိုင်ရသည်။

ရဟန်းတော်များ ဆွမ်းခံကြွရာတွင် ဘုန်းကြီးကျောင်းမှ စတင်၍ ခြေလှမ်း လှမ်းလျှင်လှမ်းချင်း ဒကာ၊ ဒကာမများကို ကျန်းမာ၊ ချမ်းသာစေဖို့ မေတ္တာပို့၍ လှမ်းနေကြသည်။ မေတ္တာဖြင့်သာ ဆွမ်းခံကြွသဖြင့် ဒေါသကိလေသာ
ခေါင်းပါးသွားသည်။ မေတ္တာ၏ အေးချမ်းမှုဖြင့် ဆွမ်းခံထွက်ရခြင်းသည်
ကောင်းလေစွတကား။ ဆွမ်းခံကြွရာတွင် ခြေလှမ်းတိုင်းကို သတိဖြင့် လှမ်းနေရသဖြင့် သတိအား ကောင်းလျှက်ရှိသည်။ လှမ်းလျှင် လှမ်းတိုင်း သိနေသည်။ သတိအား ကောင်းခြင်းဖြင့် အတတ်နိုင်ဆုံး မောဟကိလေသာ ကင်းနေသည်။ အိမ်စဉ် လှည့်လည်၍ ဆွမ်းခံခြင်းသည် မိမိ၏ မာန်မာနကို နှိပ်ချ၍ လျှော့ထားရသဖြင့် မာနကိလေသာလည်း နည်းပါးနေသည်။

စာရေးသူသည် မြန်မာနိုင်ငံအောက်ပိုင်း မြို့တစ်မြို့နှင့် အတော်အတန် အလှမ်းဝေးသော ရွာတစ်ရွာအနီး တောရကျောင်းတွင် သီတင်းသုံးစဉ်က ဆွမ်းခံထွက်ခဲ့သော အကြောင်းအရာ တစ်ခုကို မျှဝေ ခံစားစေချင်သည်။ ရွာဟု ဆိုသည့်အတိုင်း အိမ်လမ်းကြားများသည် ကောင်းလှသည်မဟုတ်။ သို့ဖြစ်သော်ငြားလည်း ရွာသူ၊ ရွာသားများ၏ သဒ္ဓါတရားအား ကုသိုလ်ဖြစ်ပေါ်လာစေရန် ရည်ရွယ်ချက်ဖြင့် မေတ္တာရှေ့ထားကာ အိမ်စဉ် ဆွမ်းခံ ကြွပါသည်။
လမ်းကြိုလမ်းကြားများ ဖြစ်သဖြင့် မကောင်းသော အနံ့အသက်များ၊ လမ်းတွင် မသန့်ရှင်းမှုများ၊ မစင်များကို ရှောင်ကွင်းရင်း အောင့်အည်း သည်းခံကာ မိမိ၏ မာန်မာနကို ပယ်ခွာ၍ ဆွမ်းအလှူခံ ထွက်ပါသည်။ ရွာသူ၊ ရွာသားများသည် သူတို့၏ လမ်းကြား မသန့်ရှင်းသည်ကို မသိကြ။ သို့သော် ၎င်းတို့သိကြသည်မှာ ရဟန်းသံဃာများ ဆွမ်းခံကြွလာသဖြင့် ဆွမ်းလောင်းနေရသည်ကိုပင် ပျော်ရွင်နေကြသည်။ စိတ်ချမ်းသာနေကြသည်။

