စားမှာပဲ၊ စားမှာပဲ…..
ဟိုနေ့က တရားနာနေရင်း အတွေးပေါက်လာလို့။ တရားနဲ့ ပတ်သက်တဲ့အတွေးတော့ဟုတ်ပါဘူး။
ကောင်းကောင်းကန်းကန်းလည်း ဟုတ်ဘူး။ လူတွေရဲ့ အသောက်အစား တဏှာနဲ့ ပတ်သက်တဲ့ အကြောင်းလေးပါ။ အစားအသောက်ဝါသနာကြောင့်မို့ ဒီ ဥပမာပဲ ပေးနိုင်ပါတယ်။
လူတွေ အစားအသောက် ဘာနဲ့စားတုန်း မေးရင် ပါးစပ်နဲ့စားတယ် ပဲ ဖြေကြမှာပေါ့နော့။
ဟုတ်ဘူးဗျ။ တစ်ချို့က နားနဲ့စားတယ်။ တစ်ချို့က မျက်စိနဲ့စားတယ်။ တစ်ချို့က လျှာနဲ့စားတယ်၊ တစ်ချို့က လူစွဲနဲ့စားတယ်။
အကျယ်ရှင်းရရင် ဒီလိုပါ။
တကယ် နားရွက်နဲ့စားတာမဟုတ်ပါဘူး။ နား အာရုံလေးကို အားပြုပြီးစားတာမျိုး။
အနီးစပ်ဆုံး မြင်ဘူးတဲ့ သာဓက က ကိုယ့်ဖေဖေ။ သူမကြိုက်ဘူးလို့ သူပြောထားတဲ့ ဟင်းဖြစ်ပါစေ။ ဘေးကနေ အပြောကောင်းလေးနဲ့ ညွှန်းပြောရင် စားသဗျ။
“အစ်ကိုရေ၊ ဒီနေ့တော့လေ ဈေးမသွားဖြစ်လို့၊ ရှိတဲ့ ဘူးသီးလေးကို ပါးပါးလှီးပြီး ပုစွန်ခြောက်လေးထောင်းပြီး ဟင်းခါးတည်ထားတာ။ ဒါ ခုလေးတင် ပူအောင်တည်ပြီး ငရုတ်ကောင်းခတ်ထားတာလေ။”
“ဒီ ငါးရဲ့ခြောက်က ဆားပေါ့လေး၊ မီးကင်၊ မွအောင်ထုပြီး ပဲဆီ အစစ်လေးဆမ်းထားတာ။ စားကြည့်။ သွေးမတိုးဘူး။”
“ဘဲဥတွေက လတ်လို့ မန်ကျည်းသီးလေးနဲ့ ဆီပြန်အောင်နှပ်ထားတာ၊ ချဉ်ချဉ်စိမ့်စိမ့်လေးရယ်”
ကဲ..။ ဒီလိုနဲ့ပဲ မကြိုက်ဘူးပြောထားတဲ့ ဟင်းတွေနဲ့ ထမင်း ၂ ပန်းကန်လောက် ကုန်ရော။ နားဝင်ချို အပြောကောင်း အရသာကြိုက်ပုံ။
(အဲလို ယောင်္ကျားမျိုးက အပြောကောင်းတဲ့ မိန်းမမျိုးနဲ့ ရတတ်တယ်ဗျို့။) :harr:
မျက်စိ အမြင်နဲ့ စားတဲ့သူကျ တစ်မျိုး။
ကိုယ် တွေ့ဘူးတာက နှစ်ယောက်။ ကိုယ့်ဖိုးဖိုးရယ်၊ သူငယ်ချင်းတစ်ယောက်ရဲ့ ဖေဖေရယ်။
သူ ညည်းလွန်းလို့ ကြားဖူးတာပါ။ ဟင်း ဘယ်နှစ်ခွက်မမြင်ရရင် မစားဘူးဆိုတာ။ ဒီ ခေတ်ကြီးထဲ နရသီဟပတေ့မင်းလို ပွဲတော် ဘယ်သူတည်နိုင်မတုန်းနော့။
ကိုယ့် ဖိုးဖိုးကကျ မနက်ဟင်း နဲ့ ညဟင်း တူရင်ကို မစားချင်တာပါ။ သူ့သမီး အငယ်ဆုံးလေးကပဲ ဘယ်လို ကိုင်တွယ်ရမယ်သိတာပါ။ ကိုယ့်မေမေ အပြောကို ကို မရတာ။ သူ့ကို အပြောနဲ့ မလှည့်စားနဲ့ ဆိုပဲ။ မှတ်ရော။
