တောင်ပေါ်က တယောသံ – (နှစ်)
++++++++++++++++++++++++
တောင်ပေါ်က တယောသံ – (တစ်) အား ဖတ်ရှုလိုပါက ကလစ်ပါ ….။
++++++++++++++++++++++++
ထန်းရည်ဝိုင်း
တစ်နေ့သ၌ ရွက်လှရွာလေး၏ အနောက်ဖက်ရှိ ကိုကြက်ကြီး ပိုင်ဆိုင်သော ထန်းတောအတွင်း လူရွယ်တစ်စုသည် ဝိုင်းဖွဲ့ပြီး ထန်းရည်သောက်လျှက် ရှိသည်ကို တွေ့ရလေ၏။ ၎င်းတို့သည် လူပျို ကာလသားများ ဖြစ်ကြသည့် အားလျော်စွာ မည်သည့် မိန်းကလေး လှကြောင်းပကြောင်း၊ မည်သူနှင့် မည်သူကတော့ဖြင့် သမီးရည်စား ဖြစ်သွားကြပြီဖြစ်ကြောင်း၊ ရွာအတွင်းမှ မည်သည့် အပျိုမလေးကတော့ဖြင့် ချစ်စရာ အလွန်ကောင်းကြောင်း၊ မိမိ ကြိုက်နေမိကြောင်း … စသည့် မိန်းမနှင့် ဆက်စပ်သော စကားများအား ထန်းရည်သောက်ရင်း ပြောဆိုလျက် ရှိကြလေ၏။
အချို့သော လူရွယ်များကမူ ရွာအတွင်းမှ မည်သူ၏ ကြက်ဖကြီးသည် အခွပ် အလွန်ကောင်းကြောင်း၊ တစ်ဖက်ရွာမှ မည်သူ၏ ကြက်နှင့် အစမ်း တိုက်ကြည့်ရာ တစ်ဖက်ရွာမှ ကြက်မှာ ခွက်ခွက်လန်အောင် ရှုံးနိမ့်သွားခဲ့ကြောင်း၊ ထိုကြက်ဖကြီးအား ချက်၍ ထန်းရည်နှင့် မြည်းလိုက်ရပါလျှင် သာ၍ပင် ကောင်းလိမ့်မည် ဖြစ်ကြောင်း စသည်ဖြင့် ပြောဆိုနေကြလေ၏။
၎င်းတို့၏ ထန်းရည်ဝိုင်းသည် အတန်ငယ် ကြာလာသောအခါတွင် ထိုအထဲမှ လူရွယ်တစ်ယောက်မှ ကိုကြက်ကြီး၏ မိန်းမ မကြာခင် လာရောက်ချပေးသော ကြွက်ကြော်အား တစ်ချက်ဝါးလိုက်ပြီးနောက် စကား စလေ၏။
“ဟေ့ကောင်တို့ရေ … မင်းတို့ကို ကြုံတုန်းကြုံခိုက် ရန်အောင်တောင်ပေါ်က သရဲအကြောင်းကို ပြောရဦးမယ်ကွ”
ထိုအခါ ကျန်သည့် လူရွယ် လေးယောက်မှာ ရန်အောင်တောင် နှင့် သရဲ ဟူသော စကားများကြားလိုက်ရလျှင် လွန်စွာ စိတ်ဝင်စား သွားရကား ထိုစကား စသော လူရွယ်အား ကြည့်လိုက်ကြလေ၏။ ထိုအချင်းအရာအား ရိပ်မိသော လူရွယ်မှာ “အဟမ်း .. ဟမ်း … ဒီလိုကွ” ဟူ၍ ၎င်းပြောမည့် အကြောင်းအား ဆက်၍ မပြောသေးဘဲ ကြွက်ကြော်အား ကိုက်ဝါးနေပြန်လေ၏။ ထိုအခါ ကျန်လူရွယ်များမှ “ဘယ်လိုတုန်း ငါ့ကောင်ရဲ့၊ မြန်မြန်ပြောကွာ” ဟူ၍ ပြောကြလေတော့၏။
“ဒီလိုကွာ၊ ဟိုနေ့က ငါ့အဘနဲ့ တူတူ သွားအိပ်တယ်ကွ၊ မင်းတို့လည်း သိတယ် မဟုတ်လား၊ ငါ့အဘက အဲ့ဒီ ရန်အောင်တောင် နားမှာ တစ်ယောက်တည်း နေတာလေကွာ”