တစ်ခု ထူးခြားသည်မှာ ဆွမ်းလောင်းပြီးသည်နှင့် ၎င်းတို့၏ အိမ်အထဲသို့ ချက်ချင်း ဝင်သွားခြင်းမဟုတ်ဘဲ မိမိဆွမ်းလှူလိုက်သော ရဟန်းအား မြေကြီးပေါ်တွင် ရိုရိုသေသေ ထိုင်ချ၍ ရှိခိုးလိုက်ခြင်းပင် ဖြစ်ပါသည်။ စာရေးသူသည် ဤမြင်ကွင်းကို ကြည့်ပြီး ထိုရွာရှိ ရွာသားများ၏ သာသနာကို ကြည်ညိုသည့်စိတ်ဓာတ်၊ ရဟန်းသံဃာကို ရိုသေလေးစားသည့် စိတ်ဓာတ် စသည်တို့ကို လေးစားနေမိသည်မှာ အထူးတလည် ပြောနေစရာပင် လိုမည်မထင်ပေ။ လူနေခြုံကြား သာသနာကို ကြည်ညိုကြသည့် စိတ်ဓာတ်များက ဘုံဖျားလောက်ကိုပင် မြင့်မားနေကြပါလား ဟု စာရေးသူ တွေးတောနေမိသည်မှာ လွန်အံ့မည်မထင်။

ရဟန်းများသည် ကုသိုလ်စိတ်များဖြင့်သာ ဆွမ်းခံထွက်နေကြသည်။ ထိုကြောင့် စိတ်ထဲသို့ အကုသိုလ်စိတ် ဝင်ရောက်လာဖို့ အခွင့်အလမ်း နည်းနေသည်။ ကုသိုလ်စိတ်ဖြင့်သာ ဆွမ်းခံကြွကြကြောင်း ရဟန်းများက သိသဖြင့် အယူမှန်လျှက် ဒိဋ္ဌိ သန့်စင်သည်။ ဤအချက်သည်လည်း အယူမှားခြင်း ဒိဋ္ဌိကိလေသာ မရှိခြင်းကို ကောက်ချက်ချရမည် ဖြစ်သည်။

ဆွမ်းခံ၍ ဆွမ်းဘုဉ်းပေးခြင်းသည် အကုသိုလ်မရှိ ဖြစ်ကြောင်းနှင့် အလှူခံ၍ ရရှိလာသော ဆွမ်းများသည် အကုသိုလ်မရှိ သန့်ရှင်းဖြူစင်နေသည်ဟု သိနေသည်။ ထိုကြောင့် ဆွမ်းခံခြင်းသည် အကုသိုလ် ဖြစ်လိမ့်မည်ဟု ဝိစိကိစ ္ဆာ ယုံမှားသံသယ ကိလေသာ ကင်းနေပြန်သည်။

ထို့အပြင် ဝီရိယဖြင့် ဆွမ်းခံထွက်ရသဖြင့် လှမ်းနေသော ခြေလှမ်းတိုင်းသည် ကာယကံကုသိုလ်များ ရရှိနေသည်။ ဆွမ်းခံကြွရာတွင်လည်း သတိနှင့် မေတ္တာဓာတ်ဖြင့်သာ ကြွကြသဖြင့် စိတ်များ ပျံ့လွင့်မှုှု ဥဒစ္စ ပပျောက်လျှက် ရှိသည်။

ဆွမ်းခံကြွခြင်းသည် တစ်ပါးသူထံမှ လက်နက်ပြ၍ ဓားပြတိုက်ခြင်း မဟုတ်။ မေတ္တာဓာတ်ဖြင့်သာ အလှူခံကြွခြင်း ဖြစ်သဖြင့် အကုသိုလ် အလုပ် မဟုတ်သောကြောင့် ရှက်စရာ၊ ကြောက်စရာ အဖြစ် ရဟန်းများက သတ်မှတ်ထားခြင်း မရှိပေ။ ထိုကြောင့် အဟိရိက၊ အနောတ္တပ္ပ ကိလေသာများလည်း ကိန်းအောင်းနေခြင်း မရှိပေ။

ဤအချက်များကို သိရခြင်းအားဖြင့် ဆွမ်းခံကြွနေသော ရဟန်းသံဃာများသည် ကိလေသာကို အတတ်နိုင်ဆုံး နည်းပါးအောင် ကျင့်ကြံအားထုတ်နေသည်မှာ သိသာလှပေသည်။