ကိုယ့် အဒေါ်ကတော့ ဘယ်လိုလုပ်တုန်းဆို ဟင်းကို ပုံဖျက်ပါတယ်။ ဒီလိုပါ။
မနက် ချဉ်ပေါင်ကြော်က ညဘက် ချဉ်ပေါင်ချဉ်ရည်ဟင်းဖြစ်။
မနက် ငါးဖယ်ကြော်ရင် ညဘက် ငါးဖယ်ကြော်ကို ခရမ်းချဉ်သီးနှစ်နဲ့ ဆီပြန်လိုက်ရော။ ဒါမှ မဟုတ် ငါးဖယ်သုပ်ဖြစ်သွားတာ။
မနက် ငါးကြော်က ညဘက် ကြက်သွန်ကွင်း၊ ကြာညို့နဲ့ နှပ်ခံရရော။
ဒါမျိုးကျ လှည့်စားခံရတယ်မမြင်ဘူးဗျ။ ဟင်းမတူဘူးဆိုတဲ့ အမြင်နဲ့ စားတာပဲ။ ခက်တယ်ကွယ်။
တစ်ချို့က လူစွဲနဲ့ စားတယ်ဆိုတာ ဘယ်သူချက်မှ ဘယ်ဝါချက်မှ စားချင်တယ်၊ စားကောင်းမယ် ထင်တာမျိုးပါ။
ရှိတယ်လေ။ တစ်ချို့က ကိုယ့် အမေချက်မှ ကောင်းတယ်ထင်ပြီး မိန်းမ ဘယ်လောက် ဟင်းချက်ကောင်းတယ်ပြောပြော တစ်ခုခုလိုတယ်လို့ ခံစားရတာမျိုးပေါ့။ အဲလိုလူမျိုးတော့ မတွေ့ဖူးသေးဘူး။ (မတွေ့လည်း မတွေ့ပါရစေနဲ့….)
တစ်ချို့က ဆိုင် စွဲ ပေါ့လေ။ ဘယ်ဆိုင်က မှ ကောင်းတယ်လို့ ထင်တာမျိုး။
ကိုယ်ဆို မန်းလေး ကိန်ကြည် ခေါက်ဆွဲက လွဲပြီး တခြားခေါက်ဆွဲ ကောင်းတယ်မထင်။
ဘာကိုမှ အစွဲမထားဘူးလို့ ကိုယ့်ကိုယ်ကို ကြပ်မတ်ထားတဲ့အတွက်၊အဲလို အစွဲဆို အတော်ဖျောက်ရပါတယ်။
ကိုယ်တိုင်ဘယ်မှာ သွားငြိတုန်းဆို ရသာအာရုံမှာ ပါ။
ဘယ်သူ့ လက်ရာမှ၊ ဘယ်ဆိုင်ကမှ ဘယ်ဟင်းမှ ဆိုတဲ့ အစွဲကို ဖျောက်နေတဲ့အချိန်မှာမှပဲ အစားတစ်ခုကို စားကြည့်ပြီး ဘာလေးလုပ်လိုက်ရင် ဘယ်လိုအရသာကောင်းသွားမှာဆိုပြီး အစားမရွေးတော့တာ…။
ဆိုးကျိုးကတော့ ဘာနဲ့ မဆို ထမင်းစားလို့ကောင်းတဲ့ ဒုက္ခပါပဲခင်ညာ။ ဤသည်လည်း တစ်ဒုက္ခပါတကား။ :gee:
တလက်စတည်း စကားစပ်လို့ ပြောမယ်ဆို ကိုယ် အရင်တုန်းက ဇီဇာကြောင်ကွက်တစ်ခုရှိသေးတယ်။
အစားအသောက် လွှတ်ပစ်တာကို ဘယ်လိုမှ သည်းခံလို့မရတာပါ။ ကိုယ်တိုင်လည်း အစားကို ဘယ်တော့မှ ချန်တယ် ပစ်တယ်ဆိုတာမရှိဘူး။
အဲလောက် သစ္စာရှိလို့လားမသိ။ ကိုယ် အစားအသောက်ငတ်တော့မယ်လို့ အားလုံးယူဆထားတဲ့ အခြေအနေတိုင်း မငတ်ခဲ့ပေါင်။
(အရီးသူ ဟု ယူဆပါက ယူဆနိုင်ပါသည်။)
ကိုယ်တင်အဲလိုလားဆိုတော့ မဟုတ်သေး။
