“ကောက်စားသော တတိယလူ ဘာသာပြန်မှားသော ရွှေဖော့လုံးနှင့် အရောက်နောက်ကျသောမဏိမေခလာ”
“ကောက်စားသော တတိယလူ ဘာသာပြန်မှားသော ရွှေဖော့လုံးနှင့် အရောက်နောက်ကျသောမဏိမေခလာ”
မနေ့ညက ကိုအေးတို့အိ်မ်ဘက်က မကြားစဘူး ဆူဆူညံညံအသံတွေထွက်လာတော့
ကျုပ်လဲအတော်လေးကိုအံ့ဩသွားပါတယ်။
အဲဒီအိမ်က ကိုအေးရယ် သူမိန်းမ မချိုပုရယ် ကို်အေးရဲ့အဖေကြီး ဦးပေစိရယ်သုံးယောက်ထဲဘဲရှိတဲ့အိမ်ကိုးဗျ။
ကိုအေးက ကုမ္ပဏီဝန်ထမ်း။
သူ့မိန်းမကလဲ ဈေးထဲက သူုတို့နဲ့အမျိုးမကင်းတဲ့ဆိုင်မှာအလုပ်လုပ်တယ်။
ဦးပေစိကြီးကတော့ မှီခို မျက်စေ့မမြင်ရှာဘူး။
သူတို့လင်မယားအလုပ်သွားတယ်ဆိုရင်ခြံတံခါးကိုစေ့ထားလိုက်ရုံပါဘဲ။
မီးရေးထင်းရေးရှိတတ်တော့ အိမ်တံခါးတော့ ပိတ်မသွားပါဘူး။
အိမ်မျက်နှာစာတွေကတော့ သွားကြလာကြနဲ့လူလဲ မပြတ်ပါဘူး။
နောက်ဘက်ကတော့ အထက်တန်းကျောင်းဝင်းကြီးကို ကျောပေးထားတာပေါ့။
နောက်ဘေးကျောင်းဝင်းဘက်ကသာ ခြံစည်းရိုး ခနော်ခနဲ့ ဆိုတော့ တစ်ခါတစ်လေခွေးတွေဘာတွေတိုးဝင်တတ်တာမျိုးဘဲရှိတတ်တာပါ။
မနက်ဆို ထမင်းချိုင့်ကို်ယ်စီနဲ့ သူတို့နှစ်ယောက်က အလုပ်သွား ။
ဦးပေစိကြီးအတွက် ထမင်းဟင်းကိုစားပွဲပေါ်မှာ အုပ်ဆောင်းနဲ့အုပ်ပြီး ထားသွားပေါ့။
ဦးပေးစိစားချင်တဲ့အချိန်ဝင်စားပြီး ဒီအတိုင်းထားခဲ့ရုံပါဘဲ။
ဦးပေစိကြီးက မျက်စေ့မမြင်ပေမယ့် တုတ်တစ်ချောင်းနဲ့ဟိုစမ်းစမ်း ဒီစမ်းတော့သွားနိုင်ပါတယ်။
သူ့အိမ်ထဲက တော့ မမြင်ပေမယ့် အလွတ်ရနေသလို အထိအခို်က်မရှိပေါ့။
တစ်ခါတစ်လေမှာတော့ အနောက်ဘက် နှစ်အိမ်ကျော်မှာနေတဲ့ မခင်မြက
“အဘ” ဘာလိုလဲ ညာလိုလဲဆိုဝင်မေးရင်း စားသောက်ထားတဲ့ ပုဂံတွေဆေးပေးသွားတာမျုိုး အမြင်မတော်တာတွေကို ကောက်ကက်ပြီး သိမ်းဆည်းသွားပေးတာမျိုးတော့ရှိတတ်ပါတယ်။
ကိုအေးတို့နဲ့ သားချင်းသိပ်မကင်းတာလဲပါသပေါ့။
သူတို့ိအိမ်ဝင်တဲ့ထွက်တဲ့လူကလည်း သူတစ်ယောက်ဘဲရှိတာပေါ့။
ပြီးခဲ့တဲ့ တစ်ပါတ်ကျော်ကျော်လောက်ကတော့ မောင်အေးတို့အိမ်ကို မချိုရဲ့အမျိုးတွေလာကြပါတယ်။
တောကလာကြတာပါ။
သူတို့ညီမဝမ်းကွဲ အပျိုပေါက်လေးတစ်ယောက် စိတ်ဂယောက်ဂယက်ဖြစ်နေလို့ဆေးလာကုတယ်
ပြောသံကြားရတာပါဘဲ။
ဒါပေမယ့်မောင်အေးကလက်မခံလို့ အခြားတစ်ယောက်အိမ်ပြောင်းသွားကြတယ်လို့တော့
သဲ့သဲ့ကြားလိုက်ရတာပါဘဲ။