“မင်းကလည်းကွာ၊ အဲ့ဒါ သိနေတာပဲ၊ သရဲ ဘယ်လို ခြောက်တာတုန်း ဆိုတာသာ ပြော”
“အေးပါ၊ ပြောပါ့မယ်၊ အဲ့ဒီနေ့ ညသန်းခေါင်ကျော်ကျတော့ ဘယ်လို ဖြစ်တာတုန်း မသိပါဘူးဗျာ၊ ငါလည်း မနိုးစဖူး တစ်ရေးနိုးလာတာကွ၊ ငါလည်း မျက်လုံး ဖွင့်ကြည့်လိုက်ရော၊ လား .. လား .. တဲရှေ့က ကွပ်ပျစ်ပေါ်မှာ ငုတ်တုတ်ကြီးကွာ”
ယင်းသို့ လူရွယ်မှ ပြောလိုက်သောအခါ ကျန်လူရွယ်များမှာ မျက်လုံးများ ပြူးသွားကြလေ၏။
“ဟေ … ဟုတ်လားကွ၊ တောင်ပေါ်က သရဲက မင်းတို့ တဲကို လာခြောက်တာပေါ့”
“ငါ ပြောမှာက အဲ့ဒီ ငုတ်တုတ်ကြီးကိုလည်း တွေ့လိုက်ရော၊ ငါလည်း ကြက်သီးတွေ ထသွားတာပေါ့ကွာ”
လူရွယ်၏ စကားကြောင့် ကျန်သူများမှာ လွန်စွာ စိတ်ဝင်စားသွားကြဟန် ရှိကြပြီး လူရွယ် ပြောမည့် စကားများအား စောင့်ဆိုင်း နားထောင်လျှက် ရှိကြသည်ကို တွေ့ရလေ၏။ ထိုအခါ လူရွယ်မှ ဆက်ပြောပြန်လေသည်။
“ဒါနဲ့ကွာ၊ ငါလည်း ဘာဖြစ်ဖြစ် ဆိုပြီး အဲ့ဒီ သရဲကို ဓာတ်မီးနဲ့ လှမ်းထိုးလိုက်တယ်ကွာ”
လူရွယ်သည် ဆက်လက် ပြောခြင်း မပြုသေးဘဲ ကြွက်ကြော်အား တစ်ကိုက်ကိုက်ပြီး ထန်းရည်အား ဂွက်ခနဲ မော့လိုက်ပြန်လေ၏။ ပြီးနောက် “ဟေ့ကောင်တွေ၊ ထန်းရည်က ကုန်တော့မယ်ဟ၊ ငါ့မှာလည်း ပိုက်ဆံက ကုန်ပြီး ဘယ်လို လုပ်ကြမတုန်း” ဟူ၍ စောစောက ပြောသည့် စကားနှင့် မည်သို့မျှ သက်ဆိုင်ခြင်း မရှိသော စကားများကို ပြောဆိုလိုက်လေ၏။ ထိုအခါတွင် ကျန်လူများမှာ လူရွယ် ပြောသည့် စကားအား ဂရုထားခြင်း မပြုဘဲ “မင်း ဓာတ်မီးနဲ့ ထိုးကြည့်လိုက်တော့ ဘယ်လိုကြီး တွေ့ရတုန်း၊ အမွှေးဖွားဖွားနဲ့ နီနီစုပ်စုပ်ကြီးလား” ဟူ၍ မေးမြန်းကြလေ၏။
ထိုလူများ၏ အမေးကို လူရွယ်မှ အင်း မလုပ်၊ အဲ မလုပ်ဘဲ “ထန်းရည်ကလည်း ကုန်တော့မယ်ကွာ၊ သောက်ကလည်း ထပ်သောက်ချင်သေးတယ်၊ ပိုက်ဆံကလည်း ကုန်ပြီ” ဟူ၍ တစ်ယောက်တည်း ရေရွက်သည့်ဟန်ဖြင့် ပြောလေ၏။ ထိုအခါတွင် ကျန်လူများမှာ အထာပေါက်သွားပြီး လူရွယ်အား မကျေမနပ် တစ်ချက် ကြည့်လိုက်ပြီးနောက် –
