နှုတ်ဆိတ်နေသော အချစ်
ဟိုး အစောကြီးကတည်းက ကောင်မလေးရဲ့ မိဘတွေက သူ့ ကောင်လေးနဲ့ကို လုံးဝ
သဘောမတူတာပါ။ မိဘအသိုင်းအဝိုင်းရဲ့ အခြေအနေတွေ မတူကြတော့ အမြင်မတူတာတွေဟာ
နောက်နောင် တစ်သက်လုံး ဒုက္ခ ရောက်စရာတွေချည်းလို့ လူကြီးတွေက
အကြောင်းပြကြတယ်။
မိဘတွေရဲ့ ဖိအားတွေကြောင့် သူတို့ စုံတွဲ အမြဲလိုလို စကားများကြတယ်။
ကောင်မလေးဟာ ကောင်လေးကို အသက်ထက်ဆုံး ချစ်နေလေတော့ သူ့ကောင်လေးကို
ဘယ်လောက် ချစ်သလဲ ဆိုပြီး အမြဲ မေးလေ့ရှိတယ်။
ဒီမေးခွန်းအတွက် ကောင်လေးမှာ ဖြေပြစရာ စကားလုံးတွေ ရှားနေတော့ တခါတလေ
ကောင်မလေးက အတော်လေး စိတ်ပျက်မိတယ်။ သူ့လောက် မချစ်လို့လား
ဆိုပြီးတော့လည်း တခါတခါ သံသယ ဝင်မိတော့တယ်။ နောက်ပြီး မိဘတွေ သဘောမတူလို့
ထွက်လာတဲ့ စကားလုံး အပြင်းစားတွေကြောင့်လည်း ဒေါသမှန်သမျှဟာ
ကောင်လေးအပေါ်ပဲ ဖွင့်ချလိုက်တယ်။ ကောင်လေးကတော့ သူ့ချစ်သူရဲ့ ဒေါသ
အားလုံးကို တိတ်ဆိတ် တည်ငြိမ်စွာနဲ့ပဲ ဘာမှ မပြောဘဲ ငြိမ်ခံနေလိုက်တယ်။
နှစ်အနည်းငယ် ကြာတော့ ကောင်လေးက နိုင်ငံခြားမှာ ပညာဆက်သင်ဖို့ အခွင့်အရေး
ပေါ်လာတော့ သူ နိုင်ငံခြားသွားဖို့ ဆုံးဖြတ်လိုက်တယ်။ မထွက်ခွာခင်မှာ သူ
ကောင်မလေးကို
” စကားလုံးတွေနဲ့ ပီပြင်အောင် ပုံမဖော်တတ်ပေမယ့် အချစ်လေးအပေါ် ကို
ဘယ်လောက်ချစ်သလဲဆိုတာ ကို အသိဆုံးပါ။ အချစ်လေး ခွင့်ပြုမယ်ဆိုရင်
ကျန်နေသေးတဲ့ မင်းဘဝရဲ့ စက္ကန့်တိုင်းကို ကို စောင့်ရှောက်ပါရစေလား။
အချစ်ရဲ့ မိဘတွေကိုတော့ ကို သူတို့ သဘောတူတဲ့အထိ ကြိုးစားပါ့မယ်။ ကို့ကို
လက်ထပ်ခွင့် ပြုပါလား။” လို့ တောင်းဆိုလိုက်တယ်။
ကောင်မလေး သဘောတူလိုက်သလို၊ ကောင်လေးရဲ့ အထပ်ထပ် အခါခါ
ကြိုးပမ်းမှုကြောင့် မိဘတွေကလည်း လက်ထပ်ခွင့် ပြုလိုက်တယ်။ ဒါနဲ့ သူ
မထွက်ခွာခင်မှာပဲ လူကြီးချင်း စေ့စပ်ကြောင်းလမ်းပွဲလေး လုပ်ခဲ့တယ်။
ကောင်လေး အနေနဲ့ နိုင်ငံခြားမှာ ပညာဆက်ပြီး သင်နေတဲ့ အချိန်နဲ့ အတူ
ကောင်မလေးကလည်း လုပ်ငန်းခွင်ဝင်ပြီး တစ်ဖက်တစ်လမ်းက ပိုက်ဆံ စုနေတော့တယ်။
သူတို့ရဲ့ ချစ်ခြင်းတွေကို ဖုန်းနဲ့ အင်တာနက်ကနေ တဆင့်ပဲ ထုတ်ဖော်ခွင့်