သိပ်မကြာပါဘူး အသံထွက်လာတာက ဦးပေစိအတွက် မချိုပု ချန်ထားခဲ့တဲ့ဟင်းတွေက
တကယ့်ကိုနည်းနည်းလေး။
ထားခဲ့တယ်ဆိုရုံလေး။
အသားဟင်းဆိုပြန်ရင်လဲ အမည်ခံသက်သက်။
အရိုးဟင်းတွေလိုဖြစ်နေပါသတဲ့။
အစကတော့ အမှတ်တမဲ့လိုလိုဖြစ်ပေမယ့် သတိထားမိတဲ့ရက်ကစပြီး
ဟင်းအကျန်အကြွင်းထားခဲ့တယ်ဆိုတာ ပိုပိုသိသာလာပါသတဲ့။
ဦးပေစိကတော့ သူ့အတွက်ချန်ထားခဲ့တဲ့ ဟင်းတွေက အရင်လို မဟုတ်တာတော့ သိပေမယ့်လည်း
“ကိုယ်မှ မရှာနို်င်တော့တာ အခုလိုချက်ပြုတ်ပြီးသားလေးစားနေရာတာဘဲတော်လှပြီ”လို့သဘောထားပါသတဲ့။
စိတ်ထဲမှာမကောင်းပြန်တာက မကြည်ဖြူပေမယ့်လဲ ဒုကိ္ခိတစ်ယောက်အဘို့ ပြေးစရာမြေမရှိတော့ ကုတ်ကပ်နေရတဲ့ဘဝကြီးကိုတွေးတွေးပြီးဝမ်းနည်းတာပါသတဲ့။
နောက်ပြီးအရင်က အဖေအရင်းတစ်ယောက်လို လိုလေးသေးမရှိအောင် ဂရုစိုက်ခဲ့တဲ့ချွေးမလေးရဲ့
ရုတ်တရက်ပြောင်းလဲသွားတဲ့စိတ်ကို နားမလည်နိုင်အောင်လည်းဖြစ်မိပါသတဲ့။
နောက်မှတွေးမိတာကတော့ သားဖြစ်သူက က သူ့အမျုိုးတွေကိုလက်မခံတာကို စိတ်ကွက်သွား
တယ်လို့ဘဲဖြေတွေး တွေးလိုက်ပါတယ်။
အသက်ကြီးပြီဆိုတော့ ဘာကိုမှလဲ သိပ်မက်မက်မောမောမရှိတော့ ဒါကိုလဲ
အလုပ်တစ်ခုလုပ်ပြီးပြောမနေတော့တာလဲ ပါ ပါတယ်။
ဒါပေမယ့် ဘယ်သူကိုမှတော့က ထုတ်မပြောပါဘူးတဲ့။
မခင်မြကတော့ ဒီအကြောင်းတွေကို အိမ်နီးနားချင်းတွေကိုတော့ ပြောမိပါသတဲ့။
အဲတော့လဲတစ်ယောက်စကားတစ်ယောက်နားနဲ့ဒီသတင်းကပျံ့လာပါသတဲ့။
အဆုံးမတော့ ဒီအကြောင်းက ကိုအေး ပြန်ကြားလာတဲ့တစ်နေ့ မခင်မြကိုခေါ်မေးတော့
သူလဲသူမြင်တာ ပြန်ပြောလိုက်တော့ လင်မယားနှစ်ယောက်စကားများတဲ့အဆင့်ကိုရောက်သွားသပေါ့။
မချိုပုကလဲ သူဒီလို ယုတ်မာတဲ့စိတ်မရှိတဲ့အကြောင်း၊
အဖေတစ်ယောက်လိုသဘောထားတဲ့အကြောင်း၊
ကိုအောင်ကလဲ ညည်းအမျိုးတွေကိုလက်မခံလို့
လက်စားချေသလားပေါ့။
ဒါမှမဟုတ်ရင် မျက်မမြင်အဖေကြီးကို ဘာလို့အကြွင်းအကျန်တွေချန်ထားသလဲပေါ့။
မချိုပိုကလဲ သူ စားဦးစားဖျားဘဲ အမြဲ ချန်ခဲ့တာဖြစ်တဲ့အကြောင်း ၊
ပြန်ပြောပါသတဲ့။
ဒါနဲ့ဘဲ ကိုအေးက သူ့သူငယ်ချင်းတွေကို ဒီအကြောင်းရင်ဖွင့်ပါသတဲ့။
အဲဒီအခါမှု “တစ်ယောက် ယောက်ကများ နေ့စဉ်ဝင်စားနေသလားကွာ”လို့မေးပါကြသတဲ့။
အဲဒါကို ကိုအေးက တော့ သိပ်လက်မခံချင်ပါဘူး။
မဖြစ်နိုင်ဘူးပေါ့။
တစ်ရက်တော့ ကိုအေး သိပ်နေမကောင်းတာနဲ့အလုပ်မသွားဘဲအခန်းထဲမှာလှဲနေပါသတဲ့။