“ခွီးထဲမှဘဲ မင်းကလည်း ဇာတ်လမ်းကို မဆက်သေးဘဲနဲ့ ထန်းရည် ကုန်တော့မယ်ပဲ ပြောနေတယ်၊ အေးပါ၊ ထားပါတော့” ဟူ၍ ပြောဆိုလိုက်ပြီး တဲအတွင်းမှ ထန်းသမား ကိုကြက်ကြီးအား “ဗျို့ … ကိုကြက်ကြီး ထန်းရည် တစ်မြူလောက် ထပ်ချပါဦးဗျို့” ဟူ၍ အော်ဟစ် လိုက်လေတော့၏။ လူရွယ်မှာ ကိုကြက်ကြီး လာ၍ ချပေးသော ထန်းရည်အိုးတွင်းမှ ထန်းရည်အား ၎င်း၏ ခွက်အတွင်း ငှဲ့လိုက်ပြီးနောက် တစ်ကြိုက် မော့လိုက်လေ၏။
“အားပါးပါး … ကောင်းလိုက်တဲ့ ထန်းရည်၊ သူများ တိုက်လို့လားတော့ မသိဘူး၊ ကောင်းချက်ကတော့ လွန်လွန်းတယ်”
“ဟေ့ကောင် လျှာမရှည်နဲ့တော့၊ မင်းဇာတ်လမ်းကို ထပ်ပြော”
“အေးပါကွာ၊ မင်းတို့ကလည်း ဇွတ်ပဲ၊ အဲ .. ဒါနဲ့ ငါပြောတာ ဘယ်နား ရောက်သွားပြီတုန်း”
“မင်းက သရဲကို ဓာတ်မီးနဲ့ လှမ်းထိုးလိုက်တယ်ကွာ၊ အဲ့ဒီနား ရောက်သွားပြီ”
“အော် … အေး၊ ငါလည်း အဲဒီလို ဓာတ်မီးနဲ့ လှမ်းထိုးလိုက်ရော၊ လား … လား …၊ သူက ဆေးလိပ်ကြီးတောင် ဖွာပြလိုက်သေးတယ်ကွ”
ကျန်လူများအား လူရွယ်၏ စကားအား စိတ်ဝင်တစား နားထောင်နေကြလေ၏။ ၎င်းတို့မှာ ရန်အောင်တောင်မှ အခြောက်အလှန့် ဇာတ်လမ်းများအား ကြားဖူးကြသော်လည်း ကိုယ်တိုင် ကြုံတွေ့ခဲ့တော့ မရှိခဲ့ပေ။ ယင်းကြောင့် ၎င်းတို့၏ သူငယ်ချင်းဖြစ်သူ၏ ကိုယ်တွေ့ ဇာတ်လမ်းအား စိတ်ဝင်တစား နားထောင် နေကြခြင်း ဖြစ်လေ၏။
“အဲဒီတော့ ဘယ်လို ထပ်ဖြစ်သေးတုန်း”
“အဲ့ဒီလိုကွာ၊ ဓာတ်မီးနဲ့ လှမ်းထိုးလိုက်တဲ့ ငါ့ကို ကြည့်ပြီး ဆေးလိပ်မီးနဲ့ ဖွာပြတာလည်း တွေ့ရော၊ မင်းတို့ သူငယ်ချင်းပဲ၊ ဘယ်ရမတုန်းကွ၊ တဲ ထဲက ထွက်ပြီး ကွပ်ပျစ်ဆီ လျှောက်သွားတာပေါ့”
“ဟ … ဟ၊ ဟေ့ကောင် ဒါတော့ လွန်ပြီ ထင်တယ်ကွာ၊ ရှင်းရှင်း ပြောရရင် မင်းက ငကြောက်မှန်း ငါတို့ သိပြီးသား၊ အဲ့ဒါတော့ မဖြစ်နိုင်ဘူး ဟေ့ကောင်၊ လာ မဖြီးနဲ့”
ဟူ၍ အခြားသူများမှ လူရွယ်အား ပြောကြလေရာ လူရွယ်မှာ သူ၏ သွားကြီးအား ဖြီးပြလိုက်ပြီးနောက် –
“အဟဲ … မင်းတို့ကလည်း၊ ငါ တကယ် သွားခဲ့တာကွ၊ ဘာလို့ဆိုတော့လေ၊ အဲဒီ ဆေးလိပ်ကို ဖွာပြတာ ငါ့အဘ ဖြစ်နေလို့ပဲကွ၊ အဟဲ၊ ငါ တစ်ရေးနိုးတော့ အဘကို မတွေ့ရဘူးလေကွာ၊ ဒါနဲ့ ငါလည်း ကြောက်ကြောက်နဲ့ အဘများ ဖြစ်နေမလားဆိုပြီး ဓာတ်မီးနဲ့ လှမ်းထိုးကြည့်တော့ အဲ့ဒီ ငုတ်တုတ်ကြီးက အဘ ဖြစ်နေတာကွ၊ အဟဲ .. အဟီး”