အစားချန်တဲ့လူတွေကိုလည်း အင်မတန်ဆရာလုပ် ဆုံးမတတ်ပါသေးတယ်။
“ဘာလို့ချန်တာတုန်း။ ကိုယ်က အစားကောင်းတွေ လွှတ်ပစ်နေချိန်မှာ ကမ႓ာမှာ ငတ်နေတဲ့သူ အများကြီး” စသည်ဖြင့်ပေါ့။
ချစ်သောသူ တစ်ယောက်နဲ့ အတွေ့မှာ အဲ့ဒီ အစွဲ ကျွတ်သွားပါတယ်။ ဆရာလုပ်ပြောတဲ့ အပြောကို ဆိုလိုပါတယ်။
“ငါ မချန်ပဲ အကုန်စားပစ်တော့ရော နင့် ဟို ငတ်နေတဲ့သူတွေ ထမင်း ဝ သွားသလား” တဲ့။
ကိုယ့် ဆိုလိုရင်းကိုသိသားနဲ့ ကို ကပ်ဖဲ့တဲ့ ဟာပါ။ (မုန်းတယ်။)
ဒါပေမဲ့ အစားအကုန်စားတဲ့ အကျင့်က မပျောက်။ (ဘာဖြစ်သေးတုန်း၊ စကားသာ အကုန်မပြောနဲ့လို့ ဆိုရိုးရှိတာကလား။)
ကိုယ့်တစ်ဦးတည်းသောမောင်လေး စားပုံက တစ်မျိုး။ ဘာ,ဘာ ဘယ်လို အစွဲမှ မရှိတော့တော့ သူ့ တစ်ယောက်ပဲ မြင်ဖူးပါတယ်။
ဘာ ဟင်းမှလို့လည်း မရှိ၊ ဘယ်သူချက်မှလို့လည်း ချေးမများ၊ ဘာစားချင်လိုက်တာလည်း မပြော။
စကတည်းက သူကုန်နိုင်သလောက်ပဲ ထည့်ပါတယ်။ ဝပြီလို့ ယူဆတာလောက်နဲ့ ဘယ်လောက်ကျန်ကျန်ရပ်ပစ်တာပါ။ ဘယ်သူဘာပြောပြော အားနာလို့ ဘာလို့ဖြင့် မစားပါ။ စိတ်ခိုင်ချက်။
ကိုယ့်မတော့ သူ့မကုန်တာ နှမြောတာတွေရော၊ ကျွေးသူရှိရင် အားနာတာတွေရော အကုန်စားမိပါတယ်။ (အဆူက ခံရသေးဟာကို။)
မေမေကတော့ ပြောသားလား။ မိဆွိ ဖြတ်ရမှာ ဒီ အစား တဏှာလေးရှိတာတဲ့။ ခုထိတော့ စားနေမိတုန်းပဲ။
:saut:
34 comments
မဟာရာဇာ အံစာတုံး
February 9, 2013 at 11:30 pm
တန်ဆေး၊ လွန်ဘေး …… တဲ့ …
ကောင်းတိုင်းလည်း သိပ်၍ မမြိုနှင့် … ဘာညာပေါ့ဗျာ ..
ဒီတော့ကာ သင့်သလောက် စားတာဟာ အကောင်းဆုံးလို့ ထင်ပါတယ် …
ဝမ်းမှာ အကျင့် လို့လည်း ရှိပါသေးတယ် …
အချိန် အကျင့်နဲ့ ပမာဏ အကျင့် ဆိုပြီး ရှိလေမလားပဲ …
အချိန် အကျင့်ကတော့ စားရမယ့် အချိန်ဆို ဆာလာတယ် ..
ဒီအချိန် စားလိုက်တယ် …
ပမာဏ အကျင့်ကတော့ စားနိုင်တဲ့ ပမာဏ ဆို ဗိုက်ပြည့်သွားပြီ …
ထပ်ပြီး မစားနိုင်တော့ဘူး …
ပို့စ် ခေါင်းစဉ်နဲ့ လိုက်တဲ့ သီချင်း ဆိုလိုက်အုံးမယ် …. ဘာတဲ့ …
စားမှာဘဲ .. စားမှာဘဲ .. နာ့ကို လာမတားနဲ့ …
စားမှာဘဲ .. စားမှာဘဲ .. ဗိုက်ပေါက်အောင် စားမယ် .. ရို့ … ရို့ …..