သူ့အဖေက တော့ အိမ်အပြင်ဘက် ခြံဝိုင်းထဲမှာထိုင်နေပါသတဲ့။
ကိုအေး မှေးကနဲ့ဖြစ်အသွား တစ်ခုခုကိုလှန်တဲ့အသံကြားလို့အပြင်ထွက်အကြည့်
လူတစ်ယောက်က သူ့အဖေစားမယ့် ဟင်းခွက်တွေကိုနိုက်နေတာကို တွေ့လိုက်ပါသတဲ့။
ကိုအေး လဲမြင်ရော နောက်ဖေးပေါက်က ထွက်ပြီး ကျောင်းခြံစည်းရိုးကို တိုးပြီးထွက်ပြေးပါသတဲ့။
ကျောင်းဝင်းထဲမှာနေတဲ့ စိတ်သိပ်မနှံ့တဲ့ လူပါဘဲ။
စားပွဲပေါ်မှာတော့ သူ့အဖေစားမယ့် ဟင်းတွေကို ထည့်ထားတဲ့ ကြွတ်ကြွတ်အိပ်လေးတစ်လုံး။
ဒီတော့မှဘဲ သံသယတွေရှင်းသွားကြပါသတဲ့.။
ဒါနဲ့ဘဲနောက်ဖေးပေါက်က လူဝင်လို့ရအောင် ကျိုးပျက်နေမှန်းသိပေမယ့် ဖြစ်ချင်သလိုဖြစ် ပစ်ထားခဲ့တဲ့ ခြံစည်းရိုးကို အသစ်ကာလိုက်ကြပါသတဲ့။
&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&
ဟိုတစ်ရက်က သူငယ်ချင်းတစ်ယောက်ရဲ့သားလေးမင်္ဂလာဆောင်ညစာစားပွဲမှာ
တစ်ဝိုင်းထဲအတူထိုင်မိတဲ့သူချင်း မိတ်ဆက်ပြီး မြန်မာပီပီ ဟိုအရေးဒီအရေးလေးတွေပြောမိတာပေါ့။
ထုံးစံအတိုင်းမီးမလာရေမလာတာက အစပြုလို့ တသီတစ်တန်းကြီးပြောမိကြပါတယ်။
လူတွေစည်းမဲ့ကမ်းမဲ့နေကြတာကို ပြောရင်းက “ကွမ်းကိုကို”တွေအကြောင်းရောက်သွားပါတယ်။
ကွမ်းတံတွေးကို ထွေးချင်သလိုထွေးကြတဲ့အကြောင်းကိုရောက်သွားပြန်ပါတယ်။
ဟုတ်လဲဟုတ်ပါတယ် နေရာအနှံ့အပြားမှာ ကွမ်းသွေးတွေနဲ့ပေကျံနေတဲ့အကြောင်းပေါ့။
ပိုိုဆိုးတာက ဆိုင်ကယ်စီးနေရင်းရှေ့ကနေ “ ဖွီ “ကနဲထွေးထုတ်လိုက်ရင်နောက်က လူမျက်နှာနဲ့အံကျ။
ကားပေါ်ကနေပြီး “ ဖွမ် “ကနဲထွေးထုတ်လိုက်ရင် ဘေးကလိုက်လာသူနဲ့ကွက်တိ။
ဒါနဲ့ဘဲ ကွမ်းကို မြန်မာပြည်ထဲကို ဘယ်သူရောက်ခေါ်လာသလဲဆိုတာကနေစလိုက်တာ
ဟိုးရှေးရှေးက ကွမ်းတယာရေတစ်မှုတ်ဇာတ်လမ်းရဲ့ မင်းသားကြီး ဗျတ်ဝိနဲ့ မအိုဇာကနေ ပန်းတော်ဆက်ကို ဗျတ္တတို့အကြောင်း ရောက်သွားပြန်ရော။
အဲဒီ ပုဂံ ပုပ္ပါးကနေဇာတ်လမ်းဆက်လိုက်တာ ရွှေဖျဥ်းကြီး ရွှေဖျဉ်းလေး ဆိုတဲ့ တောင်ပြုံးမင်းညီနောင်အကြောင်းရောက်သွားပြန်ပါတယ်
တောင်ပြုံးမင်းညီနောင်က တော့ မြန်မာပြည်ရဲ့နတ်ကိုးကွယ်မူ့လောကကို အတော်လွှမ်းမိုးနိုင်တာက
တော့ ဘယ်သူမှ မငြင်းနိုင်တဲ့အမှန်တရားပါဘဲ။
သူတို့ကွယ်လွန်သွားတာနှစ်ပေါင်းများစွာကြာပေမယ့် ကိုးကွယ်သူတွေက အခို်င်အမာယုံကြည်နေကြတုန်း