ဟူ၍ စပ်ဖြီးဖြီး အမူအယာဖြင့် ပြောလိုက်လေတော့၏။ ယင်း လူရွယ်မှာ အောင်မောင်ဦး ဖြစ်ကြောင်းကိုမူ စာဖတ်သူတို့ သိပြီး ဖြစ်ပါလိမ့်မည်။ မောင်အောင်ဦးမှ ၎င်း၏ အဘဖြစ်သူနှင့် သွားရောက်အိပ်စက်သည့် နေ့က ကြားခဲ့ရသော တောင်ပေါ်မှ တယောသံ အကြောင်းကို ပြန်လည် ပြောပြနေခြင်း ဖြစ်ပါ၏။
ယင်းနောက်တွင် မောင်အောင်ဦးမှာ သူ၏ သူငယ်ချင်းများ ဖြစ်ကြသော ဖိုးလေး၊ ငအောင်၊ ရဲကြီးနှင့် မိုးကို တို့အား ၎င်း ကြားခဲ့ရသော တောင်ပေါ်မှ တယောသံ အကြောင်းကို ပြောပြလေ၏။ ထိုအခါ ၎င်း၏ သူငယ်ချင်းများမှ တယောသံ ဖြစ်သည့်အတွက် ဥစ္စာစောင့် မိန်းမ မဖြစ်နိုင်ကြောင်း၊ ဥစ္စာစောင့် ယောက်ျားသာ ဖြစ်နိုင်ကြောင်း ထင်မြင်ချက် ပေးကြလေ၏။
ပြီးနောက်တွင် ၎င်းတို့ လူရွယ်တစ်စုသည် လူရွယ်ပီပီ စူးစမ်းလိုကြသည့်အလျောက် ကြောက်ပင် ကြောက်လင့်ကစား အဘိုးကြီး ဦးသာအောင်၏ စကားအရ ညစဉ် သန်းခေါင်ယံတွင် ပေါ်ထွက်တတ်သည့် တယောထိုးသည့် ဥစ္စာစောင့်ကို သွားရောက် ချောင်းမြောင်း ကြည့်ရှုလိုသည့် အားလျော်စွာ အချင်းချင်း ခေါင်းချင်းဆိုင် တိုင်ပင်ကြလေတော့၏။
၎င်းတို့မှာ ငါးယောက်အဖွဲ့ ဖြစ်သည့်အတွက် ကြောက်စရာ မလိုကြောင်း၊ အဆိုပါ တယောထိုးသည့် ဥစ္စာစောင့်အား တွေ့ရပါက ရွာထဲတွင် လှည့်ပတ်၍ ကြွားနိုင်မည် ဖြစ်ကြောင်း၊ အခန့်မသင့်၍ တစ်ခုခု ဖြစ်ပါကလည်း ထိုတောင်အနီးတွင် အဘဖြစ်သူ ဦးသာအောင်၏ တဲကလေး ရှိနေသဖြင့် ထိုတဲဆီသို့ ထွက်ပြေး၍ ရနိုင်ကြောင်း စသည်ဖြင့် ၎င်းတို့၏ စွန့်စားခန်းအတွက် အသေးစိတ် အချက်များကို ခေါင်းချင်းဆိုင် တိုင်ပင်နေကြလေတော့၏။
+++++++++++++++++++++
ရေးသားသူ – မဟာရာဇာ အံစာတုံး
11 comments
Khaing Zar Win
November 10, 2012 at 8:59 am
🙂
လုံမလေးမွန်မွန်
November 10, 2012 at 10:15 am
အပေါ်မှာ အောင်မောင်ဦး ဖြစ်နေဒယ်….ပြင်လိုက်ဦးနော်…
ဇာတ်လမ်းက ဂုမှ စတော့မှာပေါ့… ဆက်ရေးဦးနော်…
ရွှေအိမ်စည်
November 10, 2012 at 10:26 am
ရွှေဥဒေါင်းလိုလို…ဘာလိုလိုပေါ့………….ဖတ်ရတာတိုနေတာ(စာ) လွဲရင်..သရဲကျနော်ကြိုက်တယ်… 3:)
candle .