အဟဲ .. ဘာဒွေဒုန်းတော့ သိဝူးးး
ကွန်မန့်တော့ ရှည်တွားဒါဘဲ … ဟီဟိ …
ဒါဘာဗျဲ ….
ခိုင်ဇာ
February 10, 2013 at 4:01 pm
ကိစ္စတော့ မရှိပါ ချစ်ဆုံးလေးရာ။
သက်ဆုံးထိ ချစ်လို့သွားမှာ ဆိုတဲ့သီချင်းလည်းရှိသေးတာမို့။
surmi
February 10, 2013 at 12:00 am
တကယ်တော့ …
ဘာနဲ့စားစား မစားခင်ကသာ ပညက်အစွဲပေါ်မူတည်ပြီး ဘာစားလိုက်တယ် ..
ညာစားလိုက်တယ် … ဆိုပြီး ရသာအာရုံတွေကို ခံစားလိုက်တာ ….
တကယ်စားလိုက်တာကတော့ ….
ရုပ် တရားတစ်ခုခု ကို
ရုပ် ကြီးကစားလိုက်ပြီး နမ်ဆိုတဲ့အရာက စားတယ်လို့ သိမှုသညာပြုလေတော့ ….
စားမှုဝါးမှုတွေကြောင် ့ တဏှာ အစွဲနဲ့ သင်္ခါရတရားတွေ အပြန်တလဲလဲဖြစ်ရင်း
အင်းးးးး ……. ဒကာမကြီး ….. သင် ့ရဲ ့ စားတုန်း စားခိုက်မှာ ရသာအာရုံနောက်မလိုက်ဘဲ
စားတယ် လို့ သိလေတော့ …ဒကာမကြီး …
:kwi:
သဂျီးနဲ့တော့ စစ်ခင်းရဦးမယ် ထင်တယ် …
kai
February 10, 2013 at 6:52 am
လူကမစားရင်သေမှာ..
စားကိုစားမှအသက်ရှင်ရမှာကို.. တည့်တည့်ပေးမတွေးစေပဲ..
ဟိုလိုလှည့်ဒီလိုလှည့်.. ဒီလိုပြန်ချိန်..ဟိုလိုပြန်တည့်…
စာရင်းချုပ်တော့.. လူက…. စားရတာပါပဲ..
စားဖို့အတွက်ကို.. တည့်တည့်မတွေးမပြောအောင်.. လှည့်ပါတ်ကောက်ကွေ့ပြော.. ဟောတဲ့သူက.. (ကြားထဲက.. ) လုပ်အားခရ.. ပိုပိုသာသာ.. အမြတ်ထွက်သွားတယ်လို့…..
မတွေးမိဖူးမဟုတ်လား..
ကွိ… :kwi:
surmi
February 10, 2013 at 10:26 am
ဪ …… ထင်တဲ ့အတိုင်းပဲ ဘာဘာသဂျီးလည်း အဝိဇ္ဇာတွေ သိုလှောင်ရင်း
ဘာဘာ ဘာမှပြောမရပါလား :harr:
ခက်တာပဲ အဘရဲ ့
ရုပ်ကိုရုပ်လို ့ သိမထားပဲ နမ်ကို နာမ်လို ့သိမထားရင်
သဂျီးလောဘ အနန္ဒ ဖြစ်ပေမပေါ ့
လောဘနောက်က ဖြစ်လာမည် ့အဖေါ်အပေါင်းတွေကို
ဧည် ့ခံရင်း သဂျီးရဲ ့ ရွာ ( သံသရာ )ထဲ လည်နေမှာပေါ ့
ဘာဘာ ဘာပြောရမှန်းတောင်မသိတော့ဘူး ဘာဘာသဂျီးမင်းရယ် …..
:kwi:
မဟာရာဇာ အံစာတုံး
February 10, 2013 at 10:51 am
ဒို့ဘဂျီးတော့ …
ဘိုးတော်ဆာမိ နဲ့ တွေ့မှ ..
ဘာဘာသဂျီး ဖြစ်သွားပြီ …. ဟီဟိ …
အစမ်း ခေါ်ကြည့်လိုက်ဦးမယ် …
ဘာဘာ ဘဂျီး နေကန်းလားဂျ …
ခိုင်ဇာ
February 10, 2013 at 4:05 pm
ဟယ်။
ကဆာမိနဲ့ တဂျီးမင်း ကျုပ်ပို့(စ) မှာ ငြင်းကုန်ကြပြီ အရပ်ကတို့။
Eat to Live (or) Live to Eat ?????????