သူတို့ကွယ်လွန်ရတဲ့အကြောင်း ကလဲ အခုထိ ငြင်းခုန်လို့ ကောင်းတုန်းပါဘဲ။
တောင်ပြုံးအကြောင်းပြောမယ်ဆိုရင် “ ကိုရင်မောင် “ပါမယ် “ မရွှေဥ “ ပါရမယ်။
သူတို့ပါမယ်ဆိုရင် မြန်မာ့သူရဲကောင်း ကျန်စစ်သားလဲ ပါရမယ်ပေါ့။
ဇာတ်လမ်းကတော့ အကြမ်းအလွမ်းစုံတဲ့ဇာတ်လို့ပြောရင်လဲရသပေါ့။
ဟိုးတရုပ်ပြည်ကနေစစ်ချီပြီးပြန်အလာ အခုတောင်ပြုံးဆိုတဲ့နေရာမှာ တပ်တစ်ထောက်နားပါသတဲ့။
အဲဒီအချိန် ဖလန်းဖလန်းထနေတဲ့ ရွှေညီနောင်နှစ်ပါးက ကိုရင်မောင် မှတ်ပုံတင်ထားတဲ့ မရွှေဥကို
ဇာတ်လမ်းတွေရှာပါသတဲ့။
အဲဒီမှာ မရွှေဥ ကျားနဲ့ချီတဲ့ ဇာတ်လမ်းတွေဘာတွေဖြစ်ကုန်တာပေါ့.။
မင်းညီနောင်နှစ်ပါးကလဲ အနော်ရထာမင်းတရားရဲ့အချစ်တော်လေးတွေဆိုတော့ထင်ရာစိုင်းခွင့်
ရထားတယ်ထင်ပါတယ်။
တပ်စခန်းချနေတဲ့ရွာမှာ ဘုရားတစ်ဆူတည်တဲ့အခါ အားလုံးလုပ်အားပါဝင်ရမယ်လို့အမိန့်တော်ချပါသတဲ့။
အဲဒီ အီးမေလ်းကို မင်းနှစ်ပါး မရလိုက်ဘူးနဲ့တူပါတယ် သူတို့ပါဝင်ရမယ့် အုတ်ခဲနှစ်လုံးကို သွားမစီမိပါဘူးတဲ့။
သူတို့အတွက် နေရာကောင်းချန်ထားတာမှန်ပေမယ့် သူတို့ကပျက်ကွက်တော့ လူမြင်ကွင်းတည့်တည့်မှာအုတ်
နှစ်ချပ်လပ်နေပါသတဲ့။
အနော်ရထာမင်းရောက်လာတဲ့အခါမှာတော့ ဒီအုတ်နှစ်ချပ်လပ်နေတာကို မြင်တဲ့အခါ
“ ဘူလေးဟာလဲ “လို့မေးတော့ အားလုံးက တစ်ညီတစ်ညာတဲ့” ရွှေဖျဉ်း”တို့လို့ဖြေပုံရပါတယ်။
မင်းတရားစိတ်ဆိုးတော်မူတော့ “အမိုက်အမဲလေးတွေကိုရွှေဖော့လုံးနဲ့ဆုံးမလိုက်ဟဲ့”လို့မိန့်လိုက်တဲ့အခါ
ဘာသာပြန်မှားတယ်နဲ့တူပါတယ် “ဝါးရင်းဒုတ်”နဲ့ချက်ကောင်းအဆော်ခံရတော့ နတ်ဖြစ်တော်မူသွားပါတယ်။
ဒီဇာတ်လမ်းမှာ
မင်းကြီးက အမိန့်ပေးခဲ့တာလဲအမှန်ပါဘဲ။
“ရွှေဖော့လုံး”ကနေ “ဝါးရင်းဒုတ်”ဖြစ်သွားခဲ့တာလဲအမှန်ပါဘဲ။
မင်းနှစ်ပါး အသက်ဆုံးရှုံးတာလဲအမှန်ပါဘဲ။
&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&
ကျနော်တို့ ငယ်ကတည်းကနားဆင်ခဲ့ရတဲ့ အိပ်ယာဝင်ပုံပြင်ထဲမှာ ဘုရားဖြစ်စဉ်
ဇာတ်ကြီးဆယ်ဘွဲ့ထဲက “မဟာဇနက္ကမင်း”အကြောင်းကတော့ ခေတ်မီတဲ့ဇာတ်လမ်းပါဘဲ။
ပင်လယ်ပြင်ကို လှေနဲ့ဖြတ်တော့ တကယ့်စွန့်စားခန်းလို့ဆိုနိူင်ပါတယ်။
မဟာဇနက္ကဆိုတာ ဇွဲလုံ့လနဲ့ ဉာဏ်ပညာ ရင့်သန်တဲ့ စံပြဇာတ်ကောင်ကိုးဗျ။
လေမုန်တိုင်းမိပြီး သဘောင်္ပျက်ခါနီးတဲ့အချိန်မှာကိုသွေးအေးအေး စံနစ်တကျ တုန့်ပြန်သွားပုံက