November 10, 2012 at 10:33 am
လုပ်ပြီ တွေ ့လား စိတ်ဝင်စားပါတယ်ဆို တိုးလို ့တန်းလန်း 🙂
Novy
November 10, 2012 at 11:02 am
တောင်ပေါ်က တယောသံ(၁) -(၂)ကို
ပေါင်းပြီးခံစားသွားပါတယ်
နောက်လာမဲ့ တယောသံများကိုလည်းစောင့်မျော်နေပါတယ်ရှင်
surmi
November 10, 2012 at 3:07 pm
မင်းသိင်္ခ သေပြီးမှ မောင်ရင် ့ကိုမွေးတယ်ဆိုရင် ကျုပ်ကဝင်စားတယ်လို ့
စွပ်စွဲဦးမှာ ။ခုတော ့ ……… ရွှေဥတုံး လို ့ဘဲ နာမည်ပြောင်းလိုက်ဟေ ့
ဇတ်သိမ်းပိုင်းမှထပ်မန် ့ဦးမယ် …..
မဟာရာဇာ အံစာတုံး
November 10, 2012 at 6:56 pm
ဟုတ်ကဲ့ ခဗျာ …
ယခုကဲ့သို့ ကျနော့်ရဲ့ ပို့စ်လေးကို လာရောက်ကာ အားပေးသွားကြပါကုန်သော …
မခိုင်ဇာဝင်း၊ မမွန်မွန်၊ ရွှေအိမ်စည်၊ Candle ၊ မနိုဗွီ၊ ဦးဆာမိ တို့အား ..
အထူးပင် ကျေးဇူးတင်ရှိလှပါသည် ခင်ဗျာ …
ချစ်တဲ့ …..
အံစာတုံး
ရာဇဝင်လူဆိုး
November 10, 2012 at 7:05 pm
ဟေ့ ..ဒီဝိုင်းက ဘိုအံ ဆီကို ဘီအီး ၂ လုံးထပ်ချပေးလိုက်ကွာ။ အမြည်းပါ ယူလာခဲ့။
ကဲ..ဘိုအံ ဆက်ပြောပေတော့ အခု ။
မောင်ပေ
November 10, 2012 at 9:45 pm
အော်… ဘိုအံရယ်.. နင့်ကျေးလက်စာတွေဖတ်ရတော့
နွားထိုးကြီးနားက ရွာမှာ သောက်ခဲ့ရတဲ့ ၊ ဖိုပေါ်က ချချချင်း ထနောင်း+ထန်းလျက်အရက် ချိုတိုတိုပူပူနွေးနွေးလေးကို သွားသတိရမိတယ်
ကိုဆာမိ ပေးတဲ့
“ ရွှေဥတုံး ” ဆိုတဲ့ နာမည်လေးလဲ လန်းတာကလား
:kwi:
ဦးကြောင်ကြီး
November 12, 2012 at 10:27 am
အိုင်ပေါ့ဒ်ကို စပီကာတပ်ပြီး ဖွင့်ထားတာ ဖြစ်ပါလိမ့်မယ်။ အိုင်ပေါ့ဒ် မဟုတ်လည်း ဟန်းဖုံးထဲက အမ်ပီသရီး ပလေးယားနဲ့ပေါ့ဗျာ..။
Mr. MarGa
November 27, 2012 at 5:02 pm
နောက်မှ အကုန်ပြန်ဖတ်ဖို့ ဒေါင်းသွားပါတယ်
နောက်မှ မန့်ပါမယ်