ကဲ !! မီးနဲ့ရေ၊ ကိုယ်ဘာကိုရွေးမလဲ။
ရေနဲ့ မီးနဲ့ကြားမှာ နှလုံးသားလေးဟာ မဆုံးဖြတ်ရဲဘူး။
ဟေး နာနာ ဟိုး နာနာ။
:harr: :harr:
pooch
February 10, 2013 at 12:39 am
အစားအသောက်ကလူနဲ့တည့်တယ်လေ
စိတ်ချမ်းချမ်းသာသာနဲ့ လုပ်လို့ရတာဆိုလို့ ဒီအလုပ်ရှိတာ
အစားလေးမှ စိတ်တိုင်းကျမစားရရင်လည်း ဘဝကြီးက နေပျော်စရာမရှိတော့ဘူးလေ ဆွိရယ်
အစားတွေကျန်မှာစိုးလို့ဒိုင်ခံစားရင်း လူလည်းအမှိုက်ပုံးဘဝရောက်နေတာ
အစားကလည်းမရွေး ဘာစားစား ဘယ်လိုပဲစားစား ဘယ်အချိန်ပဲစားစား ဝင်နေတာဆိုတော့
ခုဆိုပေါင် ၂၀ဝ ကိုယ်လုံးရောက်ဖို့ သိပ်မလိုတော့ဘူး
ခိုင်ဇာ
February 10, 2013 at 4:07 pm
အဲလာ ဒွတ်ခပေါ့အေ။
ဆာတယ်လို့မရှိ။ စားတဲ့အချိန်တိုင်း ဝင်တော့ဖြင့်မခက်ဘူးလား။
:kwi:
Mr. MarGa
February 10, 2013 at 10:41 am
စားမှာပဲ စားမှာပဲ
မျက်စိ အကျင့် ဝမ်း အချင့် တဲ့
အသွားမတော် တစ်လှမ်း အစားမတော် တစ်လုပ်တဲ့
စားတော့စား
ကြည့်စားဦး
ကျော်မကောင်း ကြားမကောင်းတွေ ဖြစ်နေဦးမယ်နော်
ခိုင်ဇာ
February 10, 2013 at 4:10 pm
ဒီ သကြားကတော့ နာ့ ကို ပဲ လိုက်ဆုံးမနေတာကိုး။
အစားအများကြီးမစားနဲ့။ သကြားကပြောတယ်။
အရက်မသောက်ရဘူး။ သကြားကပြောတယ်။
စာကျက်ရမယ်။ သကြားကပြောတယ်။
ဖဘ အရမ်းမသုံးရဘူး။ သကြားကပြောတယ်။
နာ့ အသက်ထက် နှစ်ပြန်လောက် ငယ်လို့သာပဲ။ ခက်တယ်။
:harr: :harr:
Mr. MarGa
February 10, 2013 at 6:12 pm
အင် အဲလိုဖြစ်သွားတယ်လား
ပြောတာများတော့ မသိတော့ဘူး
ကောင်းတာပြောတာပဲကွယ် နားထောင်လိုက် နားထောင်လိုက် :kwi:
မောင်ပေ
February 10, 2013 at 12:16 pm
စားချင်တာစားပါ
သို ့သော်
ဆရာကြောင်နှင့်တော့ မဆုံမိစေပါနဲ ့
ငါးခြောက်ပြားတွေ ပျောက်တတ်သည်
ဟီဟိ
ခိုင်ဇာ
February 10, 2013 at 4:12 pm
တူ့ အကြောင်းတော့ ပြောချင်တော့ဘူး။
ဗုံဗုံ
February 10, 2013 at 3:58 pm
စားမှာဘဲ စားမှာဘဲ ကန်တော်ကြီးက ဝက်သားဒုတ်ထိုး စားဖို့လည်း မျှော်နေမှာဘဲ မျှော်နေမှာဘဲ
ခိုင်ဇာ
February 10, 2013 at 4:13 pm
လာမှာပဲ။
လာမှာပဲ။
ကန်တော်ကြီး ဝက်တားတုတ်ထိုးစားဖို့ (အဲလေ ဟုတ်ပေါင်) ဗုံကလေးနဲ့ တွေ့ဖို့ လာမှာပဲ၊ လာမှာပဲ။
:kwi:
ဦးကြောင်ကြီး
February 11, 2013 at 12:17 am
ဆွိလေး စားမယ်ဆို ဦးကြောင် ဟင်းစားခံဝံ့တယ်….။ တို့ဂဏန်း ဆိတ်ဂဏန်တော့ ရဘူးနော်၊ တဂေါင်လုံး နားရွက်ကစ အမြီးအဆုံး မျိုချမှ ရမယ်….။ ဦးကြောင်ကို မြန်မြန်ခြစ်ပါတော့ ဆွိရယ်။
ခိုင်ဇာ