လက်ဖျားခါလောက်ပါတယ်။
အဝတ်အစားအသစ်တွေလဲတယ်။
ဆီဦးထောပါတ် ပျားရည်တွေကို စားတယ်။
အမြင့်ဆုံးသောရွက်တိုင်ထိပ်ဖျားကိုတက်တယ်။
သဘောင်္နဲ့ အဝေးဆုံးရေထဲကိုခုန်ချလိုက်တယ်။
ခုနှစ်ရက်လုံးလုံးလက်ပစ်ကူးတယ်။
အဲဒီခေတ်က သာ ဂင်းနစ်စံချိန်သာ ရှိခဲ့ရင် မှတ်တမ်းတင်ခံရလောက်ပါတယ်။
သေလုမျောပါးဖြစ်နေချိန်ရောက်တော့ မဏိမေခလာ က လာကယ်ပါတယ်။
ကယ်စရာရှိတာများ မြန်မြန်ကယ်လိုက်ရင် လူသက်သာတာပေါ့လို့ ငယ်ငယ်တုန်းကတော့တွေးမိတာပေါ့။
ဒါပေမယ့် အခုတော့သဘောပေါက်သွားပါတယ် ကွန်နက်ရှင်မကောင်းတော့
ပို့လိုက်တဲ့စာက မထွက်နို်င်။
အချိန်မီမရောက်။
အဲတော့ လဲ မေခလာလာကယ်တာနောက်ကျသပေါ့နော်။
သူကယ်တာနောက်ကျတော့ ဇနက္ကခဗျာ လူးလိမ့်နေအောင်ခံပြီးမှ ကံကောင်းလို့အသက်မသေတာပါ။
ဒီထက်စောစောလေးများ လာကယ်မယ်ဆိုရင် …………………………………
&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&
တစ်ခါတစ်ရံ ရှေးကအဖြစ်အပျက်တွေက လက်ရှိဖြစ်ပျက်နေတာတွေနဲ့
လာတိုက်ဆိုင်တတ်ပါတယ်။
လက်ရှိမြန်မာပြည်အတွက်အလှုပ်အခတ်ဆုံး လူစိတ်အဝင်စားဆုံး
ဖြစ်ရပ်ကတော့ “လက်ပန်တောင်းကြေးနီစီမံကိန်း”နဲ့ပါတ်သက်တဲ့အဖြစ်အပျက်တွေပါဘဲ။
နယ်ခံတွေက ဒီစီမံကိန်းရပ်ဘု့ိအတွက်ဆန္ဒပြကြတယ်။
လူတွေတင်မက သံဃာတော်တွေပါ ပါဝင်ပါတယ်။
စစခြင်းအဖမ်းအဆီးခံရတယ်။
နောက်တော့ပြန်လွှတ်ပေးတယ်။
တစ်ခါလူတွေက နောက်တစ်ခါ ဒီတောင်ကြီးမမြင်ရတော့ဘူးဆိုကြည့်တယ်။
ရပ်ခိုင်းတယ်။
ဖမ်းတယ်။
လူတွေကဆန္ဒဖော်ထုတ်တာမရပ်ဘဲ ဒီစီမံကိန်းကြီးဘဲအပြီးရပ်ဘို့ဆက်ဆန္ဒဖော်ထုတ်တယ်။
စီမံကိန်းဆောင်ရွက်နေသူများဘက်ကလဲ မရပ်နို်င်ဘူးဆိုတာဖြစ်လာတယ်။
အဲဒီအချိန်ကျမှ ဒီစီမံကိန်းနဲ့ပါတ်သက်တဲ့ ငွေပေးငွေယူကိစ္စတွေပေါ်လာသလို
ထင်သာမြင်မူ့မရှိဘူးဆိုတဲ့ကောက်ချက်တွေဆွဲလာကြပါတယ်။
နိုင်ငံတော်နဲ့ပါတ်သက်တဲ့ ကိစ္စမှာထင်သာမြင်သာမရှိဘူးလို့နေရာတိုင်းမှာတော့ပြောလို့မရပြန်ပါဘူး။
အားလုံးသိသင့်သိထိုက်တယ်ဆိုတာလဲ အကန့်အသတ်တစ်ခုတော့ရှိနိုင်ပြန်ပါတယ်။
တစ်ဘက်နဲ့တစ်ဘက် တင်းမာမူ့တွေပိုများသထက်များလာခဲ့ပါတယ်။
ရက်တွေသာ ရှည်ကြာလာခဲ့တယ် တိကျစွာ မျက်နှာခြင်းဆိုင်ဖြေရှင်းမူ့မရှိ။
ဖြစ်သင့်တဲ့ တောင်းဆိုမူ့ ဖြစ်သင့်တဲ့လိုက်လျောမူ့ဆိုတာကို မညှိနှိုင်းနိုင်ခဲ့ကြတာလဲအမှန်ပါဘဲ။