ရကြတယ်။ လွမ်းဆွတ်ဖွယ် ခက်ခဲတဲ့ ဘဝတွေကို ဖြတ်သန်းနေရပေမယ့်
နှစ်ယောက်လုံး ဇွဲမလျှော့တမ်း ကြိုးစားလာကြတယ်။
တစ်နေ့ ကောင်မလေး အလုပ်ကနေ အပြန်လမ်းမှာ ယာဉ်တိုက်မှုဖြစ်ပြီး လုံးဝ
သတိလစ် မေ့မျောသွားတယ်။ သူ နိုးလာတဲ့အခါ သူ့ အိပ်ရာဘေးမှာ မြင်လိုက်ရတာက
သူ့ မိဘနှစ်ပါး။ သူ အတော်လေး ထိခိုက်ပြီး ဒဏ်ရာ ရနေတာကို
သတိထားမိလိုက်တယ်။ သူ့ အမေ ကုတင်ဘေးမှာ အရမ်းငိုနေတာ တွေ့တော့ သူ့အမေကို
ဖြေသိမ့် စကားပြောဖို့ အားယူလိုက်တယ်။ သူရဲ့ ကြိုးစားမှုနဲ့အတူ
သတိထားမိလိုက်တာ သူ့ နှုတ်က ထွက်ကျလာတာ စကားလုံးတွေ မဟုတ်ဘဲ လေသံတွေပဲ
ဖြစ်နေတယ်။ သူရဲ့ အသံတွေ ပျောက်ဆုံးသွားပြီ ……..
သူ့ ဦးနှောက်ကို ထိခိုက်သွားတဲ့အတွက် အသံ မထွက်နိုင်တော့တာလို့ ဆရာဝန်က
ရှင်းပြခဲ့တယ်။ သူ့မိဘတွေရဲ့ ဖြေသိမ့်စကားကို နားထောင်နေရင်း ဘာဆို
ဘာမှကို မပြောနိုင်တော့ဘဲ ဘေးနားမှာ ပုံပုံလေး လဲနေတော့တယ်။
ဆေးရုံမှာ နေနေရတဲ့ ကာလအတွင်း တိတ်တိတ်လေး ငိုနေရုံကလွဲလို့
ခိုးငိုနေရုံပဲလေ။ ကြေကွဲခြင်းဟာ သူ့ကို အဖော်ပြုနေတာပေါ့။
အိမ်ပြန်ရောက်တော့ ကြည့်ရာတာ အရာရာဟာ အရင်ကထက် ဘာမှ မပြောင်းလဲပါဘူး။
ဖုန်းမြည်သံက လွဲလို့ပေါ့။ ဖုန်းမြည်သံတိုင်းဟာ သူ့ နှလုံးသားကို
ထိုးစွနေသလို စူးကနဲ အောင့်သွားလောက်အောင် ဖန်တီးနေတော့တယ်။
သူ့ကောင်လေးကို ဒီကိစ္စတွေ ဘာမှ မသိစေချင်ဘူးလေ။ စိတ်ပင်ပန်းနေရတဲ့
ဒုက္ခနဲ့ သူ့ကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေချင်ဘူး။ ဒါနဲ့ သူ့ကောင်လေးဆီ
စာတစ်စောင် ရေးလိုက်တယ်။ နောက်ထပ် အကြာကြီး မစောင့်ဆိုင်းချင်တော့လို့
လို့ အကြောင်းပြပြီး သူ့ကို လက်စွတ် ပြန်ပို့ပေးလိုက်တယ်။ အသည်းကွဲရှာတဲ့
ကောင်လေးခမျာ စာတွေ အထပ်ထပ်ပို့၊ ဖုန်းတွေ အခါခါ ခေါ်နေလေတော့
ကောင်မလေးခမျာလည်း ဖုန်းဘေးနား ထိုင်ငိုနေရင်း ငိုရင်းကလွဲလို့
ဘာတတ်နိုင်ဦးမှာတဲ့လဲ။
အတိတ်အားလုံးကို မေ့ပျောက်နိုင်အောင်၊ အရာအားလုံးကို မေ့မေ့လျော့လျော့
ဖြစ်သွားအောင် မိဘတွေက နဂို ပတ်ဝန်းကျင်နဲ့ ဝေးရာ တစ်နေရာမှာ အခြေချဖို့