February 11, 2013 at 11:39 am
မခြစ်ဘူး။ မုန်းဒယ်။
အကောင်လိုက်လည်း မ မြိုဘူး။
နုတ်နုတ်စဉ်း ပြီးမှ စားမယ်။
:harr:
Hnin Hnin
February 11, 2013 at 2:38 am
‘ချန်ထားရင် ရန်များတယ်’
‘အကျန်စားသူ ငါ့ချစ်သူ’ ဆိုတဲ့ အုပ်စုထဲ ပါပါတယ်။
အစားအသောက်ကို အများကြီးထည့်၊ ဗိုက်ပြည့်ရင် လွှင့်ပစ်လိုက်တာ မကောင်းဘူး။
အကျန်ရှိသွားတဲ့အခါ ပူးပေါင်းမစားဘဲ ဟင်းအသစ်ပဲ ကျော်စားရင် မဟုတ်သေးဘူး။
‘ ဥစ္စာဖြို၊ စားဖိုက ‘ တဲ့လေ။
စားသမျှတော့ မကြိုက်၊ကြိုက်၊ မကောင်း၊ကောင်း စားတယ်။ ပါးစပ်ထဲရောက်ရင်
တာဝန်ကျေသွားပြီ မှတ်ပဲ။ သူများတွေရဲ့ အစားတဏှာတွေ ဖြည့်ဆည်းပေးနေရလို့
ကိုယ့်အလှည့်တော့ အဲဒီလို ဒူပေဒဏ်ပေခံသွားရတာ။
ခိုင်ဇာ
February 11, 2013 at 11:38 am
နှင်းနှင်းနဲ့ ကျနော် နဲ့ တဂရုတည်းလို့ ဆိုလိုလို့ရသပေါ့။
ဒါဆို
“အိမ်” မှာ အ “ရှင်” လတ်လတ် နေရတဲ့ မိန်း “မ” ကောင်း ဖြစ်နိုင်တာပေါ့နော်။
Hnin Hnin
February 11, 2013 at 11:59 pm
အဲ့ ”အိမ်”..”အရှင်လတ်လတ်”…”မ”..”ကောင်း”
ဘဝကြီးကနေ (အစားဘဝကြီးကနေ)
– အိုးသူကြီးတာဝန် ပခုံးပြောင်း လွှဲပေးပါရစေ။
( အားကိုးတကြီး ရွာသူယောက်မ ထပ်ရှာတဲ့ ကြော်ငြာ..မျှော်လင့်ရအုံးမလားဟင်..
… ဆွိ …” ဒေါက် ” …ကိုကိုလေး နှင်းနှင်းကို ခေါင်းလှမ်းခေါက်သံ )
– ဘာမှ မစီမံမခန့်ခွဲရဘဲ နားနားနေနေ ပစ်စလက်ခတ် နေပါရစေ။
– ကိုယ့်ဝေစု မစားဖြစ်လို့ ချန်ထားတဲ့သူတွေကိုလည်း ရန်မများပါရစေ။
( လင်းရရင်…ချန်ထားရင် ရန်…များတယ်..ဆိုတာ အဲဒါ..ပိုမချက်ထား
တာကလွဲရင် ဒီနေ့ချက်..ဒီနေ့ကုန်ပဲ ကြိုက်တာ.. )
– သူများ အစားတဏှာတွေအတွက် တစ်ည ကြိုအုံးစားရတဲ့နေ့တွေလည်း
မရှိပါရစေ။
– ကိုယ့်တစ်ဗိုက်စာ ချက်ရသလို ခုတွေ့၊ခုချက်ဟင်းတွေပဲ အမြဲဖြစ်ပါရစေ။
– ဟင်းမချက်ရတဲ့နေ့လေးများလည်း နေ့တိုင်း ရှိပါရစေ။
– လူက မလုပ်ချင်ပေမယ့် ဖြည့်ဆည်းပေးချင်နေတဲ့ စိတ်ကိုလည်း
ကြည့်မရတော့ရင်း ကြည့်ရနေပါရစေ။
ခိုင်ဇာ
February 12, 2013 at 9:38 am
အဲဒါတော့ နှင်းနှင်းမှ မဟုတ် ကျနော်လည်း ခေါင်းခေါက်ခံရနိုင်တယ်။
ခုတောင်းသွားတဲ့ ဆုတွေ နှင်းနှင်းပြည့်သလို ကျနော့ အတွက်လည်းပြည့်ပါရစေ။
:kwi:
weiwei
February 11, 2013 at 11:27 am
ကိုယ်စားနိုင်တာထက် ပိုပြီး နှမြောစာကိုစားရင် ကိုယ့်ဗိုက်ကို အမှိုက်ပုံးလို သဘောထားလိုက်တာနဲ့တူပါတယ် …
လိုတာထက်ပိုစားရင် အာဟာရလဲ မဖြစ်ပါဘူး .. ရောဂါတွေကို လက်ခံလိုက်သလိုတောင်ဖြစ်ပါသေးတယ် ..