အတင်းမာဆုံးဆိုတဲ့အချိန်မှာ သပိတ်ကို မရပ်ရင် ဖြိုခွဲတော့မယ်ဆိုတာ ကိုကြေညာလာခဲ့ပါတယ်။
ဒီအချိန်မှာပြည်သူ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလဲ မုံရွာသပိတ်စခန်းကို သွားရောက်မယ်လို့
ကြေညာခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်မရောက်သေးခင်အချိန်လေးမှာဘဲ
ဒီသပိတ်ကိုပြိုကွဲအောင်ဖြိုခွဲခဲ့ပါတယ်။
ဒီဖြိုခွဲမူ့ရဲ့ ထင်သာ မြင်သာတဲ့ရလာဒ်ကတော့
ဆန္ဒဖော်ထုတ်သူများ(အများအားဖြင့်သံဃာတော်တွေအများစု)မှာအသက်သေဆုံးသူ၊
မီးလောင်ဒဏ်ရာသူ အတွင်းလူနာအဖြစ်ကုသခံရသူ ပေါင်းများစွာရဲ့သတင်းကိုကြားရချိန်
မှာတော့ တင်းမာမူ့အရှိန်အဟုန်က ပိုမိုမြင့်တက်ပြင်းထန်လာတာလဲအမှန်ပါဘဲ။
နောက်ဆက်တွဲဆန္ဒဖော်ထုတ်မူ့တွေကလဲ တစ်ခုပြီးတစ်ခု ဖြစ်လာပြန်ပါတယ်။
နောင်ညှိနိူင်းရတာ မရတာအပထား လက်ရှိရလာဒ်ကတော့ နှစ်ဘက်စလုံ့းအထိနာခဲ့ရပါပြီ။
ကျနော်ခေါင်းထဲမှာ တော့
ခြံစည်းရိုးနောက်ပေါက်က ဖြဲဝင်ပြီး စားသွားတဲ့ တတိယလူ ရှိနေပြီလား ?
(ရှိတယ်လို့ယူဆနိုင်လောက်စရာ အဖြစ်အပျက်တွေကလဲ ရှိနေပြန်ပါတယ်။)
ရွှေဖော့လုံးနဲ့ ဆုံးမခိုင်းတာကို ဝါးရင်းဒုတ်ပေးသူရှိနေပြီလား?
(မျက်ရည်ယိုဗုံးကိုသာ သုံးတယ်လို့ဆိုပေမယ့် ထိခိုက်ဒါဏ်ရာရထားသူများရဲ့
အရေပြားလောင်ကျွမ်းမူ့တွေက တော့ပြင်းထန်လွန်းနေပြန်ပါတယ်)
ဒါမှ မဟုတ် ကျီးမနိူူးပွဲ့အပျော်ခိုးတာကိုရောယောင်ပြီး တစ်အိမ်လုံးပြောင်တလင်းခါအောင်
အခိုးခံရတာနဲ့များ ဆင်တူတဲ့ဖြစ်ရပ်ရှိများရှိနေပြီလား ?
ဒါမှမဟုတ် မေခလာများ အရောက် နောက်ကျခဲ့လေသလား ?
လို့ ပါးပါးလေး တွေးနေမိပါတယ်။
ကဲ…………………………………………………………………………..
ကိုပေါက်(မန္တလေး)
ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး
(6-12-2012)
13 comments
surmi
December 8, 2012 at 9:58 am
အထူကြီးတွေးထားပါတယ်အစ်ကိုရေ
အစ်ကို ့လိုမျိုးတွေးတွေးဆဆနဲ ့သာလုပ်ကြရင် ဒီလောက်အထိဘယ်ဖြစ်နိုင်မလဲ ။
မြှောက်ပေးနေတဲ ့သူတွေရော ဒိုင်ဗင်ဝင်ပစ်နေတဲ ့သူတွေရော
ရှုပ်ထွေးနေလေရဲ ့ဗျာ ……
ကြားခွေးစားသွားမှာမြင်ယောင်သေးးး
တတိယလူ ……… တတိယလူ ……
ဦး ကျောက်ခဲ
December 8, 2012 at 10:00 am
အကိုပေါက်ရေ
ဇာခန်းဆီး အနာက်ကွယ်က ဇတ်လမ်းတွေက စဉ်းစားစရာ အပြည့်နဲ့ပါ…..