မြတ်စွာဘုရားသည် ကိလေသာအာရုံတောထဲမှ ရုံးထွက်၍ ကိလေသာများ နည်းပါးအောင် တောထဲတွင် တရားများ ကျင့်ကြံခဲ့သည်။ လောကီ စည်းစိမ်များတွင် အကောင်းဆုံးသော ဘုရင့်မင်းသားဘဝ အဖြစ်မှပင်လျှင် မိမိ၏ မာန်မာနများကို လျှော့ချလျက် အားလုံးကို စွန့်လွှတ်ခဲ့သည်။
ဘုရားအဖြစ်ကို ရောက်တော်မူခါနီး၌ပင် သုဇာတာ သတို့သမီးမှ လှူဒါန်းသော ဆွမ်းကို အလှူခံယူ၍ ဆွမ်းဘုဉ်းပေးခဲ့သည်။ ဆွမ်းခံ၍ ဆွမ်းဘုဉ်းပေးကာ မဟာဗောဓိပင် ခြေတော်ရင်းမှာ ဗောဓိဉာဏ်တော်ကို ရရှိတော်မူခဲ့ပြီး သုံးလောကထွတ်ထား မြတ်ဗုဒ္ဓအဖြစ်ကို ရောက်ရှိခဲ့သည်။

နီပေါ နိုင်ငံတွင် အမျိုးအမြင့်မြတ်ဆုံးဟု ဆိုကြသော ဗြဟ္မဏအနွယ်ဝင် အမြောက်အများ သည်ပင်လျှင် မြတ်စွာဘုရား၏ အေးချမ်းသော သာသနာ့ဘောင်သို့ ဝင်ရောက်ခိုလှုံလာကြသည်။ ထို့နောက် ကိလေသာနည်းပါးကြောင်း တရားများကို ကျင့်ကြံအားထုတ်ခြင်းဖြင့် ဒကာ၊ ဒကာမများမှ သဒ္ဓါတရား ဖြူစင်စွာ လှူဒါန်းကြသော ဆွမ်းကိုသာ အလှူခံကြွကြ၍ ဘုဉ်းပေးခဲ့ကြသည်။

ဤကဲ့သို့ ဆွမ်းခံကြွ၍ ဆွမ်းဘုဉ်းပေးရင်းဖြင့် ရဟန ္တာများ ဖြစ်ကုန်ကြပြီး နိဗ္ဗာန်ကို စံဝင်ကြသည့် သာဓက များစွာ ရှိပေသည်။
မြတ်စွာဘုရား၏ လက်ဝဲတော်ရံနှင့် လက်ယာတော်ရံများ ဖြစ်ကြသော အမျိုးမြတ်ကြသည် ဟုဆိုကြသော ဗြဟ္မဏအနွယ်ဝင်များဖြစ်သည့် အရှင်မောဂ္ဂလာန်နှင့် အရှင်သာရိပုတ္တရာ တို့သည်လည်း ဗုဒ္ဓထံသို့ တပည့်သာဝကအဖြစ် ခံယူခဲ့ကြသည်။ ထိုသာဝကကြီး နှစ်ပါးသည်လည်း မြတ်စွာဘုရား နည်းတူ ကိလေသာနည်းအောင် ကျင့်ကြံအားထုတ်ရင်း ဆွမ်းခံ၍ ဘုဉ်းပေးခဲ့ကြသည်။

ရဟန်းသံဃာများသည် သီလ၊ သမာဓိ၊ ပညာများ တိုးပွားလာအောင်နှင့် ကိလေသာများ နည်းပါးလာအောင် ကျင့်ကြံအားထုတ် နေကြသဖြင့် လှူဒါန်းကြသော အလှူရှင် ဒကာ၊ ဒကာမ များအတွက်လည်း အကျိုး များလှပေသည်။ အလှူခံခြင်းသည် ဆွမ်းတစ်ခုတည်းကိုသာ ပြောဆို၍ မရနိုင်ပေ။ ရဟန်းအား ဒကာ၊ ဒကာမများက ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး စသော ပစ္စည်းလေးပါး ဒါယကာ အဖြစ် ခံယူထားလျှင် ထိုရဟန်းသည်း ယင်းပစ္စည်းလေးပါးကို အလှူခံယူခွင့်ရှိသည်။ ခွင့်ပြုချက် မရရှိသော ပစ္စည်းကို အလှူခံယူခြင်း မဟုတ်ပေ။ ဤကဲ့သို့ အလှူခံယူခြင်းသည် အပြစ်ကင်းလျှက် ရှိပေသည်။

အထက်ပါ ဖော်ပြချက် အကြောင်းအရာများကို ထောက်ရှုခြင်းအားဖြင့် ရဟန်းများ ဆွမ်းခံခြင်းသည် မေတ္တာဖြင့် သန့်ရှင်းဖြူစင်စွာ အလှူခံယူခြင်းသာ ဖြစ်ကြောင်းနှင့်
တောင်းခံခြင်း မဟုတ်ကြောင်း အမြင်ရှင်းလင်းစွာ သိသာနိုင်ပါသည်။
ဗုဒ္ဓဘာသာဝင် မှန်သမျှ ဤအချက်များကို သိရှိထားသင့်ပေသည်။ သို့မှသာ မသိနားမလည်သေးသော မည်သည့်ပုဂိ္ဂုလ် မျိုးကိုမဆို မျက်စိတွင် ဖုံးကွယ်နေသော တိမ်များကို ခွဲစိတ်ကုသ ပေးနိုင်သကဲ့သို့ အမြင်အာရုံများ ရှင်းလင်းသွားစေရန် လက်ဆင့်ကမ်း ပြောကြားနိုင်မည် ဖြစ်ကြောင်း ဤဆောင်းပါးဖြင့် မျှဝေလိုက်ရပါတော့သည်…..

အရှင်ဉာဏဒီပ (အိနိ္ဒယနိုင်ငံ၊ နယူးဒေလီတက္ကသိုလ်)
……………………………………….

http://ashinnyanadipa.blogspot.com/
မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။

8 comments

  • Mobile

    November 6, 2012 at 8:04 pm

    အမှန်အကန် ဗဟုသုတဖြစ်စေပါကြောင်း

  • ဖတ်မှတ် သွားပါတယ် ခင်ဗျာ ..
    ခုလို သိထားတော့ ကျုပ် ဘုန်းကြီး ဝတ်တဲ့အခါ ..
    ဆင်ခြင်နိုင်တာပေါ့ … :mrgreen:

      • အရီးခင်လတ်

        November 7, 2012 at 4:03 am

        မောင်အံ
        အဲလာ မင်း ကို ဘုန်းကြီးဝတ်လို့ အားပေးနည်း တစ်မျိုးဘဲ။
        အဲဒီ လက်မ ကြီးကို လက်ခံလိုက်တော့မှာလား။
        ဟာ ဟ။ 😆

        • အရီးရယ် ..
          သဂျီးရဲ့ လက်မဂျီးကို လက်ခံရမှာပေါ့ဂျာ ..
          နို့ .. ခုဒေါ့ ဟုတ်သေးဝူးးးး ပေါ့ … :mrgreen:

  • may flowers

    November 6, 2012 at 10:35 pm

    ဗဟုသုတ အဖြစ်မှတ်သွား ၊ ဖတ်သွားပါတယ် ကိုThu Wai ရေ… ကျေးဇူးပါ။

  • Thu Wai

    November 7, 2012 at 1:08 pm

    အားလုံးက ဗဟုသုတရတယ်ဆိုတော့ ပိုစ့်တင်ရကျိုးနပ်ပါတယ်ခင်ဗျ။
    ပြောမယ့်သာ ပြောတာ ကျွန်တော်လဲ သင်္ကြန်တွင်းတိုင်း ဘုန်းကြီးဝတ်ပြီး မိုးကုတ်တရားစခန်းဝင်နေတာ အဲဒါကိုမသိဘူး။

Leave a Reply