နေ့တိုင်း အိမ်မှာချက်ပြုတ်စားတဲ့အခါ ကုန်နိုင်သလောက်ပဲချက်ပြီး အတိုင်းအတာနဲ့စားလို့ အဆင်ပြေပေမယ့် ဆိုင်မှာသွားစားတဲ့အခါတိုင်း ပြသနာတက်ပါတယ် … အစားနဲတဲ့သူဆိုတော့ မကုန်နိုင်ဘူး .. ဥပမာ ကြေးအိုးတစ်ပွဲကို ကုန်အောင်မစားနိုင်ပါဘူး … အဲဒါကို ကြိတ်မှိတ်ပြီး ကုန်အောင်စားလိုက်ရင် အရသာလဲမရှိတော့ဘူး … ရောဂါတောင်ရသေးတယ် … ကုန်သလောက်ပဲစားပြီး ရပ်ပစ်လိုက်ပါတယ် … အိမ်မှာခွေးလေးတွေရှိတုန်းကတော့ ကျန်သမျှ ပါဆယ်ထုတ်ခဲ့တာပေါ့ ..
ဘာပဲဖြစ်ဖြစ် အစားအသောက်တွေကို ကိုယ်စားချင်တဲ့အစားအစာကို စားနိုင်သလောက်ပဲ စားတာ အကောင်းဆုံးပါပဲ ….
ခိုင်ဇာ
February 11, 2013 at 11:34 am
ဟိ။ မဝေ။
သတိပေးတာလေးတွေ အတွက် ကျေးဇူးတင်ပါတယ်။
ခက်တာက ကုန်အောင် ကြိတ်မှိတ်စားရတာ မဟုတ်ပဲ စားသလောက် ဝင်နေသလိုပဲ။ :kwi:
ခု နည်းနည်း စ ဆင်ခြင်နေတယ်။
“သမုဒ္ဒရာ ဝမ်းတစ်တောင်”
:harr:
ကိုပေါက်(မန္တလေး)
February 11, 2013 at 12:11 pm
စားသာစား စားသာစား
ဝလာရင် လေ့ကျင့်ခန်းသွားလုပ်လိုက်
ခိုင်ဇာ
February 11, 2013 at 12:16 pm
အယ်။
အဲဒီမှာ စတွေ့တာပဲ။
ကြားဖူးဘူးလား။။
“အစားအသောက် မီးလိုတောက်”၊
“အလုပ်အကိုင် ပါပီလေးလိုမှိုင်” တဲ့။
အဲ့ အထဲ ကျနော်ပါတယ်။
တီဗီရှေ့နဲ့ ကွန်ပြူတာရှေ့ ထိုင်ရမဲ့ အလုပ်ကလွဲရင် ထမင်းစား စားပွဲမှာပဲ ထိုင်တယ်။
kyeemite
February 11, 2013 at 1:16 pm
“ရီဖြူ့တူအိ ရွှတ်တူဒိုင်း” ဆိုလားကြားဖူးတာပဲ…
အိမ်မှာ ကြက်ကလေးတွေမွေးထားတော့
ညောင်နာနာနဲ့ အစာမကောက်တော့ဘူးဆို
အပေါ်ကဆိုရိုးလေးရွတ်ပီး ဒိုင်းခိုင်းလိုက်တော့တာပဲ…
ကြက်သားဟင်းစားရတာပေါ့…အဲတုံးကခုခေတ်လို
စီဘီကြက်လည်းမပေါ်သေး..အိမ်တိုင်းလိုလို
မွေးပီးစားကြတာပဲ..အိမ်ကိုဧည့်သည်များလာပီဆို
ကျုပ်တို့ကလွှတ်ပျော်တာ..ဟင်းကောင်းတော့မယ်လေ…
ကြက်တွေ ဘဲတွေကတော့ မျက်ခုံးလှုပ်ပေါ့…