မောင်ကျောက် ကျောင်းပြီးစက ရန်ကုန်က နိုင်ငံခြားကုမဏီ တစ်ခုမှာ အလုပ်ဝင်ဖူးပါတယ်
ပရောဂျက်က မြို့လည်နေရာကောင်းမှာ အဆင့်မြင့် အဆောက်အဦ ဆောက်ဖို့ပါ
အဲသည့်မှာ “ဦးပိုင်” ရဲ့ တောင်းချက်ကတော့ ရက်စက်တယ်ဗျာ၊ သူတို့အတွက် ဗလာချီ ဒေါ်လာတစ်သိန်း တဲ့….
ဇတ်သိမ်းတော့ အဲသည့် အကွက် အဖျက်ခံလိုက်ရတာဘဲ အဖတ်တင်တယ်၊ ဒီနေ့အထိ ကွက်လပ်ကြီး
တတိယလူက မင်းကြီးတာက ထွက်တာ အကိုရေ့
မောင်ပေ
December 8, 2012 at 10:51 am
အရပ်စကားနဲ ့ပြောနေကြတာကတော့
ကြားခွါးစေးတတ်တယ် ဆိုပဲ
ကျုပ်ကြားတာလေးကို ပြန်ရေးပြတာပါ
ဂွင်ထဲကိုတော့ တန်းနေအောင်ဝင်သွားတာပဲ
ရဲစည်
December 8, 2012 at 12:26 pm
လေးပေါက်ရေ …
တွေးတွေးဆဆ ဖေးဖေးမမ ရှိသင့်တာ အရင်ကတင်မက ခုလည်းလိုနေတာပါဘဲ..။
တတိယမျက်လုံးတော့ စာအုပ်ထဲ ဖတ်ဖူးတယ်
တတိယလူကတော့ လက်တွေ့လောကထဲ တကယ်ရှိတာ ယုံသဗျို့ … ကြောက်စရာလဲ ကောင်းရဲ့
ဆိုတော့ ……
ဦးကြောင်ကြီး
December 8, 2012 at 12:46 pm
ပေါရရင်တော့ သက်ဆိုင်ရာ အဖွဲ့အစည်းများအားလုံး သိက္ခာကျပါတယ်။ ရုတ်တရက် ထဖြစ်တဲ့ အရေးအခင်းလည်းမဟုတ်၊ တအုံနွေးနွေးနဲ့ နောက်ဆုံးမခံနိုင်လို့ ကြံမိကြံရာ လုပ်ကြရတာ။ ဦးသိန်းစိန် အစိုးရကသာ ကြိုကြိုတင်တင် ဖြေရှင်းတာဝန်ခံပေးခဲ့ရင် (ဦးပိုင်ကိုတော့ မပြောတော့ဘူး ဒင်းတို့က စစ်တပ်မဟုတ်.. ဓါးပြတွေ)၊ ဘွားဒေါ်ဂျီးကသာ စောစောစီးစီး ကြားဝင်ပေးခဲ့ရင်၊ မီဒီယာနဲ့ ၈၈ဦးဆောင်တဲ့အဖွဲ့များ မြစ်ဆုံအရေးလို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ခဲ့ရင် ရလဒ်တမျိုးဖြစ်ကောင်းပါမယ်။ သို့သော် တရုတ်ကြီးခံနေတော့ အစောပိုင်းကာလမှာ ဝင်ခဲ့ရင် နိုင်ငံရေးအမြတ်ထုတ်တယ်၊ တရုတ်ဆန့်ကျင်ရေး လှုံ့ဆော်တယ် ဘာညာနဲ့ ဝင်တဲ့သူ အချောင်ကြားညှပ်သွားနိုင်ကိန်း အတော်များတယ်။ အစိုးရတရပ်ဆိုတာ တိုင်းပြည် စီမံခန့်ခွဲမှုအာဏာ ရယူထားသူမို့ ဆဲစရာရှိ ဒင်းတို့အမျာဆုံး ခံသင့်တယ်။ ဝမ်ပေါင်ကုမ္မဏီ လုပ်ငန်းတွေကို ဆန္ဒပြပွဲအရှိန် မြင့်တက်လာချိန်မှာ ရပ်ဆိုင်းခိုင်းပြီး ကြားလူတွေနဲ့ ကော်မရှင်ဖွဲ့ စုံစမ်းဖြေရှင်းပေးဖို့ကြိုးစားပြရင် တင်းမာမှုအရှိန် အတော်လျော့ကျခဲ့မှာ။ ဒေသခံတွေကလည်း နောက်ဆုံးမတတ်နိုင်တော့လို့ ဘုန်းကြီးကို စစ်ကူခေါ်ရတဲ့ အဆင့်ရောက်ခဲ့တယ်။ ဘုန်းကြီးသာမပါရင် အခုလို ရပ်သိရွာသိ ကော်မရှင် ဖြစ်ပါ့မလား၊ အကုန်လုံး ထောင်ထဲရောက်ပြီး တဒိုင်းဒိုင်းနဲ့ တရုတ်နှစ်ကူး ဗျောက်အုံးဖောက်သလို မိုင်းတွေခွဲနေမှာပေါ့……။
MaMa
December 8, 2012 at 6:14 pm
လက်ရှိအဖြစ်အပျက်ကို ထင်သာမြင်သာရှိအောင် ရေးနိုင်ပါပေတယ်။
အတွေးပါးပါးပဲ တွေးတာကောင်းတယ်။
နက်နက်ရှို်င်းရှိုင်းတွေးရင် :byae:
Mobile
December 8, 2012 at 8:35 pm
ဓာတ်ပုံ လက်ရာတင်မက
အရေးအသားလက်ရာကလဲ အကောင်းပါလား
ဒီလောက်တော့ ရှိတာမဆန်းဘူးပဲဗျ ဘာလို့ဆိုတော့
နန်းတော်ရှေ့ဆရာတင်တို့ ဘာတို့ပေါ်ထွက်ခဲ့တဲ့ အရပ်ကလူကို
ဘော်ဒါတွေစုံရင် ထွေရာလေးပါးပြောတတ်ကြသကို။ ကျနော်တို့လို
လူငယ်တွေကတော့ဗျာ ဘော်ဒါတွေစုံလာပြီဆို မိုက်ခဲမယ်လောက်ပဲ အကျိုးမရှိ
အလုပ်တွေ အကြောင်းပဲလုပ်ဖြစ်ပြောဖြစ်ကြပါတယ်။
ဖတ်ရတာ ခံတွင်းတွေ့လှကြောင်းပါ
ပုံရိပ်လေးတွေ အပြင် အခုလိုစာသားလေးတွေပါ အဆင်ပြေသလို
ရေးသာဖော်ပြပါလို့ တိုက်တွန်းလိုက်ပါတယ်။
ကိုပေါက်(မန္တလေး)
December 8, 2012 at 10:16 pm
ထူချင်ပါသော်လည်း မမပြောသလို ပါးပါးလေးဘဲကောင်းပါတယ်နေ်ာ။
မင်းနန္ဓာ
December 9, 2012 at 12:01 am
သိပ်ထူစရာမလို
ဒီလောက်ကလေး တွေးပြီး ထုပ်ပိုးသိမ်းဆည်းခဲ့မယ်ဆို
ဒီနေ့လို အဖိတ်အစင်တွေ ရှိခဲ့မှာမဟုတ်
jullies cezer
December 9, 2012 at 7:31 pm
လေးပေါက်ရေ ပါးပါးလေးသာဆိုတယ် စလယ်ဆုံး
ထူထူလေးတွေးစရာလေးတွေရခဲ့ပါတယ် ……..
P chogyi
December 10, 2012 at 9:32 am
အတွေးတွေ၊ မေးစရာတွေ၊ အဖြစ်အပျက်တွေကို
ဥပမာနဲ့ ဖတ်သူတွေ ဇာတ်ထဲမျောပါသွားအောင်ဆွဲဆောင်နိုင်
လွန်းလို့ ချီးကျူးပါတယ်။
တွေးစရာတွေကိုလည်း ဉာဏ်မှီသလောက် လိုက်စဉ်းစားကြည့်
လိုက်ဦးမယ်။
kyeemite
December 10, 2012 at 1:49 pm
ခြံစည်းရိုးနောက်ပေါက်က ဖြဲဝင်ပြီး စားသွားတဲ့ တတိယလူ ရှိနေပြီလား ?
ရွှေဖော့လုံးနဲ့ ဆုံးမခိုင်းတာကို ဝါးရင်းဒုတ်ပေးသူရှိနေပြီလား?
ဒါမှ မဟုတ် ကျီးမနိူူးပွဲ့အပျော်ခိုးတာကိုရောယောင်ပြီး တစ်အိမ်လုံးပြောင်တလင်းခါအောင်
အခိုးခံရတာနဲ့များ ဆင်တူတဲ့ဖြစ်ရပ်ရှိများရှိနေပြီလား ?
ကိုပေါက်ပေးတဲ့ အတွေးပါးပါးလေးကို
ဆက်တွေးနေတယ်ဗျို့…
ကိုပေါက်(မန္တလေး)
December 10, 2012 at 3:27 pm
ဒီပို့စ်လေးက လဲ မြနန္ဒာဂျာနယ်မှာ ဒီတစ်ပါတ် ထွက်မယ့် အလှည့်မှာ ပုံနှိပ်ထားပါတယ်။
မဒမ်ပေါက်ကတော့ ပြောပါတယ် ကိုပေါက်တော့ နီးနီးလာပြီတဲ့။