ဆုံးဖြတ်လိုက်တယ်။
ပတ်ဝန်းကျင် အသစ်မှာ ကောင်မလေးဟာ လက်အမူအရာနဲ့ စကားပြောတတ်ဖို့ သင်ယူရင်း
ဘဝအသစ်တစ်ခုကို စတင်လိုက်တယ်။ နေ့တိုင်းလိုလိုပဲ ကောင်လေးကို
မေ့ပျောက်ပစ်ဖို့ သတိပေးနေရလောက်အောင် အတော်လေး စိတ်ပင်ပန်းနေတယ်။
တစ်နေ့တော့ ကောင်မလေးရဲ့ သူငယ်ချင်းတစ်ယောက် ရောက်လာပြီး ကောင်လေး
ပြန်ရောက်နေကြောင်း ပြောတယ်။ ဖြစ်ပျက်ခဲ့သမျှ ကောင်လေးကို မပြောပြဖို့
တောင်းဆိုလိုက်တယ်။ အဲဒီနောက်တော့ သူ့သတင်း ဘာမှ မကြားရတော့ဘူး။
တစ်နှစ်ကြာတော့ သူ့သူငယ်ချင်း စာအိတ်တစ်လုံး ယူလာပြီး သူ့ဆီ
ပြန်ရောက်လာတယ်။ စာအိတ်ထဲမှာက ကောင်လေးရဲ့ မင်္ဂလာဆောင် ဖိတ်စာ။
ကောင်မလေးခမျာ မျက်ရည်တွေ စို့တက်လာပြီး စူးအောင့်နေတဲ့ ရင်ဘက်ကြီးနဲ့
သတ္တိမွေးပြီး သတို့သမီး နာမည်ကို လှမ်းဖတ်လိုက်တယ်။ အဲ …
ပါးစပ်အဟောင်းသားနဲ့ တွေ့လိုက်ရတာက သူရဲ့နာမည်။
ဘာတွေ ဖြစ်ကုန်တာလဲ။ သူ့ သူငယ်ချင်းကို မေးဖို့ အားယူနေတုန်းမှာပဲ
သူ့အရှေ့မှာ ကောင်လေးကို တွေ့လိုက်ရတယ်။ ကောင်လေးက လက်အမူအရာနဲ့
ကောင်မလေးကို လှမ်းပြောလိုက်တယ်။
“ကို တစ်နှစ်တိတိ အချိန်ယူပြီး လက်အမူအရာနဲ့ စကားပြောတတ်ဖို့
သင်ယူခဲ့တယ်။ ပေးခဲ့တဲ့ ကို့ရဲ့ ကတိတွေ မပျက်ပြယ်နိုင်သေးဘူး ဆိုတာကို
သိစေချင်လို့ပါ။ မင်းရဲ့ အသံအဖြစ်နဲ့ ဘေးနားမှာ နေထိုင်ဖို့
အခွင့်အရေးလေး ကို့ကို ပေးပါလား။ မင်းကို အရမ်းချစ်တယ်။”
ပြောပြီး ချက်ချင်းဆိုသလိုပဲ ကောင်မလေးကို လက်စွတ် ပြန်ဝတ်ပေးလိုက်တယ်။
အခုတော့ ကောင်မလေး ပြုံးနိုင်ရှာပြီလေ …… ။
2 comments
moesatrain
July 20, 2010 at 8:24 am
ကောင်း လိုက် တာ ယောက်ျား လေး တစ် ယောက် မျက်ရည် ကျ ရ လောက် အောင် ကောင်း ပါ တယ်
thethtet87
September 25, 2010 at 9:04 am
ကိုရီးယာကားကြည့်နေရသလိုပါဘဲ။ဒါပေမဲ့လူလောကကသိပ်ဆန်းကြယ်တယ်
ကျွန်တော်ပါတ်ဝန်းကျင်မှာတစ်ခါတွေ့ဘူးတယ်။ဒါမျိုးနဲ့အလားတူဖြစ်ရပ်ဘဲ။
အကြောင်းအရာသာကွဲပြားသွားတာ။ပုံစံကဆင်တူဘဲ။ကျွန်တော်တွေ့ဘူးတဲ့
အဖြစ်အပျက်ကဒီထက်တောင်ဆိုးလိမ်မယ်ထင်တယ်။အဲဒီလူနှစ်ယောက်ကို
တကယ်ချီးကျူးတယ်။