ငယ်ငယ်က ပြောပါတယ်… :kwi:
ခိုင်ဇာ
February 11, 2013 at 3:57 pm
ဂလိုဆို တို့ ကိုကြီးမိုက်က ငယ်ငယ်ကတည်းက မိုက်တာပေါ့နော်။
:kwi:
ကြက်ကလေး ဘဲကလေးတွေ သနားစရာ။
ကြည့်ရက်ဘူး။
ဟင်းကျက်မှ ခေါ်လိုက်နော်။
ကိုပေါက်(မန္တလေး)
February 11, 2013 at 1:18 pm
ငယ်ငယ်က အဖွားအဆူခံရတဲ့ အထဲမှာအဲလိုလေး လေ
အစားအသောက် ဝင်းဝင်းတောက်
အဆော့အကစား ပြိုင်စံရှား
အလုပ်အကိုင်ခွေးလိုမှိုင်တဲ့ ဗျို့
kai
February 11, 2013 at 2:31 pm
ပြောရရင်..
စားတာနဲ့..မစားကြတာမှာ.. ဒီခေတ်ကမ္ဘာကြီးနေလူသားတွေရဲ့… အဓိကပြဿနာက.. မစားနိုင်ကြတာ..ငတ်ကြတာမဟုတ်ပဲ.. စားနို်င်ကြလွန်းလို့ဖြစ်တဲ့ပြဿနာဆိုတာပဲ…
ဟုတ်တာပေါ့..
အာဖရိကမှာ.. ကလေးတယောက်တရက်စားဖို့.. ကုန်လှ ၂ဒေါ်လာပေါ့..
၁နှစ်ကို.. ဒေါ်လာ၅၀ဝဆို.. ကောင်းကောင်းကြွေးနိုင်မှာပါ..
ယူအက်စ်မှာ.. စားလို့.. အဝလွန်ပြီး..ဖြစ်လာတဲ့ရောဂါ.. ဥပမာ သွေးတိုးဆီးချိုနှလုံးစတာတခုခုဖြစ်ရင်.. ကုသစရိပ်ကုန်ကျတာ… တယောက်.. တနှစ်ဒေါ်လာ ၁သောင်းအသာလေးပဲ..
နှလုံးများ အဆီပိတ်လို့..တခါခွဲရင်.. ဒေါ်လာ၁-၂သိန်း အသာလေး…
အော်..
အနိစ္စ..ဒုက္ခ..အနတ္တ… :kwi:
Wow
February 11, 2013 at 2:35 pm
Eat, Pray, Love..
ဘယ်အပိုင်းကို အကြိုက်ဆုံးလဲ.. :kwi:
ခိုင်ဇာ
February 11, 2013 at 4:02 pm
အစာအိမ် အတွက်ရယ်
စိတ် အတွက်ရယ်
အသည်းနှလုံး အတွက်ရယ် လိုအပ်တာမို့…..
Wow နော် ဘာတွေလာမေးနေတာတုန်း။
“ဘယ် ရည်းစား ကို အချစ်ဆုံးဆိုတာ ပြောပြပါ” ဆိုရင်မှ ဖြေရလွယ်ဦးမယ်။
:kwi:
Ghi Ghi ThE KiD
February 12, 2013 at 8:02 am
စားပါဗျာ …မမဆွိ ..စားမယ်ဆို တသက်လုံးချက်ကျွေးပါ့မယ်…
ပုံ
ur lil’ Black Rain Cloud…
ခိုင်ဇာ
February 12, 2013 at 9:39 am
ကျန်း:::::::::
ကျုပ် မောင်ငယ် BRC လေးလိမ်မာချက် တော်ရေ့။
(ဘယ်အချိန် စိတ်ထဖောက်မတုန်းပဲ မသိတာ)
:harr: :harr: